အခန်း ၁၁၂
Vol. 6 Ch. 112
အပိုင်း(၁၁၂) အလွန်အေးခဲသော ကမ္ဘာ
ချူချယ်၏ အာရုံခံစားမှုထဲတွင် ရှေ့၊ နောက်၊ ဝဲ၊ ယာ အရပ်မျက်နှာအနှံ့၌ ထူးဆန်းသောအရာ ခုနစ်ကောင်ထက်မနည်း ရှိနေပြီး တစ်ခုတည်းသော ရှင်သန်ရာလမ်းမှာ သူတို့ရှေ့မှောက်ရှိ နှင်းရေခဲကမ္ဘာသာ ဖြစ်သည်။
အကယ်၍ ရွေးချယ်စရာသာ ရှိမည်ဆိုပါက ချူချယ်က ထိုနေရာသို့ ဝင်ရောက်လိုမည် မဟုတ်ပေ။
ရှေ့မှောက်ရှိ ဤအဖြူရောင်ကမ္ဘာကြီးသည် လုံခြုံစိတ်ချရသော လွတ်မြောက်ရာလမ်း မဟုတ်ကြောင်းကို အရူးပင်လျှင် သိနိုင်၏။
ကမ္ဘာပျက်ကပ် ကျရောက်ပြီးနောက်ပိုင်းတွင် ရာသီဥတုအားလုံးက အလွန်တရာ ဆိုးရွားပြင်းထန်လာခဲ့သည်။
ဥပမာအားဖြင့် သဲကန္တာရ၏ နေ့ခင်းဘက်တွင် လူသေလောက်အောင် ပူပြင်းလှပြီး ညဘက်တွင်မူ အေးခဲသေဆုံးသွားနိုင်လောက်သည်။
သို့သော် ယခုအခါ ရွေးချယ်စရာ မရှိတော့ပေ။
"ခေါင်းဆောင်ချူ... မင်းမှာ ရာသီဥတု အာရုံခံနိုင်တဲ့ အစွမ်း ရှိတယ်ဆို"
"ဘာလို့ စောစောက မပြောခဲ့တာလဲ"
ချန်းရီ၏ အသံက နားအနီးတွင် ထွက်ပေါ်လာ၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ ထယ်ရှီးနှင့် တင်းတုံတို့ကပါ ချူချယ်ကို လှမ်းကြည့်လိုက်ကြသည်။
ချူချယ်က လက်မှိုင်ချစွာဖြင့် "ရာသီဥတု အာရုံခံတယ်ဆိုတာ ငါရှိနေတဲ့ နေရာပတ်ဝန်းကျင်ကိုပဲ အာရုံခံနိုင်တာ... ငါနဲ့ အရမ်းဝေးတဲ့ နေရာတွေကိုတော့ ကြိုတင်ပြီး အာရုံမခံနိုင်ဘူး"
အခြေအနေ မဟန်တော့မှန်း သိလိုက်ရချိန်တွင် ဤနေရာသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
ဤစကားကိုမူ ချူချယ် နှုတ်မှ ဖွင့်ဟမပြောခဲ့ပေ။
ချန်းရီက ခဏမျှ စဉ်းစားပြီးနောက် "ခေါင်းဆောင်ချူ... မင်းမှာ လျှို့ဝှက်အကာအကွယ် အစွမ်း ရှိတယ်မလား... ဒီနေရာမှာ တစ်ခုလောက် ချထားလိုက်... သုံးရက်လောက်နေမှ ငါတို့ ဆက်သွားကြမယ်လေ"
ချူချယ်က ခေါင်းခါလိုက်ပြီး "အနည်းဆုံး ထူးဆန်းတဲ့အရာ သုံးကောင်က ငါတို့ရဲ့ အငွေ့အသက်ကို သတိထားမိသွားကြပြီ... ငါတို့နဲ့ အဝေးကြီးမှာ ရှိနေသေးပေမဲ့ ဒီကို လာနေတဲ့ လမ်းပေါ် ရောက်နေပြီ"
"လျှို့ဝှက်အကာအကွယ်ကို သုံးဖို့ဆိုရင် ပတ်ဝန်းကျင်က လုံးဝ လုံခြုံနေမှ ရမှာ... ငါတို့ရဲ့ အငွေ့အသက်ကို ထူးဆန်းတဲ့အရာတွေ လုံးဝ အာရုံမခံမိသေးတဲ့ အချိန်မှ သုံးလို့ရတာ"
"မဟုတ်ရင် လျှို့ဝှက်အကာအကွယ်က အလုပ်မလုပ်ဘူး"
ချန်းရီက ဆေးလိပ်ကို ကိုက်ထားရင်း အတန်ကြာ ငြိမ်သက်နေပြီးမှ စကားတစ်ခွန်း ထွက်လာသည်။ "တောက်... မင်းက ဘာများ အသုံးကျလဲ"
ချူချယ်က မျက်စောင်းထိုး၍ ကြည့်လိုက်၏။
မည်မျှပင် ဆန္ဒမရှိပါစေ ယာဉ်တန်းက ရှေ့သို့ ဆက်လက် ချီတက်ရန်သာ ရှိတော့သည်။
နောက်သို့ဆုတ်ရန်ဖြစ်စေ၊ ဘယ်ညာသို့ ကွေ့ရန်ဖြစ်စေ သို့မဟုတ် ထိုနေရာ၌ပင် ရပ်တန့်နေရန်ဖြစ်စေ။
လုံးဝ မဖြစ်နိုင်တော့ပေ။
တစ်ခါတစ်ရံတွင် လူတို့သည် မိမိမလုပ်ချင်သော အရာများကို မဖြစ်မနေ လုပ်ဆောင်ရတတ်သည်။
ယခုအချိန်တွင်မူ အဖြူရောင်ကမ္ဘာကြီး၏ အပူချိန်သည် သဲကန္တာရ၏ ညအပူချိန်ထက် ပို၍ မအေးခဲစေရန်သာ ဆုတောင်းရတော့မည်။
သို့မဟုတ်ပါက ယာဉ်တန်းကြီးသည် ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"ကားပေါ်တက်"
ချူချယ်က သူ၏ ကားပေါ်သို့ ဦးစွာ ပြန်တက်သွားသည်။
ချန်းရီက ရှေ့မှောက်ရှိ အဖြူရောင်ကမ္ဘာကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကားထဲသို့ လက်မှိုင်ချကာ ပြန်ဝင်သွား၏။
ယခင် ရှင်းဟွာမြို့တွင် ရှိနေစဉ်က ကျားကျားနှင့် ထိုကြွက်သားတောင့်တောင့် အမျိုးသားတို့က အဝတ်အစားအချို့ကို ယူဆောင်လာခဲ့ကြသော်လည်း နှမြောစရာကောင်းသည်မှာ နောက်ပိုင်းတွင် အချို့ကို လဲလှယ်အသုံးပြုပစ်ခဲ့ကြသည်။ ကားမိုးကို အဆင့်မြှင့်တင်ရာတွင်လည်း အချို့ကို သုံးစွဲခဲ့ပြီး သဲမုန်တိုင်း ကျရောက်လာချိန်၌ ကျန်ရှိနေသည်များအားလုံး လွင့်ပါသွားခဲ့ရသည်။
ချန်းရီ၏ ကိုယ်ပေါ်တွင် အဝတ်အစားဟူ၍ ခြေထောက်မှ ညှပ်ဖိနပ်တစ်ရန်၊ ဘောင်းဘီတို တစ်ထည်၊ စွပ်ကျယ်တစ်ထည်နှင့် ယာဉ်မောင်းဘေးခုံမှ အပေါ်အင်္ကျီ တစ်ထည်သာ ရှိတော့သည်။
ဤသည်မှာ သူ ပိုင်ဆိုင်သော တစ်ခုတည်းသော အဝတ်အစားများပင် ဖြစ်သည်။
အတွင်းခံဘောင်းဘီဆိုလျှင်လည်း တစ်ထည်တည်းသာ ရှိပြီး ခြောက်လတိတိ ဝတ်ဆင်ထားခဲ့ရာ အနားသတ်များပင် စုတ်ပြတ်နေလေပြီ။
စောင်ပါးလေး တစ်ထည်လည်း ရှိသေး၏။
ထိုစောင်ပါးလေးမှာ ကုလားအုတ် ယာဉ်တန်း၏ ရိက္ခာပစ္စည်းများထဲမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ဤစောင်ပါးလေးနှင့် အဆင့်မြှင့်တင်ထားသော ခန္ဓာကိုယ် ပေါင်းစပ်လိုက်လျှင် သဲကန္တာရည၏ အအေးဒဏ်ကို ရင်ဆိုင်ရန်မှာ ပြဿနာ မရှိပေ။
သို့သော် ရှေ့မှောက်ရှိ အဖြူရောင်ကမ္ဘာကြီးက သဲကန္တာရ၏ ညထက် ပိုအေးနေမည် ဆိုပါက။
ပြဿနာ တက်ပေလိမ့်မည်။
ချန်းရီ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်အမင်း တိုးတက်လာခဲ့ပြီ ဆိုစေကာမူ...
သူ လျှောက်လှမ်းနေသည်မှာ ဓာတ်အစွမ်းလမ်းစဉ် ဖြစ်ပြီး ထယ်ရှီးကဲ့သို့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အခြေခံသော လမ်းစဉ်၏ အစွမ်းပိုင်ရှင်မျိုး မဟုတ်ပေ။
(ရေ၊ လေ၊ မြေ၊ မီး တို့လို ဓာတ်တွေပါတဲ့အစွမ်းလမ်းစဉ်ကို ဓာတ်အစွမ်းလမ်းစဉ်လို့ မင်မင်ပြန်ထားတယ်။ မူရင်းမှာက စူပါပါဝါလမ်းစဉ် ဒါမှမဟုတ် စွမ်းအားရှင်လမ်းစဉ်လို့ပြောထားတယ်)
ထယ်ရှီးအတွက်မူ အဝတ်အစား မပါဘဲ ထိုဆီးနှင်းများဖုံးလွှမ်းနေသော ရေခဲကမ္ဘာထဲသို့ ဝင်ရောက်သွားလျှင်ပင် မည်သို့မျှ ခံစားရမည် မဟုတ်ချေ။
ထို့ပြင် သူ၏ ကားလေးလည်း ရှိသေးသည်။
ထိုအချိန်က သတ်ဖြတ်မှတ် အချို့ကို ချွေတာလိုသဖြင့် လေပူလေအေးစနစ်ကို အဆင့်မမြှင့်တင်ခဲ့ပေ။
ဆောင်းရာသီတွင် လေပူလေအေးစနစ် မပါသော ကားကို မောင်းနှင်ရခြင်း။
ထိုခံစားချက်ကို ကိုယ်တိုင် ကြုံဖူးသူမှသာ သိနိုင်ပေမည်။
ရှေ့မျက်နှာချင်းဆိုင်တွင် ဆီးနှင်းများ အဆက်မပြတ် ကျဆင်းနေပြီး ထိုမျှ ကြီးမားသော နှင်းမုန်တိုင်းထဲတွင် ကားမောင်းရခြင်းက ကားအတွက် အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
ယခု မျက်မြင်အရပင် ဆီးနှင်းအထူက တစ်ပေကျော်ခန့် ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ ကားအတွက်လည်း စမ်းသပ်မှုတစ်ခုပင်။
အဖြူရောင်ကမ္ဘာဘက်တွင် အပူချိန် သိပ်မနိမ့်ပါက အရာအားလုံးက ဖြေရှင်းရ လွယ်ကူပေမည်။
အကယ်၍ အပူချိန်က ပုံမှန်ထက် လွန်ကဲစွာ ကျဆင်းနေပါက လေပူလေအေးစနစ်ကို မဖြစ်မနေ အဆင့်မြှင့်တင်ရတော့မည်။
သြော်... အစစ်လား အတုလား မသိရသော အဖြူနှင့် အနီရောင်စပ် အေဂျေ ဖိနပ်တစ်ရန်လည်း ရှိသေးသည်။
ချန်းရီက ကားနောက်ခန်းထဲတွင် အတန်ကြာ မွှေနှောက်ရှာဖွေပြီးမှ ထိုဖိနပ်တစ်ရန်ကို ရှာတွေ့ခဲ့သည်။
နှင်းရေခဲကမ္ဘာထဲ ဝင်ရောက်သွားလျှင် အနည်းဆုံးတော့ ခြေထောက် မအေးစေရန် အာမခံနိုင်ပေသည်။
ချန်းရီကိုယ်တိုင်ပင် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။
အခြား အသက်ရှင်ကျန်ရစ်သူများဆိုလျှင် ပို၍ပင် ထိတ်လန့်နေကြပေလိမ့်မည်။
အရူးမဟုတ်သူတိုင်း ထိုအဖြူရောင်ကမ္ဘာကြီး မည်မျှ အေးခဲနေမည်ကို မှန်းဆကြည့်နိုင်သည်။
အချို့သူများက ဝတ်၍ရနိုင်သမျှ အဝတ်အစားများကို ကိုယ်ပေါ်တွင် စတင် ဆင်မြန်းနေကြပြီ ဖြစ်သည်။
ဤလူများသည် မြို့ထဲမှ ထွက်ပြေးလာကြစဉ်က အဝတ်အစားများ သယ်လာရန် မည်သို့မျှ သတိမရနိုင်ခဲ့ကြပေ။
ခရီးထွက်လာကြခြင်းမှ မဟုတ်ဘဲ။
နောက်ပိုင်းတွင် ရိက္ခာရှာဖွေရန် အခွင့်အရေး ရခဲ့သော်လည်း အစားအသောက်များကိုသာ ဦးစားပေး စုဆောင်းခဲ့ကြသည်။
အဝတ်အစားကဲ့သို့သော အရာများကိုမူ စဉ်းစားရန်ပင် အချိန်မရခဲ့ကြချေ။
ရှုလီနာကဲ့သို့ အလှအပကြိုက်သူမျိုးလောက်သာ အပိုတစ်ထည် နှစ်ထည်ခန့် စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သဲကန္တာရထဲသို့ ဝင်ရောက်လာရာ နေ့ဘက်တွင် အလွန်ပူပြင်းပြီး ညဘက်တွင် အလွန်တရာ အေးခဲလှသည်။
ထိုအချိန်က ညဘက် အအေးဒဏ်ကို ကာကွယ်ရန် စောင်များ စုဆောင်းချင်သူများ ရှိခဲ့လျှင်ပင်...
နှမြောစရာကောင်းသည်မှာ သဲကန္တာရထဲတွင် ရိက္ခာရှာဖွေရန် အခွင့်အရေး လုံးဝ မရှိခဲ့ခြင်းပင်။
ညဘက်တွင် အားလုံး ပူးကပ်အိပ်စက်ကာ အပြန်အလှန် အနွေးဓာတ် မျှဝေရင်း မနည်း တောင့်ခံခဲ့ကြရသည်။
မတောင့်ခံနိုင်သူများမှာလည်း အေးခဲ သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ယခုမူကား ကျောင်းကားထဲတွင် ဖရိုဖရဲ ဖြစ်နေသည်ကို ချန်းရီ ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ဖြည်းညင်းစွာ ရှေ့သို့ ရွေ့လျားသွားပြီး ရှေ့ဘီးက ချူချယ်၏ ကားဘီးရာပေါ်သို့ နင်းမိသွားချိန်တွင် "ဂျွတ်... ဂျွတ်" ဟူသော အသံများ ထွက်ပေါ်လာသည်။
အေးစက်သော လေပြင်းတစ်ချက် ချက်ချင်း ဝင်ရောက်လာပြီး လက်မောင်းပေါ်ရှိ မွေးညင်းများ ထောင်ထလာသည်ကို မျက်စိဖြင့်ပင် မြင်တွေ့လိုက်ရသည်။
ချန်းရီပင်လျှင် မနေနိုင်ဘဲ တစ်ချက် တုန်တက်သွား၏။
"တော်တော်အေးတာပဲ"
တကယ်ကို တွေးထားသည့်အတိုင်း ဖြစ်လာခဲ့ပြီ။
ယခု ခံစားနေရသော အပူချိန်မှာ သဲကန္တာရ၏ ညအပူချိန်ထက် များစွာ ပိုမို အေးခဲနေသည်။
ယာဉ်မောင်းဘေးခုံတွင် တင်ထားသော ရေသန့်ဘူးလေးမှာ မျက်စိရှေ့မှာပင် ရေခဲဘူးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ပွယောင်းလာသော ရေခဲများကြောင့် ပလတ်စတစ်ဘူးခွံလေးမှာ ဖောင်းကားလာသည်ကို ချန်းရီ မြင်လိုက်ရသည်။
ကားနောက်ခန်းထဲမှ "ဂျစ်... ဂျစ်" ဟူသော အသံများကိုပင် ချန်းရီ ကြားနေရ၏။
ထိုအသံများမှာ သူ စုဆောင်းထားသော ရေသန့်ဘူးများ ရေခဲအဖြစ်သို့ ပြောင်းလဲသွားသည့် အသံများပင် ဖြစ်သည်။
ယခင်က အလွန်ပူပြင်းသော ပတ်ဝန်းကျင်တွင် ရှိနေခဲ့ပြီး ယခုအခါ အလွန်အေးခဲသော ပတ်ဝန်းကျင်သို့ ပြောင်းလဲရောက်ရှိသွားခဲ့ပြီ။
သာမန်လူများသာဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖျားနာသွားကြပေလိမ့်မည်။
ကံကောင်းသည်မှာ ချန်းရီက ထယ်ရှီးလောက် မသန်မာသော်လည်း ဖျားနာမည့် အဆင့်အထိတော့ မရောက်နိုင်ချေ။
"အားလုံး ရှေ့က ကားဘီးရာအတိုင်း လိုက်မောင်းကြ... နောက်မကျန်ခဲ့စေနဲ့"
ဦးလေးအားပေါင်၏ အသံ ထွက်ပေါ်လာသည်။
ချန်းရီက လီဗာကို ခပ်ဖွဖွ နင်းလိုက်ပြီး ကားကို အနည်းငယ် မြန်မြန် လိုက်ပါစေလိုက်သည်။
ချန်းရီ၏ နောက်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကား ရှိနေသည်။
ရေခဲကမ္ဘာထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ကားထဲရှိ လေပူလေအေးစနစ်ကို အနွေးဓာတ်စနစ်သို့ ပြောင်းလဲလိုက်သည်။
"အရမ်းအေးတာပဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တစ်ချက် တုန်တက်သွား၏။
"အမဝမ်းကွဲ... ညီမ... ညီမ... ဟတ်ချိုး... ဟတ်ချိုး..."
"အေးလိုက်တာ အမရယ်... ညီမ ဝတ်ဖို့ အင်္ကျီတစ်ထည်လောက် ရှာပေးပါဦး"
ရှောင်ယွီ၏ နှာခေါင်းထဲတွင် ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ထဲ၌ မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ပေါ်လာသည်။
ငါ ဖျားတော့မှာလား မသိဘူး။
ကျောင်းကားထဲတွင်မူ တွေးထင်ထားသည်ထက် ပိုမို အေးခဲသော အပူချိန် ဝင်ရောက်လာသောအခါ ထိတ်လန့်မှုက ပို၍ ကြီးမားလာသည်။
ကံကောင်းစွာဖြင့် ထယ်ရှီးနှင့် တင်းတုံတို့က ထိန်းချုပ်ပေးထားသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်မှုများကို အချိန်မီ တားဆီးနိုင်ခဲ့သည်။
ချန်းရီ တွေးထားသည့်အတိုင်းပင် ထယ်ရှီးက စွပ်ကျယ်ကို ဝတ်ကာ ကားထဲတွင် ထိုင်နေသော်လည်း ရုတ်တရက် ကျဆင်းသွားသော အပူချိန်ကို မည်သို့မျှ မခံစားရပေ။
တင်းတုံကလည်း မျက်မှောင်ကြုတ်ရုံသာ ကြုတ်လိုက်ပြီး အရေးမစိုက်ပေ။
တိုက်တန် လမ်းစဉ်သည် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ကြွက်သားခွန်အားကို အဓိကထားလေ့ကျင့်ရသဖြင့် သာမန် လမ်းစဉ်များနှင့် နှိုင်းယှဉ်၍မရနိုင်သော ခန္ဓာကိုယ်ကြံ့ခိုင်မှု ရှိသောကြောင့် အလွန်အမင်း အေးခဲမှုကို ခံနိုင်ရည်ရှိသည့် စွမ်းအားလည်း ကြီးမားသည်။
တင်းတုံမှာ လက်ဝှေ့သမား လမ်းစဉ် ဖြစ်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တိုက်တန် လမ်းစဉ်လောက် ကြောက်မခန်းလိမ့်မခန်း မဟုတ်သော်လည်း ချန်းရီတို့ထက်မူ အဆပေါင်းများစွာ သာလွန်နေသေးသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ဓားနတ်ဘုရား လမ်းစဉ် ဖြစ်ပြီး လမ်းစဉ် အဆင့် (၂) ပင် ရောက်နေပြီ ဖြစ်ရာ အအေးဒဏ် ခံနိုင်ရည်စွမ်းမှာလည်း သိပ်မညံ့လှပေ။
ထို့ကြောင့် ယာဉ်တန်းထဲတွင် အအေးဒဏ်ကို အကြောက်ဆုံးသူများမှာ ချန်းရီနှင့် ခေါင်းဆောင်ချူတို့သာ ကျန်ရစ်တော့သည်။
ချန်းရီ၏ ကားတွင် လေပူလေအေးစနစ် မပါရှိပေ။
ချူချယ်၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားတွင် လေပူလေအေးစနစ် ပါရှိသည်။
သို့တိုင်အောင် ချူချယ်က စောင်တစ်ထည်ကို ကိုယ်ပေါ်တွင် ခြုံထားရသေး၏။
ချန်းရီကတော့ ဒုက္ခရောက်နေလေပြီ။
သာမန် အသက်ရှင်ကျန်ရစ်သူများကဲ့သို့ တိုက်ရိုက် အေးခဲသေဆုံးသွားမည် မဟုတ်သော်လည်း ချန်းရီအတွက် ယခုအချိန်တွင် လုံးဝ နေသာထိုင်သာ မရှိလှပေ။
လေပူလေအေးစနစ် အဆင့်မြှင့်တင်ရန် သတ်ဖြတ်မှတ် မည်မျှ လိုအပ်ကြောင်း စနစ်ကို မေးမြန်းကြည့်လိုက်သည်။
ရရှိလာသော အဖြေမှာ သတ်ဖြတ်မှတ် (၅၀၀၀) ပင် ဖြစ်သည်။
လက်ရှိတွင် သတ်ဖြတ်မှတ် (၄၀၀၀) သာ ကျန်ရှိတော့သဖြင့် လုံးဝ မလုံလောက်ပေ။
ချန်းရီမှာ ဒေါသထွက်လွန်းသဖြင့် စနစ်ကြီးက တစ်နေ့တခြား ပို၍ အမြတ်ကြီးစားလာသည်ဟု ကျိန်ဆဲလိုက်မိသည်။
"အေးလိုက်တာ... မရဘူး... ငါ အေးခဲပြီး မသေချင်ဘူး... ငါ မသေချင်ဘူး"
ကုလားအုတ် စီးထားသော ဂိုဏ်းစတားခေါင်းဆောင်က ကုလားအုတ်ကို လှည့်ကာ သဲကန္တာရထဲသို့ ပြန်လည် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
"သွားချင်ရင် သွားလို့ရတယ်... ကုလားအုတ်ကိုတော့ ထားခဲ့"
ချန်းရီ၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။
ကုလားအုတ်သည်လည်း ရိက္ခာတစ်မျိုးဖြစ်ပြီး ထိုအထဲတွင် သူ၏ ဝေစုလည်း ပါဝင်နေသည်။
ဂိုဏ်းစတားခေါင်းဆောင်က လက်တိုအင်္ကျီကို ဝတ်ဆင်ထားပြီး တုတ်ခိုင်သော လက်မောင်းနှစ်ဖက်ရှိ တက်တူးများက ကြောက်စရာကောင်းလှသည်။ ယခင်ကဆိုလျှင် သူသည်လည်း နယ်မြေတစ်ခုကို ကြီးစိုးခဲ့သူ တစ်ဦး ဖြစ်ပေလိမ့်မည်။
နှမြောစရာကောင်းသည်မှာ ချန်းရီ၏ စကားတစ်ခွန်းကြောင့် သူသည် ထိုနေရာ၌ပင် ရပ်တန့်သွားခဲ့ရသည်။ မျက်နှာကြီး နီရဲနေသော်လည်း တစ်လှမ်းမျှပင် ရှေ့မဆက်ရဲတော့ချေ။
ညဘက် စခန်းချရပ်နားချိန်တွင် ချန်းရီက နှင်းများကို နင်းကာ ချူချယ် သို့မဟုတ် ထယ်ရှီးထံမှ အဝတ်အစားအချို့ ငှားရမ်းရန် ကြိုးစားခဲ့သည်။
ရလဒ်အနေဖြင့် သူတို့တွင် ငှားရန် အပို အဝတ်အစားများ လုံးဝ မရှိခဲ့ပေ။
အခြား သာမန် အသက်ရှင်ကျန်ရစ်သူများအကြောင်းကိုမူ ပြောစရာပင် မလိုတော့ချေ။
"ခေါင်းဆောင်... အနီးအနားမှာ... မြို့ရွာလေးတွေ... ရှိမလား... ငါတို့... သွားပြီး ရိက္ခာလေး ဘာလေး သွားရှာကြရအောင်... ဒီအတိုင်း ဆက်သွားနေရင်... ငါကတော့ ပြဿနာ မရှိဘူး"
"ဟို... သာမန်လူတွေကတော့... အကုန်လုံး အေးခဲပြီး သေကုန်ကြလိမ့်မယ်"
ချန်းရီက နှာရည်များကို ရှူသွင်းရင်း ခြေထောက်မှ နှင်းများခါချကာ ပြောလိုက်သည်။
ချန်းရီက သာမန်လူများ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်ပေ။ အကြောင်းပြချက်တစ်ခု ရှာနေခြင်းသာ ဖြစ်သည်။
နွေးထွေးစေရန်အတွက် ချန်းရီသည် နေကာအင်္ကျီကိုပင် ဝတ်ဆင်ထားလိုက်ရသည်။
ကောင်းကင်မှ ဆီးနှင်းများ ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး မကြာမီမှာပင် ချန်းရီ၏ ခေါင်းပေါ်နှင့် ကိုယ်ပေါ်တွင် အဖြူရောင် ဆီးနှင်းများဖြင့် ပြည့်နှက်သွားသည်။
ပြောလိုက်သော စကားများပင် နှုတ်ခမ်းဖျားတွင် အဖြူရောင် အငွေ့များအဖြစ်သို့ ပြောင်းလဲသွားကြ၏။
ညအချိန်သို့ ရောက်သောအခါ အပူချိန်က ပိုမို အေးခဲလာပုံရသည်။
ချူချယ်က ချန်းရီကို လှောင်ပြောင်လိုသော စိတ်ကို ရုပ်သိမ်းလိုက်ပြီး လူအားလုံးကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ "တကယ်တော့ ရိက္ခာရှာလို့ရမယ့် နေရာတစ်ခုတော့ ရှိတယ်... ဒါပေမဲ့ အရမ်း အန္တရာယ်များတယ်"
ဆက်ရန်...