← Chapters

အခန်း (၂၉၈၁-၂၉၈၂)

Vol. 239 Ch. 2981-2982

အခန်း (၂၉၈၁-၂၉၈၂)

Vol. 239 Ch. 2981-2982

အခန်း(၂၉၈၁)

လူ့လောကတွင် ယင်းကဲ့သို့ မှော်ဆန်လွန်းသည့် စွမ်းအားမျိုး အမှန်တကယ် ရှိနေပါသလော။

အင်မော်တယ်ကျောက်တိုင်ဝိညာဥ်၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့ပြီး အချိန်အတော်ကြာ စိတ်နှင့်လူနှင့် မကပ်ဘဲ ဖြစ်သွားခဲ့သည်။

အင်မော်တယ်ကျောက်တိုင်ဝိညာဥ်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဒီလိုစွမ်းအားတွေက အမှန်တကယ် ရှားပါးတယ် ဆိုပေမဲ့ ဘယ်သူမှ မလုပ်နိုင်တာတော့ မဟုတ်ဘူး.. ဥပမာပြောရရင် အချိန်မျှော်စင်ကို ဖန်တီးခဲ့တဲ့သူ အတွက်တော့ ဒါက လက်ဖျောက် တစ်ချက်တီးရသလောက် လွယ်ကူတဲ့ ကိစ္စ တစ်ခုပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

သူက စူးစမ်းစွာဖြင့် ထပ်မံမေးမြန်းလိုက်သည်။

“စီနီယာ.. ဒါဆို ထျန်းကန်းခန်းမရဲ့ လူတွေက ဘယ်အချိန်ကျမှ နိုးထလာကြမှာလဲ”

အင်မော်တယ်ကျောက်တိုင်ဝိညာဥ်က တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။

“နိုးထလာရမဲ့ အချိန်ကျလာရင်တော့ သူတို့ အလိုလို နိုးလာကြပါလိမ့်မယ်.. မင်းအနေနဲ့ ဒီနေရာက အရာအားလုံးကို မဖျက်ဆီးမိအောင် သတိထားပါ.. ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကို အမြန်ဆုံးရှာဖွေပြီး ထွက်ခွာဖို့ပဲ ကြိုးစားပါ”

ထိုစကားကို ကြားလျှင် ကျန်းချန်သည် ဆက်လက် မေးမြန်းမနေတော့ဘဲ ထျန်းကန်းခန်းမ အတွင်း၌ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စတင်ရှာဖွေခဲ့သည်။

သူက ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူဖူးသည့် အတွက် သူ နှင့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် စွမ်းအင်တို့ အကြားတွင် ထိတွေ့ခံစားမှု အနည်းငယ် ရှိနေခဲ့၏။

ထို့ကြောင့်ပင် ကျန်းချန်က ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို အချိန်တိုအတွင်း ရှာဖွေ တွေ့ရှိခဲ့သည်။

သူက တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သုံးခုကို ဆက်တိုက်ဆိုသလို ထုတ်ဖော်၍ လှုံ့ဆော်လိုက်ရာ သူ့ရှေ့ရှိ ခန်းမဆောင် အတွင်းမှ ထျန်းယွမ်ခန်းမတွင် တွေ့ရှိခဲ့ရသည်ထက် နှစ်ဆမျှ ပိုမို ကြီးမားသော ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် စွမ်းအင်လုံးကြီးသည် ပျံသန်းကာ ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် စွမ်းအင်များသည် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ပင် စိမ့်ဝင်သွားခဲ့၏။

ကျန်းချန်က ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်စွမ်းအင်များ ပြည့်နှက်နေသော ဟင်းလင်းပြင် တစ်ခုအတွင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး ထိုစွမ်းအင်များကို အသုံးပြုကာ ရူးသွပ်မတတ် ပြင်းပြင်းထန်ထန် စတင် ကျင့်ကြံခဲ့သည်။

“တစ်ရက်၊နှစ်ရက်၊သုံးရက်...”

“တစ်နှစ်၊နှစ်နှစ်၊သုံးနှစ်..”

မသိလိုက် မသိဘာသာဖြင့်ပင် တစ်ဆယ့်ငါးနှစ် ဟူသောအချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤတစ်ဆယ့်ငါးနှစ်အတွင်း ကျန်းချန်သည် ထျန်းကန်းခန်းမအတွင်းရှိ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်စွမ်းအင်များကို ဆက်တိုက် စုပ်ယူကျင့်ကြံခဲ့သည့် အတွက် သူ၏ ကျင့်ကြံခြင်းအဆင့် တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။

သူက ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့်ကနေ ထိုက်ယီအင်မော်တယ် အထွတ်အထိပ် အဆင့်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့၏။

ထိုမျှသာမကသေးဘဲ ကျန်းချန်သည် ဟန်ယွင်အဆင့်၏ ဥပဒေသဖြစ်သည့် အင်မော်တယ်စွမ်းအင်ဖြင့် အသွင်ပြောင်းခြင်း ဥပဒေသကို အောင်မြင်စွာ နားလည်သဘောပေါက်သွားခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် ထျန်းကန်းခန်းမ အတွင်းရှိ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်စွမ်းအင် အကူအညီဖြင့် သူက ဟန်ယွင်အဆင့်ကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့သော်လည်း ဟန်ယွင်အင်မော်တယ် တစ်ပိုင်းအဆင့်ကိုမူ ရောက်ရှိနေခဲ့ချေပြီ။

သူ၏ ခိုင်မာသော အခြေခံဖြင့်ဆိုလျှင် စစ်မှန်သော ဟန်ယွင်အင်မော်တယ် တစ်ပါးနှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင်ပင် ယှဥ်ပြိုင် တိုက်ခိုက်နိုင်စွမ်းရှိနေခဲ့ပြီ ဖြစ်သည်။

“ကောင်းကင်ဧကရာဇ်ရဲ့စွမ်းအားက တကယ်ကို အတိုင်းအဆမရှိ နက်ရှိုင်းလွန်းတာပဲ”

ကျန်းချန်က မှိတ်ထားသော သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီးနောက်တွင် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

အကယ်၍ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစ နှစ်ခုသာ မရှိခဲ့လျှင် သူ၏ ခန္ဓာကိုယ်တွင် အဆ ၁၀၀ စနစ်နှင့် အချိန်မျှော်စင် ရှိနေစေကာမူ ထိုက်ယီအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရန်နှင့် ဟန်ယွင်အဆင့် ဥပဒေသကို နားလည်သဘောပေါက်ရန် အတွက် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီ၍ ကြာမြင့်လိမ့်မည် ဖြစ်သည်။

“အခု ငါ့ရဲ့ခွန်အားက သိသိသာသာ တိုးတက်လာခဲ့ပြီ ဆိုတော့ ဟန်ယွင်အင်မော်တယ် အဆင့်နဲ့တောင် ယှဥ်နိုင်စွမ်းရှိနေခဲ့ပြီ.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေဆီ သွားဖို့ အချိန်တန်ပြီ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် တစ်ခဏအတွင်းမှာပင် ထျန်းကန်းခန်းမ ထဲက‌နေ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ထျန်းကန်းနန်းတော်၏ အပြင်ဘက်တွင်မူ ဟောင်နင်းတို့ အဖွဲ့သည် နန်းတော်ကြီးနှင့် ပေပေါင်းထောင်ချီ အကွာအဝေးရှိ ဟင်းလင်းပြင်တွင် ရှိနေဆဲ ဖြစ်သည်။

ကျန်းချန်က နန်းတော် အတွင်းသို့ ဝင်ရောက်သွားသည့်အချိန်မှစ၍ ဟောင်နင်းတို့ လူစုသည် ဤနေရာမှာပင် အင်မော်တယ်ဥပဒေသများကို နားလည်သဘောပေါက်ရန် ဆင်ခြင်ကျင့်ကြံရင်း ကျန်းချန် ပြန်လည် ထွက်ခွာလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

ယင်းသို့ဖြင့် စောင့်ဆိုင်းခဲ့သည်မှာ တစ်ဆယ့်ငါးနှစ်ပင် ကြာမြင့်ခဲ့သည်။

ဤတစ်ဆယ့်ငါးနှစ် အတွင်း သူတို့သည်လည်း အင်မော်တယ်ဥပဒေသများကို ဆင်ခြင် ကျင့်ကြံရင်း အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြသည်။

ဟောင်နင်းသည် တလော့အဆင့်ကို ထိုးဖောက်အောင်မြင်သွားခဲ့ပြီး စစ်မှန်သော တလော့အဆင့် ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။

ထိုက်ယီအဆင့် အင်မော်တယ် ဖြစ်သည့် အကြီးအကဲယွမ် အပါအဝင် တခြားသူများသည်လည်း သူတို့၏ ခွန်အားများကို အနည်းနှင့်အများ သိသိသာသာပင် မြှင့်တင်နိုင်ခဲ့ကြသည်။

တလော့ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဆိုလျှင် ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်သို့ပင် ထိုးဖောက်နိုင်ခဲ့သည်။

“အကြီးအကဲယွမ်.. အချိန်တွေက တစ်ဆယ့်ငါးနှစ်တောင် ကြာသွားခဲ့ပြီ.. အဲဒီကောင်က ဘာဖြစ်လို့ နန်းတော်ထဲကနေ အခုအထိ ထွက်မလာရသေးတာလဲ”

ဟောင်နင်းသည် သူ့ရှေ့ရှိ နန်းတော်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မကျေမနပ် ရေရွတ်လိုက်သည်။

ဤနေရာတွင် အင်မော်တယ် ဥပဒေသများကို ဆင်ခြင်ကျင့်ကြံရခြင်းမှာ အလွန်တရာ ကောင်းမွန်သော်လည်း ဟောင်နင်း၏ စိတ်ထဲတွင်မူ နန်းတော်အတွင်းရှိ အခွင့်အလမ်းများကိုသာ ပိုမို လိုချင်တပ်မက်နေခဲ့၏။

အကြီးအကဲယွမ်က တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။

“ဒီနန်းတော်က သာမန်ထက် ထူးခြားလွန်းတယ်.. တကယ်လို့ အဲဒီကောင်သာ နန်းတော်ထဲကနေ ရှေးခေတ်ကာလက အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါးပါးရဲ့ အမွေအနှစ်ကို ရရှိသွားခဲ့မယ်ဆိုရင် သူ့အနေနဲ့ အထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်း ရာချီတဲ့အထိ နေထိုင်သွားနိုင်မဲ့ အလားအလာ အများကြီးရှိတယ်”

ထိုစကားကိုကြားလျှင် ဟောင်နင်းက မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

“တကယ်လို့ အဲဒီကောင်က နန်းတော်ထဲမှာ နှစ်ပေါင်းရာချီ ကြာအောင် နေထိုင်သွားမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဒီနေရာမှာပဲ ထာဝရစောင့်နေရတော့မှာလား”

“သခင်လေး.. ငါတို့တွေ ဒီနေရာမှာရှိတဲ့ အင်မော်တယ်ဥပဒေသတွေကို ဆင်ခြင်ကျင့်ကြံခွင့် ရရုံနဲ့တင် အကျိုးကျေးဇူး အများအပြား ရရှိခဲ့ပြီးပါပြီ.. ငါ့အမြင်ပြောရရင် ဒီကိစ္စကို ဒီမှာတင်ပဲ လက်လျှော့လိုက်တာ ကောင်းမယ်ထင်တယ်”

အကြီးအကဲယွမ်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ဟောင်နင်းကို ဖျောင်းဖျ ပြောဆိုလိုက်သည်။

ထိုလူငယ်လေးသည် ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် ထိုက်ယီအဆင့်ထက် မနိမ့်ကျသော ခွန်အားကို ပိုင်ဆိုင်ထား၍ သေချာပေါက် အင်မော်တယ်ဘုရင် တစ်ပါးပါး၏ ထိပ်တန်းတပည့် ဖြစ်ဖို့များသည်။

အကယ်၍ ထိုလူငယ်သာ နန်းတော်အတွင်းမှ အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါးပါး၏ အမွေအနှစ်ကို အမှန်တကယ် ရရှိသွားမည် ဆိုလျှင် ထိုလူငယ်၏ ခွန်အားသည် ပိုမိုမြင့်မားသော အဆင့် တစ်ခုသို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။

သူတို့အနေဖြင့် နန်းတော်ထဲက‌နေ ထွက်လာမည့် အချိန်အထိ စောင့်ဆိုင်းနိုင်ခဲ့လျှင်ပင် အနိုင်ယူနိုင်လိမ့်မည် မဟုတ်သည့်အပြင် သူတို့အားလုံးပင် အသက်ဆုံးရှုံးရနိုင်ခြေ ရှိ၏။

အကြီးအကဲယွမ်၏ စကားကို ကြားလျှင် ဟောင်နင်း၏ မျက်နှာထက်၌ မကျေနပ်မှုနှင့် မလိုလားသော အမူအရာများ ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။

သူက စကားပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် သူတို့ရှေ့ရှိ နန်းတော် ဆီကနေ ရုတ်တရက် ဟင်းလင်းပြင်စွမ်းအင် လှိုင်းဂယက်များ ထွက်ပေါ်လာခဲ့သည်။

လူရိပ်တစ်ခုသည် တိမ်တိုက်များကို ဖြတ်သန်းကာ နန်းတော်ထဲကနေ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့၏။

ထိုလူရိပ်မှာ တခြားသူ မဟုတ်ဘဲ နန်းတော်ထဲကနေ ပြန်လည်ထွက်ခွာလာသည့် ကျန်းချန်ပင် ဖြစ်သည်။

ကျန်းချန်ကိုမြင်လျှင် ဟောင်နင်း၏ မျက်ဝန်းများက ချက်ချင်းပင် အေးစက်သွားခဲ့သည်။

“နောက်ဆုံးတော့ နန်းတော်ထဲကနေ မင်းထွက်လာပြီပေါ့”

“မင်းတို့တွေက အခုအထိ ရှိနေသေးတုန်းပဲလား”

ကျန်းချန်က ဟောင်နင်းတို့ လူစုကို တည်ငြိမ်စွာ တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“ကြည့်ရတာ မင်းတို့တွေလည်း အင်မော်တယ်ဥပဒေသတွေကို ဆင်ခြင်ကျင့်ကြံရင်းနဲ့ အကျိုးကျေးဇူးတွေ အများအပြား ရရှိခဲ့ကြတဲ့ပုံပဲ”

“မင်း အပိုစကားတွေ ပြောမနေနဲ့.. ငါတို့အားလုံး ဒီနေရာကို အတူတူလာခဲ့ကြတာပဲ.. မင်းတစ်ယောက်တည်း အခွင့်အလမ်းတွေကို မောင်ပိုင်စီးထားတာက လုံးဝမဖြစ်သင့်ဘူး.. နန်းတော်ထဲကနေ မင်းရခဲ့တဲ့ အခွင့်အလမ်းနဲ့ ရတနာတွေကို အခုချက်ချင်း ငါတို့ လက်ထဲအပ်စမ်း”

ထိုအခိုက်အတန့်တွင် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် အဘိုးအိုတစ်ဦးသည် ကျန်းချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအဘိုးအိုသည် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း ပါရမီအရာတွင်မူ ဤနေရာရှိ လူအားလုံးထဲတွင် အညံ့ဖျင်းဆုံး ဖြစ်၏။

လွန်ခဲ့သော တစ်ဆယ့်ငါးနှစ်အတွင်း ထိုအဘိုးအိုသည် အင်မော်တယ် ဥပဒေသများကို ဆင်ခြင်ကျင့်ကြံခဲ့သော်လည်း သူရရှိခဲ့သည့် အကျိုးကျေးဇူးမှာ အနည်းဆုံး ဖြစ်ပြီး ခြေလှမ်းတစ်ဝက် ထိုက်ယီ အင်မော်တယ် အဆင့်သို့ပင် မချဥ်းကပ်နိုင်ခဲ့ပေ။

ထိုအကြောင်းကြောင့်ပင် ထိုက်ယီအင်မော်တယ် အထွတ်အထိပ်အဆင့် အဘိုးအို၏ စိတ်ထဲတွင် မနာလိုမှုနှင့် မကျေနပ်မှုများ အလွန်တရာပင် ပြင်းထန်နေခဲ့သည်။

ယင်းကြောင့် ကျန်းချန်က နန်းတော်ထဲမှ ထွက်လာသည်ကို မြင်လျှင် သူက ဒေါသတကြီး အော်ဟစ်လိုက်ခြင်းပင်။

“ဟားဟား သိပ်ရယ်စရာကောင်းတာပဲ”

ကျန်းချန်က အဘိုးအိုကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“နန်းတော်ထဲက အခွင့်အလမ်းက မင်းတို့ရဲ့ မျက်စိရှေ့မှာပဲ ရှိနေတာလေ.. မင်းတို့မှာ အရည်အချင်းရှိရင် နန်းတော်ထဲကို ကိုယ်တိုင်ဝင်ပြီး သွားယူပါလား.. ငါ ကိုယ်တိုင် ကြိုးစားပြီး နန်းတော်ထဲကနေ ရခဲ့တဲ့ အခွင့်အလမ်းကို ဘာဖြစ်လို့ မင်းတို့ဆီ ပေးရမှာလဲ”

ထိုစကားကိုကြားလျှင် အဘိုးအိုက ဒေါသတကြီး ပြောလိုက်သည်။

“ကောင်လေး မင်း စကားကောင်း ပြောနေတုန်း နားထောင်မလား ဒါမှမဟုတ် ငါတို့ မင်းကို ဆုံးမပြီးမှ နားလည်မလား”

ကျန်းချန်ကမူ ထိုအဘိုးအိုကို ဆက်လက်၍ အာရုံစိုက်မနေတော့ပေ။

သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဟောင်နင်းတို့ လူစုကို ဝေ့ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“မင်းတို့အားလုံးရဲ့ သဘောထားကရော သူ့လိုပဲလား”

ဟောင်နင်း၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“ကျန်းချန်.. ငါတို့က မင်းအပေါ် စေတနာထားပြီး ငါတို့အဖွဲ့ထဲကို ဝင်ခွင့်ပြုခဲ့တဲ့ အပြင် ဒီနေရာကိုလည်း အတူတူ ခေါ်လာခဲ့တယ်.. အခု မင်းက နန်းတော်ထဲက အခွင့်အလမ်းတွေ အားလုံးကို တစ်ယောက်တည်း မောင်ပိုင်စီးထားတာ ဆိုတော့ နည်းနည်း လွန်လွန်းရာ ကျမနေဘူးလား”

ဟောင်နင်းသည် ရှေးခေတ်ကာလက အင်မော်တယ်လောက၏ ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့သည့် ကောင်းကင်ဧကရာဇ်နန်းတော်မှ အခွင့်အလမ်းကို လုံးဝ လက်မလွှတ်ချင်သည်မှာ ထင်ရှား၏။

ကျန်းချန်က မည်မျှပင် အစွမ်းထက်နေစေကာမူ အဆုံးသတ်တွင် တစ်ယောက်တည်းသာ ဖြစ်သည်။

ယခုအခါ သူတို့အဖွဲ့၏ ခွန်အားသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကထက် အဆပေါင်းများစွာ ပိုမို တိုးတက်လာခဲ့ချေပြီ။

တချို့ဆိုလျှင် ခြေလှမ်းတစ်ဝက် ထိုက်ယီအဆင့်အင်မော်တယ် အဆင့်ကိုပင် ထိုးဖောက်နိုင်ခဲ့ပြီး ထိုက်ယီအင်မော်တယ်တစ်ပါး ဖြစ်သည့် အကြီးအကဲယွမ် ကိုယ်တိုင်ပင်လျှင် ယခင်ထက် ပိုမို မြင့်မားသော အဆင့်တစ်ဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ထို့ကြောင့်ပင် ဤကောင်လေး အနေဖြင့် နန်းတော်အတွင်းမှ အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါးပါး၏ အမွေအနှစ်ကို အမှန်တကယ် ရရှိခဲ့လျှင်ပင် သူတို့ကို မည်သို့မျှ အသာစီး မရနိုင်ဟု ဟောင်နင်း ယူဆထားခဲ့သည်။

အခန်း(၂၉၈၁)ပြီး၏။

အခန်း(၂၉၈၂)

“မင်းတို့တွေ ငါရခဲ့တဲ့ အခွင့်အလမ်းကို လိုချင်တယ်ဆိုရင်လည်း အပိုအကြောင်းပြချက်တွေ ရှာမနေစမ်းပါနဲ့”

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။

“မင်းတို့မှာ အရည်အချင်းရှိရင် ငါ့ဆီကနေ လာလုသွားလို့ရတယ်”

“ဒီကောင်လေးက တကယ်ကို မောက်မာလွန်းနေတာပဲ.. အားလုံးပဲ အတူတူ တိုက်ခိုက်ပြီး သူ့ဆီက အခွင့်အလမ်းကို လုယူကြစို့”

အဘိုးအိုက အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ တလော့အင်မော်တယ်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

“တိုက်ကြ”

ဟောင်နင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့ပြီး ကျန်းချန်ကို သတ်ဖြတ်ရန်အတွက် သူ၏ နံဘေးရှိ လူများကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

ကျန်းချန်က တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်သည် သူတို့၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ထင်ကျန်နေဆဲ ဖြစ်သည်။

အကယ်၍ သူတို့သာ တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်ရမည် ဆိုလျှင် သူတို့ထဲမှ မည်သူကမျှ ကျန်းချန်ကို အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအကြောင်းကြောင့်ပင် ဟောင်နင်းသည် ကျန်းချန်ကို မည်သည့် အခွင့်အရေးမျှ ပေးရန် ရည်ရွယ်ချက်မရှိဘဲ ကျန်းချန်ကို သတ်ဖြတ်ရန် အတွက် အားလုံးကို လှုံ့ဆော်လိုက်ခြင်းဖြစ်၏။

“မင်းတို့တွေက ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမှတော့ ငါလည်း မတတ်နိုင်ဘူး”

သူ့ကို သတ်ဖြတ်ရန် ပြေးဝင်လာကြသော ဟောင်နင်းတို့ လူစုကို ကြည့်ရင်း ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏မျက်ဝန်းထဲတွင် အေးစက်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ မည်သို့မျှ မလှုပ်ရှားဘဲ နေရာမှာတင် အေးအေးလူလူ ရပ်နေခဲ့၏။

“ဝုန်း..”

အဘိုးအိုက အရင်ဆုံး စတင် တိုက်ခိုက်လိုက်ပြီး သူ၏ ပြင်းထန်သော တိုက်ကွက်သည် ကျန်းချန်၏ ရှေ့ ပေတစ်ရာခန့် အကွာသို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင် မမြင်နိုင်သော စွမ်းအားတစ်ခုသည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ တိုက်ကွက်ကို ခုခံ တားဆီးလိုက်သည်။

ကျန်းချန်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့တွေ အခု ဒီနေရာက ထွက်သွားမယ် ဆိုရင် မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”

ကောင်းကင်မိစ္ဆာတောင်သည် သွေးယဇ်ပူဇော်သည့် နည်းလမ်းကို လုပ်ဆောင်နေခြင်း ဖြစ်ရာ သူတို့၏ ရည်ရွယ်ချက်သည် သေချာပေါက် ကြီးမားပေလိမ့်မည်။

ထို့ကြောင့် ကျန်းချန်က ကောင်းကင်မိစ္ဆာတောင်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ မပြုလုပ်ချင်ခဲ့ပေ။

အကယ်၍ လုပ်ဆောင်ခဲ့လျှင် မိစ္ဆာများကို ကူညီအားပေးရာ ရောက်သွားလိမ့်မည် မဟုတ်ပါလား။

ထိုအကြောင်းကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ဟောင်နင်းတို့ လူစုကို သတိပေးမနေဘဲ အလွယ်တကူ သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်သည်။

“သေစမ်း..”

ထိုအခိုက်အတန့်တွင် ဟောင်နင်းသည် လက်ထဲရှိ ထိုက်ယီအဆင့် အင်မော်တယ်လက်နက်ကို လှုံ့ဆော်လိုက်သည်။

“ဝုန်း..”

ပေပေါင်းရာချီ ကြီးမားသော ခရမ်းရောင်လျှပ်စီးဓားများသည် ကောင်းကင်ယံကနေ တစ်လက်ပြီး တစ်လက် ကျဆင်းလာခဲ့သည်။

ဟောင်နင်းက တလော့အဆင့်သို့ စတင် ထိုးဖောက်ရုံသာ ရှိသေးသော်လည်း ပါရမီစွမ်းရည်ကမူ အတော်လေး ထူးခြားသည်။

ထိုက်ယီအဆင့် အင်မော်တယ်လက်နက်နှင့် ပေါင်းစပ်လိုက်သောအခါတွင် ဟောင်နင်း၏ တိုက်ကွက်စွမ်းအားသည် တလော့ အင်မော်တယ် အထွတ်အထိပ်အဆင့် အဘိုးအို အစွမ်းကုန် ထုတ်သုံးလိုက်သည့် သိုင်းကွက်နှင့် ယှဥ်လျှင်ပင် ကွာခြားမှု သိပ်မရှိပေ။

“မင်းက ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနေတာပဲ.. ငါ့ကို အပြစ်တင်ဖို့ မစဥ်းစားနဲ့တော့”

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး လက်ညှိုးမှ ဓားစွမ်းအားကို ထုတ်ဖော်လိုက်သည်။

တစ်ခဏမှာပင် ကျန်းချန်ထံသို့ အရှိန်အဟုန်ဖြင့် သက်ရောက်လာသော ခရမ်းရောင်လျှပ်စီးဓား အားလုံသည် ဘာမှမကျန်ရှိသည်အထိ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင်မူ ဟောင်နင်း၏ တိုက်ကွက်စွမ်းအားများသည် ပြိုကွဲသွားခဲ့ပြီး ဟောင်နင်း၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ် အဆင့်ကနေ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် ကျဆင်းသွားခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ဟောင်နင်းသည် ကျင့်ကြံခြင်း စွမ်းအား အနည်းငယ်မျှပင် မရှိတော့သည့် သာမန်လူတစ်ဦး ဖြစ်သွားခဲ့၏။

အကယ်၍ အကြီးအကဲယွမ်သာ ဟောင်နင်း၏ ခန္ဓာကိုယ်ကို အလျင်အမြန် ဖမ်းဆွဲ မထားခဲ့လျှင် ဟောင်နင်းသည် ယခုအချိန်တွင် ကောင်းကင်ယံ၌ မတ်မတ်ရပ်နိုင်တော့မည် မဟုတ်ဘဲ ချောက်နက်ထဲသို့ တိုက်ရိုက်ပင် ကျဆင်းသွားပေလိမ့်မည်။

ဟောင်နင်းက ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။

“မင်း.. မင်းငါ့ကို ဘာလုပ်လိုက်တာလဲ.. ငါ့ရဲ့ကျင့်ကြံခြင်းစွမ်းအားတွေကို ငါ့ဆီ ပြန်ပေးစမ်း”

သူက ဟောင်မိသားစု၏ သခင်လေး ဖြစ်ပြီး ဟောင်မိသားစု မျိုးဆက်သစ် လူငယ်များထဲတွင် တစ်ဦးတည်းသော တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်သည်။

ယခု ဤနေရာရှိ အင်မော်တယ် ဥပဒေသများ၏ အကူအညီဖြင့် သူက တလော့အင်မော်တယ် အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ရာ ကျင့်ကြံခြင်းအဆင့်အရ ဆိုလျှင် အဆင့်အတန်း တစ်ခုတွင် ရှိနေခဲ့ချေပြီ။

သို့သော်လည်း သူဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ချေ။

သူက တလော့အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရုံမျှသာ ရှိသေးသော်လည်း ကျန်းချန်ကမူ လက်ညှိုး တစ်ချောင်းတည်းဖြင့်ပင် သူ၏ တစ်သက်တာ ကျင့်ကြံလာသည့် ကျင့်ကြံခြင်းစွမ်းအားများကို ဖျက်ဆီးပစ်လိုက်သည်။

ယင်းကဲ့သို့ အခြေအနေကို သူမည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။

ကျန်းချန်၏ လက်ညှိုးမှ စွမ်းအားကြောင့် ဟောင်မိသားစု၏ သခင်လေးက သာမန်လူတစ်ဦး အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရလျှင် ကျန်ရှိနေသော သူများသည် ဤထူးဆန်းသော မြင်ကွင်းကြောင့် မှင်တက်သွားခဲ့ပြီး မဆင်မခြင် မတိုက်ခိုက်ဝံ့တော့ပေ။

သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် နန်းတော် အတွင်းသို့ မဝင်ရောက်မီကထက် ပို၍ပင် ထိတ်လန့်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလော။

“ကောင်လေး.. မင်းက ငါတို့သခင်လေးရဲ့ ကျင့်ကြံခြင်းစွမ်းအားကို တကယ်ပဲ ဖျက်ဆီးရဲတယ်.. မင်းရဲ့တိုက်ခိုက်မှုက ရက်စက်လွန်းရာ ကျမနေဘူးလား”

ထိုအခိုက်အတန့်တွင် အကြီးအကဲယွမ်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ပြည့်နှက်နေခဲ့၏။

ဟောင်နင်းသည် ဟောင်မိသားစု၏ သခင်လေး ဖြစ်ပြီး ဟောင်မိသားစု၏ အမွေကို ဆက်ခံမည့်သူလည်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူက ဟောင်နင်း၏ နောက်သို့ လိုက်ပါလာခဲ့ခြင်းမှာ ဟောင်မိသားစုခေါင်းဆောင်၏ အမိန့်အရ ဟောင်နင်း၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးရန် အတွက် ဖြစ်သည်။

ယခုအခါ ဟောင်နင်းက ဆန့်ကျင်ဘက်မှ ကောင်လေး၏ လက်ချက်ဖြင့် ကျင့်ကြံခြင်းစွမ်းအင်များ ဖျက်ဆီးခြင်းခံလိုက်ရပြီ ဖြစ်ရာ မိသားစုခေါင်းဆောင်ထံ သူ မည်ကဲ့သို့ ပြန်လည် တင်ပြရပါမည်နည်း။

“ငါ မင်းတို့ကို အခွင့်အရေးပေးခဲ့သားပဲ.. မင်းတို့ ကိုယ်တိုင်က တန်ဖိုးမထားခဲ့ကြတာ ငါလည်း ဘာမှမတတ်နိုင်ဘူး”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ဖဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ကမ္ဘာကြီးသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး အဖျက်စွမ်းအင်များ ပြည့်နှက်နေသည့် ကမ္ဘာကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤကမ္ဘာကြီးအတွင်းတွင် ထိုက်ယီအဆင့် အင်မော်တယ်ဖြစ်သည့် အကြီးအကဲယွမ် ပင်လျှင် မမြင်နိုင်သော ဓားတစ်လက်က သူ့ကို ပစ်မှတ်ထားနေသကဲ့သို့ ခံစားလိုက်ရပြီး ထိုဓားက သူ့ကို အချိန်မရွေး ပိုင်းဖြတ်ပစ်နိုင်စွမ်း ရှိနေသည်ဟု ထင်မြင်နေမိသည်။

ကျန်းချန်ကမူ ထိုကမ္ဘာကြီးအတွင်း၌ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ကမ္ဘာကြီး၏ တစ်ဦးတည်းသော အုပ်စိုးရှင်သဖွယ် ဝံ့ကြွားစွာ ရပ်နေခဲ့သည်။

“ဒါက ဟန်ယွင်အဆင့် အင်မော်တယ်ဥပဒေသပဲ”

အကြီးအကဲယွမ်သည် တစ်ခဏအတွင်းမှာပင် တစ်စုံတစ်ရာကို တွေးမိသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

“မင်း.. မင်းက ဟန်ယွင်အဆင့်ကို ထိုးဖောက်သွားပြီလား”

“ဟန်ယွင်အဆင့် အင်မော်တယ်တဲ့လား”

အကြီးအကဲယွမ်၏ စကားကို ကြားလိုက်ရသည်နှင့် လူတိုင်း၏ မျက်နှာက ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။

သူတို့ရှေ့မှ ကောင်လေးသည် နန်းတော်အတွင်း၌ တစ်ဆယ့်ငါးနှစ်မျှ အချိန်ကုန်ဆုံးခဲ့ပြီးနောက်တွင် ဟန်ယွင်အဆင့်သို့ ထိုးဖောက်နိုင်သွားလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မှတ်မထားခဲ့ကြပေ။

“အရှင်.. ကျွန်တော်တို့ ညီနောင်နှစ်ယောက်က အကျိုးအမြတ်အပေါ်‌ လောဘဇောတက်မိသွားလို့ပါ.. အရှင့်အနေနဲ့ ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်”

ရုပ်ချင်းဆင်တူသော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် ကျန်းချန်၏ ရှေ့တွင် ချက်ချင်းပင် ဒူးထောက်လိုက်ကြပြီး အသက်ချမ်းသာပေးရန် တောင်းပန် တိုးလျှိုးလိုက်ကြသည်။

ဟန်ယွင်အဆင့် အင်မော်တယ်၏ ရှေ့တွင် တလော့အင်မော်တယ်များနှင့် အကြီးအကဲယွမ် ကဲ့သို့ ထိုက်ယီအဆင့်အင်မော်တယ် ပင်လျှင် ပုရွက်ဆိတ်များနှင့် မခြားပေ။

ကျန်းချန်ကမူ ထိုနှစ်ယောက်၏ အသနားခံမှုကို စိတ်ဝင်စားခြင်းမရှိခဲ့ပေ။

သူက အတွေးတစ်ချက်ကို လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့်မြေပြင် အကြားရှိ မမြင်နိုင်သော ဓားစွမ်းအားများသည် ဟင်းလင်းပြင်ထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ဟောင်နင်းတို့ လူစုကို တုံ့ပြန်ရန်ပင် မည်သည့် အခွင့်အရေးမျှ မပေးဘဲ ဟောင်နင်းတို့လူစု၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင်မူ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ပြိုကွဲသွားခဲ့ပြီး ဟောင်နင်း၏ ခြေရာအတိုင်း လိုက်ပါသွားခဲ့ကြသည်။

ထိုက်ယီအင်မော်တယ်အဆင့် ဖြစ်သည့် အကြီးအကဲယွမ်အပါအဝင် အားလုံးနီးပါးသည် မည်သို့မျှ ပြန်လည် ခုခံနိုင်စွမ်းမရှိဘဲ ကျင့်ကြံခြင်းစွမ်းအား အနည်းငယ်မျှပင် မရှိတော့သည့် သာမန်လူများ အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ဟန်ယွင်အဆင့် ဥပဒေသကို တတ်မြောက်နားလည်သွားပြီးနောက်တွင် အင်မော်တယ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဤကမ္ဘာကြီး အတွင်း၌ ကျန်းချန်သည် တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။

သူက အတွေးတစ်ချက်ဖြင့်ပင် ဤကမ္ဘာထဲ၌ မှော်စွမ်းအင်အမျိုးမျိုးကို စိတ်ကြိုက် အသုံပြုနိုင်စွမ်းရှိ၏။

ထိုအချက်ကြောင့်ပင် သူက မရေမတွက်နိုင်သည့် လူသားအဖြစ် ပြောင်းလဲစေသော ဓားစွမ်းအင်များကို ဖန်တီးလိုက်ပြီးသူ့ရှေ့ရှိ လူအားလုံး၏ ကျင့်ကြံခြင်းစွမ်းအားများကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

“ငါဒီနေရာမှာ လူမသတ်ချင်တာ မင်းတို့ ကံကောင်းသွားတယ်မှတ်ပါ.. မဟုတ်ရင်တော့ အခုအချိန် မင်းတို့တွေ အေးစက်နေတဲ့ အလောင်းတွေ အဖြစ် ပြောင်းလဲသွားလောက်ပြီ.. ဒီနေရာမှာ အသက်ရှင် မရှင်ကတော့ မင်းတို့ရဲ့ ကုသိုလ်ကံပဲ”

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးသည်နှင့် သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကျင့်ကြံခြင်းစွမ်းအားများ ဆုံးရှုံးသွားခဲ့သောလူတိုင်းသည် အောက်ဘက်ရှိ ချောက်နက်ထဲသို့ တိုက်ရိုက်ပင် ကျဆင်းသွားခဲ့ကြသည်။

သို့သော်လည်း ဤလူများသည် အနည်းဆုံး တလော့အင်မော်တယ်အဆင့်ကို ရောက်ရှိခဲ့သူများ ဖြစ်ရာ အင်မော်တယ်ရတနာများကို ပိုင်ဆိုင်ထားခဲ့ပြီး ထိုရတနာများ၏ အကူအညီဖြင့် သူတို့၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြသည်။

ကျန်းချန်က ဟောင်နင်းတို့ လူစုကို ဆက်လက်၍ အာရုံစိုက်မနေတော့ပေ။

သူက ၎င်းတို့ကို သတ်ဖြတ်ရန်လည်း ရည်ရွယ်ချက် မရှိခဲ့ချေ။

ယခုအခါ ဟောင်နင်းတို့ အားလုံးသည် ကျင့်ကြံခြင်းစွမ်းအားများ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဟောင်နင်းတို့သာ ထျန်းကန်းခန်းမ တည်ရှိရာ ကမ္ဘာထဲကနေ ထွက်ခွာသွားခဲ့လျှင် ကောင်းကင် မိစ္ဆာတောင်တွင် သေချာပေါက် အသက်ဆုံးရှုံးရပေလိမ့်မည်။

သူ့အနေဖြင့် အသက် ရှင်သန်ချင်သည် ဆိုလျှင် ဤနေရာတွင်သာ ဆက်လက်နေထိုင်ရလိမ့်မည် ဖြစ်၏။

ဟောင်နင်းတို့အဖွဲ့ကို မသတ်ဘဲ ဤနေရာတွင် ပိတ်မိနေအောင် ထားခဲ့ခြင်းသည် ထျန်းကန်းခန်းမ၏ သတင်းကို အပြင်သို့ ပေါက်ကြားသွားခြင်း မရှိစေ၍ သေချာပေါက် အကောင်းဆုံး‌သော ရွေးချယ်မှုပင်။

သူက အနောက်ဘက်ရှိ ထျန်းကန်းခန်းမဆောင် တစ်ဖြစ်လည်း နန်းတော်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည် လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် နေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၉၈၂)ပြီး၏။

All Chapters