← Chapters

အခန်း ၁၁၃

Vol. 6 Ch. 113

အခန်း ၁၁၃

Vol. 6 Ch. 113

အပိုင်း(၁၁၃) အကြံကောင်း

"အန္တရာယ်..."

ဒီစကားလုံးကို ကြားရသည့်အခါ ချန်းရီ၏ မျက်နှာက အနည်းငယ် တည်သွား၏။

လမ်းပြသူလမ်းစဉ် အစွမ်းပိုင်ရှင်တစ်ယောက်၏ ပါးစပ်ကနေ ဒီစကားလုံး ထွက်လာပြီဆိုလျှင်တော့ သေချာပေါက် အလေးအနက်ထားဖို့ လိုအပ်ပေပြီ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးကမူ အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလာသည်။ "ခေါင်းဆောင်... ဘာအန္တရာယ်လဲ... ပြောပြပါဦး... ကျွန်မတို့ သွေးပူလေ့ကျင့်ခန်း မလုပ်ရတာ ကြာတော့ လက်နည်းနည်း ယားနေပြီ"

ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေးအား အရူးတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

ခေါင်းဆောင်ချူက ချောင်းနှစ်ချက်ခန့် ဟန့်ပြီးနောက် စကားစသည်။

"အခု ငါတို့ စခန်းချနေတဲ့ နေရာကနေ (၁၂) မိုင်လောက် အကွာမှာ ရုံမြို့ ရှိတယ်... အဲဒီမှာ ငါတို့ လိုအပ်တာတွေ အားလုံးရှိတယ်"

ရုံမြို့ ဆိုသည့် နာမည်ကို ကြားသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူအားလုံး၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင်လျှင် စောစောက စိတ်လှုပ်ရှားနေမှုများ ပျောက်ကွယ်သွားရ၏။

ကမ္ဘာပျက်ကပ် ကျရောက်ပြီးနောက်ပိုင်း မြို့ကြီးအများအပြားက လူသူကင်းမဲ့သော တားမြစ်နယ်မြေများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။ လူနေထူထပ်သော မြို့ကြီးများဖြစ်လေလေ ပို၍ အန္တရာယ်ကြီးမားလေလေ ဖြစ်၏။

နာမည်ကျော် ရှန်ဟိုင်းကဲ့သို့သော နိုင်ငံတကာအဆင့်မီ မြို့ကြီးများဆိုလျှင် ပိုဆိုးသေးသည်။ ထိုအမည်ကို ကြားရုံဖြင့် လူတိုင်း မျက်နှာပျက်ရလောက်အောင်ပင်။

မြို့ကြီးများသာမက ရွာငယ်လေးများပင်လျှင် ဤကပ်ဘေးမှ မလွတ်ကင်းနိုင်ခဲ့ကြပေ။

ယခင်က ဖြတ်သန်းခဲ့သော ရှင်းဟွာမြို့နှင့် ချန်ရှုရွာတို့ကလည်း အသက်ရှင်ကျန်ရစ်သူ အများအပြားကို ထာဝရ အိပ်စက်သွားစေခဲ့သည် မဟုတ်ပါလော။

ရုံမြို့သည်ကား ကမ္ဘာပျက်ကပ် မကျရောက်မီကတည်းက အတန်အသင့် နာမည်ရသော မြို့တစ်မြို့ ဖြစ်သည်။

ဤမြို့က တစ်နိုင်ငံလုံးတွင် အတန်အသင့် နာမည်ကျော်ကြားသော ကမ္ဘာလှည့်ခရီးသွားမြို့ ဖြစ်ပြီး စိတ်ဒဏ်ရာရနေသော ယောကျာ်း မိန်းမ အများအပြားမှာ ရုံမြို့သို့ လာရောက်ကာ စိတ်အပန်းဖြေ ကုစားလေ့ရှိကြ၏။

လူပျို လူလွတ် အများအပြားကလည်း ရုံမြို့တွင် ရိုမန်းတစ်ဆန်သော အချစ်ဇာတ်လမ်းလေးများ ဖန်တီးနိုင်ရန် မျှော်လင့်တတ်ကြသည်။

နာမည်ကြီး ရုပ်သံအစီအစဉ် အများအပြားကပင် ရုံမြို့ကို ရိုက်ကွင်းအဖြစ် အသုံးပြုလေ့ရှိကြ၏။

ထို့ကြောင့် ပြင်ပမှ လာရောက်သူများကို ထည့်မတွက်လျှင်ပင် ရုံမြို့၏ အမြဲတမ်း နေထိုင်သူ လူဦးရေမှာ တစ်သန်းကျော် ရှိနေပြီ ဖြစ်သည်။

လူဦးရေ ထူထပ်လေ အန္တရာယ် ပိုများလေ ဆိုသည့် သတ်မှတ်ချက်အရ။

ရုံမြို့၏ အန္တရာယ်ရှိမှု အဆင့်က ချန်ရှုရွာနှင့် ရှင်းဟွာမြို့တို့ထက် များစွာ သာလွန်နေပေသည်။

"ခေါင်းဆောင်ချူ... မင်းက ငါတို့ကို အထင်ကြီးလွန်းနေတာပဲ" ချန်းရီက တံတွေးတစ်ချက် မျိုချကာ လည်ချောင်းခြောက်သွေ့စွာဖြင့် ပြောလာသည်။

သူက ရိက္ခာပစ္စည်းများကို အလိုရှိသည်မှာ မှန်သော်လည်း သေလမ်းကိုတော့ မရှာချင်သေးပေ။

အကယ်၍ ပစ်မှတ်က ရွာတစ်ရွာဆိုလျှင်တော့ သူ ကြောက်ရွံ့နေမည် မဟုတ်ချေ။

မြို့များနှင့် နှိုင်းယှဉ်ပါက ရွာငယ်လေးများ၏ အန္တရာယ်ရှိမှု အဆင့်မှာ များစွာ နိမ့်ကျနေသေး၏။

ထို့ကြောင့် ချူချယ်၏ အစီအစဉ်ကို ကြားရချိန်တွင် ချန်းရီ တစ်ယောက် ချက်ချင်းပင် နောက်ဆုတ်ချင်သွားသည်။

"မင်း အရင် ဝင်မပြောနဲ့ဦး" ချူချယ်က ချန်းရီ၏ စကားကို ချက်ချင်း ဖြတ်ပြော၏။

ဤကောင် စကားစပြောသည်နှင့် ယာဉ်တန်း၏ စိတ်ဓာတ်ကို ထိခိုက်စေမည့် အရိပ်အယောင်များ ပေါ်လာတတ်သဖြင့် ချူချယ်က ချန်းရီ၏ စကားကို အရင်ဆုံး ပိတ်ပင်ထားရန် ရည်ရွယ်ထား၏။

ချန်းရီက ပခုံးတွန့်ပြသည်။ "မင်းက ခေါင်းဆောင်ဆိုတော့... မင်း သဘောပါပဲ"

ချူချယ်က ခေါင်းခါယမ်းကာ သက်ပြင်းချ၏။ "တခြား ရွေးချယ်စရာ လမ်းကြောင်းသာ ရှိသေးရင်... မင်းတို့ကို မြို့ထဲဝင်ပြီး အသေမခံခိုင်းပါဘူး"

"ဒါပေမဲ့ ငါ ကြိုပြီး စုံစမ်းထားတဲ့ သတင်းတွေအရ... ရုံမြို့ ပတ်ဝန်းကျင်မှာ ရွာတချို့ ရှိနေသေးပေမဲ့ အဲဒီရွာတွေက ရိက္ခာတွေ အကုန်လုံး အသိမ်းခံထားရပြီးပြီ"

"ဒါကြောင့်... ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး"

"ခိုးနားထောင်သည့် ရေဒီယို" အား လက်ဝယ်ပိုင်ဆိုင်ထားသောကြောင့် ခေါင်းဆောင်ချူသည် ပတ်ဝန်းကျင်ရှိ ရိက္ခာစုဆောင်းနိုင်မည့် နေရာများ၏ အခြေအနေကို တိကျစွာ ခန့်မှန်းနိုင်စွမ်း ရှိသည်။

ယခင် ချန်ရှုရွာနှင့် ရှင်းဟွာမြို့တို့တွင် ရှိစဉ်ကလည်း ခေါင်းဆောင်ချူက ထိုရေဒီယို၏ အစွမ်းကို အသုံးပြုကာ ယာဉ်တန်းအတွက် ပစ်မှတ်ကို တိတိကျကျ သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တန်း အများအပြားမှာ ရိက္ခာစုဆောင်းရန် နေရာများသို့ အသက်စွန့်ကာ သွားရောက်ခဲ့ကြပြီး လူအင်အား အမြောက်အမြား ဆုံးရှုံးခဲ့ရသော်လည်း နောက်ဆုံးတွင် ဘာမျှ မရခဲ့သည်က များ၏။

ချူချယ်၏ လက်ထဲတွင် "ခိုးနားထောင်သည့် ရေဒီယို" ရှိနေသောကြောင့် ထိုကဲ့သို့သော အခြေအနေမျိုးကို လုံးဝ ရှောင်ရှားနိုင်ခြင်း ဖြစ်သည်။ ၎င်းက ဤရေဒီယိုသည် အဘယ်ကြောင့် အဆင့်သတ်မှတ်ချက် ထိုမျှ မြင့်မားနေရသနည်း ဆိုသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

သို့တိုင်အောင် လူတိုင်း၏ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသော အမူအရာများ ရှိနေဆဲပင်။

"ငါ ဒီလိုပြောတာက မင်းတို့ကို သေတွင်းထဲ ပို့ချင်လို့ မဟုတ်ပါဘူး" ဦးလေးအားပေါင်က မြေပုံတစ်ခု ယူဆောင်လာပြီး လူတိုင်းရှေ့တွင် ဖြန့်ခင်းပြ၏။

ချူချယ်က နေရာတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလာ၏။ "ဒီနေရာက ရုံမြို့ရဲ့ ချန်ဝမ်ရပ်ကွက်ပဲ... ငါတို့နဲ့ အနီးဆုံးဖြစ်သလို လူနေထိုင်တဲ့ ရပ်ကွက်လည်း ဖြစ်တယ်... ဒီက ရိက္ခာတွေက မင်းတို့ စုဆောင်းဖို့ အလုံအလောက် ရှိတယ်"

"ချန်ဝမ်ရပ်ကွက်မှာ အကြီးစား စူပါမားကတ် သုံးခု ရှိတယ်"

"မင်းတို့အနေနဲ့ စူပါမားကတ်တစ်ခုခုကို တွေ့အောင်ရှာနိုင်တာနဲ့... အလွန်အမင်း အေးခဲနေတဲ့ ရာသီဥတုမှာ အသက်ရှင်သန်ဖို့ လုံလောက်တဲ့ ရိက္ခာတွေကို ရနိုင်မှာပါ"

"ငါ့ရဲ့ အာရုံခံနိုင်စွမ်းအရ... ဒီချန်ဝမ်ရပ်ကွက်ထဲမှာ ထူးဆန်းတဲ့အရာ သုံးကောင်ထက် ပိုမရှိဘူး... မင်းတို့ လှုပ်ရှားမှုသာ မြန်ဆန်မယ်ဆိုရင် ပြဿနာ သိပ်မရှိနိုင်ပါဘူး"

ချူချယ်က မြေပုံကို လက်ညှိုးထိုးပြရင်း လက်ရှိ အခြေအနေများကို ရှင်းပြနေသည်။

ချန်းရီက စကားဖြတ်ပြော၏။ "ခေါင်းဆောင်ချူ... ရပ်ကွက်တစ်ခုလုံးမှာမှ ထူးဆန်းတဲ့အရာ သုံးကောင်တည်း ရှိတယ်ဆိုတာက... အချက်တစ်ချက်တည်းကို ပြသနေတာပဲ"

"ဘာကို ဆိုလိုတာလဲ"

"အဲဒါက တခြား ထူးဆန်းတဲ့အရာတွေ ဒီနယ်မြေထဲကို မလာရဲတာပဲ ဖြစ်ရမယ်"

"ဒီသုံးကောင်ရဲ့ အန္တရာယ်အဆင့်က တခြားကောင်တွေထက် အများကြီး သာလွန်နေတာ သေချာတယ်"

ချန်းရီ၏ စကားကြောင့် အားလုံးမှာ ပြောစရာ စကားပျောက်သွားကြသည်။

"ဒါဆိုရင်... ငါ သွားမယ်... မင်းတို့က နောက်ကနေ အကာအကွယ်ပေး... ငါ ရိက္ခာရတာနဲ့ ချက်ချင်း ပြေးထွက်လာခဲ့မယ်"

ထယ်ရှီး က လူအပုံစံဖြင့် ဝင်ပြောလာသည်။ လမ်းစဉ် အဆင့် (၂) အစွမ်းပိုင်ရှင် ဖြစ်လာပြီးနောက်ပိုင်း သူက ပို၍ပင် တုံးအသွားသကဲ့သို့ ရှိ၏။

သေတွင်းထဲ တိုးဝင်ရမည့် ဤကဲ့သို့သော ကိစ္စမျိုးကို လူတိုင်းက ရှောင်ပြေးချင်နေကြသော်လည်း သူက ကိုယ်တိုင် တာဝန်ယူလိုနေသည်။

"မဖြစ်ဘူး... ရှင် ဘယ်လောက်ပဲ လှုပ်ရှားမှု မြန်မြန်... အဲဒီ ထူးဆန်းတဲ့အရာတွေရဲ့ အာရုံခံနိုင်စွမ်းကို ရှောင်လွှဲနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

တင်းတုံ က ထယ်ရှီး၏ အကြံပြုချက်ကို ပယ်ချခဲ့သည်။

ချန်းရီက မျက်လုံးများ ကလယ်ကလယ် လုပ်ရင်း စကားစ၏။ "ခေါင်းဆောင်ချူ... ငါ့မှာတော့ နည်းလမ်းတစ်ခု ရှိတယ်... မင်း လုပ်ရဲ၊ မရဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်"

ချူချယ်၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှု တစ်ခု ပေါ်လာသော်လည်း မေး၏။ "မင်း ပြောကြည့်ပါဦး"

"ခေါင်းဆောင်... မင်း ငါးစာ သွားလုပ်ပေးပါလား"

"မင်းက အခု ဒီနေရာမှာ ဖုံးကွယ်တဲ့ အတားအဆီး တစ်ခု လုပ်ထားခဲ့ပေး... ငါတို့က အဲဒီ အတားအဆီးထဲမှာ ပုန်းနေမယ်"

"ပြီးရင် မင်းက တခြား အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်သွားပြီး ချန်ဝမ်ရပ်ကွက်ထဲက ထူးဆန်းတဲ့အရာတွေကို အပြင်ရောက်အောင် မျှားထုတ်"

"အဲဒီအချိန်ကျမှ ငါတို့က ရိက္ခာတွေ သွားစုမယ်လေ... ပြီးတာနဲ့ ငါတို့ အားလုံး ဒီမှာ ပြန်ဆုံကြမယ်... ဘယ်လိုသဘောရလဲ"

"တကယ်လို့ ထူးဆန်းတဲ့အရာတွေက နောက်ကနေ ကပ်ပါလာတယ်ဆိုရင်လည်း... သူတို့ရဲ့ အာရုံကို လွှဲဖို့ အသက်ရှင်ကျန်ရစ်သူ တချို့ကို အောက် ပစ်ချခဲ့လိုက်ပေါ့"

ချန်းရီက သူ၏ အစီအစဉ်ကို တစ်ထိုင်တည်း ပြောချခဲ့သည်။ သူ၏ အမြင်တွင် ဤအစီအစဉ်က ဖြစ်တန်စွမ်း အတော်လေး ရှိနေပေသည်။

ထို့ကြောင့် သူ၏ လေသံတွင် နောက်ပြောင်နေသည့် အရိပ်အယောင် လုံးဝ မရှိဘဲ အလွန်အမင်း အလေးအနက် ဖြစ်နေ၏။

တဲတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဦးလေးအားပေါင်က ချန်းရီကို ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်လာ၏။

ဤမျှ ရက်စက်ယုတ်မာလှသော အကြံအစည်ကို ဤကောင်လေးက ပါးစပ်ဟသည်နှင့် လွယ်လွယ်ကူကူ ပြောထွက်လာသည်ပါလား။ သူ၏ နှလုံးသား မည်မျှမည်းနက်နေသနည်း ဆိုသည်ကို ရင်ဘတ်ကို ခွဲပြီးပင် ကြည့်ချင်စိတ် ပေါက်သွားရသည်။

အဘိုးကြီးဖြစ်သည့် သူ အသက်ရှင်ခဲ့သည့် တစ်လျှောက် ဤမျှ နှလုံးသားမည်းသော ကောင်လေးမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ နောင်တွင် ဤကောင်လေးနှင့် ဝေးဝေးနေမှ ဖြစ်တော့မည်။

ခေါင်းဆောင်ချူ၏ မျက်နှာမှာမူ အလွန်အမင်း ရုပ်ဆိုးလွန်းလှပေသည်။

သူ့ကို ငါးစာ သွားလုပ်ခိုင်းတာလား။ ဤကောင် ဘယ်လိုများ တွေးတောသနည်း။ ပါးစပ်ကရော ဘယ်လိုများ ပြောထွက်လာသနည်း။

ခန္ဓာကိုယ် အပူချိန် ၉၇ ဒီဂရီ ရှိသည့် လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး သုညဒီဂရီအောက် အေးစက်ခက်ထန်လှသည့် စကားတွေကို ပြောထွက်ရသနည်း။

ငါးစာ သွားလုပ်ရအောင် ငါက အရူးများမှတ်နေလား။

အဲဒီ ထူးဆန်းတဲ့အရာတွေထဲက တစ်ကောင်မှ ကိုင်တွယ်ရ လွယ်တာ မဟုတ်ဘူး။ ငါက လမ်းပြသူလမ်းစဉ် ပိုင်ရှင် တစ်ယောက်သာ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် လုံးဝ မရှိတဲ့သူပါဆိုမှ။

တကယ်လို့ ထူးဆန်းတဲ့အရာတွေသာ နောက်ကနေ လိုက်လာခဲ့ရင် ငါက တိုက်လည်း မတိုက်နိုင်သလို ပြေးလည်း မပြေးနိုင်တဲ့သူပဲ။

နံပါတ်စဉ် ငါးထောင်ကျော်မှာ ရှိနေတဲ့ "အချစ်ရူး မီးခြစ်" လေးကို သုံးပြီး ထူးဆန်းတဲ့အရာတွေကို ရင်ဆိုင်ရမှာလား။

"ခေါင်းဆောင်... မင်း စဉ်းစားကြည့်ပါဦး... မင်းက လမ်းပြသူလမ်းစဉ် အစွမ်းပိုင်ရှင်ဆိုတော့... မင်းကလွဲပြီး ဘယ်သူမှ ထူးဆန်းတဲ့အရာတွေရဲ့ အငွေ့အသက်ကို အာရုံမခံနိုင်ဘူးလေ... မင်းသာ နည်းနည်း ဂရုစိုက်မယ်ဆိုရင် လွတ်အောင် ပြေးနိုင်မှာ သေချာပါတယ်"

"ဒီနည်းလမ်းကို မင်း ဘယ်လိုထင်လဲ"

ချန်းရီက တစ်ချက် စဉ်းစားကြည့်ပြီးနောက် ယုတ္တိတန်သည့် ရှုထောင့်မှ ကြည့်လျှင် ဤနည်းလမ်းမှာ အတော်လေး အဆင်ပြေမည်ဟု ထင်နေမိသည်။

အရေးကြီးဆုံးက သူကိုယ်တိုင် အန္တရာယ်ကင်းနိုင်ခြင်းပင် ဖြစ်၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာလည်း ချန်းရီ၏ အကြံပြုချက်ကို ကြားရသောအခါ မျက်လုံးများ အရောင်လက်သွားပြီး သဘောတူစွာဖြင့် ခေါင်းညိတ်လာသည်။

ထယ်ရှီး ကလည်း အူကြောင်ကြောင်ဖြင့် ရယ်မောရင်း ထောက်ခံလာ၏။ "ဒီနည်းလမ်းကောင်းတယ်... တကယ်ကောင်းတယ်... ခေါင်းဆောင်... ဒီတိုင်းပဲ လုပ်ကြတာပေါ့... ငါတို့ ရိက္ခာတွေ သေချာပေါက် ရမှာပါ"

တင်းတုံ တစ်ယောက်သာလျှင် ဝက်အသည်းရောင် အဆင်းသို့ ပြောင်းလဲနေသော ခေါင်းဆောင်ချူကို တစ်လှည့်၊ ချန်းရီကို တစ်လှည့် ကြည့်ကာ ပညာရှိပီပီ ပါးစပ်ပိတ်နေသည်။

ဤအကြံအစည်ကို စွန်းချန်းချန်း နှင့် ထယ်ရှီးတို့ကပါ သဘောတူကြလိမ့်မည်ဟု ချူချယ် လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူ၏ ဝက်သည်းရောင် မျက်နှာကြီးမှာ မည်းနက်ပြာနှမ်းသည့် အရောင်သို့ လုံးဝ ပြောင်းလဲသွားပြီး နှာခေါင်းမှ အငွေ့ဖြူများ မှုတ်ထုတ်လာရာ အလွန်အမင်း ဒေါသထွက်နေသော နွားသိုးကြီး တစ်ကောင်နှင့် ပုံစံတူနေ၏။

ခေါင်းဆောင်ချူက အံကြိတ်ထားရာမှ စကားလုံးများကို ညှစ်ထုတ်၏။ "ချန်းရီ... မင်း ပါးစပ် ပိတ်ထားစမ်း"

ချန်းရီ "..."

သောက်ကျိုးနည်း... ရိက္ခာလည်း လိုချင်သေးတယ်... ကိုယ်တိုင်လည်း အပင်ပန်းမခံချင်ဘူး။

မင်းက ဘာခေါင်းဆောင် လာလုပ်နေတာလဲ။

သေချာသည်ကတော့ ဤစကားများကို သူ အပြင်သို့ ထုတ်မပြောဝံ့ခြင်းပင် ဖြစ်သည်။

မဟုတ်ပါက ချူချယ် တစ်ယောက် ဒေါသထွက်လွန်း၍ သွေးအန်သေသွားမည်ကို ချန်းရီ စိုးရိမ်နေမိ၏။

ဆက်ရန်...

All Chapters