← Chapters

အခန်း ၁၀၆

Vol. 6 Ch. 106

အခန်း ၁၀၆

Vol. 6 Ch. 106

အပိုင်း(၁၀၆) အစွမ်းသတ္တိ နိုးထလာခြင်း

၂၈-လက်မ စက်ဘီးအိုကြီးမှ စတင်၍ ဤကားသည် ချန်းရီနောက်သို့ လိုက်ကာ ကျန်းချန်မြို့မှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ယခုလက်ရှိ ဘီးလေးဘီး ပစ်ကပ်ကားအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ဤကာလအတွင်း ချန်းရီသည် ဤကားကို ပိုကောင်းသော ကားတစ်စီးနှင့် လဲလှယ်ရန် အကြိမ်ကြိမ် တွေးတောခဲ့ဖူးသည်။

သို့သော် ဤနေရာက ကမ္ဘာပျက်ကပ် ဖြစ်နေရုံသာမက ခေါင်းဆောင်ချူချယ် ရွေးချယ်သော လမ်းကြောင်းများတွင် ကားဆိုသည်ကို ထားလိုက်ဦး... သရဲတောင်မှ အရိပ်အယောင် မတွေ့ရသလောက်ပင်။

နောက်ပိုင်းတွင် ယာဉ်တိုက်မှု အကြီးအကျယ်ဖြစ်ပွားရာ နေရာတစ်ခုသို့ ရောက်ရှိချိန်၌ ချန်းရီက ဂျပန်နိုင်ငံထုတ် နွားခေါင်းတံဆိပ် လမ်းကြမ်းမောင်းကား တစ်စီးကို သဘောကျသွားခဲ့သေး၏။

သို့သော် အချိန်မလုံလောက်မှုနှင့် သယ်ယူပို့ဆောင်ရန် အခက်အခဲ ကြီးမားလွန်းခြင်းစသည့် အကြောင်းရင်းများကြောင့်...

နောက်ဆုံးတွင် ရိုးရှင်းသော အပိုပစ္စည်းအချို့ကိုသာ ဖြုတ်ယူကာ ထွက်ပြေးခဲ့ရသည်။

ယခုအချိန်အထိ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်လာမှသာ ကားလဲမည့် အတွေးကို ချန်းရီ စွန့်လွှတ်လိုက်တော့သည်။

သဘာဝလွန်ပစ္စည်းတိုင်းအတွက် ပေးဆပ်မှု တစ်ခုခုတော့ ပြုလုပ်ရစမြဲပင်။

ဥပမာအားဖြင့် ခေါင်းဆောင်ချူချယ်၏ ခိုးနားထောင်သည့် ရေဒီယို ဆိုလျှင် သူတပါးအကြောင်း ခိုးနားထောင်တတ်သည့် အကျင့်ဆိုး စွဲကပ်သွားစေသည်။ ထို့ကြောင့် ချန်းရီသည် အဆင့်မြှင့်တင်သည့်အခါ သို့မဟုတ် ကျင့်စဉ်ကျင့်သည့်အခါတိုင်း စကားမပြောနိုင်လျှင် မပြောဘဲနေရန် ကြိုးစားရတော့သည်။

ဤအကျင့်က ချန်းရီ တစ်ယောက်တည်းတွင် ရှိသည်မဟုတ်ဘဲ ပန်းရောင်ဆံပင်နှင့် ကောင်မလေး... ထယ်ရှီးနှင့် တင်းတုံတို့ပါ ဤအကျင့်ကို ရရှိသွားကြပြီ ဖြစ်သည်။

ထို့အပြင် ထိုအကောင်က မိန်းမများကိုလည်း စိတ်ဝင်စားမှု မရှိပေ။

ယာဉ်တန်းထဲတွင် ချောမောလှပသော အမျိုးသမီးများစွာက ချူချယ်အား အပိုင်သိမ်းချင်နေကြသော်လည်း ခေါင်းဆောင်ချူ၏ အမြင်တွင် ထိုအလှမယ်များမှာ အရိုးစုများကဲ့သို့သာ ဖြစ်နေသည်။

မနေ့က ကုလားအုတ်ယာဉ်တန်းမှ အသစ်ရောက်လာသော အမျိုးသမီးတစ်ဦးသည် ခေါင်းဆောင်ချူ၏ အလေ့အထကို နားမလည်သဖြင့် လူလစ်ချိန်တွင် ခေါင်းဆောင်ချူ၏ တဲထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

ရလဒ်ကတော့ ခေါင်းဆောင်ချူ၏ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရခြင်းပင်။

ထိုအမျိုးသမီးမှာ မျက်လုံးများ နီရဲလျက် အဝတ်အစားများကို ပိုက်ကာ တဲထဲမှ ထွက်လာခဲ့ရရှာသည်။

ထိုမြင်ကွင်းကို ထိုစဉ်က ချန်းရီလည်း မြင်တွေ့ခဲ့ရ၏။

ခေါင်းဆောင်ချူတစ်ယောက် အမျိုးသမီးများအပေါ် အကြင်နာတရား ကင်းမဲ့လွန်းသည်ဟုသာ သူ ခံစားလိုက်ရသည်။

ယာဉ်တန်းထဲတွင် ခေါင်းဆောင်ချူသည် အမျိုးသမီးများကို မကြိုက်နှစ်သက်ဘူးဟူသော ကောလာဟလများပင် တိုးတိုးတိတ်တိတ် ထွက်ပေါ်လာခဲ့သည်။

သေချာသည်ကတော့ ဤကောလာဟလကို ချန်းရီ ဖြန့်ခဲ့ခြင်း လုံးဝ မဟုတ်ပေ။

ခေါင်းဆောင်ချူက မိန်းမများကို အနားအကပ်မခံခြင်းမှာ ခိုးနားထောင်သည့် ရေဒီယို၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်မည်ဟု ချန်းရီ အတိအကျ ယုံကြည်ထားသည်။

မရဏသွေး ထင်းခုတ်ဓားမ၏ အဆင့်သတ်မှတ်ချက်မှာ အဆင့်ငါးထောင်အတွင်းတွင် ရှိပြီး နေ့စဉ် သွေးတိုက်ရသည်။ ညတိုင်း ချန်းရီသည် ဓားငယ်လေးဖြင့် လက်ချောင်းကိုလှီးကာ သွေးတိုက်လေ့ရှိ၏။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကား အဆင့်မြှင့်တင်မှု မပြီးဆုံးမီကတည်းက ချန်းရီသည် ဘေးထွက်ဆိုးကျိုးအတွက် ပေးဆပ်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

သို့သော် ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားက မည်သည့်ပေးဆပ်မှုမျှ မတောင်းဆိုဘဲ မိမိက ချန်းရီ ဖြစ်နေခြင်းကြောင့်ဆိုသည့် အချက်ကိုတော့ လုံးဝ မျှော်လင့်မထားခဲ့ပေ။

တစ်ခဏချင်းမှာပင် ယခင်က ဤကားအတွက် ပေးဆပ်ခဲ့ရသော ပင်ပန်းဆင်းရဲမှုများအားလုံး လွင့်ပါးပျောက်ကွယ်သွားတော့သည်။

ဤသည်က ဘေးထွက်ဆိုးကျိုး ကင်းလွတ်ရုံမျှမက အခြားသော အဓိပ္ပာယ်များစွာလည်း ပါဝင်နေသေး၏။

သိထားရမည်မှာ ချန်းရီ၏ အဆင့်မြှင့်တင်ရေး စနစ်မှာ ဆက်လက် အဆင့်မြှင့်တင်နိုင်သေးပြီး နံပါတ်စဉ် အဆင့် ၂၈၉၉ ဆိုသည်မှာ အစပြုရုံမျှသာ ဖြစ်သည်။

လုံလောက်သော သတ်ဖြတ်မှတ်များသာ ရှိပါက ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အဆင့်သတ်မှတ်ချက်ကို ထိပ်ဆုံးဆယ်ခုစာရင်းဝင်သည်အထိ မြှင့်တင်နိုင်ပြီး ကောင်းကင်ဝေလငါးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ထိပ်ဆုံးဆယ်ခုစာရင်းဝင် သဘာဝလွန်ပစ္စည်း တစ်ခုဖြစ်ပြီး မည်သည့်ပေးဆပ်မှုမျှ မလိုခြင်းမှာ တန်ဖိုးဖြတ်၍မရနိုင်သော အရာပင် ဖြစ်သည်။

ချန်းရီသည် နောက်ဆုံးစာကြောင်းဖြစ်သော သုံးသပ်ချက်ကိုပါ တွေ့လိုက်ရ၏။

[သုံးသပ်ချက် - ဘီးနှစ်ဘီးမှစတင်၍ ယခုအခြေအနေအထိ ဆင့်ကဲပြောင်းလဲလာသော ဤသဘာဝလွန်ပစ္စည်းတွင် ချန်းရီ၏ မရေမတွက်နိုင်သော ကြိုးစားအားထုတ်မှုများ ပါဝင်နေသည်။ ဤကားသည် ချန်းရီအား ဖခင်တစ်ဦးကဲ့သို့ သဘောထားနေပြီ ဖြစ်သည်]

[နိုးထလာသော အစွမ်းသတ္တိ - ချန်းရီသည် ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို မောင်းနှင်ပါက ကျွမ်းကျင်သော ယာဉ်မောင်းစွမ်းရည်များ နိုးထလာမည် ဖြစ်သည်။ ရုပ်ရှင်များထဲမှ ယာဉ်မောင်းစွမ်းရည် ပြကွက်များသည် ချန်းရီအတွက် လုပ်ဆောင်ရန် မခက်ခဲတော့ပေ။ ဤအစွမ်းသတ္တိမှာ ကားမှ သတ်မှတ်ထားသော ပိုင်ရှင်တစ်ဦးတည်းအတွက်သာ အကျုံးဝင်သည်]

အစွမ်းသတ္တိ နိုးထလာခြင်း ဟူ၍ ရှိနေသေးကြောင်းကို ခေါင်းဆောင်ချူချယ် ကိုယ်တိုင်လည်း တစ်ခါမှ မပြောပြခဲ့ဖူးပေ။

ချန်းရီ၏ ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားသည်။

လွယ်လွယ်ပြောရလျှင် ဤကားသည် သူ၏ လက်ထဲတွင် နတ်ဘုရားအဆင့် လက်နက်တစ်ခု ဖြစ်နိုင်သော်လည်း အခြားသူများ၏ လက်ထဲတွင်မူ သာမန် သဘာဝလွန်ပစ္စည်း တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

သူ ကားခေါင်းခန်းထဲသို့ အလောတကြီး ဝင်ထိုင်လိုက်၏။

ကားကတော့ ယခင်ကားအတိုင်းပင် ဖြစ်သည်။ တံခါးမရှိ... လေကာမှန် မရှိဘဲ ကားအတွင်းပိုင်းရှိ အရာအားလုံးက အလွန်တရာ ရိုးရှင်းကြမ်းတမ်းနေဆဲပင်။

သို့သော် ချန်းရီ ကားမောင်းသူ နေရာတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ကွဲပြားခြားနားသော ခံစားချက်တစ်ခုကို သိသိသာသာ ခံစားလိုက်ရသည်။

ဤကားသည် အသက်ဝင်လာသကဲ့သို့ ချန်းရီ ခံစားလိုက်ရပြီး စတီယာရင်ကို ကိုင်လိုက်ချိန်တွင် မိမိ၏ ခြေလက်အင်္ဂါများကို အသုံးပြုနေရသကဲ့သို့ လိုသလို ထိန်းချုပ်နိုင်သည့် ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

ယခင်ကလို ချောင်ချိချိနှင့် သေအံ့ဆဲဆဲ ဖြစ်နေသော ခံစားချက်များက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

၎င်းအစား စက်ယန္တရားများ၏ ခိုင်မာအားကိုးရသော ခံစားချက်က ဝင်ရောက်လာ၏...

ထိုတစ်ခဏအတွင်းတွင် တီဗွီထဲမှ ယာဉ်မောင်းစွမ်းရည် ပြကွက်များသည်ပင် သူ၏ လက်ရှိစွမ်းရည်လောက် မကောင်းနိုင်ဟု ချန်းရီ ထင်မှတ်သွားမိသည်။

ချန်းရီသည် စတီယာရင်ကို ပွတ်သပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက ဤကားအပေါ်တွင် ရင်းနှီးကျွမ်းဝင်မှုများ ဖြစ်ပေါ်နေသည်ဟု ခံစားလိုက်ရသည်။

ဤခံစားချက်က ယခင် မရဏသွေး ထင်းခုတ်ဓားမကို ရရှိခဲ့စဉ်ကထက် များစွာ ပိုမို ပြင်းထန်နေပေသည်။

ဒါက အဆင့်သတ်မှတ်ချက် မြင့်မားသော သဘာဝလွန်ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများလား။

စတီယာရင်၏ အနောက်ဘက်တွင် အနည်းငယ် ချိုင့်ခွက်မညီညာမှု ရှိနေသည်ကို ခံစားမိလိုက်သည်။

အကယ်၍ ကားနှင့် အလွန် ရင်းနှီးကျွမ်းဝင်မှု မရှိပါက ဤပြောင်းလဲမှုကို လုံးဝ သတိထားမိမည် မဟုတ်ပေ။

စတီယာရင် အနောက်ဘက်ရှိ စာတန်းငယ်လေးများကို သေချာ မြင်ရရန် ချန်းရီ အတော်လေး အားထုတ်ကြည့်ရှုလိုက်ရ၏။

"ဒီလောကထဲ ကျွန်တော့်ကို ခေါ်ဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဖေဖေ"

ကြက်သီးထဖွယ် ခံစားချက်တစ်ခုက ရင်ထဲသို့ ဝင်ရောက်လာသည်။

သေစမ်း...

ဒါက... ကမ္ဘာပျက်ကပ် ပစ်ကပ်ကားရဲ့ ရင်တွင်းစကားများလား။

ဘုရားဘုရား... ဘာမှတော့မဖြစ်လောက်ပါဘူးနော်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်မှသာ ချန်းရီ၏ စိတ်လှုပ်ရှားမှုများ ပြန်လည် တည်ငြိမ်သွားတော့သည်။

နောက်ထပ် လုပ်ဆောင်ရမည့် တာဝန်မှာ ဆက်လက် အဆင့်မြှင့်တင်ရန် ဖြစ်သည်။

ကား၏ အရှေ့လေကာမှန်ကို သူကိုယ်တိုင် ကြိုးဖြင့် တုပ်နှောင်ထားဆဲဖြစ်ပြီး ယခင် ကားငယ်လေးဆီမှ ဖြုတ်ယူလာသော ကားတံခါးနှင့် နောက်ကြည့်မှန်တို့ကိုလည်း မတပ်ဆင်ရသေးပေ။

ဤပစ္စည်းများမှာ အသင့်ရှိနေပြီး ဖြစ်သောကြောင့် စနစ်အနေဖြင့် လုပ်ဆောင်ရမည့်အရာမှာ ထိုပစ္စည်းများကို ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အရွယ်အစားနှင့် ကိုက်ညီအောင် ညှိနှိုင်းပေးရန်သာ ဖြစ်သည်။

ဤသို့ဆိုလျှင် ပို၍ လွယ်ကူသွားပြီ ဖြစ်သည်။

သတ်ဖြတ်မှတ် ငါးရာကို အသုံးပြုလိုက်ပြီး ငါးနာရီ ကြာပါက အဆင့်မြှင့်တင်မှု ပြီးဆုံးမည် ဖြစ်သည်။

သတ်ဖြတ်မှတ် လေးထောင်ကျော် ကျန်ရှိနေသေး၏။

ကားပေါ်ရှိ သဲနာရီ အချိန်မှတ်စနစ်ကို ကြည့်ရင်း ချန်းရီသည် မေးစေ့ကို ပွတ်သပ်ကာ အတွေးထဲသို့ နစ်မျောသွားသည်။

လက်ရှိ စွမ်းအားမြှင့်တင်ရေး အပိုင်းတွင် နေ့စဉ် သွေးရောင်လမင်း အသက်ရှူကျင့်စဉ် ကို လေ့ကျင့်ရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။ အနည်းဆုံးတော့ ယခုအချိန်အတွက် လုံလောက်နေ၏။

အသက်ရှူကျင့်စဉ် လေ့ကျင့်မှု နှုန်းထားအရဆိုလျှင် မကြာမီ အချိန်အတွင်း လမ်းစဉ် အဆင့် (၂) သို့ တက်ရောက်နိုင်မည်ဟု ခန့်မှန်းရသည်။

နောက်ထပ်အနေဖြင့် ကားကို အနည်းငယ် အသေးစိတ် ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်နိုင်သည်။

သတ်ဖြတ်မှတ် အများအပြား မရရှိသေးမီ အချိန်အထိ သူ၏ ကိုယ်ပိုင် စွမ်းအားဖြစ်စေ... ကားကိုဖြစ်စေ ကြီးကြီးမားမား အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်မည် မဟုတ်ပေ။

အကောင်းဆုံးကတော့ ခေါင်းဆောင်ချူ အနေဖြင့် ရေအရင်းအမြစ်ကို အမြန်ဆုံး ရှာဖွေနိုင်ရန်ပင် ဖြစ်သည်။

ထိုအချိန်မှာပင် ချန်းရီသည် ခေါင်းဆောင်ချူချယ်၏ တဲရှေ့တွင် ခိုးကြောင်ခိုးဝှက် အရိပ်တစ်ခု ဖြတ်လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

ကိုယ်ဟန်အနေအထားအရ ခေါင်းဆောင်ချူချယ် ဖြစ်မည်မှာ သေချာသည်။

ညအချိန်မတော်ကြီး ခေါင်းဆောင်ချူတစ်ယောက် ဤမျှ ခိုးကြောင်ခိုးဝှက်ဖြင့် ဘာများ လုပ်နေပါလိမ့်။

ယာဉ်တန်းတစ်ခုလုံးတွင် ထိုလူ၏ လျှို့ဝှက်ချက်များက အများဆုံးပင် ဖြစ်သည်။

နောက်ကနေ လိုက်ကြည့်ရင်ကောင်းမလား။

...

ညဘက်က ပြုလုပ်ခဲ့သော နှစ်သစ်ကူးညစာစားပွဲက ယာဉ်တန်းအတွက် လန်းဆန်းသော လေကောင်းလေသန့် အနည်းငယ် ဖြည့်တင်းပေးလိုက်သကဲ့သို့ ဖြစ်ပြီး အနည်းဆုံးတော့ ယာဉ်တန်းတစ်ခုလုံး အသက်မဲ့ မနေတော့ပေ။

ဖျော်ဖြေရေး အစီအစဉ်များက သာမန်သာ ဖြစ်သော်လည်း လူတိုင်းက အလွန် တက်ကြွနေခဲ့ကြသည်။

နှစ်သစ်ကူးညစာစားပွဲ ပြီးဆုံးသွားသော်လည်း ချူချယ်မှာမူ ကုတင်ပေါ်တွင် ဟိုဘက်လှိမ့် ဒီဘက်လှိမ့်ဖြင့် အိပ်မပျော်နိုင်ဘဲ ဖြစ်နေ၏။

အပြင်ဘက်တွင် အသံများ တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် မှန်ကန်သော အသက်ရှူသံများကိုသာ ကြားရသည့် အချိန်အထိပင်။

ထိုအခါမှသာ ချူချယ်သည် ကုတင်ပေါ်မှ တိတ်တဆိတ် ထထိုင်လိုက်တော့သည်။

ပထမဆုံး စစ်ဆေးလိုက်သည်က ဘေးနားတွင် ထားရှိသော ခိုးနားထောင်သည့် ရေဒီယို ဖြစ်ပြီး ရေဒီယို ပိတ်ထားကြောင်း သေချာသွားပြီးနောက်...

ခေါင်းဆောင်ချူသည် သက်ပြင်းချလိုက်ကာ ခြေဖွဖွနင်း၍ တဲထဲမှ ထွက်လာခဲ့သည်။

သွေးရောင်လမင်း၏ အလင်းရောင်ကို အားပြုကာ ခေါင်းဆောင်ချူချယ်သည် ခြေဖျားထောက်လျက် တဲ၏ အနောက်ဘက်သို့ ထွက်လာခဲ့၏။

ညအချိန် သဲကန္တာရ၏ အပူချိန်က ရုတ်တရက် ကျဆင်းသွားသော်လည်း ခေါင်းဆောင်ချူမှာ အအေးဒဏ်ကို မခံစားရဘဲ ရင်ထဲတွင် ရှက်ရွံ့မှုများသာ ဆက်တိုက် ဖြစ်ပေါ်နေသည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး လူသူကင်းမဲ့နေကြောင်း သေချာသွားမှသာ ခေါင်းဆောင်ချူသည် ရင်ခွင်ထဲမှ သတ္တုမီးခြစ်ကို ခိုးကြောင်ခိုးဝှက် ထုတ်ယူလိုက်သည်။

၎င်းမှာ အချစ်ရူး မီးခြစ်ပင် ဖြစ်သည်။

"အဟမ်း... အဟမ်း"

ခေါင်းဆောင်ချူသည် လည်ချောင်းဟန့်ကာ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီးနောက် အလွန် ညင်သာပြီး ကြက်သီးထဖွယ် ကောင်းလှသော လေသံဖြင့် လက်ထဲရှိ မီးခြစ်အား စကားဆိုလိုက်သည်။

"ချစ်လေး... ငါ နင့်ကို ချစ်တယ်"

ဤစကားသံ ပါးစပ်မှ ထွက်လာသည်နှင့် ခေါင်းဆောင်ချူ ကိုယ်တိုင်ပင် ကြက်သီးထကာ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။

လွန်ခဲ့သော နှစ်ရက်က မီးခြစ်ကို စတင်ရရှိချိန်တွင် ခေါင်းဆောင်ချူသည် ဤဘေးထွက်ဆိုးကျိုး ပေးဆပ်မှုကို အလေးအနက် မထားခဲ့ပေ။

ထို့ကြောင့် ထိုနှစ်ရက်အတွင်း တာဝန်ပြီးမြောက်ရုံမျှသာ လုပ်ဆောင်ခဲ့သည်။

မကြာမီမှာပင် တန်ပြန်သက်ရောက်မှုကို ခံလိုက်ရပြီး မီးခြစ်၏ မကျေနပ်သော စိတ်ခံစားချက်များကို သိသိသာသာ ခံစားလိုက်ရသည်။ ခေါင်းဆောင်ချူက ၎င်းကို တကယ်ချစ်ရဲ့လားဟု မေးခွန်းထုတ်နေသကဲ့သို့ပင်။

ယနေ့အချိန်ထိ ရောက်လာသောအခါ ခေါင်းဆောင်ချူက မီးခြစ်၏ စွမ်းအားကို အသုံးပြုချင်သည့်တိုင် မီးခြစ်မှာ မီးတောက်ငယ်လေး တစ်ခုကိုသာ ထုတ်လွှတ်ပေးတော့သည်။

ထိုအခါမှသာ ပြဿနာ၏ အရေးကြီးပုံကို ခေါင်းဆောင်ချူ သဘောပေါက်သွားတော့သည်။

တဲထဲတွင် ဤကိစ္စကို မလုပ်ဆောင်ရခြင်းမှာ...

တဲထဲတွင် ရှိနေသော ခိုးနားထောင်သည့် ရေဒီယို ကြောင့်ပင် ဖြစ်သည်။

ခိုးနားထောင်သည့် ရေဒီယိုသည် အခြားသူများ၏ လျှို့ဝှက်ချက်များကို ခိုးနားထောင်ရုံသာမက သူ၏ ပိုင်ရှင်ဖြစ်သော ခေါင်းဆောင်ချူ၏ လျှို့ဝှက်ချက်များကိုပါ ခိုးနားထောင်တတ်သောကြောင့် ဖြစ်သည်။

ထို့အပြင် လူအများရှေ့တွင် အကျယ်ဆုံး ထုတ်လွှင့်ပြတတ်သေးသည်။

ခေါင်းဆောင်ချူသည် ဒုတိယအကြိမ် လူလုံးမပြရဲအောင် ရှက်ဖွယ်ရာမျိုးကို မကြုံတွေ့ချင်တော့ပေ။

မုဒ်အပြည့်ပါသော စိတ်ခံစားချက်များဖြင့် ဤစကားကို ပြောလိုက်ပြီးနောက် ခေါင်းဆောင်ချူသည် မီးခြစ်လေး တစ်ချက် တုန်ခါသွားသည်ကို သိသိသာသာ ခံစားလိုက်ရပြီး အနည်းငယ် သဘောကျသွားပုံရသည်။

ခေါင်းဆောင်ချူ၏ မျက်နှာပေါ်မှ အမူအရာမှာ အလွန်တရာ အနေခက်နေလေသည်။

အကျိုးသက်ရောက်မှု ရှိလာသဖြင့် ခေါင်းဆောင်ချူသည် သူ၏ ဘဝတစ်သက်တာ သင်ယူထားသမျှ အစွမ်းများကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။ ဤဘိုးဘေးလေးကို ချော့မော့နိုင်မည် ဆိုပါက မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိနေသည်။

"ချစ်လေး... ငါ နင့်ကို တကယ် ချစ်ပါတယ်... နင် မရှိရင် ငါ မနေနိုင်ဘူး... နင် မရှိတဲ့ နေ့ရက်တိုင်းက တစ်ရက်ကို တစ်နှစ်လောက် ကြာနေသလို ခံစားရတယ်"

မီးခြစ်လေးမှာ ပို၍ သဘောကျသွားပြီး အေးစက်နေသော သတ္တုကိုယ်ထည်က ချူချယ်အား တုံ့ပြန်နေသကဲ့သို့ပင်။

"ချစ်လေး... ငါတို့ အမြဲတမ်း အတူတူ ရှိနေမှာပါ... ဒီဘဝမှာ နင်က ငါ့အပိုင်ပဲ... ငါကလည်း နင့်အပိုင်ပဲ... ငါတို့ ထာဝရ အတူတူ ရှိနေကြမယ်နော်"

မီးခြစ်၏ စိတ်ခံစားချက်များမှာ ပိုမို ပြည့်ဝလာပြီး အေးစက်နေသော ကိုယ်ထည်မှပင် စိတ်လှုပ်ရှားဖွယ် အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။

မီးခြစ်၏ ပိုင်ရှင်ဖြစ်သော ချူချယ်သည် ယခုအချိန်တွင် ထူးဆန်းသောအရာ တစ်ခုခုနှင့် ကြုံတွေ့ရပါက မီးခြစ်၏ စွမ်းအား တစ်ခုတည်းဖြင့်ပင် သာမန် ထူးဆန်းသောအရာများကို မီးရှို့သတ်ဖြတ်နိုင်မည်ဟု ခံစားမိလိုက်သည်။

သို့သော် ထိုအချိန်မှာပင် အလွန်တရာ မုန်းစရာကောင်းသော အသံတစ်သံက ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"အဟမ်း... အဟမ်း... ခေါင်းဆောင်ချူ... မင်းမှာ ဒီလိုဝါသနာမျိုး ရှိနေလိမ့်မယ်လို့ တကယ်ကို မထင်ထားဘူး"

ခေါင်းဆောင်ချူ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခန္ဓာကိုယ်ကြီးမှာ အနည်းငယ် မာတောင့်သွားသည်။

မပြီးသေး။ နောက်ထပ် ကြည်လင်သော အသံပိုင်ရှင် တစ်ဦးကလည်း အလားတူ မုန်းစရာကောင်းသော လေသံဖြင့် ဆက်ပြောလာသည်။

"အို... ခေါင်းဆောင်ချူ... ဒါကရှင့်ရဲ့ သရုပ်မှန်ပေါ့လေ"

ဆက်ရန်...

All Chapters