← Chapters

အခန်း ၁၁၅

Vol. 6 Ch. 115

အခန်း ၁၁၅

Vol. 6 Ch. 115

အပိုင်း(၁၁၅) အထည်ဆိုင်

ခေါင်းဆောင် ချူချယ်၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ပူပန်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"အားလုံးပဲ... အခု ယာဉ်တန်းက ဒုက္ခအကြီးအကျယ် ရောက်နေပြီ"

"မင်းတို့က သာမန်လူတွေ သေရှင်ရှင် ဂရုမစိုက်ဘူးဆိုတာ ငါသိတယ်... ဒါပေမဲ့ ယာဉ်တန်းထဲက သာမန်လူတွေ အကုန်လုံး သေကုန်မယ်ဆိုရင်... ငါတို့ လူတစ်စုတည်းနဲ့ ဆက်ပြီး အသက်ရှင်နေနိုင်ပါ့မလား"

ဤတစ်ကြိမ်တွင် ချူချယ်သည် တကယ်ကို အနည်းငယ် ထိတ်လန့်နေခဲ့သည်။

"မနေ့ညက ခြောက်ယောက် သေသွားတယ်... နောက်ထပ် လူဆယ်ဂဏန်းလောက် ဖျားနာ သတိလစ်ပြီး ကယောင်ကတမ်းတွေ ပြောနေကြပြီ... ဒီအတိုင်း ဆက်သွားနေရင် ယာဉ်တန်းထဲက လူတွေ အကုန်သေကုန်လိမ့်မယ်"

"ငါတို့ဘက်က လူတွေ အများကြီး သေခဲ့ရပြီးပြီ"

"ထပ်ပြီး သေခိုင်းလို့ မဖြစ်တော့ဘူး"

ထိုစကားကို ပြောလိုက်ချိန်တွင် ချူချယ်၏ အသံမှာ အလွန်တိုးညင်းနေပြီး အနည်းငယ်ပင် အက်ကွဲနေခဲ့၏။

"မင်းတို့ ရိက္ခာသွားရှာတဲ့အခါ ဆေးဝါးတွေ တတ်နိုင်သမျှ များများ သယ်လာခဲ့ကြ... သယ်နိုင်သလောက် သယ်လာခဲ့"

"တကယ်ကို ထပ်ပြီး အသေခံလို့ မဖြစ်တော့ဘူး"

ထိုသို့ပြောဆိုနေစဉ် ချူချယ်က လူအများ၏ မျက်နှာများကို တစ်ယောက်ချင်းစီ လိုက်လံကြည့်ရှုလိုက်သည်။

ထယ်ရှီးက ဦးစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန် ပြတ်သားနေသည်။

"ခေါင်းဆောင်... စိတ်ချပါ... ငါ ဆေးဝါးလုံလုံလောက်လောက် သယ်လာခဲ့မယ်... ဒီကိစ္စကိုသာ ငါ့တာဝန်ထားလိုက်"

တင်းတုံကလည်း သေချာပေါက် အစွမ်းကုန် ကြိုးစားမည်ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်... သတင်းကောင်းကိုသာ စောင့်နေလိုက်တော့"

ချန်းရီ တစ်ယောက်သာ...

ဆေးဝါးများ သယ်လာရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

မိမိကိုယ်တိုင်အတွက် အသုံးဝင်မည် မဟုတ်သည်ကသာ ပြဿနာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူက လမ်းစဉ်အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။ သာမန်အခြေအနေများတွင် လမ်းစဉ်အစွမ်းပိုင်ရှင်များသည် ဖျားနာလေ့မရှိပေ။

အကယ်၍ ဖျားနာခဲ့လျှင်ပင် သာမန်လူများကိုသာ ကုသပေးနိုင်သော ထိုဆေးဝါးများက သူတို့ကဲ့သို့ လမ်းစဉ်အစွမ်းပိုင်ရှင်များအတွက် မည်သည့်အကျိုးမှ ရှိမည်မဟုတ်ပေ။

ဆေးဝါးများ သွားရောက်စုဆောင်းခြင်းက သေချာပေါက် အန္တရာယ်ကို ပိုမိုများပြားစေသည်။

ဤကဲ့သို့သော ကိစ္စမျိုးကို...

သို့သော်... မလုပ်ပါက သေဆုံးမည့်လူများ တကယ်ကို များပြားလာပေလိမ့်မည်။

ယာဉ်တန်းတစ်ခုလုံး အမှန်တကယ် သေကျေပျက်စီးသွားနိုင်သည်။

ချူချယ်၏ ရိုးသားစစ်မှန်သော မျက်လုံးများကို မြင်လိုက်ရချိန်တွင် ချန်းရီက တဖြည်းဖြည်း ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ... ထွက်ကြမယ်"

ကားသုံးစီးသည် စခန်းမှ ထွက်ခွာသွားပြီး နှင်းပွင့်များကို ဖြတ်သန်းကာ အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြသည်။

စခန်းထဲတွင် ကျန်ရစ်နေခဲ့သော အသက်ရှင်ကျန်ရစ်သူများက ထွက်ခွာသွားသော ကားသုံးစီးကို မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့ကြ၏။

ဘာကြောင့် ကားသုံးစီးဖြစ်နေရသလဲဆိုလျှင်...

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ ရှောင်ယွီအပြင် ထယ်ရှီးနှင့် တင်းတုံတို့ လေးယောက်က ကားတစ်စီး စီးကြသည်။

ချန်းရီနှင့် ရွှီနန်တို့က ကမ္ဘာပျက်ကပ် ပစ်ကပ်ကားထဲတွင် ထိုင်လိုက်ကြသည်။

ထိုကောင်လေး မနေ့ညက မည်သို့ ဖြတ်သန်းခဲ့ရသည်ကို မသိရသော်လည်း သူ သေဆုံးသွားခဲ့ခြင်းတော့ မရှိပေ။ အဲ့ဒီအစား ကိုယ်ပေါ်တွင်လည်း အဝတ်အစား အနည်းငယ် ပိုများလာခဲ့သည်။ အားလုံးက တီရှပ်များသာ ဖြစ်နေသော်လည်း ဘာမှမရှိခြင်းထက်တော့ အများကြီး ပိုကောင်းနေသေး၏။

ရိက္ခာများ သွားရောက်စုဆောင်းတိုင်း ယာဉ်တန်း၏ စည်းမျဉ်းမှာ မိမိဆန္ဒအလျောက်သာ ဖြစ်သည်။

သာမန်လူများ ဖြစ်နေလျှင်တောင်မှ အသက်စွန့်ရဲပါက ရိက္ခာများစွာ ရရှိနိုင်သေးပြီး ဤကမ္ဘာပျက်ကပ်ထဲတွင် အတော်အသင့် ကောင်းမွန်စွာ နေထိုင်နိုင်မည် ဖြစ်သည်။

တတိယမြောက် ကားမှာ ကျိုးရှောင်ရှောင်၏ အိမ်စီးကားလေး ဖြစ်သည်။

ကျိုးရှောင်ရှောင်၏ ကားလေးထဲတွင် လူများ အပြည့်ထိုင်နေကြသည်။

ထိုလူများအားလုံးက စွန့်စားကြည့်ရန် တွေးထားကြပြီး စက်ဘီးမှ ဆိုင်ကယ်ဖြစ်လာစေရန် ရည်ရွယ်ထားကြသူများ ဖြစ်သည်။

ကားသုံးစီးပေါ်ရှိ ရိက္ခာပစ္စည်းများ အားလုံးကို အောက်သို့ ချထားခဲ့ကြပြီး ရည်ရွယ်ချက်မှာ ရိက္ခာအသစ်များ တင်ဆောင်ရာတွင် ပိုမို အဆင်ပြေစေရန် ဖြစ်သည်။

ထယ်ရှီး၏ ကျောင်းကားကိုမူ ချန်ထားခဲ့ကြသည်။

ယနေ့ ဖျားနာနေသူ အလွန်များပြားသဖြင့် ထိုကားကို ယာယီ လူနာဆောင်အဖြစ် အသုံးပြုထားရ၏။

ဤတစ်ကြိမ်တွင် ချန်းရီက ရှေ့ပြေးကားအဖြစ် လမ်းဖောက်ပေးခဲ့သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားက နောက်မှ လိုက်ပါလာသည်။

နောက်ဆုံးတွင်မူ ကျိုးရှောင်ရှောင်၏ ကားလေး ဖြစ်သည်။

ယနေ့ နှင်းများက ပို၍ ထူထပ်လာပုံရသည်။

ရွှီနန်သည် ကားထဲတွင် ထိုင်နေရင်း မရပ်မနား တုန်ရီနေသော်လည်း ကားထဲရှိ ပတ်ဝန်းကျင်ကိုမူ အလွန် စပ်စုချင်စိတ်ဖြင့် လေ့လာကြည့်ရှုနေခဲ့သည်။

ယခင်ကဆိုလျှင် ဤကဲ့သို့ စုတ်ချာနေသော ကားမျိုးကို ရွှီနန်က စီးရန်ပင် စိတ်ကူးမည် မဟုတ်ပေ။

ပရိတ်သတ် သန်းဆယ်ချီရှိသော နာမည်ကြီး အင်တာနက်ဆယ်လီ တစ်ယောက်ဖြစ်သည့် ရွှီနန်၏ ကိုယ်ပိုင်ကားမှာ ယွမ်သန်းချီတန်သော ဇိမ်ခံကားတစ်စီး ဖြစ်သည်။

ယခုအခါတွင်မူ ရွှီနန်၏ မျက်လုံးများထဲ၌ အားကျမှုများသာ ပြည့်နှက်နေခဲ့တော့သည်။

ဘာပဲပြောပြော ဤကဲ့သို့ ပြောင်းရွှေ့သွားလာရသည့် ခရီးစဉ်မျိုးတွင် ကားတစ်စီးရှိနေခြင်းက အလွန်တရာ အဆင်ပြေလှသည် မဟုတ်ပါလော။

ယာဉ်တန်းသည် လေတိုက်ခတ်မှုနှင့် နှင်းကျဆင်းမှုများကို အန်တုကာ ရှေ့သို့ ဆက်လက် ချီတက်ခဲ့ကြသည်။

မူလက (၁၂) မိုင်ခန့်သာ ကွာဝေးသော လမ်းခရီးသည် ပုံမှန်အခြေအနေမျိုးတွင် နာရီဝက်မှ တစ်နာရီခန့်သာ ကြာမြင့်မည့် ခရီးစဉ်မျိုး ဖြစ်သည်။

သို့သော် ယာဉ်တန်းသည် တစ်နာရီခွဲတိတိ အချိန်ယူခဲ့ရပြီးမှသာ ရုံမြို့၏ ဆင်ခြေဖုံးဒေသ အစပ်သို့ ရောက်ရှိသွားခဲ့သည်။

အဝေးဆီမှ အနိမ့်အမြင့် အမျိုးမျိုးရှိနေသော အဆောက်အအုံများကို လှမ်းကြည့်လိုက်ပြီး ချန်းရီသည် စိတ်ထဲမှနေ၍ အထူး သတိထားလိုက်တော့သည်။

ဆယ်မိနစ်ကျော် ကြာပြီးနောက်...

ယာဉ်တန်းသည် ရုံမြို့ထဲသို့ ရောက်ရှိသွားခဲ့သည်။

လူသားများ၏ လှုပ်ရှားသွားလာမှုများ မရှိတော့သဖြင့် ဤမြို့ကြီးမှာ ကြောက်ခမန်းလိလိ တိတ်ဆိတ်ငြိမ်သက်နေ၏။

မြေပြင်ပေါ်သို့ နှင်းများ ကျဆင်းလာသည့် အသံကိုပင် ရှင်းလင်းစွာ ကြားနေရသည်။

လမ်းမပေါ်တွင်၊ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ကားများပေါ်တွင်၊ သစ်ပင်များပေါ်တွင် နှင်းများက အလွှာလိုက် ထူထပ်စွာ ဖုံးလွှမ်းနေသည်။

ရာသီမရွေး စိမ်းလန်းနေတတ်သော သစ်ပင်အချို့ကမူ နှင်းများကြားတွင် မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်ကာ စိမ်းလန်းသည့် အရိပ်အယောင် အချို့ကို ပြသနေကြသည်။

လမ်းဘေးရှိ ပန်းခြံငယ်လေးထဲတွင် မက်မွန်ပင် အနည်းငယ် စိုက်ပျိုးထားသည်ကိုပင် ချန်းရီ မြင်တွေ့လိုက်ရသည်။

ပန်းရောင်နှင့် အဖြူရောင်များက တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောယှက်နေကာ အလွန်တရာ လှပနေခဲ့သည်။

အမည်မသိ ငှက်ငယ်လေးများက သစ်ကိုင်းများပေါ်တွင် နားနေကြပြီး ဤဖိတ်ခေါ်မထားသော ဧည့်သည်များကို ခေါင်းစောင်းကာ ကြည့်ရှုနေကြသေး၏။

ချန်းရီတို့ ကားသုံးစီး၏ ဘီးရာများသည် လေးမြားတစ်စင်းအလား မြို့လယ်ခေါင်ဆီသို့ တည့်မတ်စွာ ဦးတည်သွားနေခဲ့သည်။

မလှမ်းမကမ်းရှိ အထပ်မြင့် အဆောက်အအုံတစ်ခုထဲတွင် သေးသွယ်ရှည်လျားသော မျက်လုံးတစ်စုံက ဤဖြစ်ရပ်အားလုံးကို မြွေဟောက်တစ်ကောင်အလား စောင့်ကြည့်နေခဲ့သည်။

လမ်းမပေါ်တွင် ကားအများအပြားက ဖရိုဖရဲ တိုက်မိနေကြပြီး ရှောင်ကွင်း၍ရနိုင်သော အခြေအနေမျိုးတွင် ချန်းရီက ဘေးမှနေ၍ ကွေ့ပတ်မောင်းနှင်သွားသည်။

တကယ် ရှောင်မရတော့သည့် အခြေအနေမျိုးတွင်မူ ချန်းရီက လမ်းပွင့်သွားစေရန် တိုက်ရိုက်ပင် ဝင်တိုက်ပစ်လိုက်သည်။

ဤကဲ့သို့သော ကိစ္စမျိုးသည် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားအတွက် လုံးဝ အသေးအဖွဲ ကိစ္စတစ်ခုမျှသာ ဖြစ်သည်။

"ဆရာချန်း... အဝတ်အစားတွေ... အဝတ်အစားတွေ"

ရွှီနန်က လမ်းဘေးရှိ ဆိုင်တစ်ဆိုင်ကို စိတ်လှုပ်ရှားစွာဖြင့် လက်ညှိုးထိုးပြလိုက်သည်။

ချန်းရီက ရွှီနန် ညွှန်ပြရာဘက်သို့ လိုက်ကြည့်လိုက်ရာ ထိုဆိုင်၏ ဆိုင်းဘုတ်ပေါ်တွင် "XXတိန့်" ဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။

၎င်းသည် ပြည်တွင်းဖြစ် ဆောင်းတွင်းဝတ် အနွေးထည်အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး နိုင်ငံအနှံ့အပြားတွင် သူတို့၏ ဆိုင်ခွဲများ ရှိသည်။

ဆောင်းတွင်းဝတ် အနွေးထည်များ ချုပ်လုပ်ရာတွင် နာမည်ကြီးပြီး ပုံမှန်အချိန်များတွင် အနွေးထည်တစ်ထည်၏ ဈေးနှုန်းမှာ မနည်းလှပေ။

သို့သော် ယခုအခါ ထိုဆိုင်၏ တံခါးမှာ ပွင့်ဟနေသည်။

၎င်းက သူတို့အဖွဲ့ကို အထဲဝင်လာရန် ဖိတ်ခေါ်နေသည့်အလားပင်။

ဘရိတ်ကို ရုတ်တရက် နင်းလိုက်ရာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် နှင်းပြင်ပေါ်တွင် ပေအတော်များများအထိ လျှောတိုက်သွားပြီးမှ ရပ်တန့်သွားတော့သည်။

ကားရပ်သွားသည်နှင့် တစ်ပြိုင်နက် ချန်းရီက ကားတံခါးကို ဖွင့်ကာ အပြင်သို့ ပြေးထွက်သွားသည်။

နောက်မှ ကားနှစ်စီးကလည်း ထိုအခြေအနေကို သေချာပေါက် မြင်တွေ့လိုက်ရသဖြင့် ချန်းရီ၏ နောက်တွင် အသီးသီး ကားရပ်လိုက်ကြသည်။

လူတစ်စုသည် တုန်တုန်ရီရီဖြင့် အံ့သြဝမ်းသာမှုများ အပြည့်နှင့် ကားပေါ်မှ ဆင်းလာကြပြီး ထိုဆောင်းတွင်းဝတ် အနွေးထည်ဆိုင်ဆီသို့ ပြေးသွားကြလေသည်။

"ချန်းရီ... တကယ် မိုက်တယ်ဟေ့... ငါတောင် မမြင်လိုက်မိဘူး"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဝမ်းသာနေသော အသံ ထွက်ပေါ်လာသည်။

"အမဝမ်းကွဲ... ငါ့ကိုလည်း စောင့်ပါဦး... ငါ့အတွက်လည်း တစ်ထည်လောက် ရွေးပေး... အာ... မဟုတ်ဘူး... ဆယ်ထည်လောက်"

ဤဆိုင်ထဲသို့ လူတစ်စု ပြေးဝင်သွားကြပုံမှာ သိုးခြံထဲသို့ ဝံပုလွေအုပ်ကြီး ဝင်ရောက်သွားသည့်အလား သို့မဟုတ် ဆန်အိုးထဲသို့ ကြွက်ကျသွားသည့်အလားပင် ဖြစ်သည်။

ဤဆိုင်၏ အကျယ်အဝန်းမှာ အတော်လေး ကြီးမားလှပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အဝတ်အစားမျိုးစုံကို အပြည့်အမောက် တွေ့မြင်နိုင်၏။

အသက်ရှင်ကျန်ရစ်သူများသည် အထဲသို့ ဝင်လာသည်နှင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အနွေးထည်တစ်ထည်ကို ဆွဲယူကာ ကိုယ်ပေါ်သို့ စွပ်ချလိုက်ကြသည်။

အလွန်အမင်း အေးစိမ့်နေသော ခံစားချက်ကို သူတို့ တစ်စက္ကန့်လေးတောင်မှ မခံစားနိုင်ကြတော့ပေ။

ချန်းရီက အနက်ရောင် အနွေးထည် အရှည်တစ်ထည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သဘောကျသွားသည်။

ဈေးနှုန်းကတ်ကို ကြည့်လိုက်သောအခါ မြတ်စွာဘုရား... ဈေးက ယွမ်တစ်သောင်းကျော်ပင် ရှိနေပြီး ငန်းမွေးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

(၁ယွမ်ကို ၃၀၀ကျပ်နဲ့မြှောက်ရင် ယွမ်တစ်သောင်းဆိုတာ သိန်း၃၀တဲ့)

စမ်းကြည့်လိုက်ရာတွင်လည်း အတော်လေး ထူထဲလှသည်။

ချန်းရီက ဈေးနှုန်းကတ်ကို အားပြင်းပြင်းဖြင့် ဆွဲဖြဲလိုက်ပြီး ထိုယွမ်တစ်သောင်းကျော်တန် အနွေးထည်ကို ကိုယ်ပေါ်သို့ တိုက်ရိုက် စွပ်ချလိုက်ရာ ချက်ချင်းပင် တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။

ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အဓိကထားသည့် အစွမ်းပိုင်ရှင် တစ်ယောက် မဟုတ်သော်လည်း...

ဤကဲ့သို့ အနွေးထည် တစ်ထည်နှင့်ဆိုလျှင် အတော်လေး လုံလောက်နေပြီ ဖြစ်သည်။

အလိုက်သင့်ပင် ဘောင်းဘီတစ်ထည်ကို ရှာဖွေကာ ဝတ်ဆင်လိုက်သည်။

ဆိုင်ထဲတွင် ဆောင်းတွင်းစီး ဖိနပ်ရှည်များလည်း ရှိနေပြီး အသက်ရှင်ကျန်ရစ်သူ အချို့က ထိုဖိနပ်များကို လုယက်ရင်း ရန်ဖြစ်နေကြပြီ ဖြစ်သည်။

ချန်းရီက တိုက်ရိုက် ပြေးသွားပြီး ထိုလူများကို တစ်ယောက်တစ်ချက်စီ ကန်ချကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။ ထို့နောက် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်၏ လက်ထဲမှ ဆောင်းတွင်းစီး ဖိနပ်တစ်ရန်ကို လုယူလိုက်၏။

အလုအယက် ဆွဲထားသဖြင့် တွန့်ကြေနေသော ဆောင်းတွင်းစီး ဖိနပ်ကို သူ ကြည့်လိုက်သည်။

ဘုရားရေ...

ဤဆောင်းတွင်းစီး ဖိနပ်တစ်ရန်၏ ဈေးက ယွမ်သုံးထောင်ကျော်ပင် ရှိနေသည်။ ဒီကောင်တွေ လုနေကြတာ မဆန်းပါဘူးလေ။

ချန်းရီက သူ့ခြေထောက်မှ အတုလား အစစ်လား မသိနိုင်သော အေဂျေဖိနပ်ကို ချွတ်လိုက်ပြီး ဤဆောင်းတွင်းစီး ဖိနပ်ကို ပြောင်းစီးလိုက်သည်။

ကျန်လူများမှာ ဒေါသထွက်နေသော်လည်း ဘာမှ မပြောရဲကြဘဲ အခြားပစ္စည်းများကို အသီးသီး သွားရောက် ရှာဖွေကြလေတော့သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း အဖြူရောင် အနွေးထည်တစ်ထည်ကို ရွေးချယ်လိုက်ရာ သူမကို ပိုမို၍ ဆွဲဆောင်မှုရှိကာ ချစ်စရာကောင်းသွားစေသည်။

သို့သော် သူမ၏ ဖြူဖွေးနေသော ခြေတံရှည်ကြီးများကမူ အပြင်ဘက်တွင် ပေါ်လွင်နေဆဲပင်။

ယခင်က ဆောင်းတွင်းကြီးမှာ အပေါ်က အနွေးထည်ဝတ်ပြီး အောက်ပိုင်းက ခြေထောက်ကို အကာအကွယ်မဲ့ ထားတတ်ကြသော ဖက်ရှင်ဘလော့ဂါများကို ဝေဖန်ကြသည်ကို ချန်းရီ တွေ့ခဲ့ဖူးသည်။ ဤကဲ့သို့သော ဖက်ရှင်မျိုးသည် အရူးတစ်ယောက်၏ လုပ်ရပ်နှင့် အတူတူပင် ဖြစ်သည်။

သို့သော် လမ်းစဉ်အစွမ်းပိုင်ရှင် တစ်ယောက်အတွက်မူ ထိုသို့ ဝတ်ဆင်ခြင်းက ပြဿနာ လုံးဝ မရှိပေ။

ရှောင်ယွီ အတွက်ကတော့...

ဤကောင်မလေးသည် ယခုအချိန်တွင် ကလေးဝတ်အထည် ကောင်တာဘက်၌ လျှောက်ကြည့်နေလေသည်။

ဆက်ရန်...

All Chapters