အခန်း (၂၉၈၃-၂၉၈၄)
Vol. 239 Ch. 2983-2984
အခန်း(၂၉၈၃)
ကျန်းချန်က ထျန်းကန်းခန်းမဆောင် တည်ရှိရာ ကမ္ဘာ ထဲကနေ ထွက်ခွာလာပြီးနောက်တွင် ကောင်းကင်မိစ္ဆာတောင်တွင် အချိန်အကြာကြီး မနေတော့ဘဲ ကောင်းကင်မိစ္ဆာတောင်၏ အပြင်ဘက်သို့ တိုက်ရိုက်ပင် ထွက်ခွာလာခဲ့သည်။
ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ဟန်ယွင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ပင်လျှင် သူ့ကိုရင်ဆိုင်ရန် လွယ်ကူတော့မည် မဟုတ်ပေ။
ထိုအချက်ကြောင့်ပင် ကျန်းချန်၏ ခရီးစဥ်သည် အလွန်ပင် ချောမွေ့ခဲ့ပြီး အားစိုက်ထုတ်စရာပင် သိပ်မလိုလိုက်ဘဲ ကောင်းကင်မိစ္ဆာတောင်၏ အပြင်ဘက်သို့ ထွက်ခွာလာနိုင်ခဲ့သည်။
“ကောင်းကင်မိစ္ဆာတောင်ရဲ့အခြေအနေကို မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နန်းတော်ဆီ အကြောင်းကြားလိုက်တာ ပိုကောင်းမယ်ထင်တယ်.. ဒါမှပဲ သူတို့တွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်လိမ့်မယ်”
ကောင်းကင်မိစ္ဆာတောင်၏ သွေးယဇ်ပူဇော်ခြင်း နည်းလမ်းကို တွေးမိရင်း ကျန်းချန်က စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ၏ ဗဟိုရှိ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံ ဆီသို့ ရောက်ရှိလာခဲ့သည်။
“ငါတို့ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်ဆီ ဘယ်သူ လာရောက် ရမ်းကားနေတာလဲ”
ထိုအခိုက်အတန့်မှာပင် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသား တစ်ဦးသည် အစောင့်အရှောက် အဖွဲ့တစ်ဖွဲ့နှင့်အတူ ကောင်းကင်ယံသို့ ပျံတက်လာခဲ့ပြီး ကျန်းချန်၏ ရှေ့မှောက်သို့ တိုက်ရိုက်ဆိုသလို ရောက်ရှိလာခဲ့သည်။
၎င်းတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သောအရှိန်အဝါ ဖိအားများသည် ကျန်းချန်ထံသို့ ဦးတည်ကာ ပျံ့လွင့်လာခဲ့သည်။
ကျန်းချန်က လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူ့ထံတို့ တိုးဝင်လာသည့် ပြင်းထန်သော ဖိအားလှိုင်းများသည် တစ်ခဏအတွင်းမှာပင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။
သူက ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“ငါက ကျန်းချန်ပါ.. မင်းတို့ မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံစရာ ကိစ္စလေးရှိလို့ပါ.. စီနီယာအနေနဲ့ သတင်းစကားပါးပေးဖို့ မျှော်လင့်ပါတယ်”
ကျန်းချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် သူတို့၏ အရှိန်အဝါဖိအားလှိုင်းများအား ဖယ်ရှားပစ်လိုက်သည်ကို မြင်လျှင် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် ကျန်းချန်ကို အထင်မသေးဝံ့တော့ပေ။
“အရှင့်အနေနဲ့ အကြီးအကဲတွေကို တွေ့ချင်ရတဲ့ ကိစ္စက ဘာကိစ္စလဲ ဆိုတာ သိပါရစေ”
ကျန်းချန်က ခပ်အေးအေးပင် ပြောလိုက်သည်။
“ကောင်းကင်မိစ္ဆာတောင်နဲ့ ပတ်သက်ပြီး သတိပေးချင်လို့ပါ”
ထိုစကားကိုကြားလျှင် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ကျန်းချန်ကို တအံ့တဩ ကြည့်လိုက်ပြီး အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်က အကြီးအကဲတွေအနေနဲ့ လောလောဆယ်တော့ အရှင်နဲ့ တွေ့ဆုံဖို့ အချိန်မရှိသေးဘူး ထင်တယ်.. အရှင့်အနေနဲ့ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်မှာပဲ တစ်ရက် နှစ်ရက်လောက် စောင့်ဆိုင်းပေးလို့ရမလား ဒါမှမဟုတ်ရင်လည်း ဒီကိစ္စကို ကျွန်တော့်ဆီ ပြောပြခဲ့ပါ.. ကျွန်တော်က တစ်ဆင့်ပြန်ပြီး သတင်းပါးပေးပါ့မယ်”
“ဒါဆိုရင် မင်းကပဲ ငါ့ကိုယ်စား မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲတွေဆီ သတင်းစကားပါးပေးပါ.. ကောင်းကင်မိစ္ဆာတောင်က အင်မော်တယ်လောကက လူတွေကို ကောင်းကင်မိစ္ဆာတောင်ထဲ ဝင်ခွင့်ပြုပြီး မိစ္ဆာတွေနဲ့ တိုက်ခိုက်ခိုင်းနေရတဲ့ အကြောင်းအရင်းက သွေးယဇ်ပူဇော်ခြင်းနည်းလမ်းကို လုပ်ဆောင်ဖို့အတွက်ပဲ...သွေးယဇ်ပူဇော်မှု ပြီးမြောက်သွားတာနဲ့ ဆိုးကျိုးတွေက တွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး.. မင်းတို့အနေနဲ့ ကြီးကြီးမားမား အပြောင်းအလဲ မဖြစ်ချင်ဘူး ဆိုရင် အင်မော်တယ်လောကက လူတွေကို ကောင်းကင်မိစ္ဆာတောင်ထဲ ဝင်ခွင့်မပြုတာ အကောင်းဆုံးပဲ”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားကို စကားပြန်ပြောရန်ပင် အခွင့်အရေးမပေးဘဲ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ အထက် ကောင်းကင်ယံကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
“တကယ်ကို ထူးဆန်းတဲ့ကောင်ပဲ”
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်၏ စကားများကို သိပ်အလေးမထားခဲ့ပေ။
သူတို့ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ စောင့်ရှောက်မှုသည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် မည်သည့် ပြဿနာမှ မရှိခဲ့သည်ဖြစ်ရာ ယခုအချိန်မှ အဘယ်ကြောင့် ထင်မှတ်မထားသော အပြောင်းအလဲများ ရှိလာရပါမည်နည်း။
ယင်းအပြင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်အနေဖြင့် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေထဲမှ လူများကို ကောင်းကင်မိစ္ဆာတောင် အတွင်းသို့ ဝင်ရောက်ကာ မိစ္ဆာကောင်များအား အမဲလိုက် သတ်ဖြတ်ခွင့်ပြုထားရခြင်းသည် ကောင်းကင်မိစ္ဆာတောင်ထဲမှ မိစ္ဆာအင်အားကို လျော့ပါးစေရန်အတွက် ဖြစ်သည်။
အကယ်၍ သူတို့သာ ဤကဲ့သို့ မလုပ်ဆောင်လျှင် ကောင်းကင်မိစ္ဆာတောင်ထဲမှ မိစ္ဆာကောင်များသည် ကောင်းကင်မိစ္ဆာတောင်ထဲကနေ ပြေးထွက်လာကြပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ကြပေလိမ့်မည်။
ဆိုရလျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်သည် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာကောင်များ၏ ထပ်တလဲလဲ တိုက်ခိုက်မှုကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသဖြင့် အဆုံးသတ်တွင် သူတို့သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေမှ လူများကို ကောင်းကင်မိစ္ဆာတောင်ထဲသို့ အမဲလိုက်သတ်ဖြတ်ရန် အတွက် ဝင်ရောက်ရန် တိုက်တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်မိစ္ဆာတောင်ထဲမှ အစွမ်းထက် မိစ္ဆာများက အင်မော်တယ်လောကမှ လူများကို ဝင်ရောက်ခွင့် ပြုခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော် အတွက်မူ ဤဆုံးဖြတ်ချက်ကို အလွယ်တကူ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ကျန်းချန် ပျောက်ကွယ်သွားသော နေရာကို တစ်ခဏမျှ လှမ်းကြည့်နေခဲ့ပြီးနောက်တွင် အစောင့်အရှောက် ဆယ်ယောက်ကျော်နှင့်အတူ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံကနေ ပျောက်ကွယ်သွားခဲ့သည်။
---------------------
ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရှိ ယွင်ရှောင်ဂိုဏ်းထဲတွင် သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် အရှင်ယွင်ကန်း၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
“သခင်လေးကျန်းချန်.. မင်း နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီပဲ”
အနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ ကျန်းချန်ပင် ဖြစ်၏။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် လမ်းတစ်လျှောက်တွင် မည်သည့်နေရာတွင်မှ မရပ်နားဘဲ အင်မော်တယ်နယ်မြေ အနည်းငယ်ကို တိုက်ရိုက်ပင် ဖြတ်ကျော်ကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရှိ ယွင်ရှောင်ဂိုဏ်း ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြပြီး အပိုစကားများ ပြောမနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲဆိုတာ ပြောပြပါဦး အကြီးအကဲယွင်ကန်း”
လုချန်ချင်း၏ ကိုယ်ပွားလက်ချက်ဖြင့် သူက ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကနေ အတင်းအကျပ် ထွက်ခွာခဲ့ရသည်မှာ ဆယ်စုနှစ် အနည်းငယ်ခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဆယ်စုနှစ်အနည်းငယ် ဟူသော အချိန်ကာလသည် ကျင့်ကြံသူများ အတွက်မူ ကြာမြင့်သော အချိန်ကာလတစ်ခု မဟုတ်ပေ။
ဆိုရလျှင် သာမန် တလော့အဆင့်နှင့် ထိုက်ယီအဆင့် အင်မော်တယ်များ ပင်လျှင် တစ်ကြိမ် တံခါးပိတ် ကျင့်ကြံလျှင် နှစ်ပေါင်း တစ်ရာ သို့မဟုတ် နှစ်ပေါင်းတစ်ထောင်ခန့်ကြာမြင့်တတ်၏။
သို့သော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အခြေအနေ အတွက်မူ ဆယ်စုနှစ် အနည်းငယ် ဟူသော ကာလသည် အပြောင်းအလဲ များစွာကို ဖြစ်ပေါ်စေနိုင်၏။
“အခြေအနေက သိပ်တော့ မကောင်းဘူး”
အရှင်ယွင်ကန်းက လက်ရှိ အခြေအနေကို ကျန်းချန်အား ရှင်းပြလိုက်သည်။
ကျန်းချန်နှင့်အရှင်ဇူရီ တို့က ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တွင် သောင်းကျန်းမှု ပြုလုပ်ခဲ့သည့် အချိန်မှစ၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော် တို့ကို ပြန်လည် ရင်ဆိုင်လာနိုင်ခဲ့သည်။
သို့သော်လည်း မကြာသေးမီက စ၍ အခြေအနေများက ထပ်မံ၍ ပြောင်းလဲသွားခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့သည် မည်သည့်နေရာကနေ ရှာဖွေလာမှန်း မသိရသည့် ဟန်ယွင်အဆင့် ကျင့်ကြံသူ တစ်ဦး၏ အကူအညီဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အလစ်အငိုက်ဖမ်း တိုက်ခိုက်ခဲ့ကြပြီး ထိုတိုက်ပွဲတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဘက်မှ ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
ကျန်းချန်က သူ၏ နတ်အသိစိတ်ဖြင့် ယွင်ရှောင်ဂိုဏ်း အတွင်းသို့ အာရုံခံလိုက်ကြရာ အရှင်ဇူရီ၏ အရှိန်အဝါကို မ တွေ့ရှိရလျှင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အရှင်ဇူရီရော ဘယ်မှာလဲ.. သူ ယွင်ရှောင်ဂိုဏ်းမှာ ရှိမနေဘူးလား”
အရှင်ယွင်ကန်းက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“အရှင်ဇူရီက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ သတင်းကို ရရချင်းမှာပဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဆီကို ချက်ချင်း အပြေးအလွှား သွားရောက်ခဲ့တယ်.. ဒါပေမဲ့ မကြာသေးခင်ကစပြီး ဘာသတင်းမှ မကြားရတော့လို့ အခြေအနေက ဘယ်လိုရှိနေလဲ ဆိုတာ ကျွန်တော်လည်း မသိတော့ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော် တို့သည် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး၏ အကူအညီကို ရရှိခဲ့ပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဘက်မှ ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
ယင်းကဲ့သို့ အခြေအနေမျိုးတွင် လုရှောင်ချင်းတို့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အခြေအနေက ကောင်းမွန်လိမ့်မည် မဟုတ်မှန်း ကျန်းချန် စဥ်းစားနေစရာပင် မလိုဘဲ သိရှိနိုင်ခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းများတွင် အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့ပြီး အရှင်ယွင်ကန်းကို လေးနက်စွာ ပြောလိုက်သည်။
“အရှင်ယွင်ကန်း အသင့်ပြင်ထားလိုက်ပါ.. ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေရဲ့ မငြိမ်မသက်မှုတွေကို အဆုံးသတ်ရမဲ့အချိန် ရောက်ပြီ”
ထိုစကားကိုကြားလျှင် အရှင်ယွင်ကန်းက အနည်းငယ် မှင်တက်သွားခဲ့သည်။
“သခင်လေးကျန်းချန်ရဲ့ အစီအစဥ်က ဘယ်လိုလဲဆိုတာ သိပါရစေ”
“ငါ့ရဲ့ အစီအစဥ်က ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အရင်ဖျက်ဆီးပစ်ဖို့ပဲ.. ခင်ဗျားကတော့ ယွင်ရှောင်ဂိုဏ်းက လူတွေကို ခေါ်ဆောင်လာပြီး နောက်ဆက်တွဲကိစ္စတွေကို ရှင်းလင်းဖို့ အတွက် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ဆီ ကျုပ် နောက်ကနေ လိုက်လာဖို့သာ ပြင်ဆင်ထားလိုက်ပါ”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် အရှင်ယွင်ကန်း၏ ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်၏ပုံရိပ် ပျောက်ကွယ်သွားပြီး သိပ်မကြာမီမှာပင် ချင်းယွင်ဘိုးဘေး၏ ပုံရိပ်သည် အရှင်ယွင်ကန်း၏ နံဘေး၌ တိုက်ရိုက်ပင် ပေါ်လာခဲ့သည်။
ထိုအချင်းအရာကိုမြင်လျှင် အရှင်ယွင်ကန်းက ချင်းယွင်ဘိုးဘေးကို အလျင်အမြန်ပင် မေးလိုက်သည်။
“ဘိုးဘေး.. ကျွန်တော်တို့ တကယ်ပဲ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ဆီ သွားကြမှာလား”
“သွားရမှာပေါ့”
ချင်းယွင်ဘိုးဘေး၏ မျက်ဝန်းထဲတွင် တောက်ပသောအလင်းတန်းများ ယှက်သန်းသွားခဲ့သည်။
ဤကာလများတွင် ယွင်ရှောင်ဂိုဏ်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ဘက်တော်သား အဖြစ် ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သာ ကျရှုံးသွားခဲ့လျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အတွင်း၌ ယွင်ရှောင်ဂိုဏ်း အတွက် ခြေချစရာနေရာပင် ရှိတော့မည် မဟုတ်ချေ။
ယခု ကျန်းချန်က ထပ်မံ၍ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ဤအရာသည် သူတို့ ယွင်ရှောင်ဂိုဏ်း အတွက် အခွင့်အရေးကောင်းပင် မဟုတ်ပါလား။
လက်ရှိ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို ချင်းယွင်ဘိုးဘေးအနေဖြင့် အတိအကျ မသိသော်လည်း ကျန်းချန်သည် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ကထက် စာလျှင် အဆများစွာ ပိုမို အစွမ်းထက်လာခဲ့ပြီမှန်း သူ ခံစားမိခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ကျန်းချန်၏ ရှေ့မှောက်တွင် ချင်းယွင်ဘိုးဘေးသည် ဟန်ယွင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် အရှင်ဇူရီနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်မျိုးပင် ခံစားမိခဲ့သည်။
ကျန်းချန် အနေဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်မည်ဟု ရဲဝံ့စွာ ပြောဆိုနေသည် ဆိုကတည်းကပင် ကျန်းချန်၏ လက်ထဲတွင် အားကိုးအားထားပြုစရာ တစ်ခုခု ရှိနေရမည်မှာ သေချာသလောက်ပင်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကိုသာ ဖျက်ဆီးပစ်နိုင်ခဲ့မည် ဆိုလျှင် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်သည် တစ်ဦးတည်း ရုန်းကန်ရန် ခက်ခဲသွားမည် ဖြစ်ရာ ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို ရှေးယခင်ကကဲ့သို့ ထပ်မံ၍ လွှမ်းမိုး အုပ်ချုပ်နိုင်လိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လာလျှင် ယွင်ရှောင်ဂိုဏ်းသည်လည်း ဤအခွင့်အရေးကို အသုံးချကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် ဟူသော မဟာသစ်ပင်ကြီးကို အမှီပြု၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အတွင်း၌ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပါလား။
အခန်း(၂၉၈၃)ပြီး၏။
အခန်း(၂၉၈၄)
စူးရှသော အလင်းတန်းတစ်ခုသည် ဥက္ကာပျံကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းကာ အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
ထိုအလင်းတန်းထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး ၎င်းမှာ ယွင်ရှောင်ဂိုဏ်းကနေ ရောက်ရှိလာသော ကျန်းချန်ပင် ဖြစ်သည်။
သူက အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံတွင် လက်နှစ်ဖက်ကို ဟန်ပါပါနောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေရင်း ဟန်ယွင်အဆင့် အင်မော်တယ်ဥပဒေသကို တစ်ခဏအတွင်း ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင်ကမ္ဘာတစ်ခုက ပတ်ဝန်းကျင်တွင် ဖြစ်တည်လာခဲ့ပြီး အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းနှင့် ပေတစ်ရာခန့် အကွာသို့ ရောက်ရှိလာခဲ့သောအခါ မမြင်နိုင်သောကမ္ဘာတစ်ခုနှင့် တိုက်ရိုက်ပင် တိုက်မိသွားခဲ့သည်။
“ဝုန်း..”
ဟန်ယွင်အဆင့် အင်မော်တယ်ဥပဒေသဖြင့် ပြောင်းလဲဖန်တီးထားသော ကမ္ဘာကြီး၏ ရိုက်ခတ်မှုအောက်တွင် အဆက်မပြတ် ပြောင်းလဲကာ တွန့်လိမ်နေသော ကမ္ဘာတစ်ခုကို ကျန်းချန် မြင်တွေ့လိုက်ရသည်။
“ငါ့ရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ဘယ်သူလာပြီး ရမ်းကားနေတာလဲ”
ထိုအခိုက်အတန့်မှာပင် တွန့်လိမ်နေသော ကမ္ဘာကြီးထဲကနေ ဒေါသတကြီး ကြုံးဝါးသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်နှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။
ကျန်းချန်က ရောက်ရှိလာသောသူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“လုချန်ချင်း မတွေ့ရတတောင် အတော်ကြာပြီ.. ကျန်းခန့်သာလို့ မာပါစ”
ရောက်ရှိလာသောသူမှာ အခြားသူ မဟုတ်ဘဲ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်၏ နန်းတော်သခင်ဖြစ်သူ လုချန်ချင်းပင် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ ရှေ့တွင် ရှိနေသောသူမှာ လုချန်ချင်း၏ မူလခန္ဓာကိုယ် မဟုတ်ဘဲ လွန်ခဲ့သောတစ်ချိန်က ကျန်းချန်ကို ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကနေ အတင်းအကျပ် ထွက်ခွာစေရန် ဖိအားပေးခဲ့သည့် လုချန်ချင်း၏ ကိုယ်ပွားသာ ဖြစ်သည်။
ပြီးခဲ့သည့်တစ်ကြိမ်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များ အပြီးတွင် လုချန်ချင်းသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် အနေဖြင့် ဘေးအန္တရာယ်တစ်ခုခုဖြင့် ကြုံတွေ့ရလျှင် ကာကွယ်နိုင်ရန် အတွက် သူ၏ ကိုယ်ပွားကို ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တွင် အစောင့်အရှောက်အဖြစ် ချန်ထားခဲ့သည်မှာ ထင်ရှားနေခဲ့၏။
“ကောင်လေး.. လက်စသတ်တော့ မင်းဖြစ်နေတာကိုး”
လုချန်ချင်း၏ ကိုယ်ပွားထံကနေ တစ်ခဏအတွင်း လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။
“မင်း ငါရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ဆီ လာရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ကျန်းချန်က ခပ်အေးအေးပင် ပြောလိုက်သည်။
“လုချန်ချင်း.. မင်းက ဒီကိုယ်ပွားကို အသုံးပြုပြီး ငါ့ကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကနေ ထွက်ခွာသွားအောင် ဖိအားပေးခဲ့တယ်.. ဒီနေ့တော့ ငါမင်းရဲ့ကိုယ်ပွားကို အရင်ဆုံးဖျက်ဆီးပစ်မယ်.. ပြီးရင် မင်းတို့ ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ကို ဒီလောကထဲကနေ အပြီးတိုင်ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”
“မင်းက လေလုံးတော့ မသေးဘူးပဲ”
လုချန်ချင်း၏ ကိုယ်ပွားက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းက ထိုက်ယီအင်မော်တယ် အဆင့်ကို ကျော်ဖြတ်နိုင်ရုံတင်မကဘဲ ဟန်ယွင်အဆင့် အင်မော်တယ်ဥပဒေသကိုပါ နားလည်နေပြီကိုး.. ကြည့်ရတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ် အတွင်းမှာ အခွင့်အလမ်းကောင်းတွေ အများကြီး ရခဲ့တဲ့ပုံပဲ.. ဒါပေမဲ့ ဒီလောက်နဲ့တော့ ငါ့ရှေ့မှာလာပြီး ရမ်းကားဖို့ အရည်အချင်း မပြည့်မီသေးဘူး”
“သေချာလို့လား”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး လုချန်ချင်း၏ ကိုယ်ပွားနှင့် အပိုစကားများ ပြောမနေတော့ပေ။
သူက လက်တစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော ဓားအလင်း သုံးစင်းသည် ဟင်းလင်းပြင်ထဲကနေ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး လုချန်ချင်း၏ ကိုယ်ပွားဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာခဲ့သည်။
ထိုအချင်းအရာကိုမြင်လျှင် လုချန်ချင်း ကိုယ်ပွား၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားစွမ်းအား.. မင်းက အကြွင်းမဲ့ဓားအင်မော်တယ် ဘုရင်ရဲ့ မျိုးဆက်လား”
အကြွင်းမဲ့ဓားအင်မော်တယ်ဘုရင် အရှင်ကျွယ်ကျန့်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦး ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တွင် ရှိစဥ်က မကြာခဏ လာရောက်လည်ပတ်လေ့ ရှိသော ဧည့်သည်တော်တစ်ဦး ဖြစ်သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အရေးပါသော လူတစ်ဦး ဖြစ်ခဲ့ဖူး၍ လုချန်ချင်းသည် အရှင်ကျွယ်ကျန့်နှင့် မစိမ်းပေ။
ထိုပုဂ္ဂိုလ်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် အလွန်ထူးခြားသော ဆက်ဆံရေး ရှိခဲ့သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားပြီးနောက်တွင် အရှင်ကျွယ်ကျန့်သည်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို လိုက်လံရှာဖွေရန် အတွက် ပျောက်ကွယ်သွားခဲ့သည်။
သူ့ရှေ့တွင် ရှိနေသော ကောင်လေးသည် အရှင်ကျွယ်ကျန့်၏ နာမည်ကျော် အင်မော်တယ်ဓားသိုင်းကို အမှန်တကယ်တတ်မြောက်ထားလိမ့်မည်ဟု လုချန်ချင်း လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဤကောင်လေးက အဘယ်ကြောင့် ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်၏ ရန်သူ ဖြစ်လာသလဲ ဆိုသည်ကို အဆုံးသတ်တွင် သူသဘောပေါက်သွားခဲ့ချေပြီ။
အရှင်ကျွယ်ကျန့်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ဆံရေးအရ ဆိုလျှင် ထိုလူငယ်သည် အရှင်ကျွယ်ကျန့်၏ မျိုးဆက် ဖြစ်နေခဲ့ရာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ တည်ရှိမှုကို မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။
ပြီးခဲ့သည့်အခေါက်က ထိုကောင်လေးနှင့်တိုက်ခိုက်ခဲ့စဥ်တွင် ထိုကောင်လေးသည် ကျိုလီအင်မော်တယ်ဘုရင်၏ ပြိုင်ဘက်ကင်း နည်းစနစ်ကို ထုတ်ဖော်ခဲ့သဖြင့် သူက ထိုကောင်လေးကို ကျိုလီအင်မော်တယ်ဘုရင်၏ တပည့်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုတစ်ခေါက်တွင်မူ ထိုကောင်လေးသည် အရှင်ကျွယ်ကျန့်၏ အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို ထုတ်ဖော်လာခဲ့သည်။
ယင်းအချက်အလက်အရ ထိုကောင်လေး အနေဖြင့် အင်မော်တယ်လောကတွင် ဆရာတစ်ဦးတည်း မကဘဲ အခြားသော အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများနှင့်ပါ ပတ်သက်ဆက်နွှယ်နေသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေကာမူ လက်ရှိအချိန်တွင် လုချန်ချင်း ကိုယ်ပွားသည် အတွေးများနေရန် အချိန်မရှိတော့ပေ။
ထိုလူငယ်က ထိုက်ယီအဆင့်တွင်သာ ရှိသေးသော်လည်း ဟန်ယွင်အဆင့် အင်မော်တယ်ဥပဒေသကို နားလည်သဘောပေါက်ထားပြီ ဖြစ်၍ ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပိုင်း ကျင့်ကြံသူ ဖြစ်နေခဲ့ပြီ ဖြစ်ရာ ထိုလူငယ်၏ စွမ်းရည်သည် လျှော့တွက်၍ မရတော့ပေ။
ထိုမျှသာမက ထိုကောင်လေးသည် အင်မော်တယ်ဘုရင်အဆင့် နည်းစနစ်များကိုပါ တတ်မြောက်ထား၏။
ထို့ကြောင့် သူက ဟန်ယွင်အဆင့် ကျင့်ကြံသူ ဖြစ်သည့်တိုင် ကျန်းချန်ကို အနည်းငယ်မျှပင် လျှော့မတွက်ရဲတော့ပေ။
“ဟမ့် မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ ငါ့ရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှာ လာရမ်းကားဖို့တော့ မစဥ်းစားနဲ့”
လုချန်ချင်း၏ ကိုယ်ပွားက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
သူက အင်မော်တယ်ဖျက်ဆီးခြင်း ဓားစွမ်းအားများ ကိန်းအောင်းနေသည့် ဓားသုံးစင်းကို စိုက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးကို အောက်ဘက်ရှိ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ဆီသို့ ရည်ရွယ်ကာ ဝှေ့ယမ်း၍ အော်ဟစ်လိုက်သည်။
“လာခဲ့စမ်း”
လုချန်ချင်း၏ ကိုယ်ပွားက အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် အပြာရောင် လေးတစ်စင်းသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကနေ လုချန်ချင်း၏ လက်ဖဝါး ထဲသို့ တိုက်ရိုက်ပင် ပျံသန်းလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားများသည် အပြာရောင်လေး ထံသို့ ရုတ်တရက် စုစည်းလာခဲ့ကြပြီး အပြာရောင် မြားတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လုချန်ချင်းက မျက်တောင်တစ်ခတ် အတွင်းမှာပင် လေးကိုဆွဲကာ မြားများကို ဆက်တိုက်ဆိုသလို ပစ်လွှတ်လိုက်သည်။
သူ၏ မြားများက ကောင်းကင်ယံသို့ တစ်ရှိန်ထိုး ပျံတက်သွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကိုပင် အပြာရောင်အလင်းတန်းများဖြင့် ပြောင်းလဲသွားစေခဲ့ကာ ကျန်းချန်၏ ဓားအလင်း သုံးစင်းနှင့် ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
ကြောက်မက်ဖွယ်စွမ်းအားများ ထိပ်တိုက် ဆုံတွေ့မှုကြောင့် ဝုန်းခနဲ မြည်ဟည်းသံနှင့် အတူ အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံရှိ ဟင်းလင်းပြင် မိုင်ပေါင်းထောင်ချီ ဧရိယာသည် ထိုအခိုက်အတန့်တွင် ပရမ်းပတာ အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က ရှုပ်ထွေးကာ ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲတွင် ရှိနေသော်လည်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် စွမ်းအင်လှိုင်းလုံးများကို လျစ်လျူရှုထားလိုက်ပြီး ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို ထုတ်ဖော်၍ ရွှေရောင်မွန်းစတား တစ်ကောင် အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. အင်မော်တယ်ဝိညာဥ်များကို ဖျက်ဆီးခြင်း”
ကျန်းချန်က တောင်တန်းကဲ့သို့ ကြီးမားသော သူ၏ရွှေရောင်လက်ဖဝါးကြီးဖြင့် ရင်ဘတ်ရှေ့တွင် လက်ဟန်များ ပြုလိုက်လိုက်ရာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည့် အနက်ရောင် စည်းတံဆိပ် တစ်ခုသည် ကျန်းချန်၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် မိုင်ပေါင်းသောင်းချီ ဧရိယာအတွင်းရှိ သက်ရှိအားလုံးသည် စည်းတံဆိပ်၏ ဖိနှိပ်မှုအောက်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်များ တုန်ယင်သွားကြသည်။
“ဒီကောင်လေးရဲ့ နောက်ခံက ဘာလဲ.. ဘာလို့ သူက ပြိုင်ဘက်ကင်း အင်မော်တယ်နည်းစနစ်တွေကို ဒီလောက် အများအပြား တတ်မြောက်ထားရတာလဲ”
ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်အား ထုတ်ဖော်လိုက်သည်ကို မြင်လိုက်ရလျှင် လုချန်ချင်း ကိုယ်ပွား၏ မျက်နှာအမူအရာက တစ်ခဏအတွင်းမှာပင် အလွန်တရာ လေးနက်သွားခဲ့သည်။
ကျန်းချန်သည် တလော့အင်မော်တယ် အဆင့်တွင် ရှိနေစဥ်အခါက ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်နှင့် အတူ ဤစည်းတံဆိပ်ကို အသုံးပြု၍ သူ၏ တိုက်ခိုက်မှုကို ခုခံ ကာကွယ်ခဲ့ဖူးသည်။
ယခု ကျန်းချန်က ဟန်ယွင်အင်မော်တယ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤတစ်ခေါက် တိုက်ခိုက်မှု၏ စွမ်းအားသည် ယခင်ထက် စာလျှင် အဆပေါင်းရာချီ ပိုမို၍ အစွမ်းထက်လာခဲ့ချေပြီ။
လုချန်ချင်း၏ ကိုယ်ပွား ကိုယ်တိုင်ပင်လျှင် ထိုအခိုက်အတန့်၌ ကျန်းချန်၏ စည်းတံဆိပ်ကနေ အလွန်အန္တရာယ်ကြီးမားသော အငွေ့အသက်ကို ခံစားမိခဲ့သည်။
လုချန်ချင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟန်ယွင်အဆင့် အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ရာ သူ၏ လက်ထဲရှိ အပြာရောင်လေးသည် တောက်ပသော အလင်းတန်းများကို ထပ်မံ၍ ထုတ်လွှတ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင်မူ အပြာရောင်သစ်သားအင်မော်တယ်တောင်တန်း တစ်ခုလုံးရှိ သစ်ပင်ပန်းမန်များ၊ မြက်ပင်များနှင့် တောအုပ်များအားလုံး၏ အထက်၌ အပြာရောင်အလင်းစီးကြောင်းများ ပျံသန်းကာ ထွက်ပေါ်လာခဲ့သည်။
ထိုအပြာရောင် အလင်းစီးကြောင်းများသည် လုချန်ချင်း ကိုယ်ပွား၏ လက်ထဲရှိ အပြာရောင်လေး ထံသို့ အဆက်မပြတ် စုစည်းလာခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယခင်ကထက် ဆယ်ဆမက ပိုမို ကြောက်မက်ဖွယ်ရာကောင်းသော အပြာရောင်မြားတစ်စင်းသည် အပြာရောင်လေး ပေါ်တွင် ထပ်မံ၍ စုစည်းကာ ပေါ်ထွက်လာခဲ့သည်။
“အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်စမ်း”
လုချန်ချင်းကိုယ်ပွားက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး အပြာရောင်မြားကို ပစ်လွှတ်လိုက်ရာ အပြာရောင်မြားက သူ့ထံသို့ သက်ရောက်လာသည့် အနက်ရောင် စည်းတံဆိပ်နှင့် ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ဟင်းလင်းပြင်က ပြိုလဲပျက်စီးသွားခဲ့ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သည်လည်း ကြေမွ ပျက်စီးသွားခဲ့သည်။
ဤတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုသည် မိုင်ပေါင်း တစ်သိန်းဧရိယာ ပတ်ပတ်လည် အထိ တုန်ခါသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ မိုင်ပေါင်းတစ်သိန်း ဧရိယာပတ်ပတ်လည်အတွင်းရှိ လူတိုင်းသည် အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြပြီး အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း ဆီသို့ တစ်ပြိုင်နက်တည်း လှမ်းမျှော်ကာ ကြည့်ရှုလိုက်ကြသည်။
ထိုအခါ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တွင် ဟန်ယွင်အဆင့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်နေသည်ကို သူတို့ တွေ့လိုက်ရ၏။
သို့ဆိုလျှင် တစ်စုံတစ်ဦးသည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို လာရောက် တိုက်ခိုက်နေခြင်း ဖြစ်နိုင်ပါသလော။
အခန်း(၂၉၈၄)ပြီး၏။