← Chapters

အခန်း ၁၁၀

Vol. 6 Ch. 110

အခန်း ၁၁၀

Vol. 6 Ch. 110

အပိုင်း(၁၁၀) စိမ်းပြာရောင်လေး

ချန်းရီက တစ်ခုခု တုံ့ပြန်ရန် အချိန်ပင် မရလိုက်။ ရှေ့ဆုံးမှ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားကြီးသည် ရူးသွပ်နေသကဲ့သို့ အရှိန်တင်လိုက်ရာ သဲဖုန်လုံးကြီးများ လွင့်ပျံသွားတော့၏။

ချန်းရီသည်လည်း လီဗာကို အဆုံးထိ နင်းချလိုက်သည်။ အင်ဂျင်စက်သံကြီး ဟိန်းထွက်လာပြီး ဘီးလေးဘီးစလုံး ရူးသွပ်စွာ လည်ပတ်သွားကာ ၎င်း၏ အနောက်တွင်လည်း သဲဖုန်လုံးကြီးများ တက်လာလေသည်။

သဘာဝလွန်လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ အာရုံခံစားမှု အသီးသီးသည် အဆင့်မြှင့်တင်ခံထားရပြီး ဖြစ်သည်။

သာမန်လူများအနေဖြင့် လေထုထဲမှ သိမ်မွေ့သော ပြောင်းလဲမှုများကို သတိပြုမိရန် မဖြစ်နိုင်သေးပေ။

သို့သော် ချန်းရီကမူ အာရုံခံမိနေ၏။

အထူးသဖြင့် ဤကဲ့သို့ ပူပြင်းခြောက်သွေ့နေသော အခြေအနေမျိုးတွင် အချိန်ကြာမြင့်စွာ နေခဲ့ရပြီးနောက် ဤအေးစိမ့်စိမ့် ခံစားချက်လေးက အလွန် ပီပြင်ထင်ရှားလွန်းနေသည်။

ချန်းရီက ကားပြတင်းပေါက်မှ ခေါင်းပြူထွက်လိုက်ပြီး ရှိသလိုလို မရှိသလိုလို ဖြစ်နေသော အေးစိမ့်စိမ့် ခံစားချက်လေးကို လောဘတကြီး ခံစားနေမိသည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီးက ဟိန်းဟောက်သံပေးကာ ထယ်ရှီး၏ ကျောင်းကားနှင့် ပန်းရောင်ဆံပင် ကောင်မလေး၏ လမ်းကြမ်းမောင်းကားကို ကျော်တက်သွားပြီး ခေါင်းဆောင်ချူချယ်၏ ကားအနောက်သို့ ကပ်လိုက်သွားတော့သည်။

ယာဉ်တန်းထဲရှိ အခြားသူများကလည်း ထိုကားနှစ်စီး၏ ပုံမှန်မဟုတ်သော ရွေ့လျားမှုကို သတိထားမိသွားကြ၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ကားထဲတွင် တစ်မှေးအိပ်နေသည်။ သူမ၏ ဘေးခုံကို အပြားလိုက် လှဲချထားပြီး ပန်းရောင် ဆံနွယ်များက ရင်ဘတ်ပေါ်တွင် ရှုပ်ပွစွာ ကျနေ၏။ သူမ ဝတ်ဆင်ထားသော အဝတ်အစားများက အနည်းငယ် ညစ်ပေနေသော်လည်း မိန်းမပျိုလေးတစ်ဦး၏ အငွေ့အသက်ကိုမူ မဖုံးကွယ်နိုင်ပေ။

သို့သော် ကြည်လင်နေသော တံတွေးများက ကားထိုင်ခုံ နောက်မှီပေါ်သို့ စီးကျနေပြီး သူမ၏ လှပသော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ တစ်မျိုးလေး ချစ်စရာ ကောင်းနေသည်ဟု ဆိုရမည်လော။

သူမ၏ လက်ထဲတွင် ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး အနက်ရောင် ဓားအိမ်ပေါ်တွင် ပန်းရောင် အရုပ်စတစ်ကာလေးများ ကပ်ထားသေး၏။

သူမ၏ ဘေးတွင် ထိုင်နေသူမှာ အရွယ်အစား သေးငယ်သော ရှောင်ယွီပင် ဖြစ်သည်။

ကမ္ဘာပျက်ကပ်ကြီး စတင်ချိန်က ဤကောင်မလေးတွင် ယာဉ်မောင်းလိုင်စင်ပင် မရှိခဲ့ပေ။ သို့သော် ယခုအခါ၌မူ သူမက ဤကားကြီးကို အလွန် ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နေနိုင်ပြီ ဖြစ်သည်။

"အမ... အမ"

ရှောင်ယွီက ချန်းရီ၏ ကား ကျော်တက်သွားသည်ကို မြင်လိုက်ရသဖြင့် အိပ်ငိုက်နေသော ကောင်မလေးကို အလျင်အမြန် လှုပ်နှိုးလိုက်သည်။

"ဟင်... ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ"

ကောင်မလေးမှာ လန့်နိုးသွားပြီး အမြန် ထထိုင်လိုက်၏။ သူမ၏ လက်က ဓားရှည်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်ပြီး ပါးစပ်မှလည်း စုပ် ခနဲ အသံထွက်ကာ ကျနေသော သွားရည်များကို ပါးစပ်ထဲသို့ ပြန်စုပ်သွင်းလိုက်သည်။

သွားရည်များ၏ အေးစက်စက် အထိအတွေ့ကြောင့် ကောင်မလေး၏ စိတ်များ အနည်းငယ် လန်းဆန်းသွားရသည်။

"ချန်းရီရော ခေါင်းဆောင်ပါ ရှေ့ကို အရှိန်တင်သွားကြပြီ"

ရှောင်ယွီက ချန်းရီ၏ ကားအမြီးပိုင်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီ၏ ကားကို တစ်ချက်တည်းဖြင့် မြင်လိုက်ရ၏။

ထိုကားကြီးက အလွန်တရာ မျက်စိကျစရာ ကောင်းနေသည်မို့ မမြင်ဘဲ နေ၍မရနိုင်ပေ။

"ဒီချန်းရီဆိုတဲ့ လူက အကျိုးမရှိရင် ဘာမှလုပ်မယ့်လူ မဟုတ်ဘူး... နောက်ကနေ လိုက်"

"စိတ်ချ အမ... ညီမလေး ဘယ်လိုမောင်းပြမလဲဆိုတာသာ ကြည့်နေလိုက်"

ရှောင်ယွီ၏ သေးသွယ်သော ကိုယ်လုံးလေးက အောက်သို့ အနည်းငယ် လျှောဆင်းသွားပြီး တိုတိုလေးဖြစ်နေသော ခြေထောက်လေးများဖြင့် လီဗာကို အဆုံးထိ နင်းချလိုက်သည်။

ကားကြီးတစ်စီးလုံးကို အပြင်မှ ကြည့်မည်ဆိုလျှင် ယာဉ်မောင်းမပါဘဲ အလိုအလျောက် မောင်းနှင်နေသကဲ့သို့ ထင်ရလေသည်။

ထိုအချိန်မှာပင် ထယ်ရှီး၏ ကျောင်းကားကလည်း တစ်ပြိုင်နက်တည်း တုံ့ပြန်မှု ပြုလုပ်လာ၏။

ကျိုးရှောင်ရှောင်၏ ကားကလည်း ကျောင်းကား၏ အနောက်မှနေ၍ ထပ်ကြပ်မကွာ လိုက်ပါလာသည်။

ဤသို့ဖြင့် ယာဉ်တန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

ဘာအကြောင်းကြောင့်မှန်း မသိရသော်လည်း။

ရှေ့ဆုံးမှ ကားများ အရှိန်တင်သွားရခြင်းမှာ သေချာပေါက် အကြောင်းပြချက် တစ်ခုခု ရှိနေမည်သာ ဖြစ်သည်။

လတ်တလော အချိန်အတွင်း ယာဉ်တန်းမှ ကုလားအုတ် အမြောက်အမြား ဆုံးရှုံးခဲ့ရသော်လည်း။

အသက်ပြင်းသော ကုလားအုတ် အနည်းငယ်တော့ ကျန်ရှိနေသေးသည်။

ထိုအထဲတွင် ရွှီနန် မွေးမြူထားသော ကုလားအုတ် တစ်ကောင်လည်း ပါဝင်၏။

ဤကုလားအုတ်လေး ယခုအချိန်အထိ အသက်ရှင်နေနိုင်ရန်အတွက် ရွှီနန်မှာ အတော်လေး အားထုတ်ခဲ့ရသည်။

ကုလားအုတ်သာ သေသွားခဲ့လျှင် သူမကိုယ်တိုင်လည်း အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း ရွှီနန် သိထားသည်။

ယာဉ်တန်းကြီး အရှိန်တင်သွားသည်ကို မြင်လိုက်ရသဖြင့် ရွှီနန်ကလည်း သူမ စီးနင်းထားသော ကုလားအုတ်ကို အမြန် အရှိန်တင်ရန် နှင်လိုက်၏။

အခြား ကုလားအုတ်များလည်း ထိုနည်းတူပင် ဖြစ်သည်။

ထိုအထဲတွင် အကိုကြီးဆိုသူနှင့် ညီ၄တို့လည်း ပါဝင်သည်။

သူတို့နှစ်ယောက်သည် မည်သည့်နည်းလမ်းများ သုံးကာ ယခင် ကုလားအုတ်ပိုင်ရှင်များကို ဖျောင်းဖျပြီး ၎င်းတို့ထံမှ ကုလားအုတ်များကို ယူဆောင်လာခဲ့မှန်း မည်သူမျှ မသိကြပေ။

မည်သို့ပင်ဖြစ်စေ သူတို့သည် ကားများ၏ အနောက်တွင် အဝေးကြီး ပြတ်ကျန်ရစ်ခဲ့သည်။

သယ်ယူပို့ဆောင်ရေး ယာဉ်များ ဆုံးရှုံးသွားသူများမှာမူ ယာဉ်တန်း၏ အနောက်တွင် ထာဝရ ကျန်ရစ်ခဲ့ကြတော့သည်။

ကျောင်းကားပေါ်တွင် လူများ ပြည့်ကျပ်နေပြီဖြစ်ရာ နောက်ထပ် လူများကို ထပ်ထည့်ရန် မဖြစ်နိုင်တော့ပေ။

ဆယ်မိနစ်ခန့် ကြာပြီးနောက်...

ချူချယ်က ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်အလား တစ်ခါ အရှေ့ဘက်သွားလိုက်၊ တစ်ခါ အနောက်ဘက်သွားလိုက် လုပ်နေ၏။ အကယ်၍ ကောင်းကင်ယံမှသာ စီးမိုးကြည့်မည် ဆိုပါက...

ချူချယ်၏ လမ်းကြမ်းမောင်းကားကြီးသည် အရိုးရှာနေသော ခွေးအ တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် တစ်ခုခုကို အဆက်မပြတ် အနံ့ခံ ရှာဖွေနေသည်ကို ထင်ရှားစွာ မြင်တွေ့ရပေလိမ့်မည်။

မိနစ်နှစ်ဆယ် ကြာပြီးနောက်...

လေထုထဲမှ အေးစိမ့်စိမ့် ခံစားချက်က ပို၍ ပို၍ များပြားလာသည်။

ချန်းရီ၏ ရင်ထဲတွင်လည်း ဒိန်းဒိုင်း ဒိန်းဒိုင်း ခုန်ပေါက်လာတော့၏။

တကယ်ပဲ ရေအရင်းအမြစ်ကို ရှာတွေ့သွားတာများလား။

ပတ်ဝန်းကျင်တွင် အစိမ်းရောင် အပင်အချို့ပင် စတင် ထွက်ပေါ်လာသည်။

ဤအရာကို တွေ့ရှိလိုက်ရသဖြင့် ချန်းရီ အလွန်အမင်း အံ့ဩဝမ်းသာသွားရပြီး နေကာမျက်မှန်ကို အပေါ်သို့ ပင့်တင်ကာ ထိုစိမ်းလန်းနေသော အရာလေးကို စိုက်ကြည့်လိုက်သည်။

ဤအစိမ်းရောင်လေးသည် ကောင်းကင်နှင့် မြေကြီးကြားရှိ အလှပဆုံးသော ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရလေသည်။

"အမ... အမ... အဲ့ဒါ... အဲ့ဒါ"

ဘေးနားရှိ ကားထဲမှ ရှောင်ယွီ၏ အံ့ဩဝမ်းသာနေသော အသံ ထွက်ပေါ်လာသည်။

ကြိတ်ကြိတ်တိုးနေသော ကျောင်းကားထဲမှပင် အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်သံများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။

"ဘုရားရေ... ငါ... ငါ အမြင်မှားနေတာလား"

"လခွမ်း... မြတ်စွာဘုရား... တကယ်ကို လှတာပဲ"

"အီးဟီးဟီး... မေမေ"

မိနစ်သုံးဆယ် ကြာပြီးနောက်။

ပတ်ဝန်းကျင်ရှိ အစိမ်းရောင်များက ပို၍ များပြားလာပြီး လေထုကလည်း ထိုမျှလောက် ခြောက်သွေ့မနေတော့ပေ။

ယခင်က ပူပြင်းလှသော အပူချိန်သည်လည်း တဖြည်းဖြည်း ကျဆင်းလာသည်။

ခန္ဓာကိုယ်ထဲရှိ ဆဲလ်များအားလုံး အောင်ပွဲခံနေကြသည်ကို ချန်းရီ ခံစားလိုက်ရ၏။

သေချာသလောက် ရှိနေပြီ။

ချူချယ် တကယ်ကို ရှာတွေ့သွားတာ ဖြစ်ရမည်။

ချူချယ်၏ ကားသည် သဲသောင်ပြင် ကုန်းတန်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် ပျောက်ကွယ်သွားလေသည်။

ချန်းရီက လီဗာကို နောက်တစ်ကြိမ် ခပ်ပြင်းပြင်း နင်းချလိုက်ရာ အင်ဂျင်စက်သံကြီး ထပ်မံ ဟိန်းထွက်လာပြန်သည်။

ချန်းရီ၏ စိတ်ခံစားချက်ကို ခံစားသိရှိသွားသကဲ့သို့ ဤကားကြီးမှာလည်း စိတ်လှုပ်ရှားလာပြီး ကားတစ်စီးလုံး ရှေ့သို့ ရုတ်တရက် ခုန်ထွက်သွားတော့၏။

ကားခေါင်းပိုင်းက တဖြည်းဖြည်း မြင့်တက်လာပြီး ကားထဲတွင် ထိုင်နေသော ချန်းရီမှာ အပြာရောင် ကောင်းကင်နှင့် အဖြူရောင် တိမ်တိုက်များကိုသာ မြင်တွေ့နေရသည်။

ရုတ်တရက် ကားခေါင်းပိုင်းက အောက်သို့ စိုက်ဆင်းသွားရာ ထိုင်ခုံနောက်မှီတွင် ကပ်နေသော ချန်းရီ တစ်ကိုယ်လုံး အရှေ့သို့ လွင့်ထွက်သွားလေသည်။

ချန်းရီက သူ၏ နှာခေါင်းပေါ်မှ မျက်မှန်အမည်းကို ချွတ်လိုက်သောအခါ သူ့ရှေ့တွင် စိမ်းပြာရောင် မြေပြင်ကြီးကို တွေ့လိုက်ရ၏။

ကောင်းကင်ယံမှ ပြုတ်ကျလာပြီး သဲကန္တာရထဲတွင် မြှုပ်နှံထားသော လှပသည့် ကျောက်စိမ်းတုံးလေး တစ်တုံးအလား ထင်မှတ်ရသည်။

ပတ်ဝန်းကျင်တွင် အစိမ်းရောင် အပင်လေးများက ဟိုတစ်စု ဒီတစ်စု ပေါက်ရောက်နေကြသည်။

မျက်နှာဆီသို့ တိုးဝင်လာသော စိုစွတ်သည့် လေပြေလေးကြောင့် ချန်းရီမှာ ငရဲပြည်မှ လူ့ပြည်သို့ ချက်ချင်း ပြန်ရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။

လေထုထဲတွင် လန်းဆန်းတက်ကြွသည့် အငွေ့အသက်လေးများ ပါဝင်နေသည်။

သူ့ရှေ့ရှိ ရေကန်ငယ်လေး ဤမျှ လှပနေလိမ့်မည်ဟု ချန်းရီ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

အသက်အရွယ် အိုမင်း၍ လူမမာကုတင်ပေါ်တွင် လှဲလျောင်းနေရချိန် ရောက်လျှင်ပင် ဤမြင်ကွင်းလေးသည် သူ၏ ဘဝတစ်လျှောက်လုံး မြင်တွေ့ခဲ့ရသမျှထဲတွင် အလှပဆုံးသော အခိုက်အတန့် ဖြစ်နေမည်မှာ သေချာလှသည်။

"အီး... ဟီး... ဟီး... "

ဘေးနားဆီမှ အသံကျယ်ကြီးဖြင့် ရှိုက်ငိုသံ ထွက်ပေါ်လာသည်။

ကျိုးရှောင်ရှောင် ဖြစ်သည်။

ထိုကောင်မလေးသည် စတီယာရင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူမ၏ ကားလေးက သဲသောင်ပြင် ကုန်းတန်းကို ခက်ခဲစွာ ကျော်ဖြတ်လာပြီးနောက် သဲကုန်းအတိုင်း အောက်သို့ လျှောဆင်းလာခဲ့သည်။

ထိုအချိန်တွင် ကောင်မလေးမှာ ပါးစပ်ကြီးဟကာ အသံကုန် အော်ငိုနေပြီး မျက်ရည်၊ နှပ်ချေးများဖြင့် မျက်နှာတစ်ခုလုံး ပေပွနေသော်လည်း မရပ်မနား ငိုကြွေးနေဆဲ ဖြစ်သည်။ သူမ၏ ငိုသံမှာ ရင်ကွဲမတတ်၊ အသိလွတ်မတတ် ဖြစ်နေ၏။

မျက်ရည်များနှင့် နှပ်ချေးများက ပါးပြင်မှတစ်ဆင့် စတီယာရင်ပေါ်သို့ ကျဆင်းလာပြီး ခန္ဓာကိုယ်ပေါ်သို့ စီးကျနေသည်ကိုပင် သူမ ဂရုမစိုက်နိုင်တော့ပေ။

"အီး... ဟီး... ဟီး... "

သူမ၏ ငိုသံနှင့်အတူ ထိုကားလေးက အောက်သို့ လျှောဆင်းလာရင်း ရေကန်နံဘေးဆီသို့ မောင်းနှင်သွားလေသည်။

"အမ... ရေ... ရေ... ရေတွေ ရှိတယ်"

အလိုအလျောက် မောင်းနှင်နေသော လမ်းကြမ်းမောင်းကားထဲမှလည်း အောင်ပွဲခံ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ချက်ချင်း မတ်မတ် ထိုင်လိုက်ပြီး ထိုစိမ်းပြာရောင် မြေပြင်လေးကို စိုက်ကြည့်ကာ နှုတ်ခမ်းများ တုန်ယင်နေ၏။

"ရေ... အီးဟီးဟီး... "

"ငါတို့ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"

"ရေတွေ တွေ့ပြီဟေ့"

"သေစမ်း... ငါတို့ ဖြတ်ကျော်နိုင်ခဲ့ပြီကွ"

ကျောင်းကားထဲမှ ကောင်းကင်ယံသို့တိုင် လွင့်စင်သွားမတတ် အောင်ပွဲခံသံများ ပေါက်ကွဲထွက်လာသည်။

လောင်လီက ကားတံခါးကို တိုက်ရိုက် ဖွင့်ချလိုက်သည်။

အချို့သော အသက်ရှင်ကျန်ရစ်သူများမှာ ကားမောင်းနေဆဲ ဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကားထဲမှ တိုက်ရိုက် ခုန်ဆင်းလာကြသည်။

တစ်ယောက် ခုန်ဆင်းလိုက်သည်နှင့် နောက်တစ်ယောက်ကလည်း ထပ်မံ ခုန်ဆင်းလာ၏။

ကျောင်းကားထဲမှ ခုန်ဆင်းလာသူတွေ တစ်စထက်တစ်စ ပို၍ များပြားလာသည်။

ယခင်က သူတို့အားလုံးမှာ အသက်ကင်းမဲ့နေပြီး အင်အားချည့်နဲ့နေသော ပုံစံများ ဖြစ်ကြသည်။

ယခုအခါတွင်မူ ထိုလူများက ရူးသွပ်နေသူများအလား အော်ဟစ်ဆူညံနေကြပြီး ထိုစိမ်းပြာရောင် မြေပြင်လေးဆီသို့ အပြေးအလွှား သွားနေကြတော့သည်။

ချန်းရီက ကားကို ရေကန်နံဘေးတွင် ရပ်လိုက်ရာ ရေငွေ့အနံ့လေးများ နှာခေါင်းထဲသို့ တိုးဝင်လာ၏။

သူသည် ကားထဲမှ မစောင့်ဆိုင်းနိုင်ပဲ ထွက်လာခဲ့ပြီး ထိုစိမ်းပြာရောင် ရေကန်လေးကို သူ့လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ချင်နေသည်။

အနီးသို့ သွားရန် ပြင်လိုက်ချိန်တွင် ချန်းရီ တွန့်ဆုတ်သွား၏။

ခေါင်းဆောင်ချူချယ် ပြောခဲ့ဖူးသည့် စကားကို သူ သတိရသွားသည်။ ကောင်းကင်ယံတွင်ဖြစ်စေ၊ မြေပြင်ပေါ်တွင်ဖြစ်စေ၊ ရေထဲတွင်ဖြစ်စေ၊ မြေကြီးထဲတွင်ဖြစ်စေ နေရာတိုင်းတွင် ထူးဆန်းသည့် အရာများ ရှိနေတတ်သည်တဲ့။

ချန်းရီက သူ၏ စိတ်ခံစားချက်များကို ဖိနှိပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ယခုချက်ချင်း အလျင်စလို လုပ်စရာ မလိုသေးပေ။

ခေါင်းဆောင်ချူချယ်၊ ဦးလေးအပေါင်နှင့် ယာဉ်တန်း လက်ထောက် ရှောင်ဝမ်တို့သည် ကားပေါ်မှ ဆင်းလာကြပြီ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ခေါင်းဆောင်ချူချယ်၏ အခြေအနေမှာ ပုံမှန်မဟုတ်သလို ဖြစ်နေသည်။

ခေါင်းဆောင်ချူချယ်၏ ခန္ဓာကိုယ် ပတ်လည်တွင် အရောင်မဲ့ ရေလှိုင်းဂယက်လေးများ ရစ်ဝဲနေ၏။

နားလည်ရခက်သော စွမ်းအားတစ်ရပ်က သူ၏ ပတ်ဝန်းကျင်တွင် ဝန်းရံနေသကဲ့သို့ပင်။

ချန်းရီ အနည်းငယ် ကြောင်သွားပြီး "ခေါင်းဆောင်ချူ"

ချူချယ်၏ မျက်နှာပေါ်တွင် နွေဦးရေပြင်အလား သိမ်မွေ့ကြင်နာသော အပြုံးတစ်ခု ပေါ်လာသည်။

ချန်းရီ၏ အသံကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကာ သူ့ကို ကြည့်လိုက်၏။

"ချန်းရီ... ငါ့ လမ်းစဉ် အဆင့် (၂) ကို တက်သွားပြီ"

ဆက်ရန်...

All Chapters