အခန်း ၁၁၉
Vol. 6 Ch. 119
အပိုင်း(၁၁၉) နတ်ကိုးကွယ်ခြင်း လမ်းစဉ်
လက်ရှိအချိန်တွင် ချန်းရီ၏ အခြေအနေမှာ အမြီးတက်နင်းခံလိုက်ရသော ကြောင်တစ်ကောင်နှင့် တူနေသည်။
ထူးဆန်းသောအရာ တစ်ကောင်တည်းကိုပင် ရင်ဆိုင်ရန် ဤမျှ ခက်ခဲနေခဲ့သည်။
ယခု နောက်ထပ်တစ်ကောင် ထပ်ရောက်လာပြန်ပြီ။
ဒီကမ္ဘာကြီးကတော့ ရူးသွပ်နေခဲ့တာ ကြာပြီထင်၏။
ချန်းရီက သူ၏ ခန္ဓာကိုယ်ကို မီးခိုးမြူများထဲတွင် လုံးဝ ဖုံးကွယ်ထားလိုက်ပြီး မီးခိုးမြူများ၏ နယ်ပယ်ကို နောက်တစ်ကြိမ် ထပ်မံ ချဲ့ကားလိုက်သည်။
ထို့နောက် သူ၏ ကိုယ်ငွေ့သက်များကို လုံးဝ ဖုံးကွယ် ဖြတ်တောက်လိုက်တော့သည်။
မလှမ်းမကမ်းရှိ ထိုလူစုထဲမှ ခေါင်းဆောင်ဖြစ်သူက ဤဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာ၏။
သို့သော် အစိုးရိမ်ဆုံးဖြစ်နေသူမှာ ချန်းရီ မဟုတ်ပေ။
ထို ရေဘဝဲကောင်ကြီးပင် ဖြစ်သည်။
ထိုအမျိုးသမီး ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ရေဘဝဲကောင်ကြီးမှာ လည်ပင်း အညှစ်ခံထားရသကဲ့သို့ ဖြစ်သွား၏။
အမျိုးသမီးဘက်သို့ လှည့်နေသော ဘက်မှ အိုမင်းနေသည့် လူမျက်နှာနှစ်ခုပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ ပေါ်လာသည်။
"မင်း... မင်း... ဘယ်လိုလုပ် ရောက်လာတာလဲ" ယောက်ျားအို မျက်နှာက ထစ်အစွာဖြင့် မေးလိုက်သည်။
"ချန်အဘိုးအို... မယ်တော်က ပြောတယ်... ခင်ဗျား စည်းကျော်နေပြီတဲ့"
ဤ မျက်နှာရှစ်ခုပါ ရေဘဝဲကောင်ကြီး၌ ကိုယ်ပိုင် နာမည် ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ပေ။
စကားပြောလိုက်သူမှာ ထိုအမျိုးသမီး မဟုတ်ဘဲ ခေါင်းဆောင်ဖြစ်သည့် အမျိုးသားပင်။ ထိုအမျိုးသားသည် ပါးလွှာသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်မောင်း ကောင်းသော်လည်း အဝတ်အစားများများစားစား ဝတ်ဆင်ထားခြင်း မရှိသည်ကို သိသာစွာ မြင်တွေ့နိုင်သည်။
အင်္ကျီများကို သုံးထပ်မက ထပ်ဝတ်ထားသော ချန်းရီတို့ဘက်နှင့်ဆိုလျှင် ကွာခြားချက်က ကြီးမားလွန်းလှသည်။
"မင်း... မင်း"
အဘိုးအို၏ မျက်နှာမှာ အနည်းငယ် ကြောက်လန့်နေပြီး စကားပင် ဖြောင့်အောင် မပြောနိုင်တော့ပေ။
ထိုအစား အဘွားအို၏ မျက်နှာက ဝင်ပြောလိုက်သည်။
"တကယ်ကို တောင်းပန်ပါတယ်... ကျွန်မတို့ ငတ်နေတာ ကြာလှပြီမို့ တွေ့တွေ့ချင်း မအောင့်နိုင်ဖြစ်သွားရတာပါ... အခုပဲ သွားပါ့မယ်... အခုပဲ ထွက်သွားပါ့မယ်"
ပြောပြီးသည်နှင့် ရေဘဝဲကောင်ကြီးက လှည့်ထွက်သွားတော့သည်။
လှည့်လာသောဘက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အမျိုးသမီး မျက်နှာနှစ်ခုပေါ်တွင် အလွန်အမင်း ထိတ်လန့်နေသော အမူအရာများ ရှိနေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။
"အခုမှ သွားချင်လို့... နောက်ကျသွားပြီ"
"မယ်တော်က ပြောတယ်... သင်တို့မှာ အပြစ်ရှိတယ်တဲ့"
ထိုသို့ပြောပြီးနောက် အရပ်ရှည်ရှည်နှင့် ခေါင်းဆောင်အမျိုးသားက ဝေါယာဉ်ပေါ်မှ ဆွဲဆောင်မှုရှိသော အမျိုးသမီးဘက်သို့ လှည့်ကာ ဒူးထောက်လိုက်သည်။ "မယ်တော်... ခြေလက်ရှစ်ဖက် လူမျက်နှာက သဘောတူညီချက်ကို မလိုက်နာတဲ့အတွက် မယ်တော်ရဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးပါ"
ထိုစကားကို ကြားလိုက်ရသည်နှင့် ခြေလက်ရှစ်ဖက် လူမျက်နှာဟု ခေါ်သော ရေဘဝဲကောင်ကြီးမှာ ပို၍ပင် လျင်မြန်စွာ ထွက်ပြေးလေတော့သည်။
မျက်နှာပေါ်ရှိ အမူအရာများကလည်း ပို၍ ထိတ်လန့်လာ၏။
မယ်တော်ဟု အခေါ်ခံရသော အနီရောင်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးသည် ခြေနှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဝေါယာဉ်ပေါ်မှ တိုက်ရိုက် မတ်တတ်ရပ်လိုက်သည်။
ထိုအချိန်ကျမှပင် ထိုအမျိုးသမီးသည် ခြေဗလာဖြစ်နေကြောင်းကို ချန်းရီ ထိတ်လန့်စွာ သတိထားမိလိုက်သည်။
နှင်းပြင်ပေါ်တွင် နင်းထားသော လှပသည့် ထိုခြေထောက်အစုံမှာ အံ့မခန်း ဆွဲဆောင်မှု ရှိလှသည်။
အမျိုးသမီး၏ လှုပ်ရှားမှုများကြားတွင် အနီရောင်ဂါဝန်လေးမှာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး တစ်ချက်လေး ငေးကြည့်မိလိုက်ရုံဖြင့်ပင် ချန်းရီ၏ သွေးကြောများ ပွက်ပွက်ဆူလာသကဲ့သို့ ခံစားလိုက်ရသည်။
ရှည်လျားလှသည်... တကယ်ကို ရှည်လျားလှပေသည်။
ချန်းရီကိုယ်တိုင် မိန်းမလှများကို စိတ်မဝင်စားတတ်ဟု ခံယူထားသော်လည်း ထိုမြင်ကွင်းကြောင့် နောက်ထပ် တစ်ချက်လောက် ထပ်ကြည့်ချင်စိတ်များပင် ဖြစ်ပေါ်လာရသည်။
ဤအမျိုးသမီးသည် သဘာဝတရား၏ အချစ်တော်ပင် ဖြစ်ရမည်။ အကောင်းဆုံးဆိုသည့် အရာအားလုံးက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စုဝေးနေသကဲ့သို့ပင်။
နှမြောစရာကောင်းသည်မှာ... ဤအမျိုးသမီးက ထူးဆန်းသောအရာ တစ်ကောင် ဖြစ်နေခြင်းပင်။
အမျိုးသမီးက ဘေးနားရှိ သွေးရောင် တံစဉ်းကောက်ကြီးကို လှမ်းယူလိုက်ပြီး ပိတ်ထားသော မျက်လုံးများဖြင့် ခြေလက်ရှစ်ဖက် လူမျက်နှာ ထွက်ပြေးသွားရာ လမ်းကြောင်းဆီသို့ မျက်နှာမူလိုက်သည်။
တံစဉ်းကောက်ကြီးကို မြှောက်ကာ ဖွဖွလေး တစ်ချက် ဝှေ့ယမ်းလိုက်၏။
သွေးရောင် ဓားသွားတစ်ခု လွင့်စင်ထွက်သွားသည်။
"အား"
"မလုပ်ပါနဲ့"
"ကျွန်တော် မှားသွားပါတယ်... တစ်ကြိမ်လောက်တော့ ခွင့်လွှတ်ပေးပါ"
စူးစူးဝါးဝါး အော်ဟစ်သံအချို့ ထွက်ပေါ်လာသည်။
ထို့နောက် ခြေလက်ရှစ်ဖက် လူမျက်နှာကြီးမှာ သွေးရောင်ဓားသွားကြောင့် ထက်ပိုင်းပြတ်သွားသည်ကို မြင်လိုက်ရသည်။ သို့သော် နှစ်ပိုင်းကွဲသွားသော ခန္ဓာကိုယ်များက ဆက်လက် ထွက်ပြေးနေဆဲပင်။
ထို ခန္ဓာကိုယ် နှစ်ပိုင်းသည် ပြန်လည် ပေါင်းစပ်ရန် ကြိုးစားနေသော်လည်း မည်သို့မျှ ပေါင်းစပ်၍ မရတော့ပေ။
ချန်းရီ၏ အံ့သြမှင်တက်နေသော အကြည့်များအောက်တွင် ခြေလက်ရှစ်ဖက် လူမျက်နှာကြီးမှာ အဝေးသို့ တဖြည်းဖြည်း လွင့်ပျံသွားတော့သည်။
အခြား အဖွဲ့ဝင်များမှာ မီးခိုးမြူများဖြင့် ဖုံးကွယ်ထားခြင်း ခံရသော်လည်း အပြင်ဘက်မှ အခြေအနေများကို မြင်တွေ့နိုင်ရန်အတွက် ချန်းရီက မြင်ကွင်းအချို့ကို ချန်ထားပေးခဲ့သည်။
သူတို့အားလုံး၏ မျက်နှာများမှာလည်း မကောင်းလှပေ။
သူတို့လူစု ဘာမှမတတ်နိုင်ခဲ့သော ခြေလက်ရှစ်ဖက် လူမျက်နှာကြီးသည် ဤအမျိုးသမီးရှေ့တွင် ဤမျှလောက်အထိ ကြောက်လန့်တုန်လှုပ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဝံပုလွေတစ်ကောင် ထွက်သွားတော့ ကျားတစ်ကောင် ရောက်လာသလိုပင်။
အမျိုးသမီးက ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝေါယာဉ်ပေါ်သို့ ပြန်သွားကာ လှဲလျောင်းနေလိုက်သည်။
လက်ထဲမှ သွေးရောင် တံစဉ်းကောက်ကြီးသည်လည်း ဘေးနားရှိ လူ၏ လက်ထဲသို့ ပြန်ရောက်သွား၏။
ဖြစ်စဉ်တစ်ခုလုံးက ရိုးရှင်းပြီး အလွန် ထိရောက်လှသည်။
ထိုအချိန်ကျမှသာ ခေါင်းဆောင်အမျိုးသားက မတ်တတ်ရပ်လိုက်ပြီး မီးခိုးမြူများ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
"မိတ်ဆွေတို့... ထွက်လာပြီး တွေ့ဖို့ အချိန်တန်ပြီ မဟုတ်လား... ဒီလို လုပ်နေတာက ရိုင်းရာကျ မနေဘူးလား"
"ငါလည်း လူပါပဲ... သူတို့ကလည်း လူတွေပါ... ဘာအန္တရာယ်မှ မရှိပါဘူး"
ယခုအချိန်တွင် ချန်းရီတို့ လူစုလည်း တစ်နေရာတည်းတွင် စုဝေးမိနေကြပြီ ဖြစ်သည်။
အချင်းချင်း အလွန်နီးကပ်စွာ ရှိနေကြသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် အတိုင်းသား မြင်နေရသည်။
ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို တွန်းလိုက်ပြီး "နင်က ငါတို့ ယာဉ်တန်းရဲ့ အတော်ဆုံးလူပဲ... နင်သွားတာ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် "ကျွန်မက ကောင်မလေးလေ... အရွယ်ရောက်တာတောင် သိပ်မကြာသေးဘူး... ရှင်က ကျွန်မကို သွားခိုင်းရက်တယ်ပေါ့... ရှင်ပဲ သွားပါ"
ချန်းရီက ထယ်ရှီးကို တွန်းလိုက်သည်။ "ထယ်ရှီး... မင်းသွား"
ထယ်ရှီးက အတုံးအအဆုံး ဖြစ်သော်လည်း အသက်ရှင်နိုင်စွမ်း အကောင်းဆုံးဖြစ်သည်။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့လျှင်ပင် ချက်ချင်း သေသွားမည် မဟုတ်ပေ။
ဒီလောက် တုံးအသည့် ထယ်ရှီးကိုတော့ လှည့်စားလို့ ရလောက်မည် ထင်၏။
သို့သော် ခွန်ရှီးက ဤအချိန်တွင် လုံးဝ အိပ်မပျော်သေးပေ။ ချန်းရီက ကိုယ်စား အသေခံမည့်သူကို ဆွဲသွင်းနေသည်ကို ကြားလိုက်ရသဖြင့် ချန်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "မင်းက လူကောင်းမဟုတ်မှန်း ငါ အစကတည်းက သိတယ်... ငါတောင် ပြန်မအိပ်သေးဘူး... မင်းက ငါတို့အပေါ် မကောင်းကြံနေပြီပေါ့"
ထယ်ရှီးက တစ်ခုခု ပြောချင်နေသေးသော်လည်း ခွန်ရှီး၏ မျက်စောင်းကြောင့် ပါးစပ် ပိတ်သွားရသည်။
ကောင်းပြီလေ... ခွန်ရှီးက နည်းနည်းတော့ ဉာဏ်ပြေးသေးသားပဲဟု မှတ်လိုက်ရ၏။
ချန်းရီက တင်းတုံဘက်သို့ အကြည့်လွှဲလိုက်သည်။
တင်းတုံကမူ မျက်နှာလွှဲကာ တခြားတစ်ဖက်သို့ ကြည့်နေသည်။ မီးခိုးမြူများ၏ အနက်ရှိုင်းဆုံးနေရာတွင် တစ်ခုခုက သူမ၏ အာရုံကို ဖမ်းစားထားသည့်အလား။
ချန်းရီက သက်ပြင်းရှည်ကြီး တစ်ချက်ကိုသာ ချလိုက်တော့သည်။
ကလေးတွေက ကြီးလာတော့ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိလာကြပြီ။ အဖေလုပ်သူက လှည့်စားဖို့ မလွယ်တော့ဘူးပဲ။
ကျန်ရစ်သူ အသက်ရှင်သူများဆိုလျှင်တော့... ထားလိုက်ပါတော့လေ။
ချန်းရီက ခါးမှ ထင်းခုတ်ဓားမကို တင်းကျပ်စွာ ကိုင်လိုက်ပြီးနောက် သူ၏ ရှေ့ရှိ မီးခိုးမြူများကို ဖယ်ရှားလိုက်သည်။
သူတို့လေးယောက်လုံး နှင်းပြင်ထဲတွင် တိုက်ရိုက် ပေါ်လာတော့သည်။
မင်းတို့အားလုံး ကိုယ်စား အသေမခံချင်ကြမှတော့ အတူတူပဲ ရင်ဆိုင်လိုက်ကြတာပေါ့။
လူအင်အား ဤမျှလောက်နှင့်ဆိုလျှင် တစ်ချိန်တည်းမှာ အားလုံးကို တိုက်ခိုက်ဖို့ဆိုတာ အလွယ်တကူတော့ ဖြစ်နိုင်မည် မဟုတ်ပေ။
ခွန်ရှီးနှင့် ပန်းရောင်ဆံပင် ကောင်မလေးတို့က ချန်းရီ ဤမျှလောက် မျက်နှာပြောင်တိုက်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
တင်းတုံမှာမူ စကားပင် မပြောနိုင်တော့လောက်အောင် ဆွံ့အသွား၏။
တကယ်ပဲ... ငါက ဘယ်လို မိစ္ဆာယာဉ်တန်းထဲကို ဝင်မိသွားတာပါလိမ့်... လူတိုင်းက ဒီလောက်တောင် ကောက်ကျစ်စဉ်းလဲနေကြတာလား။
ချန်းရီကလည်း တစ်ဖက်ရှိ လူအုပ်ကို လှမ်းကြည့်လိုက်သည်။
ထိုလူအုပ်ကို မြင်လိုက်ရသည့် ပထမဆုံးအကြိမ်မှာပင် ချန်းရီ ခံစားလိုက်ရသည်က "ကြည်ညိုကိုင်းရှိုင်းမှု" ပင် ဖြစ်သည်။
ဟုတ်ပေသည်... အလွန်အမင်း ကြည်ညိုကိုင်းရှိုင်းနေကြခြင်း ဖြစ်သည်။
လူတိုင်းက နဖူးနှင့် မျက်ခုံးနှစ်ခုကြားတွင် လက်အုပ်ချီထားကြပြီး ပါးစပ်မှလည်း နားမလည်နိုင်သော ဂါထာမန္တန်များကို အမြဲတမ်း ရွတ်ဆိုနေကြသည်။ အသံက အလွန်တိုးညင်းပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနေသည်။
ခေါင်းဆောင်အမျိုးသားမှာ အလွန် အရပ်ရှည်ပြီး ခြောက်ပေသုံးလက်မခန့် ရှိသည်။ အသက်အားဖြင့် အသက် (၄၀) ဝန်းကျင်ခန့် ရှိကာ အလွန် ရည်မွန်သော အသွင်အပြင် ရှိသည်။
ထို့အပြင် အလွန်အမင်း ပိန်ပါးလွန်းလှပြီး အရိုးစုတစ်စုနှင့်ပင် တူနေသေးသည်။
ရွှေရောင်အနားကွပ်ထားသော အနက်ရောင် ဝတ်ရုံကြီးကို ဝတ်ဆင်ထားသော်လည်း ထိုအမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ ခံစားရသည်။
အကြမ်းဖျင်း ခန့်မှန်းကြည့်ရသလောက် ထိုအမျိုးသား၏ ကိုယ်အလေးချိန်မှာ ပေါင် (၁၃၀) ထက် ပိုမည်မထင်ပေ။
အမျိုးသားက လျှောက်လာပြီး ချန်းရီနှင့် (၁၀) ပေခန့် အကွာတွင် ရပ်လိုက်သည်။
"ငါက ဝူကျန့်ရှန်းပါ... နတ်ကိုးကွယ်ခြင်း လမ်းစဉ် အဆင့် (၃) မယ်တော်ရဲ့ အချစ်တော်ပဲ... မင်းတို့နဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
အလွန် ပွင့်လင်းရိုးသားလှသည်။ သူ၏ နာမည်ကို ပြောပြရုံသာမက လမ်းစဉ်နှင့် လမ်းစဉ်၏ နာမည်ကိုပါ ထုတ်ပြောလိုက်သေးသည်။
လမ်းစဉ်နာမည် တိုင်းတွင် အခြေခံ အချက်အလက်အချို့ ပါဝင်နေတတ်သည်ကို သိထားရမည် ဖြစ်သည်။
သူကတော့ ဤသို့ပင် လွယ်လွယ်ကူကူ ပြောချလိုက်သည်။
လမ်းစဉ် အဆင့် (၃) ဟုတ်လား... တကယ်ကြီး လမ်းစဉ် အဆင့် (၃) လား... အသက်ရှင်နေတဲ့ လမ်းစဉ် အဆင့် (၃) ပိုင်ရှင် တစ်ယောက်လား... ပြီးတော့ မယ်တော်ကိုးကွယ်ခြင်း လမ်းစဉ်တဲ့။
ဤလမ်းစဉ်မျိုးကို ချန်းရီ တစ်ခါမှ မမြင်ဖူးသလို၊ ချူချယ် ပြောပြသည်ကိုပင် မကြားဖူးခဲ့ပေ။
ဝူကျန့်ရှန်းက ချန်းရီကို ပြုံး၍သာ ကြည့်နေသည်။
ချန်းရီက ဝူကျန့်ရှန်း၏ ပိန်ပါးနေသော မျက်နှာကို စိုက်ကြည့်ရင်း မည်သို့ပင်ကြည့်ကြည့် ရင်းနှီးနေသလို ခံစားနေရသည်။ သူ၏ ဦးနှောက်အနက်ရှိုင်းဆုံးနေရာမှ မှတ်ဉာဏ်အချို့ကို တစ်စုံတစ်ယောက်က တူးဖော်နေသကဲ့သို့ပင်။
သို့သော် ဘယ်နေရာမှာ မြင်ဖူးခဲ့သလဲ ဆိုတာကိုတော့ ချက်ချင်း စဉ်းစား၍ မရနိုင်သေးပေ။
"ငါက ချန်းရီပါ... သူက ခွန်ရှီး... တိုက်တန် လမ်းစဉ်... စွန်းချန်းချန်းက ဓားမယ်တော် လမ်းစဉ်... တင်းတုံက လက်ဝှေ့သမား လမ်းစဉ်ပါ"
ချန်းရီက လူတိုင်း၏ လမ်းစဉ်ကို ပြောပြလိုက်သော်လည်း သူ၏ ကိုယ်ပိုင်လမ်းစဉ်ကိုတော့ ချန်လှပ်ထားခဲ့သည်။
သူတို့အားလုံးက ချန်းရီကို စိတ်ထဲမှနေ၍ တညီတညွတ်တည်း ကျိန်ဆဲလိုက်ကြပြီး ကိစ္စပြီးသည်နှင့် သူ့ကို စာရင်းရှင်းရန် ဆုံးဖြတ်လိုက်ကြသည်။
လမ်းစဉ်ဆိုသည်ကလည်း တမင် ဖုံးကွယ်ထားစရာတော့ မလိုအပ်လှပေ။
အထူးသဖြင့် ခွန်ရှီးကဲ့သို့ လူမျိုးဆိုလျှင် အရူးမဟုတ်သရွေ့ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် ထွားကြိုင်းနေမှာလဲ။
"ဦးလေး... ဦးလေးလား"
ထိုအချိန်မှာပင် ပန်းရောင်ဆံပင် ကောင်မလေးက ရုတ်တရက် အသံထွက်လာသည်။
ပန်းရောင်ဆံပင် ကောင်မလေးက သူမရှေ့ရှိ အရပ်ရှည်ရှည်နှင့် ပိန်ပါးသော အမျိုးသားကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေ၏။
အမျိုးသားကလည်း အံ့သြသွားသည့် အမူအရာဖြင့် "ချန်းချန်း... သမီး အသက်ရှင်နေသေးတာပဲ... ဝမ်းသာလိုက်တာကွယ်... တကယ်ကို ဝမ်းသာလိုက်တာ"
ချန်းရီကလည်း ပန်းရောင်ဆံပင် ကောင်မလေးသည် ဤအချိန် ဤနေရာတွင် ဆွေမျိုးများနှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ပန်းရောင်ဆံပင် ကောင်မလေး၏ မျက်ဝန်းများမှ မျက်ရည်နှစ်ပေါက် ချက်ချင်း ကျဆင်းလာပြီး နှုတ်ခမ်းလေးမဲ့ကာ အသံထွက် ငိုကြွေးတော့မည့် အသွင်ပေါ်နေသည်။
အဝေးသို့ ခရီးထွက်သွားပြီး အပြင်လောကတွင် ဒုက္ခမျိုးစုံ ခံစားခဲ့ရသော ကလေးငယ်တစ်ယောက်က သူမ၏ ဆွေမျိုးများကို ရုတ်တရက် ပြန်လည် တွေ့ရှိသွားသကဲ့သို့ပင်။
"ဘထွေး... ဘထွေးလား... ဘထွေး"
ဘေးနားမှ ထယ်ရှီး၏ အံ့သြဝမ်းသာနေသော အသံ ထွက်ပေါ်လာသည်။
ချန်းရီ အံ့သြသွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
ထယ်ရှီး၏ မျက်လုံးများလည်း နီရဲနေပြီး မယုံကြည်နိုင်သည့် အသွင်အပြင် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
ခွန်ရှီးကမူ မျက်နှာသေဖြင့် အေးစက်စက် နေကာ အကြည့်များကလည်း သတိဝီရိယ အပြည့် ရှိနေဆဲပင်။
အယုံကြည်နိုင်ဆုံး ဖြစ်နေသူမှာ ချန်းရီပင် ဖြစ်သည်။ နေပါဦး... ထယ်ရှီးနဲ့ပန်းရောင်ဆံပင် ကောင်မလေးက ဆွေမျိုးတွေလား။
မဟုတ်သေးပါဘူး... ထယ်ရှီးရဲ့ ဘထွေးက ပန်းရောင်ဆံပင် ကောင်မလေးရဲ့ ဦးလေးတော်နေမှတော့ သူတို့နှစ်ယောက်က ဘာလို့ အရင်ကတည်းက မသိကြတာလဲ။
တစ်ခုခုတော့ မှားနေပြီ။
"ဦးလေးက... ဦးလေးဝူလား"
တင်းတုံ၏ သံသယဖြစ်နေသော အသံလေး ထွက်ပေါ်လာပြန်သည်။
ချန်းရီ အမြန် ခေါင်းလှည့်ကြည့်လိုက်သည်။
တင်းတုံမှာလည်း မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်နေသည်ကို မြင်လိုက်ရသည်။
"မင်းတို့ကရော... ပတ်သက်မှု ရှိနေတာလား" ချန်းရီက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဦးလေးဝူက အရင်တုန်းက ကျွန်မတို့ အိမ်ဘေးမှာ နေတာလေ... ငယ်ငယ်တုန်းကဆို ဦးလေးဝူက ကျွန်မတို့အိမ်မှာ ခဏခဏ ထမင်းလာစားတတ်တယ်... တချို့ရက်တွေ ဖေဖေနဲ့ မေမေ ပြန်လာတာ နောက်ကျရင် ကျွန်မက ဦးလေးဝူတို့ အိမ်ကို သွားစားတာ... ဦးလေးဝူက အရမ်း သဘောကောင်းတဲ့လူပါ"
ချန်းရီ "..."
ဒါက... တကယ်လား၊ အတုလား။
သူ၏ စိတ်ထဲတွင် သံသယစိတ်များ မြင့်တက်လာခဲ့သည်။
သူတို့သုံးယောက်သား ပြေးသွားကြပြီး ထိုအရပ်ရှည်ရှည်နှင့် ပိန်ပါးသော အမျိုးသားကို ဝိုင်းအုံကာ ဟိုဟိုဒီဒီ မေးမြန်းနေကြသည်။ လူတိုင်း၏ မျက်လုံးများကလည်း နီရဲနေကြ၏။
"ချန်းရီ... မင်းက ငါ့ကို တကယ်ပဲ မမှတ်မိတော့ဘူးလား"
အမျိုးသားက သူ၏ အကြည့်များကို ချန်းရီထံသို့ ရွှေ့လိုက်သည်။
ချန်းရီ တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် သူ၏ ဦးနှောက်ထဲရှိ မှတ်ဉာဏ်များက တဖြည်းဖြည်း ရှင်းလင်းလာသည်။
ဝူကျန့်ရှန်း... မူလတန်းတုန်းက တစ်တန်းတည်း၊ အလယ်တန်းတုန်းကလည်း တစ်တန်းတည်း၊ အထက်တန်းတုန်းကလည်း တစ်တန်းတည်း အတူတူ တက်ခဲ့ကြသည်။
တက္ကသိုလ်ရောက်တော့လည်း သူတို့နှစ်ယောက်က အဆောင်တစ်ခုတည်းမှာ အတူတူ နေခဲ့ကြသေးသည်။
သူတို့နှစ်ယောက်က ဘောင်းဘီတစ်ထည်တည်းကို အတူတူ ဝတ်လို့ရလောက်တဲ့အထိ ခင်မင်ရင်းနှီးခဲ့ကြသည်။
တက္ကသိုလ်တုန်းကဆိုလျှင် သူတို့နှစ်ယောက်က ကောင်မလေး တစ်ယောက်တည်းကို ပြိုင်တူ သဘောကျခဲ့ကြသေးသည်။ နှမြောစရာကောင်းသည်မှာ ထိုကောင်မလေးက သူတို့နှစ်ယောက်လုံးကို ငြင်းပယ်ခဲ့ခြင်းပင်။
သူက ချန်းရီရဲ့ အကောင်းဆုံး ညီအစ်ကိုတစ်ယောက်ပင်။
ချန်းရီ၏ မျက်ဝန်းများမှာလည်း နီရဲလာခဲ့သည်။
ဒါပေမဲ့... ဒါပေမဲ့... အသက် (၄၀) အရွယ် အမျိုးသားတစ်ယောက်က အသက် (၂၀) ကျော်အရွယ် အမျိုးသားတစ်ယောက်နဲ့ အတန်းဖော် ဖြစ်နေတာကို ဘယ်သူမှ မသင်္ကာစရာလို့ မထင်ကြဘူးလား။
ဒါက ယုတ္တိရှိလို့လား။
အားလုံးက ဤပြဿနာကို လျစ်လျူရှုထားနိုင်သကဲ့သို့ပင်။
"ဝူကျန့်ရှန်း... မင်း ဘာလို့ မသေသေးတာလဲကွာ... မင်း... မင်းကွာ... ကျစ်"
"မင်း တကယ်ကြီး မသေသေးဘူးပဲ... မသေသေးဘူး"
"ငါ"
စိတ်လှုပ်ရှားမှုများကြောင့် ချန်းရီ၏ အသံများမှာ ချက်ချင်းပင် ရှိုက်ငင် တုန်ရီသွားတော့သည်။
ချန်းရီက ရှေ့သို့ ပြေးသွားပြီး ဝူကျန့်ရှန်း၏ ခေါင်းကို လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်သည်။
ဝူကျန့်ရှန်းလည်း ကြောင်သွား၏။ အတန်းဖော် ဆက်ဆံရေးတစ်ခုကို ဖန်တီးလိုက်တာတောင်မှ ဒီကောင်က အစချီတာနဲ့တင် လက်ဝါးနဲ့ ဝင်ရိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ငါက...
မယ်တော်ကိုးကွယ်သူ... အထူးဆန်းဆုံးနှင့် အခန့်မှန်းရ အခက်ဆုံးသော လမ်းစဉ်များထဲမှ တစ်ခုဖြစ်သည်။
မယ်တော်ကိုးကွယ်သူများတွင် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးဟုခေါ်သည့် အစွမ်းတစ်ခု ရှိသည်။ ထိုအစွမ်းက ပစ်မှတ်ကို သူ၏ စကားများကို ယုံကြည်လာစေပြီး သူ့ကို ရင်းနှီးကျွမ်းဝင်သူ တစ်ဦးအဖြစ် ယုံကြည်သွားစေနိုင်စွမ်း ရှိသည်။
ဤအစွမ်းကိုသာ ကောင်းကောင်း အသုံးချတတ်ပါက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ယခုလည်း ဝူကျန့်ရှန်းက ဤအစွမ်းကို အသုံးပြုကာ ချန်းရီ၏ အရင်းနှီးဆုံး ညီအစ်ကိုတစ်ယောက် ဖြစ်လာခဲ့သည်။
နောင်တစ်ချိန်တွင် တစ်ခုခု ကြံစည်စရာ ရှိလာပါက ဤပတ်သတ်မှုသည် ချန်းရီကို ထိုးစိုက်မည့် အထက်မြက်ဆုံးသော ဓားတစ်လက် ဖြစ်လာပေလိမ့်မည်။
ချန်းရီကို လုံးဝ ကာကွယ်ချိန် ရလိုက်မည် မဟုတ်ပေ။
သို့သော် ဝူကျန့်ရှန်း မသိခဲ့သည်မှာ... ဤပတ်သတ်မှုသည် သူ၏ ဘဝတွင် အနောင်တရဆုံး ဆုံးဖြတ်ချက် ဖြစ်လာလိမ့်မည် ဆိုခြင်းပင်။
ချန်းရီဆိုသည့် ကောင်က အလွန် ကောက်ကျစ်စဉ်းလဲသူ ဖြစ်သည်။
အသက်ရှင်သန်နိုင်ရန်အတွက်ဆိုလျှင် အရင်းနှီးဆုံး ညီအစ်ကိုပင် ဖြစ်ပါစေ၊ အကျိုးအမြတ်သာ လုံလောက်မည်ဆိုလျှင် ချန်းရီ၏ ဓားက လုံးဝ တွေဝေနေမည် မဟုတ်ပေ။ သူ့ကို ထိုးစိုက်ရာတွင်ပင် မည်သည့် စိတ်ဝန်ပိမှုမျှ ရှိလာမည် မဟုတ်ချေ။
သိထားရမည်မှာ... ကမ္ဘာပျက်ကပ် မတိုင်မီ ဘဝမှာပင် ချန်းရီသည် ဤကဲ့သို့သော အလိမ်အညာများကို တစ်ကြိမ် ခံခဲ့ရဖူးပြီး ထိုအကြိမ်က သူ့ကို အဆုံးအစမဲ့သော ချောက်ကမ်းပါးထဲသို့ တိုက်ရိုက် တွန်းချခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ကမ္ဘာပျက်ကပ်ကြီးသာ ကျရောက်မလာခဲ့လျှင်...
ကမ္ဘာပျက်ကပ်ကြီးသည် ချန်းရီအတွက် တစ်နည်းအားဖြင့် ကယ်တင်ခြင်းတစ်ရပ်ဟုပင် ဆိုနိုင်သည်။
ဆက်ရန်...