← Chapters

အခန်း ၁၁၄

Vol. 6 Ch. 114

အခန်း ၁၁၄

Vol. 6 Ch. 114

အပိုင်း(၁၁၄) အပူချိန်ကျဆင်းမှု အန္တရာယ်

"အခု ယာဉ်တန်းမှာ ရိက္ခာနဲ့ သောက်ရေကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ခံနိုင်သေးတယ်... ဒါပေမဲ့ အခက်အခဲဆုံးက တခြားလိုအပ်တဲ့ ပစ္စည်းတွေပဲ... ဥပမာပြောရရင် အနွေးထည်တွေနဲ့ အနွေးဓာတ်ပေးနိုင်တဲ့ ပစ္စည်းတွေပေါ့"

"ပြီးတော့ ကားတွေကိစ္စလည်း ရှိသေးတယ်... အခြေအနေနဲ့ ကိုက်ညီအောင် ပြုပြင်မွမ်းမံမှုတွေ လုပ်ဖို့ လိုအပ်တယ်"

"ဒီလို ပြင်းထန်တဲ့ အအေးဒဏ်အောက်မှာ လူတွေ အအေးမိပြီး သေနိုင်တယ်ဆိုတာ နောက်ပြောင်နေတဲ့ စကား မဟုတ်ဘူး"

"ထယ်ရှီး... မင်းတို့ကားထဲမှာ လူများတယ်... ပြီးတော့ အနွေးထည်ကလည်း နည်းတယ်... သေချာ ဂရုစိုက်ကြဦး... မနက်ဖြန်မနက်ကျရင် လူတွေ အများကြီး အအေးမိပြီး မသေစေနဲ့"

ချူချယ် ပြောလိုက်သည်က လူမသေစေနှင့်ဟု မဟုတ်ဘဲ၊ လူအများကြီး မသေစေနှင့်ဟု ဖြစ်သည်။

ဤကဲ့သို့ ပြင်းထန်လှသော အအေးဒဏ်မျိုးတွင် လူမသေရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိထားကြ၏။

ယခင်က ကြုံတွေ့ခဲ့ရသော သဲကန္တာရ မြေမျက်နှာသွင်ပြင်နှင့်တော့ လုံးဝ ကွာခြားလှသည်။

ယခုအခါ တောင်တန်းများနှင့် မြေပြင်တစ်ခုလုံးကို နှင်းထုကြီးက လွှမ်းခြုံထားရာ နှင်းပြင်ပေါ်တွင် ယာဉ်များ မောင်းနှင်နိုင်ရန်မှာ ရိုးရှင်းလွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်တော့ပေ။

ဤအလွန်တရာ အေးခဲလှသော နှင်းကမ္ဘာကြီးထဲသို့ စတင် ခြေချမိချိန်မှစ၍ ယာဉ်တန်းထဲရှိ ကားများ၏ သွားလာမှုမှာ အလွန် ခက်ခဲလာခဲ့သည်။

ထယ်ရှီး၏ ကျောင်းကားကြီးပင်လျှင် နှင်းပြင်ပေါ်၌ ဘီးချော်ကာ တောင်ကြားထဲသို့ တိုက်ရိုက် ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ထယ်ရှီးက အချိန်မီ သတိထားမိလိုက်သောကြောင့်သာ ဤမတော်တဆမှုကြီးမှ ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်၏။

နှင်းပြင်ပေါ်တွင် မောင်းနှင်လိုပါက အကောင်းဆုံးမှာ သေချာပေါက် ရေခဲပြင်သုံးယာဉ်များသာ ဖြစ်သည်။

သို့သော် ရေခဲပြင်သုံးယာဉ် ဆိုသည်မျိုးမှာ မြောက်ပိုင်းရှိ ရှုခင်းကြည့်ဒေသများတွင်သာ ရှိတတ်သော အရာဖြစ်သည်။

လူအများစုအတွက်မူ ရေခဲပြင်သုံးယာဉ်နှင့် ပတ်သက်သော အသိပညာမှာ ရုပ်မြင်သံကြား သို့မဟုတ် ရုပ်ရှင်ကားများထဲတွင် မြင်တွေ့ဖူးခြင်းမျှသာ ဖြစ်၏။

ယာဉ်တန်းကြီးက ဤနှင်းကမ္ဘာထဲသို့ ဝင်ရောက်လာကတည်းက နှင်းဖွေးဖွေးကြီးများမှာ တစ်ချိန်လုံး ရွာကျနေခဲ့ပြီး လုံးဝ ရပ်တန့်မသွားခဲ့ပေ။

ငန်းမွေးများကဲ့သို့ ကြီးမားလှသော နှင်းပွင့်ကြီးများက လူတိုင်း၏ မျက်စိရှေ့မှောက်ရှိ မြင်နိုင်သမျှ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ ကားများကို အချို့သော ပြုပြင်မွမ်းမံမှုများ မပြုလုပ်ပါက လုံးဝ မောင်းနှင်နိုင်မည် မဟုတ်ချေ။

အနည်းဆုံးတော့ နှင်းချော်ကာကွယ်ရေး ချိန်းကြိုး အနည်းငယ် တပ်ဆင်ရပေမည်၊ မရှိတာထက်စာလျှင်တော့ ပိုကောင်းသေးသည် မဟုတ်ပါလော။

ပြီးတော့ ကားပြတင်းပေါက်ကဲ့သို့သော နေရာများကိုလည်း စောင်အထူများဖြင့် ဖုံးအုပ်ထားရန် လိုအပ်သည်။

ယခင်က သုံးခဲ့သော တဲများမှာလည်း ယခုအခါ အသုံးဝင်တော့မည် မထင်ပေ။

ဤကဲ့သို့သော အပူချိန်အောက်တွင် ယခင်တဲများကို အသုံးပြုခြင်းသည် သေလမ်းကို ရှာနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

လူတိုင်းက အစွမ်းပိုင်ရှင်များ ဖြစ်နေခဲ့လျှင်တော့ တစ်မျိုးပေါ့။

ချူချယ်က ဤကိစ္စများကို တတွတ်တွတ် ပြောဆိုနေခဲ့ရာ အလွန်တရာ စကားများနေသကဲ့သို့ ထင်ရ၏။

တကယ်တမ်းတွင် ချူချယ်ကိုယ်တိုင်လည်း ယခုအချိန်၌ ဖိအားအချို့ကို ခံစားနေရခြင်း ဖြစ်သည်။

အလွန်တရာ အေးခဲလွန်းသော အပူချိန်ကြောင့် ယာဉ်တန်းတစ်ခုလုံး အကုန်အစင် သေဆုံးသွားမည်ကို ချူချယ် စိုးရိမ်ပူပန်နေမိသည်။

အကယ်၍ တကယ်သာ ထိုသို့ ဖြစ်သွားခဲ့လျှင် သူတို့လို အစွမ်းပိုင်ရှင် အနည်းငယ်မျှဖြင့် အသက်ရှင်သန်နိုင်ရန်မှာ အလွန် ခက်ခဲသွားပေလိမ့်မည်။

မည်သည့်အချိန်ကျမှ ဤနှင်းကမ္ဘာကြီးထဲမှ ထွက်ခွာနိုင်မည်ကို မည်သူကမျှ မသိကြပေ။

"မနက်ဖြန်မနက်ကျရင် ချန်းရီ... တင်းတုံ... ထယ်ရှီး... စွန်းချန်းချန်းတို့ အတူတူ ရိက္ခာရှာထွက်ကြ... ယာဉ်တန်းထဲမှာ လိုက်ချင်တဲ့သူ ရှိသေးရင်လည်း မင်းတို့နဲ့ အတူတူ ခေါ်သွားလို့ရတယ်"

"ဦးလေးအားပေါင်... ခဏနေကျရင် ယာဉ်တန်းထဲမှာ တစ်ချက်လောက် အသိပေးလိုက်ဦး"

"မှတ်ထားနော်... အချိန်အကြာဆုံး သုံးနာရီထက် မကျော်စေနဲ့... သုံးနာရီပြည့်တာနဲ့ မဖြစ်မနေ ပြန်ထွက်လာခဲ့ရမယ်... မဟုတ်ရင် ထူးဆန်းတဲ့အရာတွေရဲ့ ရန်ပြုတာကို ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်"

ထိုလူတစ်စုက ခေါင်းညိတ်ပြလိုက်ကြပြီး ပြင်ဆင်မှုများ ပြုလုပ်ရန် အသီးသီး ပြန်သွားကြသည်။

ချန်းရီကမူ ယခုချက်ချင်းပင် ရုံမြို့သို့ တိုက်ရိုက် သွားချင်နေမိသည်။

သို့သော် ယခုအချိန်က ညဘက် ရောက်နေပြီ ဖြစ်၏။

ထူးဆန်းသောအရာများသည် ညအချိန်တွင် အသက်ဝင် လှုပ်ရှားဆုံး ဖြစ်ကြသည်။

ယခုအချိန်မှ ရုံမြို့သို့ သွားခြင်းသည် သေလမ်းကို ရှာနေခြင်းနှင့် ဘာမှ ကွာခြားမည် မဟုတ်ပေ။

အအေးဒဏ်က အနည်းငယ် သည်းခံနိုင်စွမ်းထက် ကျော်လွန်နေသော်လည်း။

တစ်ညလောက်တော့ အံကြိတ်သည်းခံပြီးမှသာ ဆက်လက် စဉ်းစားရတော့မည်။

ဤကဲ့သို့သော အပူချိန်တွင် အလွန်ဆုံးနေရခက်ရုံမျှသာ ရှိမည်ဖြစ်ပြီး လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် အအေးမိ၍ သေဆုံးသွားသည်အထိတော့ ဖြစ်လာမည် မဟုတ်ပေ။

ချန်းရီက ကားထဲသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သည်းခံရန် ခက်ခဲလှသော အေးစက်သည့် လေထုကြီးကို ချက်ချင်း ခံစားလိုက်ရသည်။

ကားထဲတွင် တကယ်ကို နေ၍မရတော့သဖြင့် ခေါင်းဆောင်ချူထံမှ စောင်တစ်ထည်လောက် ငှားကြည့်ရန် သူ ကြိုးစားမိသည်။

သို့ရာတွင် ချူချယ်၌လည်း ပိုနေသော စောင် မရှိခဲ့ပေ။

ထို့ကြောင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားထဲသို့ တိုးဝင်ကာ အနွေးငွေ့ ခံယူရန် သူ တွေးလိုက်မိသည်။

နှမြောစရာ ကောင်းသည်မှာ ထိုကောင်မလေးက မျက်နှာသာ လုံးဝမပေးသည့်အပြင် ချန်းရီကိုပင် အလွန်တရာ သတိထားနေသည့် အကြည့်ဖြင့် ကြည့်နေသေး၏။

"ရှင် ဘာလုပ်ချင်လို့လဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ ဓားရိုးကို လက်ဖြင့် ဖိထားပြီး ခိုင်လုံသော အကြောင်းပြချက် မပေးနိုင်ပါက ခုတ်ပိုင်းပစ်တော့မည့် အသွင်မျိုး ဖမ်းထားလေသည်။

ရှောင်ယွီကလည်း ကားတံခါးကို အသေအလဲ ဆွဲကိုင်ထားရင်း "ရှင့်တို့ နှစ်ယောက်သား အရှက်မရှိတဲ့ အလုပ်တွေ လုပ်ဖို့အတွက် ကျွန်မကို အပြင်နှင်ထုတ်ဖို့ မစဉ်းစားနဲ့နော်... ဒီလောက် အေးနေတာ... လူသေသွားလိမ့်မယ်"

ထိုညက သူမ တစ်ကောင်ကြွက် အထီးကျန်စွာဖြင့် ကားထဲမှ နှင်ထုတ်ခံခဲ့ရသည်ကို ရှောင်ယွီက အမြဲတမ်း မှတ်မိနေခဲ့သည်။

ကံကောင်း၍သာ ဦးလေးအားပေါင်က သူမကို ကယ်ဆယ်ခိုလှုံခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူမသည် ထိုညကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်၏။

ယခုအခါတွင်မူ အပြင်ဘက်သည် ထိုညကထက်ပင် ပို၍ အေးခဲနေပေသည်။

ထိုစကားများက ချန်းရီ၏ နားထဲသို့ ရောက်ရှိလာသော်လည်း ချန်းရီမှာမူ မည်သည့် အနေခက်မှုမျိုးကိုမျှ မခံစားရပေ။

ဆန့်ကျင်ဘက်အနေဖြင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာမှာသာ ရဲတွတ်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမက အရွယ်ရောက်ကာစ ကောင်မလေးတစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလော။

ကောင်းပြီလေ... ချန်းရီသည်လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားထဲသို့ တိုးဝင်မည့် အကြံကို လက်လျှော့လိုက်တော့သည်။

"ချန်းရီ... မင်း ငါ့ကားပေါ် လာနေမလား"

ချန်းရီက အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။

ထယ်ရှီး၏ ကားပေါ်တွင် လူအလွန်များပြားသဖြင့် အလွန်အမင်း အေးနေမည်တော့ မဟုတ်ပေ။

သို့သော် လူများလွန်းသည့်အတွက်ကြောင့်ပင် ခြေချစရာ နေရာလေးတစ်ခု ရှာတွေ့ရန်ပင် အလွန် ခက်ခဲလှသည်။

ချန်းရီက အသက်ရှင်ကျန်ရစ်သူ အချို့ကို ရိုက်သတ်ပြီးမှ အနားယူရန် နေရာလွတ် ဖန်တီးယူမည်ဆိုလျှင်တော့ တစ်မျိုးပေါ့။

ဤမျှ ရက်စက်လွန်းသော ကိစ္စမျိုးကိုတော့ လက်လျှော့လိုက်သည်ကသာ အကောင်းဆုံး ဖြစ်ပေမည်။

ဤလူများက တော်တော်လေး အသုံးဝင်နေသေးသည် မဟုတ်ပါလော။

ထို့ကြောင့် ချန်းရီက ညသန်းခေါင်ယံ အချိန်ကြီးတွင် ထင်းခုတ်ဓားမကို ဆွဲကာ ပတ်ဝန်းကျင် တစ်ဝိုက်သို့ တစ်ပတ်လှည့်လည် ကြည့်ရှုလိုက်သည်။

ထင်းအချို့ ရှာဖွေပြီး မီးပုံတစ်ခု ဖိုရန် သူ ရည်ရွယ်ထားသည်။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ ပတ်ဝန်းကျင် လေထုကို သိပ်မအေးစေရန် လုပ်ဆောင်နိုင်မည် ဖြစ်၏။

နှင်းပြင်နှင့် သဲကန္တာရမှာ အလွန်ကြီးမားသော ကွာခြားချက် ရှိနေသေးသည်။

သဲကန္တာရထဲတွင် အဝါရောင် သဲများမှလွဲ၍ အခြား မည်သည့်အရောင်ကိုမျှ လုံးဝ မြင်တွေ့ရမည် မဟုတ်ပေ။

ယခု နှင်းပြင်တွင်မူ အနည်းဆုံးတော့ အနီးအနား၌ အပင်များနှင့် သစ်ပင်များ အများအပြား ရှိနေသေးသည်။

သစ်ရွက်များ အကုန်အစင် ကြွေကျနေသော သစ်ပင်များစွာကို ချန်းရီက တစ်ချက်တည်းဖြင့် ခုတ်လှဲပစ်လိုက်သည်။

မရဏသွေး ထင်းခုတ်ဓားမသည် မည်သို့ပင်ဆိုစေကာမူ သဘာဝလွန်ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်သည်။ အဆင့်သတ်မှတ်ချက် မမြင့်မားသော်လည်း သစ်ပင်ခုတ်ရန် အသုံးပြုရာတွင်မူ အလွန် ပေါ့ပါးလွယ်ကူလှသည်။

အစတုန်းက ထင်းခုတ်ဓားမကို အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့ခြင်းမှာလည်း ဤအချက်ကို ထည့်သွင်း စဉ်းစားခဲ့သောကြောင့်ပင်။

ထင်းခုတ်ဓားမ၏ အသုံးဝင်မှုမှာ လက်ကိုင်ဒူးလေးထက် များစွာ ပိုမို ကျယ်ပြန့်လှသည်။

ဤထင်းခုတ်ဓားမက ချန်းရီ၏ လက်ထဲတွင် တိုက်ခိုက်ရာ၌ အသုံးပြုနိုင်ရုံသာမက ဒူးလေးမြားများ ပြုလုပ်ရာတွင်လည်းကောင်း၊ ကုလားအုတ်အသားခြောက်များကို ခုတ်ထစ်ရန် မီးဖိုချောင်သုံး ဓားအဖြစ်လည်းကောင်း အသုံးပြုနိုင်သေးသည်။

တုန်တုန်ယင်ယင် ဖြစ်နေသော လူတစ်ယောက်က လျှောက်လှမ်းလာသည်။

မော့ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆိုးဆိုး မျက်နှာတစ်ခုကို မြင်လိုက်ရ၏။

"မင်း ဘာလို့ ရောက်လာတာလဲ"

"အရမ်း... အရမ်း အေးလွန်းလို့ပါ... ကျွန်တော် လာကူညီပေးမလို့"

ရွှီနန်က လက်များကို ပွတ်သပ်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ ဤကောင်လေး၏ နှုတ်ခမ်းများမှာ အအေးဒဏ်ကြောင့် ခရမ်းပြာရောင်ပင် သန်းနေပြီ ဖြစ်၏။

သူ၏ ကိုယ်ပေါ်တွင်လည်း အပေါ်ဝတ် အင်္ကျီတစ်ထည်နှင့် ဂျင်းဘောင်းဘီ တစ်ထည်သာ ရှိလေသည်။

အကယ်၍ ဤအတိုင်းသာ ဆက်လက် အအေးခံနေရမည် ဆိုပါက ယနေ့ညကို ကျော်လွန်နိုင်မည် မဟုတ်တော့ပေ။

ရွှီနန်၏ ကူညီမှုကြောင့် မကြာမီမှာပင် အခြားသော အသက်ရှင်ကျန်ရစ်သူများလည်း ကားပေါ်မှ ဆင်းလာကြသည်။

ထယ်ရှီး ဆိုသော လူသန်ကြီးလည်း ကားပေါ်မှ ဆင်းလာခဲ့သည်။

ဒီကောင်ကြီးက ယခုအချိန်အထိ အစိမ်းရောင် လက်တိုအင်္ကျီ တစ်ထည်ကိုသာ ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ငန်းမွေးကဲ့သို့ ကြီးမားသော နှင်းပွင့်ကြီးများက ကျောက်ဆောင်ကဲ့သို့ မာကျောသော ကြွက်သားများပေါ်သို့ ကျရောက်လာသောအခါ ချက်ချင်း အရည်ပျော်သွားပြီး တီရှပ်ကို စိုရွှဲသွားစေသည်။

သို့ရာတွင် ထိုလူသန်ကြီးကမူ လုံးဝ ဂရုမစိုက်ဘဲ သတိမထားမိသည့်အလား ချန်းရီ ခုတ်လှဲထားသော သစ်ပင်အချို့ကို ထမ်းကာ ပြန်လှည့်သွားလေသည်။

ချန်းရီက သစ်ပင်ခုတ်ရမည့် တာဝန်ကိုသာ ယူထားသည်။ သဘာဝလွန်ပစ္စည်းဖြစ်သော ထင်းခုတ်ဓားမ လက်ထဲတွင် ရှိနေသဖြင့် ခဏလေးအတွင်းမှာပင် သစ်တောငယ်လေးတစ်ခုကို ပြောင်သလင်းခါသွားအောင် ခုတ်လှဲပစ်လိုက်နိုင်၏။

ဤကဲ့သို့သော ကိစ္စမျိုးသာ ကမ္ဘာပျက်ကပ် မတိုင်မီက ဖြစ်ပွားခဲ့မည်ဆိုလျှင် သေချာပေါက် နေစရိတ် စားစရိတ် အခမဲ့ဖြင့် ထောင်ထဲသို့ ရောက်သွားလောက်ပြီ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ဂရုစိုက်မည့်သူ တစ်ယောက်မျှ လုံးဝ မရှိတော့ပေ။

ထယ်ရှီးက သူ၏ လက်ထဲတွင် သစ်တုံးတစ်တုံးကို ဆုပ်ကိုင်ထားပြီး မြေကြီးထဲသို့ ပြင်းပြင်းထန်ထန် ထိုးစိုက်ချလိုက်ရာ သစ်ပင်အမြစ်က မြေအောက် (၃) ပေခန့် အနက်အထိ တိုက်ရိုက် ဝင်ရောက်သွားပြီး ခိုင်ခံ့သော အုတ်မြစ်သစ်တိုင် တစ်တိုင် ပြီးစီးသွားလေသည်။

ထို့ပြင် ဤကောင်ကြီးက လုံးဝ အားစိုက်ထုတ်ရခြင်း မရှိသည့် အသွင်မျိုးကိုပင် ဖမ်းထားသေး၏။

အစပိုင်းတွင် ချန်းရီက မီးပုံလေးတစ်ခု ဖိုရန်သာ ရည်ရွယ်ထားခဲ့သော်လည်း ထယ်ရှီးဟူသော ခွန်အားကြီးမားသည့် အလုပ်သမား၏ ကူညီမှုကြောင့် ရိုးရှင်းသော သစ်သားတဲလေး တစ်လုံးကိုပင် တိုက်ရိုက် ဆောက်လုပ်နိုင်ခဲ့သည်။

ထယ်ရှီးကဲ့သို့သော ခွန်အားဘုရင်ကြီး ရှိနေသဖြင့် လုပ်ငန်းစဉ် တစ်ခုလုံးမှာ တွေးကြည့်ရန်ပင် ခက်ခဲလောက်အောင် လျင်မြန်လှသည်။

ပန်းကန်လုံး အရွယ်အစားခန့် တုတ်ခိုင်သော သစ်တုံးများကို တဲလေး၏ အလယ်တွင် စုပုံထားလိုက်သည်။ အသက်ရှင်ကျန်ရစ်သူ အချို့က တုန်တုန်ယင်ယင်ဖြင့် မီးခြစ်များကို ကိုင်ကာ မီးစာများကို အရင်ညှိပြီးမှ ဤထင်းများကို မီးကူးရန် ကြိုးစားနေကြသည်။

မီးစာများ မီးလောင်သွားသော်လည်း ရလဒ်အနေဖြင့် သစ်တုံးများကို မီးကူးရန် လုံးဝ မဖြစ်နိုင်ခဲ့ပေ။

အရမ်း စိုထိုင်းလွန်းနေသောကြောင့် ဖြစ်၏။

"ငါပဲ လုပ်လိုက်ပါ့မယ်"

ခေါင်းဆောင်ချူက မီးပုံရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာပြီး သတ္တုမီးခြစ်ကို ထုတ်ယူလိုက်ချိန်တွင် ချန်းရီနှင့် ပန်းရောင်ဆံပင် ကောင်မလေးကို မျက်လုံးထောင့်မှနေ၍ ခိုးကြည့်လိုက်သေးသည်။

ထိုနှစ်ယောက်၏ မျက်နှာပေါ်တွင် ယုတ်မာသော လှောင်ပြောင်သည့် အပြုံးများကို မြင်တွေ့လိုက်ရ၏။

ခေါင်းဆောင်ချူက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မမြင်လိုက်သလိုသာ ဟန်ဆောင်လိုက်သည်။

မီးခြစ်မှ လိမ္မော်နီရောင် မီးတောက်ငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် တဆတ်ဆတ် ခုန်ပေါက်နေသည်။

ချူချယ်က သူ၏ ပါးစပ်ကို ဖောင်းလိုက်ပြီး မီးခြစ်ကို ချိန်ရွယ်ကာ မှုတ်ထုတ်လိုက်သည်။

လိမ္မော်နီရောင် မီးတောက်တန်းကြီး တစ်ခုက တဝုန်းဝုန်းနှင့် ထွက်ပေါ်လာပြီး အနီးအနားရှိ လူများမှာ မျက်နှာဆီသို့ ပြင်းထန်လှသော အပူလှိုင်းများ ရိုက်ခတ်လာသည်ကို ချက်ချင်း ခံစားလိုက်ကြရသည်။

ယခင်က ရှိနေသော ပြင်းထန်လှသည့် အအေးဒဏ်ကို ဤမီးတောက်ကြီးက မောင်းထုတ်ပစ်လိုက်ပြီ ဖြစ်၏။

ခေါင်းဆောင်ချူက မီးခြစ်၏ သတ္တုအဖုံးကို ပိတ်လိုက်ချိန်တွင် တဲလေးအလယ်ရှိ မီးပုံကြီးမှာ "ဖောင်း... ဖောင်း... ဖျောက်... ဖျောက်" ဟူသော ပေါက်ကွဲသံများကို မြည်ဟည်းနေပြီ ဖြစ်သည်။

"ဝေး"

ပတ်ဝန်းကျင်မှ အောင်ပွဲခံ အော်ဟစ်သံများ အစီအရီ ထွက်ပေါ်လာသည်။

အသက်ရှင်ကျန်ရစ်သူ အများအပြား၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားပျော်ရွှင်နေသော အပြုံးများ ပေါ်လာကြသည်။

ချန်းရီသည်လည်း အနည်းငယ် ပို၍ နေလို့ထိုင်လို့ ကောင်းသွားသည်ဟု ခံစားလိုက်ရ၏။

ဒုတိယနေ့ နံနက်ခင်းတွင် ချန်းရီမှာ အအေးဒဏ်ကြောင့် လန့်နိုးလာခဲ့သည်။

မီးပုံကြီး ငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။

မနေ့ညက မီးပုံဘေးတွင် နေထိုင်ကာ အနားယူနေခဲ့ကြသော လူအချို့မှာ ယခုအချိန်တွင် ရေခဲရုပ်တုများကဲ့သို့ အေးခဲနေကြပြီ ဖြစ်သည်။

သူတို့ အသက်ရှင်ရန် လုံးဝ မဖြစ်နိုင်တော့သည်မှာ သိသာထင်ရှားလှသည်။

အအေးဒဏ်ကို ကာကွယ်ပေးနိုင်မည့် ပစ္စည်းများကို ရှာဖွေစုဆောင်းရန်မှာ နှောင့်နှေး၍မရနိုင်တော့သော အရေးတကြီး ကိစ္စတစ်ရပ် ဖြစ်လာခဲ့ချေပြီ။

ထိုအချိန်တွင် ယာဉ်တန်းထဲ၌ လမ်းစဉ် အစွမ်းပိုင်ရှင် အချို့မှလွဲ၍ အသက်ရှင်ကျန်ရစ်သူ (၇၀) ရာခိုင်နှုန်းကျော်မှာ အပူချိန်ကျဆင်းမှုကြောင့် ဖျားနာနေကြပြီ ဖြစ်သည်။

ယာဉ်တန်းကြီးသည် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။

အကယ်၍ ကောင်းစွာ မဖြေရှင်းနိုင်ပါက ယာဉ်တန်းတစ်ခုလုံး လုံးဝ ရပ်တန့်သွားရမည့် အခြေအနေပင် ဖြစ်သည်။

ဆက်ရန်...

All Chapters