← Chapters

အခန်း ၁၂၀

Vol. 6 Ch. 120

အခန်း ၁၂၀

Vol. 6 Ch. 120

အပိုင်း(၁၂၀) ဦးလေး

လူအတော်များများက သူတို့၏ မိသားစုဝင်များ၊ သူငယ်ချင်းကောင်းများကို နှုတ်ဆက်စကားလေး တစ်ခွန်းပင် မပြောလိုက်ရဘဲ ထာဝရ ခွဲခွာသွားခဲ့ရသည်။

အချို့ဆိုလျှင် ဆွေမျိုးသားချင်းများကို ပြောခဲ့သော နောက်ဆုံးစကားက ညည်းညူအပြစ်တင်သော စကားတစ်ခွန်းပင် ဖြစ်နေတတ်သည်။

ကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်ကျန်ရစ်သူတိုင်းက များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ အနည်းနှင့်အများ ရှိနေတတ်ကြ၏။

သာမန်အချိန်များတွင်မူ ထိုအရာများက ထွက်ပေါ်မလာခဲ့ခြင်းသာ ဖြစ်သည်။

အချို့လူများက ထိုဒဏ်ကို မခံနိုင်တော့ဘဲ ညအချိန်ရောက်လျှင် ယာဉ်တန်းမှထွက်ခွာကာ မှောင်မည်းနေသော တောအုပ်ထဲသို့ လျှောက်သွားတတ်ကြ၏။

လူတိုင်း အိပ်ပျော်နေချိန်တွင် အသက်ရှင်ကျန်ရစ်သူ အချို့က အမှောင်ထုထဲသို့ ငေးငိုင်စွာ လျှောက်သွားပြီး နောက်ထပ် ပြန်မလာတော့သည်ကို ချန်းရီက အကြိမ်ကြိမ် တွေ့ခဲ့ဖူးသည်။

ထိုကဲ့သို့သော ကိစ္စမျိုးက အလွန် များပြားလှ၏။

ယခုမူ ဝူကျန့်ရှန်း ပေါ်လာခြင်းက သူတို့ကို ကြာရှည်မတွေ့ရသော ဆွေမျိုးသားချင်းများနှင့် ရုတ်တရက် ပြန်ဆုံတွေ့လိုက်ရသကဲ့သို့ ဖြစ်စေပြီး ထိုရုတ်တရက် ရလာသော ဝမ်းသာမှုက အခြားအရာများစွာကို လျစ်လျူရှုသွားစေနိုင်ခဲ့သည်။

ဥပမာအားဖြင့် ယခုအချိန်တွင် ဤမျှလောက် လူများစွာ ရှိနေပါလျက် ဤဆွေမျိုးတော်စပ်မှုက အလွန် ထူးဆန်းနေသည်ဟု မည်သူကမျှ မတွေးမိကြပေ။

"ခွေးကောင်... မင်းက ဒီကောင်မလေးရဲ့ ဦးလေးဝမ်းကွဲ ဖြစ်နေမယ်လို့ မထင်ထားဘူး... ဒီလိုသာ တွက်ကြည့်မယ်ဆိုရင် မင်း ငါ့ကို ဦးလေးလို့ ခေါ်ရင်တောင် ပြဿနာ မရှိလောက်ဘူးနော်... ဟားဟားဟား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မျက်ရည်ဝဲနေချိန်မှာပင် ချန်းရီက ထိုစကားကို ရုတ်တရက် ပြောချလိုက်၏။

"တူမလေး... ဦးလေးလို့ တစ်ခွန်းလောက် ခေါ်စမ်းပါဦး... ဟားဟားဟား"

"မင်းလည်း အတူတူပဲ ထယ်ရှီး... နောက်ဆိုရင် ငါက မင်းရဲ့ ဦးလေးချန်းပဲ"

"တင်းတုံလည်း အတူတူပဲ... အိုကွာ... ဒီနေ့ ငါ ချန်းရီက ရုတ်တရက်ကြီး လူကြီးသူမ တစ်ယောက် ဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး... လူကြီးနေရာကို ဒီလိုမျိုး ရလာမယ်လို့ မတွေးမိဘူး"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး ဓားရိုးကို ဆုပ်ကိုင်လိုက်၏။

ထယ်ရှီးကမူ ရိုးအစွာဖြင့် ခေါ်လိုက်သည်။ "ဦးလေးချန်း"

ခွမ်ရှီးက ဒေါသတကြီး အော်လိုက်၏။ "ထယ်ရှီး... မင်း ဦးနှောက် ချောင်နေတာလား... သူ ခေါ်ခိုင်းတိုင်း ခေါ်ရလားကွ"

တင်းတုံ၏ မျက်နှာကလည်း တစ်ခဏချင်းအတွင်း ဒယ်အိုးမည်းကြီးတစ်လုံးလို မည်းမှောင်သွားပြီး ချန်းရီကို အမှန်တကယ် အရိုက်ခံချင်နေသည်ဟု နောက်တစ်ဖန် ခံစားလိုက်ရသည်။

ချန်းရီက အသိဉာဏ်ရှိစွာဖြင့် အခြေအနေကို ကြည့်ပြီး ရပ်တန့်ရန် ရွေးချယ်လိုက်၏။

အခြားလူများကို မပြောတတ်သော်လည်း စွန်းချန်းချန်း ကဲ့သို့သော အကြမ်းဖက်တတ်သည့် မိန်းကလေးကို သွားရန်စမိပါက သူမက တကယ်ကို လက်ပါလာနိုင်သည် မဟုတ်ပါလော။

သို့သော် ဦးလေးနှင့် တူမကြားက ဟိုအရင် ကားပေါ်က ကိစ္စက ဘယ်လို သတ်မှတ်ရမလဲ။

ရပ်လိုက်စမ်း၊ ညစ်ပတ်တဲ့ အတွေးတွေကို ရပ်လိုက်တော့။

"ဝူကျန့်... အရင် ခဏစောင့်ဦး... ပြီးမှ အတိတ်ကြောင်း ပြန်ပြောကြတာပေါ့"

ပြောပြီးနောက် ချန်းရီက ခုနက ဖြတ်တောက်ခံထားရသော ရေဘဝဲလက်တံများ ရှိရာသို့ လျှောက်သွားလိုက်၏။

ခုနက ဖြတ်တောက်ထားသော လက်တံများက အလွန်ကောင်းမွန်သည့် သဘာဝလွန်ပစ္စည်းများ ဖြစ်နေနိုင်သည် မဟုတ်ပါလော။

သို့သော် ရလဒ်အနေဖြင့် ဘာကိုမှ မတွေ့ခဲ့ရပေ။

အရင်က ချူချယ် ပြောဖူးသည်မှာ မိစ္ဆာများကို သတ်ဖြတ်တိုင်း သဘာဝလွန်ပစ္စည်းများ ရရှိနိုင်သည်တော့ မဟုတ်ဟု ဆို၏။

ချန်းရီက မကျေမချမ်းဖြင့် အကြိမ်အနည်းငယ် လိုက်ရှာကြည့်ပြီးမှသာ လက်လျော့ကာ ပြန်လာခဲ့သည်။

သေချာပေါက် ဘာမှ မရလိုက်သည်တော့ မဟုတ်ပေ။

ခုနက ခြေရှစ်ချောင်း လူမျက်နှာ မိစ္ဆာနှင့် တိုက်ခိုက်ခဲ့စဉ်က သတ်ဖြတ်မှတ် ခြောက်ထောင်ကျော် ရရှိခဲ့သည်။

အဓိကအားဖြင့် ခြေရှစ်ချောင်း လူမျက်နှာ မိစ္ဆာနှင့် တိုက်ခိုက်ရသည့် အချိန်က မကြာခဲ့သလို သူကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ရသည့် အကြိမ်အရေအတွက်ကလည်း အကန့်အသတ်ရှိသဖြင့် ရရှိခဲ့သော သတ်ဖြတ်မှတ်များကလည်း နည်းပါးခဲ့ခြင်း ဖြစ်၏။

အရင်က ကျန်နေခဲ့သော လေးထောင်ကျော်နှင့် ပေါင်းလိုက်လျှင် ယခုအခါ သတ်ဖြတ်မှတ် တစ်သောင်းကျော် ရှိနေပြီ ဖြစ်သည်။

ဘာမှ မရလိုက်ဘူးဟုတော့ ဆို၍ မရပေ။

အခြားလူများကမူ ဝူကျန့်ရှန်းကို ဝိုင်းရံကာ တစာစာနှင့် စကားပြောနေကြ၏။

ပြောနေကြသည်များကလည်း ဤကာလအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများသာ ဖြစ်သည်။

အများစုကို ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ပြောနေခြင်းဖြစ်ပြီး ဝူကျန့်ရှန်းက ပြုံး၍ ဘာမှမပြောဘဲ သေချာ နားထောင်နေသည်။

ချန်းရီက အနားသို့ လျှောက်သွားလိုက်၏။ "မင်းက ဘယ်လိုလုပ် ရုံမြို့ကို ရောက်နေတာလဲ... ပြီးတော့ မြို့ထဲမှာ နေတာကို မိစ္ဆာတွေ လာစားမှာကို မကြောက်ဘူးလား"

ချန်းရီက ဝူကျန့်ရှန်းကို ခေါ်ဝေါ်ပုံက တစ်ခဏချင်းအတွင်း ဝူကျန့် အဖြစ်သို့ ပြောင်းလဲသွား၏။

အကြောင်းပြချက်အရ ဆိုလျှင် သာမန်လူများက မြို့ထဲတွင် အသက်ရှင်နေထိုင်နိုင်ရန် မဖြစ်နိုင်ပေ။

လမ်းစဉ် အစွမ်းပိုင်ရှင် များပင်လျှင် မဖြစ်နိုင်ချေ။

အကြောင်းမှာ မိစ္ဆာများက သက်ရှိလူသားများ၏ အနံ့ကို ရနိုင်ပြီး တစ်ကောင်ပြီးတစ်ကောင် ရောက်လာကြမည် ဖြစ်သောကြောင့်ပင်။

ဝူကျန့်ရှန်းကလည်း စိတ်မဆိုးဘဲ အကြောင်းအရင်းကို ချန်းရီအား တိုက်ရိုက် ပြောပြလိုက်၏။

"ငါက နတ်ကိုးကွယ်ခြင်း လမ်းစဉ် ကလေ... ငါတို့ရဲ့ လမ်းစဉ်က တခြား လမ်းစဉ်တွေနဲ့ မတူဘူး"

ဝူကျန့်ရှန်း၏ ရှင်းပြချက်အရ သူ မြို့ထဲတွင် နေထိုင်နိုင်ရသည့် အကြောင်းအရင်းများထဲမှ တစ်ခုမှာ သူ၏ လမ်းစဉ်ကြောင့် ဖြစ်သည်။

နတ်ကိုးကွယ်ခြင်း လမ်းစဉ် ဆိုသည်မှာ စာသားအတိုင်းပင် နတ်ကို ကိုးကွယ်ခြင်း ဖြစ်၏။

သို့သော် ဝူကျန့်ရှန်း ကိုးကွယ်သော နတ်မှာ မိစ္ဆာတစ်ကောင် ဖြစ်နေသည်။

ထိုအရာက သူ၏ အနောက်ဘက်ရှိ ထမ်းစင်ပေါ်တွင် ထိုင်နေသော ပြိုင်ဘက်ကင်းလောက်အောင် လှပဆွဲဆောင်မှုရှိသည့် အမျိုးသမီးပင် ဖြစ်၏။

ဝူကျန့်ရှန်းက ထိုအရာကို မရဏနတ်မင်းမင်း ဟု ခေါ်ဆိုပြီး မရဏနတ်မင်း ဂိုဏ်း ကိုလည်း တည်ထောင်ထားခဲ့သည်။

ခေါင်းစွပ်ဝတ်ရုံ ဝတ်ဆင်ထားသော သာမန်လူများအားလုံးက မရဏနတ်မင်း ဂိုဏ်း၏ တပည့်များ ဖြစ်ကြ၏။

ဝူကျန့်ရှန်း၏ ပြောဆိုချက်အရ မရဏနတ်မင်း ဂိုဏ်းတွင် လူပေါင်း ခုနစ်ဆယ်ကျော် ရှိနေပြီ ဖြစ်သည်။

မရဏနတ်မင်း၏ အကာအကွယ်ဖြင့် သူတို့သည် မြို့ထဲတွင် နေထိုင်နိုင်ကြပြီး အခြားမိစ္ဆာများ၏ တိုက်ခိုက်မှုကိုလည်း ခံရမည် မဟုတ်ပေ။

"ချန်းရီ... ချန်းချန်း... တင်းတုံ... ထယ်ရှီး... မင်းတို့ရော မရဏနတ်မင်း ဂိုဏ်းကို ဝင်ချင်ကြလား... မင်းတို့ရဲ့ လမ်းစဉ် အစွမ်းပိုင်ရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် မင်းတို့ကို ဂိုဏ်းစောင့်တွေအဖြစ် ခန့်ထားပေးမယ်"

"မရဏနတ်မင်းရဲ့ အကာအကွယ် ရှိနေသရွေ့ မင်းတို့ နေရာအနှံ့ လှည့်လည်သွားလာနေစရာ မလိုတော့ဘူး... ရုံမြို့မှာ အခြေချနေထိုင်လို့ ရတယ်... နေရထိုင်ရတာ သေချာပေါက် အရင်ကထက် အများကြီး ပိုကောင်းလာမှာပဲ"

"ပြီးတော့ မရဏနတ်မင်းရဲ့ အကာအကွယ် ရှိရင် မင်းတို့ နှင်းမုန်တိုင်းတွေနဲ့ အအေးဒဏ်ကိုလည်း ကြောက်စရာ မလိုတော့ဘူး"

"သူတို့ကို ကြည့်လိုက်လေ... ဒီလောက် နှင်းတွေကျနေတဲ့ အချိန်မှာ ခေါင်းစွပ်ဝတ်ရုံ တစ်ထည်ပဲ ဝတ်ထားတာတောင် နည်းနည်းလေးမှ မချမ်းကြဘူး... ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း တိုးတက်လာတယ်"

"ဘယ်လိုလဲ... စဉ်းစားကြည့်ပါလား"

ဝူကျန့်ရှန်းက လက်ရှိအခြေအနေများကို အကျဉ်းချုံး မိတ်ဆက်ပေးပြီးနောက် သူ၏ ပထမဆုံးသော အတွေးမှာ လူအချို့ကို ထို မရဏနတ်မင်း ဂိုဏ်းဟု ခေါ်သော နေရာသို့ ဆွဲသွင်းရန်ပင် ဖြစ်၏။

ချန်းရီက ဝူကျန့်ရှန်း လက်ညှိုးထိုးပြရာဘက်သို့ လှမ်းကြည့်လိုက်သည်။

လေပြင်းနှင်းမုန်တိုင်းများထဲတွင် မတ်တတ်ရပ်နေကြသော သာမန်လူများအားလုံးက အမှန်တကယ်ပင် အဝတ်အစား ပါးပါးလေးများကိုသာ ဝတ်ဆင်ထားကြ၏။

ဤလူများ၏ အဝတ်အစား အခြေအနေကို ကြည့်ရလျှင် ဝတ်ရုံများ၏ အောက်တွင် ထူထဲသော ဂွမ်းစောင်အင်္ကျီများနှင့် သိုးမွေးအင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိပေ။

ထို့ပြင် လူတိုင်းက ချမ်းအေးလွန်း၍ တုန်ယင်နေသည့် ပုံစံမျိုးလည်း လုံးဝ မရှိကြချေ။

သူတို့အားလုံးက လမ်းစဉ် အစွမ်းပိုင်ရှင် များ ဖြစ်ကြသည်ဟု ဆိုလျှင်တော့ သေချာပေါက် မဖြစ်နိုင်ပေ။ သို့သော် သာမန်လူများက ဤကဲ့သို့ အပူချိန်ကျဆင်းနေပြီး လေပြင်းနှင်းမုန်တိုင်းများ တိုက်ခတ်နေချိန်မျိုးတွင် ဝတ်ရုံတစ်ထည်တည်း ဝတ်ထားရုံဖြင့် အအေးဒဏ်ကို မခံစားရသည်မှာ တကယ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။

သို့သော် ချန်းရီ၏ ပင်ကိုယ်စရိုက်က သတိကြီးပြီး သံသယများတတ်သဖြင့် ဟန်လုပ်ရယ်မောကာ ပြောလိုက်၏။ "ဝူကျန့်... နောက်မှ ဆက်ပြောကြတာပေါ့... ငါတို့ အခု ကိစ္စလေး ရှိသေးလို့"

"ဦးလေး... ကျွန်မတို့ စခန်းထဲမှာ လူတွေ အများကြီး ရှိသေးတယ်... သူတို့အားလုံး ဖျားနေကြတာ... မြို့ထဲမှာ နေတဲ့သူဆိုတော့ ဘယ်နေရာမှာ ဆေးဆိုင်ရှိလဲဆိုတာ ဦးလေး သေချာပေါက် သိမှာပဲနော်... ကျွန်မတို့ကို မြန်မြန် လိုက်ပြပေးပါ... မြန်မြန် ပြန်သွားရဦးမယ်"

ချန်းရီ၏ စကားဖြင့် သတိပေးလိုက်ပြီးနောက် ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း သူမ၏ တာဝန်ကို ပြန်လည် သတိရသွား၏။

ဆေးကို စောစောရပြီး ပြန်သွားနိုင်လေလေ လူသေဆုံးမှု နည်းပါးလေလေ ဖြစ်မည် မဟုတ်ပါလော။

"ဆေး ဟုတ်လား"

"ဟုတ်တယ်... ဦးလေး"

စွန်းချန်းချန်းက စခန်းထဲမှ ကိစ္စများကို တစ်ခါတည်း ပြောပြလိုက်၏။ စွန်းချန်းချန်း၏ အမြင်တွင် ဤသူက သူမ၏ ဦးလေးဝမ်းကွဲ ဖြစ်သဖြင့် စခန်းထဲမှ ကိစ္စများကို ဖုံးကွယ်ထားစရာ မလိုဟု ထင်နေသည်။

အခြားလူများကလည်း မည်သည့် သဘောထားကွဲလွဲမှုမျှ မရှိကြပေ။

ချန်းရီ တစ်ယောက်သာလျှင် အနည်းငယ် သဘောမကျ ဖြစ်နေမိ၏။ သူ၏ အမြင်တွင် ဤ စွန်းချန်းချန်းက စခန်းထဲရှိ ကိစ္စအကုန်လုံးကို ပြောပြလိုက်ခြင်းမှာ မသင့်တော်ဟု ထင်နေသည်။

ဒါက ကမ္ဘာပျက်ကပ်ကြီးလေ။ သူက နင့်ရဲ့ ဦးလေး ဖြစ်နေရင်တောင် သူ မပြောင်းလဲသွားဘူးလို့ နင် သေချာ မပြောနိုင်ဘူးလေ။

သို့သော် ချန်းရီက ဤအချိန်တွင် ဘာမှ ဝင်မပြောတော့ပေ။

အခြားလူများက ဝူကျန့်ရှန်းကို ကြည့်နေသည့် ပုံစံမှာ အလွန် စိတ်လှုပ်ရှားနေပြီး အလွန် စိတ်ချယုံကြည်နေကြသည်ကို တွေ့ရသည်။

ဝူကျန့်ရှန်းက လူ ဒါဇင်ပေါင်းများစွာ ရှိသေးသည်ဟု ကြားလိုက်ရချိန်တွင် သူ၏ မျက်လုံးများက အရောင်လက်သွား၏။

နတ်ကိုးကွယ်ခြင်း လမ်းစဉ် က ယုံကြည်ကိုးကွယ်မှုကို အားထား၍ ကျင့်ကြံရခြင်း ဖြစ်သည်။

မရဏနတ်မင်း ဂိုဏ်းသို့ ဝင်ရောက်လာသူ များလေလေ၊ မရဏနတ်မင်းက ပို၍ အင်အားကြီးလာလေလေ ဖြစ်ပြီး သူကိုယ်တိုင်လည်း ပို၍ အင်အားကြီးလာမည် ဖြစ်သလို မရဏနတ်မင်း ဂိုဏ်း၏ တပည့်များလည်း အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သည်။

ဒါက အပြန်အလှန် အကျိုးပြုနေသည့် ဖြစ်စဉ်တစ်ခုပင်။

လုံလောက်သော လူဦးရေသာ ရှိနေပါက သူ အမြဲတမ်း အင်အားကြီးမားနေနိုင်မည် ဖြစ်၏။

ထို့ပြင် လမ်းပြသူ လမ်းစဉ် ပိုင်ရှင် တစ်ယောက်လည်း ပါဝင်နေသေးသည်တဲ့။

မရဏနတ်မင်းက သေချာပေါက် ပျော်ရွှင်သွားလိမ့်မည်။

ဒီအချက်က အရမ်းကို အရေးကြီးတယ်။

"ဒီလိုလုပ်ရအောင်... ငါ မင်းတို့ကို မရဏနတ်မင်းရဲ့ သွေးမျက်ရည် တစ်ပုလင်း ပေးလိုက်မယ်... မင်းတို့ အဲဒါကို ယူသွားပြီး ရေနဲ့ရောတိုက်လိုက်ရင် သူတို့အားလုံး ပြန်ကောင်းသွားလိမ့်မယ်... ဒါက ဟိုဆေးတွေထက် အများကြီး ပိုပြီး အစွမ်းထက်တယ်"

ဝူကျန့်ရှန်းက သူ၏ ရင်ဘတ်ထဲမှ ဖန်ပုလင်း အကြည်တစ်လုံးကို ထုတ်ယူလိုက်၏။ ပုလင်းထဲတွင် သွေးကဲ့သို့ ရဲရဲနီနေသော အနီရောင် အရည် အနည်းငယ် ပါရှိသည်။

"ဒါက"

ဝူကျန့်ရှန်းက ဘာမှဆက်မပြောဘဲ နောက်ထပ် ပုလင်းတစ်လုံးကို ထပ်ထုတ်လိုက်သည်။ ထိုပုလင်းထဲတွင် အနီရောင် ဖျော့ဖျော့ ဆေးရည်များ ပါရှိ၏။

"ဒါက မရဏနတ်မင်းရဲ့ သွေးမျက်ရည်ကို ရေနဲ့ ရောထားတဲ့ ဆေးရည်ပဲ"

ပြောပြီးနောက် ဝူကျန့်ရှန်းက ခုနက အသက်ရှင်ကျန်ရစ်သူများ ရှိရာသို့ လျှောက်သွားလိုက်သည်။

ထို အသက်ရှင်ကျန်ရစ်သူများ၏ ယခုလက်ရှိ အခြေအနေက သိပ်မကောင်းလှပေ။

ခုနက ခြေရှစ်ချောင်း လူမျက်နှာ မိစ္ဆာ အသုံးပြုခဲ့သော အစွမ်းက လူများ၏ အသက်စွမ်းအင်များကို အတိုင်းအတာတစ်ခုအထိ စုပ်ယူနိုင်စွမ်း ရှိပုံရသည်။

ထို သာမန်လူများက အစွမ်း၏ ရိုက်ခတ်မှုကို ခံခဲ့ရသဖြင့် ယခုအခါ တစ်ယောက်ပြီးတစ်ယောက် မျက်နှာများ ဖြူဖျော့နေကြပြီး ကိုယ့်ဘာသာကိုယ် မတ်တတ်ရပ်နိုင်ရန်ပင် ခဲယဉ်းနေကြ၏။

အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသူ တစ်ယောက်က လျှောက်လာပြီး ဝူကျန့်ရှန်း၏ လက်ထဲမှ အနီရောင်ဖျော့ဖျော့ ဆေးရည်ကို အလွန် ရိုသေလေးစားစွာဖြင့် ဂရုတစိုက် လှမ်းယူလိုက်၏။ ဆေးရည်ကို ကြည့်နေသော မျက်လုံးများကလည်း အလွန် အစွဲအလမ်းကြီးနေသည့်ပုံ ပေါ်သည်။

ကိုင်ထားသည်မှာ ဆေးရည်မဟုတ်ဘဲ ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံး ရတနာတစ်ပါးကို ကိုင်ထားသကဲ့သို့ပင်။

ကျိုးရှောင်ရှောင် ၏ ဘေးပတ်လည်တွင် ပစ္စည်းအချို့ ပြန့်ကျဲနေ၏။ သူမက အနက်ရောင် အနွေးထည်အင်္ကျီအကြမ်းစား အတိုကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် အနွေးဘောင်းဘီကို ဝတ်ဆင်ထားသဖြင့် တစ်ကိုယ်လုံး ဖောင်းကားနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် ထိုမျက်နှာလေးကမူ အလွန် လှပသေသပ်နေဆဲဖြစ်ကာ မျက်နှာကမူ ဖြူဖျော့လွန်း၍ ကြောက်စရာပင် ကောင်းနေ၏။

မနေ့ညက တစ်ညလုံး အအေးဒဏ်ကို ခံခဲ့ရပြီး အနိုင်နိုင် တောင့်ခံလာခဲ့ရသည်။

ဒီနေ့တွင်လည်း မြို့ထဲသို့ ပစ္စည်းရှာဖွေရန် ထွက်လာခဲ့ရပြီး အနည်းငယ် နွေးထွေးလာခါစ ရှိသေးချိန်မှာပင် ခြေရှစ်ချောင်း လူမျက်နှာ မိစ္ဆာ၏ အသက်စွမ်းအင်များ စုပ်ယူခြင်းကို ခံလိုက်ရပြန်သည်။

ထို့ကြောင့် ကျိုးရှောင်ရှောင် တစ်ကိုယ်လုံးက ဖျားနာနေသူ တစ်ယောက်လို တုန်ယင်နေ၏။

အကယ်၍ သေချာ အနားယူပြီး ပြုစုကုသမှု မခံယူရပါက ရှေ့လျှောက် အဖျားကြီး ဖျားတော့မည် ဖြစ်သည်။

ကမ္ဘာပျက်ကပ်ကြီးထဲတွင် အဖျားကြီး ဖျားခြင်းဆိုသည်မှာ အသက်ဆုံးရှုံးရခြင်းနှင့် အတူတူပင်။

ထိုလူက ကျိုးရှောင်ရှောင်၏ ပါးစပ်ထဲသို့ အနီရောင် ဆေးရည် တစ်စက်ကို ဂရုတစိုက် ခတ်ထည့်ပေးလိုက်၏။

ကျိုးရှောင်ရှောင်၏ ဖြူဖျော့နေသော မျက်နှာလေးက မျက်စိရှေ့မှာပင် သိသိသာသာ နီမြန်းလာတော့သည်။

ထိုလူက ကျိုးရှောင်ရှောင်ကို ဘေးသို့ ဖယ်ထားလိုက်ပြီးနောက် ဒုတိယမြောက် လူ၏ ပါးစပ်ထဲသို့ အနီရောင် ဆေးရည် တစ်စက်ကို ထပ်ချပေးလိုက်ပြန်သည်။

ထိုလူများအားလုံးက အချိန်တိုအတွင်းမှာပင် သက်ဝင်လှုပ်ရှားလာကြ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း စွန်းချန်းချန်း တို့မှာ အံ့အားသင့်သွားကြသည်။

"မင်းတို့ ဒီဆေးရည်ကို ယူသွားပြီး ရေနဲ့ရောပြီး ဖျားနေတဲ့လူတွေကို တိုက်လိုက်ပါ... ခဏလေးနဲ့ ပြန်ကောင်းလာလိမ့်မယ်"

"ထားလိုက်တော့... ချန်းချန်း... ချန်းရီ... ထယ်ရှီး နဲ့ တင်းတုံ... ငါပါ မင်းတို့နဲ့ အတူ လိုက်ခဲ့မယ်"

ဆက်ရန်...

နောက်တစ်အုပ်မှာတော့... အခုဆိုရင် နတ်ကိုးကွယ်လမ်းစဉ်အစွမ်းပိုင်ရှင်ရဲ့ အယုံသွင်းတာကို ချန်းရီအပါအဝင် အကုန်လုံးမိသွားပြီပဲဖြစ်ပါတယ်၊ ဒါပေမဲ့ အားလုံးနဲ့မတူတာက ချန်းရီက နဂိုထဲက လူကောင်းမဟုတ်တဲ့အပြင် ကိုယ့်အမျိုးရင်းကိုတောင် ယုံကြည်တဲ့သူမဟုတ်တဲ့အတွက် ချန်းရီကို အချစ်ဆုံးသူငယ်ချင်းပုံစံဖန်တီးလိုက်တာ နတ်ကိုးကွယ်လမ်းစဉ်အစွမ်းပိုင်ရှင်အတွက် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဒီရုံမြို့မှာရော ဘယ်လိုသဘောတူညီချက်တွေနဲ့ မကောင်းဆိုးဝါးတွေက အတူတကွနေကြတာလဲ၊ အဲ့ဒီမရဏနတ်မင်း ဆိုတာကရော ဘယ်လောက်တောင်စွမ်းတာလဲ၊ ချန်းရီထက်မနိမ့်ပဲ ဉာဏ်များတဲ့ခေါင်းဆောင်ချူချယ်ကရော အယုံသွင်းတာကိုခံရမှာလား၊ ချန်းရီကရော ဒီအကြပ်အတည်းကနေ ဘယ်လိုအမြတ်ထုတ်ပြီးအစွမ်းထက်လာအောင် လုပ်မလဲ၊ ချန်းရီရဲ့အတိတ်က ဘယ်လောက်တောင်ဆိုးရွားခဲ့လို့ သူဒီလိုအတ္တဆန်တဲ့သူဖြစ်လာရတာလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။

All Chapters