← Chapters

အခန်း ၁၀၉

Vol. 6 Ch. 109

အခန်း ၁၀၉

Vol. 6 Ch. 109

အပိုင်း(၁၀၉) အရိပ်ဆွဲယူခြင်း

ထိုစကားကို ကြားလိုက်ရချိန်တွင် အကို၂ ရူးသွားပြီဟု ညီ၄က တွေးလိုက်မိသည်။

သူက မူလကတည်းက သတ္တိနည်းသူဖြစ်ရာ အကို၂၏ စကားကို ကြားသောအခါ လှည့်၍သာ ပြေးချင်စိတ် ပေါက်သွားတော့၏။

"အကို၂... ကျွန်တော်တို့... အဲဒီလို မလုပ်တာ မကောင်းဘူးနော်"

"အနည်းဆုံးတော့ အခု ရေနည်းနည်း ရှားသွားတာပဲ ရျှိတာလေ... ဦးလေးအားပေါင်တို့က ကျွန်တော်တို့ကို ရေငတ်သေအောင် ထားမှာ မဟုတ်ပါဘူး... မနက်ဖြန် မနက်ကျရင် ဦးလေးအားပေါင်ရဲ့ ကားကို သွားသုတ်ပေးမယ်... အဒေါ်ကြီးချွီကိုလည်း သွားကူညီပေးမယ်လေ... အဲဒါဆိုရင် ရေနည်းနည်းပါးပါးတော့ လဲလို့ ရလာမှာပါ"

"ပြီးတော့... ကုလားအုတ်အသားခြောက် လုပ်တဲ့နေရာမှာလည်း ကျွန်တော်တို့ ဝင်ကူလို့ ရသေးတယ်လေ"

ယာဉ်တန်းထဲတွင် အလွန်အမင်း ပျင်းရိသူ မဟုတ်လျှင် ဦးလေးအားပေါင်က လူတိုင်းအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးထားနိုင်သေးသည်။

လူတစ်ချို့ကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း။

အသက်ရှင်ကျန်ရစ်သူအားလုံး သေဆုံးသွားပါကလည်း ယာဉ်တန်းအတွက် ကောင်းသောကိစ္စ တစ်ရပ် မဟုတ်ပေ။

ထို့ကြောင့် ချူချယ်ပဲ ဖြစ်ဖြစ်၊ ပန်းရောင်ဆံပင်နှင့် ကောင်မလေးပဲ ဖြစ်ဖြစ်၊ ထယ်ရှီးနှင့် တင်းတုံတို့ပဲ ဖြစ်ဖြစ်။

အခြေခံ ရှင်သန်နိုင်ရေးအတွက် ဤလူများကို အခကြေးငွေ အချို့ ပေးလေ့ရှိကြသည်။

ချန်းရီကိုယ်တိုင်လည်း ဤစည်းမျဉ်းကို လိုက်နာထားပေသည်။

မိမိ၌ ကျွမ်းကျင်သော ပညာရပ်တစ်ခုခု ရှိပါက ယာဉ်တန်းထဲတွင် အတော်လေး ကောင်းမွန်စွာ နေထိုင်နိုင်သည်။

အမြဲတမ်း ထမင်းဟင်း ချက်ပြုတ်ပေးနေသော အဒေါ်ကြီးချွီ နှင့် ကားပြင်တတ်သော လူငယ်အချို့လိုပင် ဖြစ်သည်။

သူတို့၏ နေထိုင်မှု ဘဝက အခြားသော အသက်ရှင်ကျန်ရစ်သူများထက် အနည်းငယ် ပို၍ အဆင်ပြေလှ၏။

"ချီးလိုမှပဲ... ငါ ဟိုပြေးဒီလွှားနဲ့ အလုပ်ရှုပ်နေတာ ကြာလှပြီ... အဲဒီလောက်လေးရဖို့နဲ့တော့ သူတောင်းစားကို ပေးကမ်းနေတာကျနေတာပဲ"

"အစ်ကိုကြီး... ညီ၄... မင်းတို့ မကြောက်ကြနဲ့... ငါ အခြေအနေ အကုန် စုံစမ်းထားပြီးပြီ"

"အဲဒီ ချန်းရီက ညတိုင်း တဲထဲမှာပဲ အိပ်တာ... သူ့ရဲ့ရေက ကားမောင်းခန်း နောက်ခုံမှာ ရှိတယ်... ငါတို့ နည်းနည်း သတိထားလိုက်ရင် သေချာပေါက် ရနိုင်တယ်"

"ဒီတစ်ခေါက် ငါတို့ သူ့ကို မျက်နှာချင်းဆိုင် ထိပ်တိုက် မရင်ဆိုင်ဘူး"

"တကယ်လို့ မိသွားခဲ့ရင်တောင် လမ်းလျှောက်နေတယ်လို့ပဲ ပြောလိုက်မယ်"

"ချူချယ်တို့ဘက်ကိုတော့ ထည့်မပြောနဲ့တော့... သူတို့က သုံးယောက်တောင် ရှိတာ... အားပေါင် ဆိုတဲ့ အဘိုးကြီးကလည်း ဝံပုလွေတစ်ကောင်လို ပါးနပ်တယ်... ပြီးတော့ ရှောင်ဝမ် ဆိုတဲ့ လက်ထောက်တစ်ယောက်လည်း ရှိသေးတယ်... ငါတို့ လှုပ်ရှားဖို့ အခွင့်အရေး လုံးဝ ရှာတွေ့မှာ မဟုတ်ဘူး"

"အဲဒီ ပန်းရောင်ဆံပင်နဲ့ ကောင်မလေးကလည်း သွားစလို့ ရတာ မဟုတ်ဘူး... သူတို့လည်း နှစ်ယောက် ရှိတယ်"

"ထယ်ရှီးနဲ့ တင်းတုံတို့ဘက် ဆိုရင်တော့ တွေးတောင် မတွေးနဲ့တော့... တစ်ကားလုံး လူတွေချည်းပဲ... ငါတို့ အနားမကပ်ခင်တင် သူတို့ သိသွားလောက်တယ်"

"တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ချန်းရီက လှုပ်ရှားဖို့ အလွယ်ဆုံးပဲ"

"သူ ဘယ်လောက်ပဲ တော်နေပါစေ တစ်ယောက်တည်းလေ... သူကများ တစ်နေကုန် မအိပ်ဘဲ စောင့်ကြည့်နေနိုင်မှာမို့လို့လား"

"ပြီးတော့ ငါကလည်း သူ့ကို ထိပ်တိုက် ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာမှ မဟုတ်တာ... ငါ့ဦးနှောက် မပျက်သေးဘူး"

"အစ်ကိုကြီး... ညီ၄... မင်းတို့ လုပ်ရဲလား မရဲဘူးလား"

အစ်ကိုကြီးက အကို၂၏ စကားကြောင့် အနည်းငယ် တွန့်ဆုတ်သွား၏။

ညီ၄၏ မျက်လုံးများတွင်မူ ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး မလုပ်ရဲကြောင်း သိသာလှသည်။

အကို၂က ဒေါသထွက်သွားသည်။

"ညီ၄... မင်း သတ္တိကြောင်တဲ့ကောင်... မသွားရဲရင်နေခဲ့... အဲဒီအချိန်ကျရင် ငါ ရေရလာလို့ကတော့ မင်း တစ်ပေါက်မှ မသောက်နဲ့"

"အကို၂... အစ်ကိုကြီး... အဲဒီ ချန်းရီက ယှဉ်ဖို့ မလွယ်ဘူးနော်... အစ်ကိုတို့ မလုပ်ကြပါနဲ့... မသွားကြပါနဲ့"

ညီ၄က တားဆီးရန် ကြိုးစားလေသည်။

အကို၂က သူ့ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီးနောက် အစ်ကိုကြီးနှင့်အတူ ညအမှောင်ကို အကာအကွယ်ယူကာ ပစ်ကပ်ကားရှိရာသို့ ဖြည်းညင်းစွာ ရွေ့လျားသွားကြ၏။

ညီ၄မှာ စိုးရိမ်ပူပန်စွာဖြင့် မူလနေရာတွင်သာ ရပ်နေနိုင်တော့သည်။

အကို၂နှင့် အစ်ကိုကြီး နှစ်ယောက်သား ကားအနီးသို့ ရောက်သောအခါ သေချာစွာ အကဲခတ်ကြည့်လိုက်ရာ ချန်းရီ ကားထဲတွင် တကယ် မရှိကြောင်း တွေ့လိုက်ရသည်။

ဘေးနားရှိ တဲထဲမှ လူတစ်ယောက်၏ အသက်ရှူသံများ ထွက်ပေါ်နေသယောင် ရှိ၏။

သူတို့နှစ်ယောက်လုံး စိတ်အေးသွားကြသည်။

သူတို့နှစ်ဦး အလုပ်ခွဲဝေမှု ရှင်းလင်းလှသည်။ အစ်ကိုကြီးက ကင်းစောင့်ရန် တာဝန်ယူပြီး အကို၂က လှုပ်ရှားရန် တာဝန်ယူထား၏။

ကင်းစောင့်သည်ဆိုသည်မှာ ချန်းရီ ရုတ်တရက် နိုးလာမည်ကို ကာကွယ်ရန် တဲကို စောင့်ကြည့်ပေးနေခြင်းသာ ဖြစ်သည်။

အကို၂က ကမ္ဘာပျက်ကပ် ပစ်ကပ်ကား အနီးသို့ ဖြည်းညင်းစွာ ကပ်သွားသည်။

သို့သော် သူတို့နှစ်ဦး၏ မြင်ကွင်းကွယ်နေသော နေရာတွင် အမှောင်ရိပ်တစ်ခုက ကားအောက်မှ ဖြည်းညင်းစွာ ရှည်ထွက်လာပြီး ၎င်းက ရေဘဝဲ၏ လက်တံတစ်ခုနှင့် ဆင်တူလှပေသည်။

အကို၂က သေချာစွာ ကြည့်လိုက်ရာ ကားတံခါး လော့ချထားသည်ကို တွေ့လိုက်ရသဖြင့် ဘောင်းဘီအိတ်ကပ်ထဲမှ သံကြိုးလေး တစ်ချောင်းကို နှိုက်ယူလိုက်သည်။

အကို၂သည် ယခင်က လူမိုက်လောကထဲတွင် ကျင်လည်ခဲ့ဖူးသူဖြစ်ရာ ခိုးကြောင်ခိုးဝှက် ကိစ္စများကို အများအပြား လုပ်ဆောင်ခဲ့ဖူး၏။

ကားတံခါး ဖွင့်ရန်မှာ သူ့အတွက် မခက်ခဲလှပေ။

အကို၂သည် သူ၏ ခါးတွင် တစ်စုံတစ်ခု ရစ်ပတ်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် လက်ဖြင့် စမ်းကြည့်လိုက်ရာ အေးစက်စက် ဖြစ်နေ၏။

အကို၂ သတိမဝင်လာမီမှာပင် သူ၏ တစ်ကိုယ်လုံး ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"အား... အစ်ကိုကြီး... ကယ်"

နောက်ဆုံး စကားလုံးတစ်လုံး ထွက်မလာမီမှာပင် သူ၏ တစ်ကိုယ်လုံး ကားအောက်သို့ ဆွဲငင်ခံလိုက်ရသည်။

ထို့နောက် ကြွက်သားများနှင့် အရိုးများ ကြေမွသွားသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အကို၂၏ နောက်ဆုံး စကားသံလေးပင် ထိုကြောက်မက်ဖွယ် အသံများအောက်တွင် နစ်မြုပ်သွားခဲ့လေပြီ။

၎င်းသည် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ တတိယမြောက် အစွမ်း ဖြစ်သော အရိပ်ဆွဲယူခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ဆီတိုင်ကီ ဒိုင်ခွက်က ဖြည်းညင်းစွာ လည်ပတ်နေ၏။

ယခင်က ချူချယ် ပေးထားသော ဆီ ၈ ဂါလန်ခန့်သည် ဤရက်များအတွင်း အသုံးပြုမှုကြောင့် ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

အကယ်၍ လျှပ်စစ်မော်တာစနစ်က ထောက်ပံ့ပေးမထားပါက ကားသည် စောစောစီးစီး ရပ်တန့်နေလောက်ပြီ ဖြစ်သည်။

ယခုအချိန်တွင်မူ ဆီတိုင်ကီ ဒိုင်ခွက်က အပေါ်ဆုံးသို့ ရောက်ရှိသွားပြီး ဆီတိုင်ကီ အပြည့်ဖြစ်နေကြောင်း ပြသနေ၏။

ဤကား၏ ဆီတိုင်ကီ ပမာဏမှာ ၁၆ ဂါလန်ခန့် ဖြစ်သည်။

ဤဆီတိုင်ကီသည် ယခင် ယာဉ်တိုက်မှုကြီး ဖြစ်ပွားခဲ့သော နေရာမှ ရှာတွေ့ခဲ့သည့် ဆီတိုင်ကီ နှစ်ခုကို အသုံးပြုကာ စနစ်မှတစ်ဆင့် ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်၏။

ထိုအချိန်က သတ်ဖြတ်မှတ်များကို ချွေတာနိုင်ရန်အတွက် ချန်းရီသည် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုခဲ့ရသည်။

ခရီးဝေး သွားလာရမည့် လမ်းကြမ်းမောင်းကား တစ်စီးအတွက် ဤကဲ့သို့သော ဆီတိုင်ကီ ပမာဏသည် သိသာစွာ သေးငယ်နေပေသည်။

အရိပ်ဆွဲယူခြင်း စွမ်းရည်သည် ပစ်မှတ် သက်ရှိများကို ကြိတ်ချေ ဖြိုခွဲကာ လောင်စာဆီအဖြစ် ပြောင်းလဲပေးနိုင်သည်။

ဤစွမ်းရည်သည် လူ့လောကတွင် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်၏။

အစ်ကိုကြီးသည် ညီ၂ ကားအောက်သို့ ဆွဲသွင်းခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် ကြောက်လန့်ကာ မျက်လုံးပြူး ပါးစပ်ဟဖြစ်သွားပြီး လူးလှိမ့်ကာ ပြန်လည် ထွက်ပြေးသွားတော့သည်။

အဘယ်ကြောင့် ကြောက်လန့်တကြား အော်ဟစ်မသွားသနည်း ဆိုသော်။

အစ်ကိုကြီးသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ပြင်းထန်သော ကြောက်ရွံ့မှုကြောင့် အသံကြိုးများ ကြွက်တက်သွားကာ အသံ လုံးဝ ထွက်မလာတော့ခြင်း ဖြစ်သည်။

သို့သော် အကို၂၏ တိုတောင်းလှသော အကူအညီတောင်းသံလေးက လူအချို့၏ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့၏။

ခေါင်းဆောင်ချူ၏ တဲထဲတွင်။

ခိုးနားထောင်သည့် ရေဒီယိုထဲမှ ထွက်ပေါ်လာသော အော်ဟစ်သံကို ကြားလိုက်ရသည်။

ချူချယ်က မျက်မှောင်ကြုတ်လိုက်၏။

"ချန်းရီက ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲ"

ချန်းရီအတွက်မူ ထိုအရူးနှစ်ကောင် အနီးသို့ ရောက်လာကတည်းက သူ သတိထားမိပြီး ဖြစ်သည်။

သဘာဝလွန်လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် သာမန်လူများက သူတို့၏ အကြားအာရုံနှင့် အမြင်အာရုံကို ရှောင်ကွင်းရန်မှာ အလွန် ခက်ခဲလှပေသည်။

ထူးဆန်းသောအရာများ မဟုတ်လျှင်ပေါ့။

ထွက်ပြေးသွားသော အစ်ကိုကြီးကိုတော့ ထားလိုက်ပါတော့၊ သူ့အသက်ကို ချမ်းသာပေးလိုက်မည်။

သာမန် အသက်ရှင်ကျန်ရစ်သူ အားလုံး သေဆုံးသွားခဲ့လျှင်။

အကယ်၍ ထူးဆန်းသောအရာများနှင့် တကယ် ကြုံတွေ့ရပါက မည်သူက အိမ်မြှောင် အမြီးပြတ် သဖွယ် အစားခံပေးမည်နည်း။

နောက်တစ်နေ့။

ယာဉ်တန်းထဲတွင် လူတစ်ယောက် လျော့သွားသည်။

ဦးလေးအားပေါင်က သေချာ မေးလိုက်သည်။

အစ်ကိုကြီးက ညီ၂ ရူးသွားပြီး ညဘက်တွင် ထွက်ပြေးသွားကြောင်း ပြောလေသည်။

ဦးလေးအားပေါင်က ဆက်၍ မမေးတော့ပေ။

ဤကဲ့သို့သော အခြေအနေမျိုးကလည်း ရှိတတ်ပေသည်။

ညဘက်တွင် သွေးရောင်လမင်းကို စိုက်ကြည့်မိပါက စိတ်ဖောက်ပြန်သွားတတ်သော အခြေအနေမျိုး ဖြစ်ပေါ်တတ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုး ယာဉ်တန်းထဲတွင် အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူး၏။

မနက်ခင်း ခရီးစတင်ချိန်တွင် ချန်းရီက ဆီတိုင်ကီ ပြည့်နေသည်ကို မြင်လိုက်ရသည်။

"ကြည့်ရတာ ၁၆ ဂါလန် ဆီတိုင်ကီက အရိပ်ဆွဲယူခြင်းအစွမ်းှရဲ့ အကန့်အသတ် မဟုတ်လောက်ဘူး"

"စနစ်... ပင်မ ဆီတိုင်ကီကို ၂၄ ဂါလန် အထိ ပြောင်းပြီး နောက်ထပ် ၁၈ ဂါလန် ဝင်တဲ့ အရန်ဆီတိုင်ကီ တစ်ခု ထပ်ပေါင်းထည့်မယ်ဆိုရင် သတ်ဖြတ်မှတ် ဘယ်လောက် လိုမလဲ"

ချန်းရီက စိတ်ထဲမှ တိုက်ရိုက် မေးမြန်းလိုက်သည်။

အကယ်၍ ၄၂ ဂါလန် ဝင်ဆံ့သော ဆီတိုင်ကီ ရှိလာပြီး အရိပ်ဆွဲယူခြင်း စွမ်းရည်နှင့် လျှပ်စစ်မော်တာစနစ်ပါ ပေါင်းစပ်လိုက်မည် ဆိုလျှင်။

မိမိအနေဖြင့် စွမ်းအင် သုံးစွဲမှု ပြဿနာမှ အခြေခံအားဖြင့် ကင်းလွတ်သွားမည် ဖြစ်သည်။

[သင့်၏ တောင်းဆိုချက်အရ ပင်မနှင့် အရန် ဆီတိုင်ကီ နှစ်ခု စုစုပေါင်း ပမာဏ ၄၂ ဂါလန် အတွက် သတ်ဖြတ်မှတ် ၃၀၀၀ လိုအပ်ပါသည်]

သတ်ဖြတ်မှတ် ၃၀၀၀ လိုအပ်မည်ဟု မြင်လိုက်ရသောအခါ ချန်းရီပင် ဆဲရေးတိုင်းထွာမိမတတ် ဖြစ်သွား၏။

အတတ်နိုင်ပေ။ အကယ်၍ မိမိဘက်မှ ပစ္စည်းနှင့် အခြေအနေ တစ်စုံတစ်ရာမျှ မထောက်ပံ့ဘဲ စနစ်ကိုသာ အရာအားလုံး လုပ်ခိုင်းမည်ဆိုလျှင် ဈေးနှုန်းက အလွန် ကြီးမားနေမည် ဖြစ်သည်။

မိမိ၌ သတ်ဖြတ်မှတ် လေးထောင်ကျော်သာ ကျန်ရှိတော့သည်။

၃၀၀၀ ခန့် သုံးစွဲလိုက်ရန် အမှန်တကယ် မတန်ပေ။

နောင်တစ်ချိန်တွင် သတ်ဖြတ်မှတ် အသုံးပြုရမည့် အချိန်ရောက်လာပါက သတ်ဖြတ်မှတ် မလုံလောက်လျှင် ပြဿနာတက်ပေလိမ့်မည်။

စဉ်းစားကြည့်ပြီးနောက် ဤအစီအစဉ်ကို ယာယီ ရပ်ဆိုင်းထားရန်သာ တတ်နိုင်တော့သည်။

၁၆ ဂါလန် ဆိုလည်း ၁၆ ဂါလန်ပေါ့၊ အနည်းဆုံးတော့ အချိန်တစ်ခုအထိ အသုံးပြုနိုင်သေးသည်။

ရှေ့ဆက်ရမည့် ခရီးစဉ်များကလည်း ဘာမှ ပြောင်းလဲမှု မရှိသေးပေ။

ရာသီဥတုက လူများကို သည်းမခံနိုင်လောက်အောင် ပူပြင်းနေဆဲ ဖြစ်သည်။

မွန်းတည့်ချိန် ရောက်သောအခါ ယနေ့ ယာဉ်တန်းထဲတွင် လူ ဆယ့်နှစ်ယောက် ထပ်မံ လျော့ကျသွားပြန်၏။

ရေအရင်းအမြစ် ပြဿနာကြောင့်ပင် ဖြစ်သည်။

မူလကတည်းက သနားစရာကောင်းလောက်အောင် နည်းပါးလှသော သောက်ရေ ဝေစုကို ဦးလေးအားပေါင်နှင့် လောင်လီတို့ ပူးပေါင်းကာ ထပ်မံ လျှော့ချလိုက်ကြသည်။

အသက်ရှင်ကျန်ရစ်သူများက အော်ဟစ် ဆန္ဒပြကြသော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။

လူအများစု၏ ခန္ဓာကိုယ်များတွင် ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ပြသနေပြီဖြစ်ရာ လုံးဝ မလှုပ်ရှားနိုင်ကြတော့ပေ။

ကုလားအုတ်များလည်း အမြောက်အမြား စတင် သေဆုံးလာကြသည်။

ထူးဆန်းသော အပူချိန်နှင့် အစားအစာ မရရှိနိုင်မှု စသည့် အကြောင်းအရင်းများ ပေါင်းစပ်သွားမှုကြောင့်။

မူလက အစားမစားဘဲ နေနိုင်မည့် ကုလားအုတ်များ၏ ရှင်သန်နိုင်စွမ်း အချိန်ကို များစွာ လျော့ကျသွားစေခဲ့သည်။

ကုလားအုတ်များ အမြောက်အမြား သေဆုံးမှုက။

အသက်ရှင်ကျန်ရစ်သူ အများအပြားကို သွားလာရေး ယာဉ်များ ဆုံးရှုံးသွားစေပြီး သဲကန္တာရထဲတွင် ခြေလျင်ဖြင့်သာ ဆက်လက် လျှောက်လှမ်းစေခဲ့သည်။

ဆိုးရွားသော သံသရာလည်မှုအောက်တွင် အသက်ရှင်ကျန်ရစ်သူများ၏ သေဆုံးမှုကို ပိုမို မြန်ဆန်သွားစေ၏။

ဤအချိန်တွင် ချန်းရီတို့ကဲ့သို့သော အစွမ်းပိုင်ရှင်များ၌ပင် သောက်သုံးရေ လုံးဝ ခန်းခြောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ချူချယ်နှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့က သာမန် အသက်ရှင်ကျန်ရစ်သူများကို သောက်ရေ ခွဲဝေပေးသည့် အပြုအမူကို ရပ်တန့်လိုက်ကြပြီ ဖြစ်သည်။

ထိုကဲ့သို့ ဆက်လက် လုပ်ဆောင်နေသူဆို၍ ထယ်ရှီး ဆိုသော လူအကြီးသာ ကျန်ရှိတော့၏။

သေချာသည်မှာ မည်သူမျှ မသိနိုင်သော အချက်မှာ ချန်းရီ၏ သောက်ရေ ပမာဏက လူတိုင်း ထင်ထားသည်ထက် များပြားနေခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ ဝေစုကို သူတစ်ယောက်တည်းသာ သုံးစွဲနေခြင်း ဖြစ်သည် မဟုတ်ပါလော။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်ရန်အတွက် နွားအရိုးများနှင့် လဲလှယ်ရာတွင် ရေအချို့ကို သုံးစွဲလိုက်ရသော်လည်း သူ အချို့ကိုတော့ စုဆောင်းထားနိုင်ခဲ့သေးသည်။

ထိုသောက်သုံးရေများကို ကား၏ အောက်ခံ သံဘောင်များကြားတွင် ကြိုးဖြင့် ချည်နှောင်ကာ ဖွက်ထားခဲ့၏။

ဤသောက်သုံးရေများသည် ချန်းရီ၏ နောက်ဆုံး လက်ကျန်များပင် ဖြစ်သည်။

သူတို့ကဲ့သို့သော အစွမ်းပိုင်ရှင်များသည် သာမန်လူများထက် အနည်းငယ် ပို၍ သန်မာသော်လည်း သာမန်လူဆိုသည့် ဘောင်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

အချိန်ကြာမြင့်စွာ ရေမသောက်ရပါကလည်း သေဆုံးရမည်သာ ဖြစ်သည်။

ထိုရေများသည် လူတိုင်း သေဆုံးသွားချိန်အထိ စောင့်ဆိုင်းပြီးမှ ချန်းရီက ထုတ်ယူအသုံးပြုမည် ဖြစ်သည်။

၎င်းက ချန်းရီ၏ နောက်ဆုံး ဆုတ်လမ်းပင် ဖြစ်၏။

မူလက လူတစ်ရာနီးပါး ရှိသော ယာဉ်တန်းတွင် ယခုအခါ လူ ခုနစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ယခုအခါ ဆီစားနှုန်း ပြဿနာကို သိပ်ဂရုစိုက်စရာ မလိုတော့ပေ။

ချန်းရီက ၂၄ နာရီလုံးလုံး လျှပ်စစ်ပန်ကာကို ဖွင့်ထားလိုက်သည်။

ကားပြတင်းပေါက်များကိုလည်း ချထားလိုက်၏။

မျက်နှာချင်းဆိုင်မှ တိုက်ခတ်လာသော လေများကလည်း ပူပြင်းလှသည်။

အလွန်အမင်း အိုက်စပ်နေသည်ဟု မခံစားရသော်လည်း ပင်မအားဖြင့် ဂျီးများ ကပ်နေသော ခန္ဓာကိုယ်က အနည်းငယ် မသက်မသာ ဖြစ်နေခြင်းသာ ဖြစ်သည်။

ချန်းရီပင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အောက်သိုးသိုးအနံ့များကို ရရှိနိုင်ပေသည်။

ရေမချိုးရသည်မှာ နှစ်ဝက်ခန့် ရှိနေပြီ ဖြစ်သည်။

ထို့အပြင် ယခုကဲ့သို့နေ့စဉ် အပူချိန် မြင့်မားနေသော အခြေအနေမျိုးတွင် ဖြစ်၏။

"နေဦး... ပူပြင်းခြောက်သွေ့နေတဲ့ လေထဲကနေ ဘယ်လိုလုပ်ပြီး အေးစိမ့်စိမ့် ခံစားချက်လေး တစ်ခု ပါလာရတာလဲ"

ဆက်ရန်...

All Chapters