← Chapters

အခန်း ၁၁၈

Vol. 6 Ch. 118

အခန်း ၁၁၈

Vol. 6 Ch. 118

အပိုင်း(၁၁၈) ထူးဆန်းသော အမျိုးသမီး

"မောင်လေး... ဘာဖြစ်လို့လဲ... တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်လို့လား"

"ငါတို့ရဲ့ သားလေးကို ဘယ်သူကများ အနိုင်ကျင့်ရဲတာလဲ... အသက်မရှင်ချင်တော့လို့လား"

"သားလေး လိမ္မာတယ်နော်... မငိုနဲ့... မငိုနဲ့တော့"

"မြေးလိမ္မာလေး... ဘယ်သူက အနိုင်ကျင့်တာလဲဆိုတာ အဘိုးကို ပြောစမ်း... အဘိုးက လက်စားချေပေးမယ်"

"မြေးလေး... မငိုနဲ့တော့... မြေးလေးကို အနိုင်ကျင့်တဲ့ သူတွေရဲ့ အသည်းနှလုံးကို အဘွားက ကြော်ကျွေးမယ်"

တစ်ခဏချင်းမှာပင် အသံပေါင်းစုံက အစီအရီ ထွက်ပေါ်လာခဲ့သည်။

ကြည်လင်ပြတ်သားသော လူငယ်ကောင်လေး၊ ကောင်မလေးတို့၏ အသံများ၊ ရင့်ကျက်သော လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးတို့၏ အသံများနှင့် အိုမင်းရင့်ရော်နေသော သက်ကြီးရွယ်အို အသံများ ပါဝင်နေ၏။

တစ်ခဏအတွင်း...

မိသားစုတစ်စုလုံး ဤနေရာသို့ ရောက်ရှိနေသကဲ့သို့ပင်။

ချန်းရီက မီးခိုးမြူခိုးများကြားတွင် ပုန်းကွယ်နေရင်း ထိုအသံများကို ကြားလိုက်ရသဖြင့် ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။

တောက်...

ဒါက တစ်မိသားစုလုံး ရောက်နေတာလား။

ယခုအချိန်တွင် ပတ်ဝန်းကျင် ပေ (၃၀၀) ကျော် အကွာအဝေးအတွင်း၌ မီးခိုးမြူခိုးများက လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

"သေချင်နေကြပြီလား... မင်းတို့က ငါတို့ရဲ့ သားငယ်လေးကို အနိုင်ကျင့်တာ မဟုတ်လား"

"သေလိုက်ကြစမ်း"

ကျန်ရစ်သော အသံ ခုနစ်သံကလည်း ထပ်တူညီသော စကားများကိုသာ ပြောဆိုနေကြသဖြင့် ကြားရသူများအဖို့ နားထဲတွင် ထုံကျင်သွားစေသည်။

"သေချင်စော်နံနေတဲ့ ကောင်တွေ... ဒီလိုမှတော့ မင်းတို့ရဲ့ အသည်းနှလုံးတွေကို ထားခဲ့ကြ... ငါတို့ရဲ့ သားငယ်လေးကို ဆီနဲ့ကြော်ကျွေးရမယ်"

"သေချင်စော်နံနေတဲ့ ကောင်တွေ... ဒီလိုမှတော့"

ထပ်မံ၍ အသံ ခုနစ်သံ ထွက်ပေါ်လာပြန်သည်။

"သွားသေလိုက်စမ်း"

ခွန်ရှီးက ခြင်္သေ့ရိုင်းတစ်ကောင်ပမာ ဟိန်းဟောက်လိုက်ကာ ရေဘဝဲကြီး၏ ပွစိပွစိ ပြောဆိုနေမှုများကို ဖြတ်တောက်လိုက်ပြီးနောက် သွေးသား အမြောက်ကြီးက တစ်ဖန် ထွက်ပေါ်လာခဲ့သည်။

အမြောက်ပြောင်းကြီးက ပူဖောင်းငါးတစ်ကောင်ကဲ့သို့ ဖောင်းကားလာ၏။

"ဘုန်း"

အဖြူရောင် အငွေ့များ ပါဝင်သော ဖောက်ထွင်းမြင်ရသည့် လေအမြောက်ဆန်ကြီးက ရေဘဝဲကြီးဆီသို့ ပြင်းထန်စွာ ပစ်ခတ်သွားလေသည်။

မီးခိုးများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ဝေလငါးကြီးသည် ပုံသဏ္ဌာန်မဲ့စွာ လွင့်စင်ပျောက်ကွယ်သွားပြီး အခြားတစ်ဖက်တွင်မူ ပို၍ ကြီးမားသော ကောင်းကင်ဝေလငါးကြီး တစ်ကောင်က ပုံဖော်နေပြီ ဖြစ်သည်။

"သွားစမ်း"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ပျံသန်းနေသော ဓားပျံသည် လျှပ်စီးအလား လျင်မြန်လှပြီး ၎င်း၏ စုပ်ခွက်လက်တံ နှစ်ချောင်းကို တိုက်ရိုက် ခုတ်ဖြတ်ပစ်လိုက်သည်။

မီးခိုးမြူခိုးများကြားတွင် လူရိပ်တစ်ခုက လက်တံများကြား၌ လှစ်ခနဲ လှစ်ခနဲ လှုပ်ရှားနေပြီး လူ့မျက်နှာကြီးဆီသို့ အလွန် လျင်မြန်စွာ ချဉ်းကပ်သွားလေသည်။

နှင်းမုန်တိုင်းကြားတွင် အသံနေအသံထား မျိုးစုံဖြင့် ရွတ်ဆိုနေသော ဂါထာမန္တန်သံများက အပိုင်းလိုက် ထွက်ပေါ်လာ၏။

ရေဘဝဲကြီးကို ဗဟိုပြု၍ ထူးဆန်းသော လှိုင်းသဏ္ဌာန် စွမ်းအားများက ပြန့်ကျဲထွက်ပေါ်လာသည်။

အလွန် ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်ရပ်က လေဟာနယ်အတွင်း၌ တုန်ခါသွားခဲ့သည်။

ချန်းရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခုကို စုပ်ယူခံနေရသကဲ့သို့ ခံစားလိုက်ရသည်။

ဒါက...

"ဟီးဟီးဟီးဟီး... ဒါက အသက်စွမ်းအင်ကို စုပ်ယူတဲ့ စွမ်းအားစက်ကွင်းပဲ... ငါ့ကို အနိုင်ကျင့်တဲ့ ကောင်တွေ... အနိုင်ကျင့်တဲ့ ကောင်တွေ"

"ကိုကြီး... မမ... ဖေဖေ မေမေ... ဘိုဘိုး... ဘွားဘွား... သူတို့ကို သတ်ပစ်... အသေသတ်ပစ်"

ကလေး တစ်ယောက်၏ စူးရှပြီး အငြိုးတကြီး ရှိနေသော အသံက ထွက်ပေါ်လာသည်။

"ဆရာချန်း... ကယ်... ကယ်ပါဦး"

အသက်ရှင်ကျန်ရစ်သူ အမျိုးသားတစ်ဦးက ရုန်းကန်ရင်း ချန်းရီထံသို့ အကူအညီ တောင်းခံလိုက်သည်။

ထိုအမျိုးသားသည် မူလက အလွန် တောင့်တင်းသန်မာသူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ရုတ်တရက် ပိန်ချုံးသွားသကဲ့သို့ မျက်စိရှေ့မှာပင် သိသိသာသာ ပိန်လှီခြောက်ကပ်သွားတော့သည်။

ချန်းရီက ယခုအချိန်တွင် သူ့ကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။

သူက သွေးရောင်လမင်း အသက်ရှူကျင့်စဉ်ထဲရှိ နည်းလမ်းကို အလျင်အမြန် အသုံးပြုလိုက်သည်။

အသက်ရှူကျင့်စဉ်၏ အဓိက အနှစ်သာရမှာ သွေးရောင်လမင်း၏ စွမ်းအင်များကို စုပ်ယူနိုင်ရန်အတွက် ခန္ဓာကိုယ်၏ တုန်ခါမှုနှုန်းကို ချိန်ညှိပေးခြင်းပင် ဖြစ်သည်။

၎င်းမှာလည်း စွမ်းအင်များကို စုပ်ယူခြင်းပင် မဟုတ်ပါလော။

ချန်းရီကလည်း ဤနည်းလမ်း အလုပ်ဖြစ်မည်၊ မဖြစ်မည်ကို မသိသော်လည်း ဤအချိန်တွင် သူ့၌ အခြား ပိုကောင်းသော နည်းလမ်း မရှိတော့ပေ။

ခန္ဓာကိုယ်အတွင်းမှ စုပ်ယူခံနေရသော ခံစားချက်ကြီး ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်ရသည်။

ထိုအခါမှသာ ချန်းရီက အခြားသူများကို လှမ်းကြည့်လိုက်၏။

ထယ်ရှီး တစ်ယောက်ကမူ လုံးဝ တုံ့ပြန်မှု မရှိချေ။ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး မျက်နှာပေါ်ရှိ ဒေါသများက ပို၍ ကြီးထွားလာကာ သူ၏ လှုပ်ရှားမှုအဟုန်မှာလည်း အတော်လေး နှေးကွေးသွားသကဲ့သို့ ရှိသည်။

သို့သော် ထိုကောင်က အမြောက်ပြောင်းကို ချိန်ရွယ်ကာ နောက်တစ်ချက် ထပ်ပစ်ရန် ပြင်ဆင်နေသေးသည်။

တင်းတုံမှာမူ အနည်းငယ် ထိခိုက်သွားပုံရပြီး နှင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေလေသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာမှာလည်း အလွန် ဆိုးရွားနေပြီး ပါးစပ်မှ တစ်စုံတစ်ခုကို တတွတ်တွတ် ရွတ်ဆိုနေ၏။

လူအများစု ထိခိုက်သွားသည်ကို မြင်လိုက်ရသောအခါ ချန်းရီ၏ မျက်နှာက မည်းမှောင်သွားတော့သည်။ ဤအတိုင်း ဆက်သွားနေပါက အားလုံး သေကုန်ကြပေလိမ့်မည်။

"ဝူး... ဝူး... ဝူး"

ဝေလငါး၏ ရှည်လျားသော အော်သံကြီး ထွက်ပေါ်လာပြီး ပေ (၁၅၀) ခန့် အရွယ်အစားရှိသော မီးခိုးများဖြင့် ဖွဲ့စည်းထားသည့် ဝေလငါးကြီးက နှိုင်းယှဉ်၍မရနိုင်သော အရှိန်အဝါများဖြင့် ပြင်းထန်စွာ ဝင်တိုက်လိုက်လေသည်။

ချန်းရီက ကောင်းကင်ဝေလငါးကြီး မည်သို့ တိုက်ခိုက်သည်ကို ယခင်က တစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။

ထို့ကြောင့် ကောင်းကင်ဝေလငါးကြီးကိုသာ တိုက်ရိုက် ဝင်တိုက်ခိုင်းလိုက်ခြင်း ဖြစ်သည်။

ဧရာမ ဝေလငါးကြီး၏ ဝင်တိုက်မှုကြောင့် ရေဘဝဲကြီးမှာ လေထဲတွင် အကြိမ်ပေါင်းများစွာ လွင့်စင်လည်ထွက်သွားပြီး လေဟုန်ထဲ၌ အဝေးသို့ လွင့်မျောသွားကာ အထပ် ဆယ်ချီ မြင့်မားသော လူနေတိုက်ခန်း တစ်လုံးကို ဝင်တိုက်မိ၍ ပြိုကျသွားစေသည်။

၎င်းက ရေဘဝဲကြီး၏ ဂါထာမန္တန် ရွတ်ဆိုမှုကို ဖြတ်တောက်လိုက်ခြင်းပင်။

ထိုအခါမှသာ အားလုံးက သက်ပြင်းတစ်ချက် ချနိုင်သွားကြ၏။

သူတို့အားလုံးက နှင်းမုန်တိုင်းကြားတွင် တဖြည်းဖြည်း ပြိုကျနေသော လူနေတိုက်ခန်းကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

သေသွားပြီလား။

တကယ်ပဲ သေသွားပြီလား။

"အားးးးးးးးး"

ပြိုကျနေသော တိုက်ခန်းအပျက်အစီးများကြားမှ အလွန်တရာ စူးရှပြီး ကြေကွဲဖွယ် ကောင်းသော အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာသည်။

ပူဆွေးသောက ရောက်နေသော၊ စူးရှသော၊ အငြိုးတကြီး ဖြစ်နေသော၊ တောင်းပန်နေသော မရေမတွက်နိုင်သည့် အသံပေါင်းများစွာက နားထဲသို့ ဝင်ရောက်လာ၏။

ထိုအသံများကြောင့် နားထောင်နေသူများအဖို့ ခေါင်းမူးနောက်သွားစေသည်။

ဒါက... စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလား။

"အစ်ကိုကြီး... ဘာလို့ ဒီလောက် ရက်စက်ရတာလဲ... ညီမလေးကို ဒီလိုမျိုး နာကျင်အောင် လုပ်ရက်တယ်လား... ညီမလေး တအား နာနေပြီ"

သနားကြင်နာလိုသော ခံစားချက်များက ရင်ထဲတွင် ပေါ်ပေါက်လာပြီး အလွန် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ထိုသနားကြင်နာမှု ခံစားချက်က ရင်ခေါင်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွား၏။

သို့သော် ချန်းရီက အလျင်အမြန်ပင် အသိပြန်ဝင်လာခဲ့သည်။

သနားကြင်နာရမယ် ဟုတ်လား။

အသက်ရှင်သန်နိုင်ဖို့အတွက် ဒီလို ခံစားချက်မျိုးကို ချန်းရီ ဆိုတဲ့ ငါက လွှင့်ပစ်ခဲ့တာ ကြာပြီ။

ဟိုးအရင်တုန်းက ငါ့ရဲ့ ညစာကို လုစားခဲ့တဲ့ ကလေး... အခုလောက်ဆို သူ့သင်္ချိုင်းပေါ်က မြက်တွေတောင် ရှည်နေလောက်ပြီ။

"လူလေး... အဘိုးက အသက်အရွယ် ကြီးရင့်နေပါပြီ... မင်းက ဘာလို့ ဒီလိုမျိုး လုပ်ရက်ရတာလဲ... ဆရာတွေက လူကြီးသူမတွေကို ရိုသေပြီး ကလေးတွေကို ချစ်ခင်ဖို့ သင်မပေးခဲ့ဘူးလား"

အပြစ်ရှိသလို ခံစားချက်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချန်းရီက ထိုခံစားချက်များကို အဝေးသို့ လွှင့်ပစ်လိုက်သည်။

အပြစ်ရှိသလို ခံစားရမယ် ဟုတ်လား... ခင်ဗျားတို့ရဲ့ ပင်စင်လစာက ကျုပ်ထက်တောင် အများကြီး ပိုများသေးတာ... ကျုပ်က ဘာကိစ္စ အပြစ်ရှိသလို ခံစားရမှာလဲ။

"လူငယ်လေး"

ခံစားချက် တစ်ခု ပေါ်ထွက်လာတိုင်း ချန်းရီက တုံဆိုင်းခြင်း အလျဉ်းမရှိဘဲ လုံးဝ ချေမှုန်းပစ်လိုက်သည်။

သံမဏိလို ခိုင်မာသော နှလုံးသား ပိုင်ရှင် ချန်းရီသည် မိမိကိုယ်ကို အပြစ်ရှိသလို ခံစားရစေရန်၊ နောင်တရစေရန်နှင့် သနားကြင်နာမှု ဖြစ်ပေါ်စေရန် လှုံ့ဆော်လာသော ခံစားချက်များကို ရင်ဆိုင်ရချိန်တွင် လုံးဝ အားနည်းချက် မရှိသော အခြေအနေတွင် ရှိနေသည်။

အသက်ရှင်သန်နိုင်ရန်အတွက် ချန်းရီက မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အရာအားလုံးက ရှင်သန်ရေးအတွက်သာ ဖြစ်၏။

ချန်းရီက ဤသို့ လုပ်ဆောင်နိုင်သော်လည်း အခြားသူများကမူ လုပ်နိုင်စွမ်း မရှိကြပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာမှာ ရဲတက်နေပြီး ချိတုံချိတုံဖြင့် ရုန်းကန်နေပုံရသည်။

ထယ်ရှီး၏ ခေါင်းနှစ်လုံးကြားတွင်လည်း ပြင်းထန်သော သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေ၏။

"ခွန်ရှီး... မင်း ဘာလို့ ဒီလို လုပ်ရတာလဲ... သူတို့က တအား သနားဖို့ ကောင်းနေပြီကို"

"ပါးစပ် ပိတ်ထားစမ်း"

ခွန်ရှီးသည် ထယ်ရှီး၏ ဆုံးမစကားများကြောင့် ဒေါသထွက်လွန်း၍ ဘာလုပ်ရမှန်းပင် မသိတော့ပေ။

တင်းတုံကလည်း ခေါင်းငုံ့ကာ ချိတုံချိတုံ ဖြစ်နေပြီး ရှေ့သို့ ခြေနှစ်လှမ်း တက်လိုက်၊ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက် ဖြစ်နေသည်။

အားလုံးက ကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်သန်လာခဲ့ကြသူများ ဖြစ်ရာ အသုံးမဝင်သော စိတ်ခံစားချက်များကြောင့် ဤမျှ လွယ်ကူစွာ လွှမ်းမိုးခံရမည် မဟုတ်ပေ။

သို့သော် ဤအစွမ်း၏ ကြောက်မက်ဖွယ် ကောင်းလှသော အချက်မှာ စိတ်ခံစားချက်များကို အဆမတန် ကြီးထွားလာစေခြင်းပင် ဖြစ်သည်။

အပျက်သဘောဆောင်သည့် ခံစားချက် အနည်းငယ် ရှိနေရုံမျှဖြင့် သင့်၏ စိတ်ခံစားချက် တစ်ခုလုံးကို လွှမ်းမိုးနိုင်လောက်သည့်အထိ ချက်ချင်း ကြီးထွားလာစေနိုင်သည်။

ပြိုကျသွားသော လူနေတိုက်ခန်း အပျက်အစီးများကြားမှ ဧရာမ ရေဘဝဲကြီး ထွက်ပေါ်လာခဲ့သည်။

ယခုလေးတင် တိုက်ခိုက်မှုသည် အသက်အန္တရာယ် မဖြစ်စေဘဲ ရေဘဝဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် သေးငယ်သော ဒဏ်ရာအချို့ကိုသာ ရရှိစေခဲ့သည်။

သို့သော် ထိုသေးငယ်သော ဒဏ်ရာများသည်ပင် အသက်အကြိမ်အနည်းငယ် ရှူသွင်းလိုက်ရုံဖြင့် အပြည့်အဝ ပြန်လည်ကောင်းမွန်သွားခဲ့ပြီး လုံးဝ ဒဏ်ရာမရခဲ့သကဲ့သို့ ဖြစ်သွား၏။

မျက်လုံး အစုံလိုက်က ချန်းရီကို အငြိုးတကြီး စိုက်ကြည့်နေကြသည်။

ချန်းရီ၏ နဖူးထောင့်တွင် ချွေးစေးတစ်ပေါက် ကျလာခဲ့သည်။

တောက်...

ဒီကောင်ကို ဘယ်လို တိုက်ရမှာလဲ။

ငါနဲ့ ခွန်ရှီးကလွဲပြီး ဒီအရူးတွေက အခုချိန်ထိ အသုံးမဝင်တဲ့ စိတ်ခံစားချက်တွေကြားမှာ ဗျာများနေကြတုန်းပဲ။

ချန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။

ထွက်ပြေးရမယ်။

ယှဉ်တိုက်လို့ မရနိုင်ဘူး...

မပြေးရင် သေဖို့ပဲ ရှိတယ်။

မနိုင်နိုင်မှန်း သိလျက်နဲ့ သွားပြီး သေခံတာက အရူးတွေရဲ့ လုပ်ရပ်ပဲ။

ဟိုးအရင်တုန်းက ဟန်လောင်မိုတောင် မနိုင်တဲ့ ရန်သူနဲ့ တွေ့ရင် ထွက်ပြေးခဲ့တာပဲ။ ဒါက ရှက်စရာ မဟုတ်ဘူး။

ဒါပေမဲ့... ဘယ်လို ပြေးရမှာလဲ...

ပြေးလို့ လွတ်ပါ့မလား။

"သွေးမျက်ရည်က ကရုဏာ... အရိုးစုတွေက နတ်ဘုရားလမ်းစဉ်... အရှင်သခင်က အထက်စီးမှ... ကမ္ဘာပျက်ကပ်ကို သက်သေပြု"

နှင်းမုန်တိုင်းကြားတွင် အမည်းရောင် ဝတ်ရုံရှည်များ ဝတ်ဆင်ထားသော လူတစ်စုက အဝေးမှ လျှောက်လာကြသည်။

ထိုသူများ၏ မျက်နှာများကို ရှင်းလင်းစွာ မမြင်ရပေ။ လူတိုင်းက လက်အုပ်ချီကာ နဖူးပေါ်တွင် တင်ထားပြီး လက်မများက နဖူးကို ဖိကပ်ထားကာ ပါးစပ်မှ တစ်စုံတစ်ခုကို တတွတ်တွတ် ရွတ်ဆိုနေကြ၏။

ထိုအသံများက လေပြင်း၊ နှင်းမုန်တိုင်းများနှင့်အတူ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။

ဒါက... လူတွေလား။

ရုံချန်မြို့မှာ အသက်ရှင်နေတဲ့ လူတွေ ရှိနေသေးတာလား။

ဒါက... ဘယ်လိုလုပ်ပြီး... အသက်ရှင်နေတဲ့ လူတွေ ရှိနိုင်မှာလဲ။

လူများကို ပို၍ ကြက်သီးထသွားစေသည်မှာ ထိုလူအုပ်ကြားတွင် လူနှစ်ယောက်က ထမ်းစင်တစ်ခုကို ထမ်းလာခြင်းပင် ဖြစ်သည်။

ထမ်းစင် ဆိုသည်မှာ ခရီးသွားနေရာများတွင် အတွေ့ရများသော အမျိုးအစားဖြစ်ပြီး ရှေ့နောက် လူနှစ်ယောက်က ဝါးလုံးနှစ်ချောင်းကို ထမ်းထားကာ ထိုဝါးလုံးများကြားတွင် ကုလားထိုင် တစ်လုံး ပါရှိသည်။

တောင်ပေါ်သို့ ကိုယ်တိုင် မတက်နိုင်၊ မဆင်းနိုင်သော ခရီးသွားများက ထိုကဲ့သို့သော ထမ်းစင်များကို ရွေးချယ်တတ်ကြသည်။

ယခုအချိန်တွင်မူ...

နှင်းမုန်တိုင်းကြားရှိ ထိုထမ်းစင်ပေါ်တွင် အလွန်တရာ ဆွဲဆောင်မှု ရှိလွန်းလှသော အမျိုးသမီး တစ်ဦးက ထိုင်နေသည်။

ထိုအမျိုးသမီး၌ မီးတောက်များကဲ့သို့ နီရဲနေသော ဆံပင်ရှည်များ၊ နီရဲနေသော နှုတ်ခမ်းများနှင့် နီရဲနေသော ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထား၏။

အရာအားလုံးက မီးတောက်များပမာ နီရဲနေသည်။

ထိုအမျိုးသမီးက မျက်လုံးများကို မှိတ်ထားခြင်းသာ ဖြစ်သည်။

ယင်းကပင် လူများကို အလွန်တရာ ဆွဲဆောင်နိုင်သော ခံစားချက်ကို ပေးစွမ်းနေ၏။

ထိုအမျိုးသမီးကို တစ်ချက် ကြည့်လိုက်ရုံဖြင့် လူများ၏ ရင်ထဲတွင် ကြောင်ပေါက်လေး တစ်ကောင်က ကုတ်ခြစ်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

"ဒီမိန်းမကို ရအောင် ယူရမယ်... မဟုတ်ရင် တစ်သက်လုံး ကျေနပ်နိုင်မှာ မဟုတ်ဘူး" ဆိုသည့် အတွေးမျိုးကို ဖြစ်ပေါ်လာစေသည်။

သို့သော် ဤအမျိုးသမီး၏ အရပ်အမောင်းမှာ မယုံနိုင်လောက်အောင် မြင့်မားလွန်းလှသည်။ ထမ်းစင်ပေါ်ရှိ ကုလားထိုင်တွင် ထိုင်နေရုံမျှဖြင့် လူများက ထမ်းထားသော်ငြားလည်း သူမ၏ ခြေတံရှည်ကြီးများမှာ မြေပြင်သို့ ထိလုနီးပါး ဖြစ်နေ၏။

အကြမ်းဖျင်း ခန့်မှန်းရလျှင် ဤအမျိုးသမီးသာ မတ်တတ်ရပ်လိုက်ပါက (၁၀) ပေ ကျော်မျှ မြင့်မားပေလိမ့်မည်။

သူမ၏ ဘေးနားရှိ ခေါင်းငုံ့ထားသော ဝတ်ရုံရှည်နှင့် လူတစ်ယောက်၏ လက်ထဲတွင် ဧရာမ သွေးရောင် တံစဉ်းကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး ထိုတံစဉ်းကြီးမှာ သွေးသစ်များဖြင့် လတ်တလော ဆေးကြောထားသကဲ့သို့ နီရဲနေလေသည်။

ပို၍ ပြင်းထန်သော ကြက်သီးထဖွယ် ခံစားချက်ကြီးက ချန်းရီ၏ ရင်ထဲသို့ လွှမ်းမိုးဝင်ရောက်လာခဲ့သည်။

"ဒါက... တောက်... နောက်ထပ် ထူးဆန်းတဲ့အရာ တစ်ကောင်ပဲ"

ဆက်ရန်...

All Chapters