← Chapters

အခန်း (၂၉၈၅-၂၉၈၆)

Vol. 239 Ch. 2985-2986

အခန်း (၂၉၈၅-၂၉၈၆)

Vol. 239 Ch. 2985-2986

အခန်း(၂၉၈၅)

အပြာရောင်သစ်သားအင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံရှိ ဟင်းလင်းပြင်တွင် အရာအားလုံး လွင့်ပျယ်ပျောက်ကွယ်သွား‌သောအခါ၌ ပုံရိပ်နှစ်ခုသည် တစ်ဖန်ပြန်၍ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ်အတွင်း အင်မော်တယ်အလင်းတန်းများသည် တဖျပ်ဖျပ် လက်နေခဲ့ပြီး လောကအလယ်တွင် ဝင့်ကြွားစွာ မတ်မတ်ရပ်နေသော ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါး ကဲ့သို့ ဖြစ်နေခဲ့သည်။

ကျန်းချန်၏ ဆန့်ကျင်ဘက်တွင်မူ လုချန်ချင်း၏ ကိုယ်ပွားသည် အရှိန်အဝါများ အားနည်းနေခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားသည်မှာ ထင်ရှားနေခဲ့၏။

ဤအခိုက်အတန့်တွင် မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းများ၌ အဆုံးမဲ့ ဒေါသတရားများနှင့် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

ယင်းသို့ ဖြစ်လာလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က သူ၏ လက်ထဲတွင် အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်စွမ်း မရှိဘဲ အဆုံးသတ်၌ ဝှက်ဖဲကို ထုတ်သုံးကာ ထွက်ပြေးခဲ့ရသည့် ကောင်လေးသည် ဤမျှလောက်အထိ အစွမ်းထက်လာလိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း။

သူက လုချန်ချင်း ပျိုးထောင်ထားသည့် ကိုယ်ပွားမျှသာ ဖြစ်သော်လည်း မူလခန္ဓာကိုယ်၏ အင်မော်တယ် ဥပဒေသများအပေါ် နားလည်သ‌ဘောပေါက်မှုကို အတူတကွ မျှဝေခံစားနိုင်သည်။

ထိုအချက်ကြောင့်ပင် သူက မူလခန္ဓာကိုယ်၏ အစွမ်းကုန် ပျိုးထောင်မှုနှင့် အရင်းအမြစ် အမျိုးမျိုးကို အသုံးပြုမှုအောက်တွင် ဟန်ယွင်အဆင့် အထိ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သဘာဝကျစွာပင် သူက မူလခန္ဓာကိုယ်ထက် အားနည်းရုံသာမက သာမန် ဟန်ယွင်အင်မော်တယ် အစောပိုင်းအဆင့်ထက်ပင် အားနည်းနေခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ သူက စစ်မှန်သော ဟန်ယွင်အဆင့်အင်မော်တယ်တစ်ပါး ဖြစ်သော်လည်း သူ့ရှေ့ရှိ ကျန်းချန်သည် ဟန်ယွင်အင်မော်တယ် တစ်ပိုင်းအဆင့်ဖြင့်ပင် သူ့ကို ဖိနှိပ်နိုင်ခဲ့ပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့သည်အထိ အလဲလဲအပြိုပြို ဖြစ်အောင် အသာစီး ယူနိုင်ခဲ့သည်။

“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. တောင်တန်းနဲ့မြစ်ချောင်းများ ပြိုလဲပျက်စီးခြင်း”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်ဟန်များကို ပြုလုပ်လိုက်ရာ မိုင်ပေါင်းထောင်ချီ ရှိသော တောင်တန်းနှင့် မြစ်ချောင်းများ၏ အရှိန်အဝါများ ကိန်းအောင်းနေသည့် စည်းတံဆိပ်သည် အလျင်အမြန် ထွက်ပေါ်လာခဲ့ပြီး လုချန်ချင်း၏ ကိုယ်ပွားကို ထပ်မံ၍ ဖိနှိပ်ရန် သက်ရောက်လာခဲ့သည်။

“မင်းက ငါ့ကို သတ်ရဲတယ်လား.. ငါ့ရဲ့ မူလခန္ဓာကိုယ် ပြန်ရောက်လာတဲ့နေ့ကျရင် မင်းအတွက် မြေမြှုပ်စရာနေရာတောင် ရှိမှာမဟုတ်ဘူး”

ကျန်းချန်က အညှာအတာ ကင်းမဲ့စွာဖြင့် သူ့ကိုသတ်ဖြတ်ရန်ရည်ရွယ်နေသည်ကို မြင်လျှင် လုချန်ချင်း၏ ကိုယ်ပွားက ထိတ်လန့် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

သို့သော်လည်း ကျန်းချန်က လုချန်ချင်း ကိုယ်ပွား၏ ခြိမ်းခြောက်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

သူက အေးစက်စက် အကြည့်ဖြင့် လုချန်ချင်း ကိုယ်ပွားကို ကြည့်ကာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့.. ငါမင်းကို သတ်ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အမြစ်ပြတ် ချေမှုန်းပြီးတာနဲ့ မင်းရဲ့မူလခန္ဓာကိုယ်ကိုလည်း ငါကိုယ်တိုင် သွားရောက်ရှင်းပစ်မှာပါ”

ထိုစကားကို ပြောပြီးသည့်နောက်တွင် အနက်ရောင်စည်းတံဆိပ်ကြီးသည် လုချန်ချင်း၏ ကိုယ်ပွားပေါ်သို့ သက်ရောက်သွားခဲ့သည်။

လုချန်ချင်း၏ ကိုယ်ပွားက အဆက်မပြတ် ရုန်းကန်နေခဲ့ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ပိတ်ဆို့တားဆီးရန်အတွက် ဟန်ယွင်အဆင့် ဥပဒေသစွမ်းအားဖြင့် ကမ္ဘာတစ်ခုကိုပင် ဖန်တီးရန် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်တို့၏ ပံ့ပိုးမှုအောက်တွင် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ဒုတိယ စည်းတံဆိပ်သည် ဟန်ယွင်အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့ရာ လုချန်ချင်း၏ ကိုယ်ပွားသည် မည်ကဲ့သို့ တားဆီးနိုင်ပါမည်နည်း။

ဟန်ယွင်အဆင့် အင်မော်တယ် ဥပဒေသဖြင့် သူပြောင်းလဲဖန်တီးထားသော အပြာရောင် ကမ္ဘာငယ်လေးသည် ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် တစ်ခဏမျှသာ ခံနိုင်ရည်ရှိခဲ့ပြီး ဝုန်းခနဲ မြည်ဟည်းကာ ရုတ်တရက် ပြိုလဲ ပျက်စီးသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ လုချန်ချင်း၏ ကိုယ်ပွားသည် အနက်‌ရောင် စည်းတံဆိပ်အောက်တွင် ဘာမှ မကျန်ရှိသည်အထိ အငွေ့ပျံ့ ပျောက်ကွယ်သွားခဲ့သည်။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် တစ်ခုတည်းပဲ ရှိရမယ်.. စင်ပြိုင်အင်အားစုတွေ အကုန်လုံး ပျက်စီးဖို့သာ ပြင်ထားလိုက်”

လုချန်ချင်း၏ ကိုယ်ပွားကို ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ဖြင့် သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် အောက်ဘက်ရှိ အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းကို ငုံ့ကြည့်လိုက်ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ တတိယမြောက်စည်းတံဆိပ် ဖြစ်သည့် ကောင်းကင်နှင့်မြေပြင် ငြိမ်သက်တိတ်ဆိတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ ထပ်မံ၍ ဖိနှိပ်လိုက်သည်။

သူက စည်းတံဆိပ်ကို ရိုက်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အောက်ဘက်ရှိ တောင်တန်းများက အ‌တောမသတ် တုန်ခါသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင် အကြား၌ ကျန်းချန် ထုတ်ဖော်လိုက်သည့် စည်းတံဆိပ် တစ်ခုတည်းသာ ရှိနေသကဲ့သို့ပင်။

စည်းတံဆိပ်၏ စွမ်းအားသည် အရပ်မျက်နှာအားလုံးကို လွှမ်းခြုံသွားခဲ့ပြီး အရာအားလုံးကို ချေမှုန်းပစ်နိုင်စွမ်း ရှိပုံရ၏။

“ဝုန်း..”

အပြာ‌ရောင်သစ်သား အင်မော်တယ်တောင်တန်း အထက်ရှိ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တည်ရှိရာ ကမ္ဘာကြီး တစ်ခုလုံသည် ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် ပြိုလဲ ပျက်စီးသွားခဲ့သည်။

အဆုံးသတ်တွင်မူ ထာဝရစိမ်းလန်းသော အင်မော်တယ် နန်းတော် တစ်ခုလုံးသည် ကောင်းကင်နှင့် မြေပြင်ကနေ အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။

အပြာရောင်သစ်သား အင်မော်တယ်တောင်တန်းတွင်မူ ကြီးမားသော စည်းတံဆိပ်ရာ တစ်ခုသာ ကျန်ရစ်ခဲ့သည်။

“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ဒီလိုပဲပျောက်ကွယ်သွားခဲ့ပြီလား”

ဤအခိုက်အတန့်တွင် ဟန်ယွင်အဆင့် တိုက်ပွဲကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြပြီး မည်သည့်အရာများ ဖြစ်ပျက်နေသလဲ ဆိုသည်ကို လာရောက် စုံစမ်းကြသော လူအများအပြားသည် သူတို့ ရှေ့မှ မြင်ကွင်းကို မှင်တက်စွာ ကြည့်ကာ အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာနိုင်ခဲ့ကြပေ။

ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် လက်အောက်ရှိ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကနေ ခွဲထွက်လာခဲ့သည့် ဟန်ယွင်အဆင့် အင်အားစုတစ်စု ဖြစ်သည်။

စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် ထိပ်တန်း အင်အားစုကြီးတစ်စု ဖြစ်ခဲ့သည်။

ထို့ကြောင့် ဤအခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ယခုအခါတွင်မူ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် နှစ်ပေါင်းများစွာ လွှမ်းမိုးလာခဲ့သည့် ဟန်ယွင်အဆင့် အင်အားစုကြီးသည် အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

ယင်းအပြင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ချေမှုန်းဖျက်ဆီးခဲ့သောသူမှာ အသက်ငယ်ရွယ်ပုံ ရသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးမျှသာ ဖြစ်နေခဲ့သည်။

“ဒီအနက်ရောင်ဝတ်စုံဝတ် လူငယ်က ဘယ်သူလဲ.. သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ထိတ်လန့်စရာကောင်းတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားရတာလဲ.. ကြည့်ရတာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရဲ့ အခြေအနေက အကြီးအကျယ် ပြောင်းလဲတော့မယ်ထင်တယ်”

လူတိုင်းက အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြပြီး ခပ်တိုးတိုး ရေရွတ်မိလိုက်ကြသည်။

-------------------

ကျန်းချန်က ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သို့ ရောက်ရှိလာပြီး လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ချေမှုန်းဖျက်ဆီးလိုက်သည့် အချိန်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် အကျပ်အတည်းသို့ ကျရောက်နေဆဲပင်။

လုချန်ချင်းနှင့် အရှင်ဖြူမဲ တို့သည် သူတို့ကို အကူအညီပေးရန် အတွက် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ဟန်ယွင်အဆင့် အင်မော်တယ်ကို ဒဏ်ရာ အပြင်းအထန် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

ယင်းနောက်တွင် သူတို့သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် အပေါ်တွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို စတင်ခဲ့ကြသည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဘက်မှ အရေးနိမ့်တော့မည့် အခြေအနေတွင် အရှင်ဇူရီသည် ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အရေးနိမ့်နေသော အခြေအနေကို ပြန်လည်ထိန်းညှိပေးနိုင်ခဲ့သည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် လုချန်ချင်း တို့၏ တိုက်ခိုက်မှုကြောင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရဆဲပင်။

ကံကောင်းထောက်မစွာဖြင့် လုရှောင်ချင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကိုယ်တိုင် တည်ဆောက်ခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ် နန်းတော်ကို အင်မော်တယ်လောကဆီ ပြန်လည် သယ်ဆောင်လာခဲ့၍ လူတိုင်းကို ထိုရတနာ ဆီသို့ နောက်ဆုတ်ရန် ပြောကြားခဲ့ပြီး ယာယီအားဖြင့် ဘေးကင်း လုံခြုံစေခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ဗဟိုချက်ရှိ အပြာရောင်အင်မော်တယ် အလင်းတန်းများ လွှမ်းခြုံထားသော နန်းတော် တစ်ခု၏ အပြင်ဘက်တွင် ထူးခြားသောအရှိန်အဝါများ ရှိသည့် မရေမတွက်နိုင်သော ပုံရိပ်များသည် နန်းတော်ကို ဝိုင်းရံထားကြသည်။

၎င်းတို့၏ အထက်ရှိ ကောင်းကင်ယံတွင်လည်း ဟန်ယွင်အဆင့် အင်မော်တယ်စွမ်းအားများကို ထုတ်လွှတ်နေသည့် ပုံရိပ်သုံးခု ရှိနေခဲ့ပြီး ထိုသုံးဦးက အောက်ဘက်ရှိ နန်းတော်ကို ငုံ့ကြည့်နေခဲ့ကြသည်။

၎င်းတို့မှာ လုချန်ချင်းတို့ သုံးယောက်ပင် ဖြစ်သည်။

“အရှင်ဖြူမဲ.. ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်ရဲ့ လူတွေက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်တည်ဆောက်ခဲ့တဲ့ အင်မော်တယ် နန်းတော် ထဲမှာ ပုန်းနေကြပြီ.. ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ”

လုချန်ချင်းက သုန်မှုန်သော အမူအရာဖြင့် မေးလိုက်သည်။

အရှင်ဖြူမဲက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“မင်းနဲ့ငါက ဒီနန်းတော် အကြောင်းကို ရှင်းရှင်းလင်းလင်း သိထားကြတာပဲ.. ဒါက ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ အင်မော်တယ်ဘုရင်အဆင့် ရတနာပဲ.. အင်မော်တယ်ဘုရင်အဆင့် စွမ်းအား မရှိဘဲ ဒီနန်းတော်ရဲ့ကာကွယ်ရေးကို ထိုးဖောက်နိုင်ဖို့ လွယ်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားလျှင် လုချန်ချင်း၏ မျက်နှာအမူအရာက ပို၍ပင် သုန်မှုန်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးဆက်သည် အလွန်ပင် ပါရမီ ထူးချွန်ပြီး ယခုအခါတွင် ဟန်ယွင်အဆင့်အင်မော်တယ်ဥပဒေသကို နားလည် သဘောပေါက်ထားသည့် ဟန်ယွင်အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူပင် ဖြစ်နေခဲ့ချေပြီ။

သူ့ကိုသာ ကြီးထွားလာရန် အချိန်အနည်းငယ် ပေးလိုက်မိသည်နှင့် ထိုက်ယီအဆင့်ကို ကျော်ဖြတ်ကာ စစ်မှန်သော ဟန်ယွင်အဆင့် အင်မော်တယ် တစ်ဦး ဖြစ်လာနိုင်ခြေ ရှိနေခဲ့သည်။

“ဒီနန်းတော်ရဲ့ ကာကွယ်ရေးကို ထိုးဖောက်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

ထိုအခိုက်အတန့်တွင် အချိန်အတော်ကြာအောင် စကားမပြောဘဲ နေခဲ့သော အနီရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် ပြောလိုက်သည်။

“ဒီနန်းတော်ရဲ့ ကာကွယ်ရေးကို ထိုးဖောက်ဖို့ အတွက် မင်းတို့တကယ် လိုအပ်တာက အင်မော်တယ်ဘုရင်အဆင့် လက်နက်တစ်ခုပဲ”

ထိုစကားကို ကြားလျှင် လုချန်ချင်းနှင့် အရှင်ဖြူမဲ တို့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

အင်မော်တယ်ဘုရင်အဆင့် လက်နက် ဆိုသည်မှာ အင်မော်တယ်လောကတွင် အလွန်ရှားပါးပြီး ယေဘုယျအားဖြင့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်ကြသည်။

တစ်ချိန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ထိပ်တန်း အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်၍ အင်မော်တယ်ဘုရင်အဆင့် ရတနာများစွာကို ပိုင်ဆိုင်ခဲ့ဖူးသည်။

သို့သော်လည်း ထိုအင်မော်တယ်ဘုရင်အဆင့် ရတနာများသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့်အတူ ပျောက်ကွယ်သွားခဲ့၏။

ဆိုရလျှင် သူတို့က ဟန်ယွင်အဆင့် အင်မော်တယ်များ ဖြစ်ကြသော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ကာကွယ်ရေးကို ထိုးဖောက်ရန် အတွက် အင်မော်တယ်ဘုရင်အဆင့် လက်နက်ကို ရှာဖွေရန် ဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်‌ပေ။

အခန်း(၂၉၈၅)ပြီး၏။

အခန်း(၂၉၈၆)

“ကံကောင်းထောက်မစွာနဲ့ ငါ့ရဲ့စီနီယာအစ်ကိုက အင်မော်တယ်ဘုရင်အဆင့် မှော်လက်နက်တစ်ခုကို ရရှိခဲ့ဖူးတယ်.. အဲဒီ အင်မော်တယ်လက်နက်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ ကာကွယ်ရေးအစီအရင်ကို ထိုးဖောက်ဖျက်ဆီးပစ်ဖို့အတွက် လုံလောက်တယ်.. တကယ်လို့ မင်းတို့တွေ လိုအပ်တယ် ဆိုရင် ငါ့ရဲ့ စီနီယာအစ်ကိုကို ဒီကိုလာဖို့ အခုချက်ချင်း ဆက်သွယ်ပေးလို့ရတယ်”

ဤအခိုက်အတန့်တွင် အနီရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားသံက ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် လုချန်ချင်းနှင့် အရှင်ဖြူမဲ တို့သည် အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ကြသည်။

လုချန်ချင်းက အလျင်အမြန်ပင် ပြောလိုက်သည်။

“မိတ်ဆွေဟုန်ယွင်.. ကျေးဇူးပြုပြီး မင်းရဲ့ စီနီယာအစ်ကိုကို ဒီလာပြီး အကူအညီပေးဖို့ အခုချက်ချင်းဆက်သွယ်ပေးပါ.. ဒီကိစ္စပြီးမြောက်အောင်မြင်သွားတဲ့ အချိန်ကျရင် မင်းအတွက် အကျိုးအမြတ်တစ်ခုကို ငါသေချာပေါက် ပေးပါမယ်”

“မစိုးရိမ်ပါနဲ့.. ငါ့ရဲ့စီနီယာအစ်ကိုကို ဒီကိုလာပြီး ကူညီခိုင်းဖို့က ဘာပြဿနာမှ မရှိဘူး”

အနီရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ အင်မော်တယ်ဘုရင်အဆင့် မှော်လက်နက်ကို ငှားရမ်းရတဲ့ တန်ဖိုးကတော့ မသေးဘူး.. ဒီကိစ္စတွေ ပြီးဆုံးတဲ့အခါကျရင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို အဖိုးအခ အဖြစ် ငါလိုချင်တယ်”

အနီရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုစကားကို ပြောလိုက်သည်နှင့် လုချန်ချင်းနှင့် အရှင်ဖြူမဲတို့သည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

အင်‌မော်တယ်ဘုရင်တစ်ပါး၏ အမွေအနှစ်ဆိုသည်မှာ အင်မော်တယ်လောကရှိ ကျင့်ကြံသူများ အတွက် အလွန်တရာမက်မောစရာ ကောင်းသော အမွေအနှစ်တစ်ခု ဖြစ်သည်။

လုချန်ချင်းနှင့် အရှင်ဖြူမဲ ကဲ့သို့ ဟန်ယွင်အဆင့်ကျင့်ကြံသူများ ပင်လျှင် ခြွင်းချက်မဟုတ်ပေ။

သူတို့က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူ ပြန်လည်‌ရောက်ရှိလာပြီးနောက်မှ လှုပ်ရှားမှုများကို စတင်ခဲ့ရသည့် အကြောင်းရင်းမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးဆက်က ကြီးထွားလာပြီး သူတို့အတွက် အန္တရာယ်များ သယ်ဆောင်လာမည်ကို စိုးရိမ်သောကြောင့်သာမကဘဲ အခြား အရေးကြီးသည့် အကြောင်းရင်း တစ်ခုမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရယူလိုကြသောကြောင့် ဖြစ်သည်။

ယနေ့ခေတ် အင်မော်တယ် လောကကြီးတွင် စစ်မှန်သော အင်မော်တယ်ဘုရင် တစ်ပါး မွေးဖွားလာရန်မှာ အလွန်တရာပင် ခဲယဥ်း၏။

လုချန်ချင်းနှင့် အရှင်ဖြူမဲ တို့သည် ဟန်ယွင်အဆင့်တွင် နှစ်ပေါင်းများစွာ ကြာအောင် ပိတ်ဆို့နေခဲ့ကြပြီး အင်မော်တယ်ဘုရင် အဆင့်ကို အနည်းငယ်မျှပင် မထိတွေ့နိုင်ခဲ့ကြပေ။

ထို့ကြောင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်သည် သူတို့အတွက် စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာစေမည့် တစ်ခုတည်းသော အခွင့်အရေးပင် ဖြစ်နေနိုင်၏။

သို့သော်လည်း ယခုအခါတွင်မူ အနီရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရယူလိုနေသည် ဖြစ်ရာ သူတို့နှစ်ဦး အနေဖြင့် မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။

လုချန်ချင်းက သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်သည်။

“မိတ်ဆွေဟုန်ယွင်.. မင်းရဲ့ ဒီအပေးအယူက နည်းနည်းတော့ မလွန်လွန်းနေဘူးလား”

အနီရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“တကယ်လို့ မင်းတို့ဘက်က ဒီအပေးအယူကို လွန်လွန်းတယ်လို့ ထင်ရင်လည်း သဘောမတူဘဲ နေနိုင်ပါတယ်”

ထိုစကားကိုကြားလျှင် လုချန်ချင်းနှင့်အရှင်ဖြူမဲ တို့၏ မျက်နှာအမူအရာက ပို၍ပင် သုန်မှုန်သွားခဲ့ကြသည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးဆက်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ လူများသည် ယခုအခါတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကိုယ်တိုင် ဖန်တီးခဲ့သည့် နန်းတော်ထဲတွင် ပုန်းအောင်းနေကြသည်ဖြစ်ရာ သူတို့အနေဖြင့် ထိုအင်မော်တယ်နန်းတော်၏ ကာကွယ်ရေး အစီအရင်ကို တတ်နိုင်သမျှ အမြန်ဆုံးဖြိုခွဲပစ်နိုင်မည့် နည်းလမ်းကို ရှာဖွေရလိမ့်မည် ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အသက်ရှူနိုင်မည့် အခွင့်အရေး တစ်ခါမျှ ပေးလိုက်မိလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့်အင်‌မော်တယ်သည် ဒဏ်ရာကနေ ပြန်လည် သက်သာနိုင်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူသည်လည်း ဟန်ယွင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားနိုင်ပေလိမ့်မည်။

ယင်းသို့ ဖြစ်လာခဲ့လျှင် ပြဿနာများမည့်သူမှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့သာ ဖြစ်ပေလိမ့်မည်။

အရှင်ဟုန်ယွင်က ဤအချက်ကို သိထားသဖြင့် အခွင့်ကောင်းယူကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရယူလိုနေခြင်း ဆိုလည်းမမှားပေ။

“ဟုန်ယွင်.. မင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့အမွေအနှစ်ကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာပဲ.. ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး.. ဒီကိစ္စပြီးမြောက်အောင်မြင်သွားတဲ့အခါကျရင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ငါတို့တွေ အတူတကွ မျှဝေခံစားကြတာပေါ့.. ဘယ်လိုသဘောရလဲ”

လုချန်ချင်း၏ မျက်ဝန်းများက တဖျပ်ဖျပ် လှုပ်ရှားသွားခဲ့ပြီး အရှင်ဟုန်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။

လက်ရှိအခြေအနေတွင် သူတို့သည် သူတို့ရှေ့မှ နန်းတော်၏ ကာကွယ်ရေးအစီအရင်ကို အမြန်ဆုံး ဖြိုခွဲပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ လူများကို ရှင်းပစ်ရန် အလောတကြီး လိုအပ်နေခဲ့သည်။

အချိန်ဆွဲလေလေ အခြေအနေသည် သူတို့အတွက် ပို၍ အခြေအနေမလှ ဖြစ်လာစေပေလိမ့်မည်။

အင်မော်တယ်ဘုရင်အဆင့် မှော်ရတနာကို ရှာဖွေရန်ဆိုသည်မှာ အလွန်တရာပင် ခက်ခဲသည်။

အကယ်၍ သူတို့သာ အရှင်ဟုန်ယွင်၏ အပေးအယူကို ငြင်းပယ်လိုက်မည် ဆိုလျှင် သူတို့အနေဖြင့် အင်မော်တယ်ဘုရင်အဆင့် မှော်လက်နက်ကို တစ်ခဏအတွင်း ရှာဖွေရန် အလွန်တရာ ခက်ခဲသွားပေလိမ့်မည်။

ထိုအချက်ကြောင့်လည်း လုချန်ချင်းသည် အတတ်နိုင်ဆုံး လိုက်လျောပေးခဲ့ခြင်းပင်။

အရှင်ဟုန်ယွင်က ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ ငါသဘောတူတယ်.. ငါအခုပဲ စီနီယာအစ်ကိုကို ဆက်သွယ်လိုက်ပ့ါမယ်”

အရှင်ဟုန်ယွင်သည် လုချန်ချင်းနှင့် အရှင်ဖြူမဲ တို့က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို အတူတကွ မျှဝေခံစားခွင့်ပေးခြင်းကပင် သူတို့ဘက်က ပေးနိုင်သည့် အကြီးမားဆုံးသော လိုက်လျောမှု ဖြစ်သည်ကို ကောင်းစွာ သိရှိနားလည်ထားခဲ့သည်။

ထို့နောက်တွင် သူက ချက်ချင်းပင် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စီနီယာအစ်ကိုကို ဆက်သွယ်ရန် အတွက် လျှို့ဝှက်နည်းလမ်း တစ်ခုကို အသုံးပြုလိုက်သည်။

ဤအချင်းအရာကိုမြင်လျှင် လုချန်ချင်းသည် အရှင်ဟုန်ယွင်ကို ဂရုမစိုက်တော့ဘဲ အရှင်ဖြူမဲနှင့် ကိစ္စတချို့ကို ဆွေးနွေးတိုင်ပင်ရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားခဲ့ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

“ချန်ချင်း ဘာဖြစ်လို့လဲ”

ထိုမြင်ကွင်းကိုမြင်လျှင် အရှင်ဖြူမဲက အနည်းငယ်အံ့အားသင့်ကာ မေးလိုက်သည်။

“ငါ့ရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှာ အပြောင်းအလဲကြီး တစ်ခု ဖြစ်သွားခဲ့ပြီ”

လုချန်ချင်းက ဖြူဖျော့သောမျက်နှာဖြင့် ပြောလိုက်သည်။

“ငါ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်မှာ အစောင့်အကြပ် အဖြစ် ထားခဲ့တဲ့ ငါ့ရဲ့ကိုယ်ပွား ဖျက်ဆီးခြင်းခံလိုက်ရပြီ”

သူပျိုးထောင်ထားသော ကိုယ်ပွားတွင် ကိုယ်ပိုင်အသိဥာဏ် ရှိနေသော်လည်း မူလခန္ဓာကိုယ်နှင့် ခွဲခြား၍မရသော ပတ်သက်ဆက်နွှယ်မှု ရှိနေဆဲပင်။

ထို့ကြောင့်လည်း ကိုယ်ပွား ဖျက်ဆီးခံလိုက်သည်နှင့် လုချန်ချင်းသည် သဘာဝကျစွာပင် ချက်ချင်းဆိုသလို အာရုံခံမိသွားခဲ့ခြင်း ဖြစ်၏။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အရှင်ဖြူမဲက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“အရှင်ဇူရီက အခု ငါတို့ရှေ့က နန်းတော်ထဲမှာ ပိတ်မိနေပြီ.. ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို သွားပြီး မင်းရဲ့ ကိုယ်ပွားကို ဖျက်ဆီးပစ်နိုင်မဲ့သူ ရှိသေးလို့လား”

လုချန်ချင်း၏ ကိုယ်ပွားနှင့် ပတ်သက်၍ အရှင်ဖြူမဲသည် ကောင်းစွာ နားလည်ထားခဲ့သည်။

ထိုကိုယ်ပွားသည် လုချန်ချင်း၏ အစွမ်းကုန် ပံ့ပိုး ပျိုးထောင်မှုအောက်တွင် ဟန်ယွင်အဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းက ကိုယ်ပွားတစ်ခုသာ ဖြစ်၍ သာမန် ဟန်ယွင်အင်မော်တယ် အစောပိုင်းအဆင့်ထက် အားနည်းနေသော်လည်း ဟန်ယွင်အဆင့်၏ စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။

ဆိုရလျှင် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးက လှုပ်ရှားမှု မပြုသ‌ရွေ့ လုချန်ချင်း၏ ကိုယ်ပွားကို မည်သူမျှ ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။

သို့ဆိုလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် အရှင်ဇူရီ အပြင် အခြားသော ဟန်ယွင်အဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာခဲ့ပါသလော။

လုချန်ချင်း၏ မျက်နှာက အလွန်တရာ သုန်မှုန်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် ဟန်ယွင်အဆင့် ကျင့်ကြံသူဖြစ်သည့် အရှင်ဇူရီ အပြင် အင်မော်တယ်ဘုရင်ကျိုလီနှင့် ပတ်သက်ဆက်နွှယ်မှု ရှိနေသည့် မွန်းစတားဆန်သော ပါရမီရှင် လူငယ်တစ်ဦးလည်း ရှိနေသေးသည်။

ယခု သူ၏ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က တစ်စုံတစ်ရာ ထပ်မံ ဖြစ်ပွားခဲ့ပြီ ဖြစ်ရာ ဖြစ်နိုင်ခြေ အများဆုံးမှာ ထိုကောင်လေး ပြန်ရောက်လာခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

“အရှင်ဖြူမဲ.. ဒီနေရာကို မင်းတို့နဲ့ပဲ လွှဲထားခဲ့မယ်.. ငါ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ပြန်သွားကြည့်လိုက်ဦးမယ်”

ထိုစကားကို ပြောပြီးသည်နှင့် လုချန်ချင်းသည် အရှင်ဖြူမဲ၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

လုချန်ချင်း ပျောက်ကွယ်သွားသော နေရာကို ငေးကြည့်ရင်း အရှင်ဖြူမဲ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤအချိန်သည် သူတို့နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တို့ တိုက်ခိုက်နေသည့် အရေးကြီးသောအချိန် ဖြစ်၍ သူက လုချန်ချင်း ဘက်တွင် မည်သည့်ပြဿနာမှ ဖြစ်ပွားမလာစေရန်သာ မျှော်လင့်နိုင်တော့၏။

လုချန်ချင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ထွက်ခွာသွားသည့် အချိန်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကိုယ်တိုင် တည်ဆောက်ခဲ့သော နန်းတော်၏ အတွင်းဘက်ရှိ တိတ်ဆိတ်ငြိမ်သက်သော ခန်းမဆောင် တစ်ခု၌ သွယ်လျသော ပုံရိပ်တစ်ခုသည် တင်ပျဥ်ခွေ၍ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

ထိုပုံရိပ်မှာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အပြာရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထား၏။

ထိုဂါဝန်ရှည်က အလွန်တရာ ရိုးရှင်းပုံရသော်လည်း မြင့်မြတ်သော အရှိန်အဝါများ ဖုံးလွှမ်းနေခဲ့သည်။

အမျိုးသမီး၏ ရှည်လျားသော အပြာရောင် ဆံပင်များသည် ရေတံခွန်တစ်ခုနှယ် အောက်ဘက်သို့ ဖြာကျနေခဲ့ကာ သူမ၏ လှပသော အပြာရောင်မျက်ဝန်းများသည် ကောင်းကင်နှင့်မြေကြီးပင်လျှင် ဒူးထောက်အရှုံးပေးရတော့မည့်နှယ် ဖြစ်နေခဲ့၏။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ပေါ်လာမည် ဆိုလျှင် ထိုအမျိုးသမီးသည် သူရှာနေခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူ လုရှောင်ချင်း ဖြစ်မှန်း တစ်ချက် ကြည့်ရုံဖြင့်ပင် မှတ်မိနိုင်ပေလိမ့်မည်။

သို့သော်လည်း ယနေ့ခေတ် လုရှောင်ချင်းသည် ယခင်ကဲ့သို့ မိန်းကလေးငယ်လေး တစ်ဦးမဟုတ်တော့ဘဲ မြင့်မြတ်ပြီး ထူးခြားလှသည့် နတ်မိမယ်လေး တစ်ပါး အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။

“ဆရာ ချန်ထားခဲ့တဲ့ အမွေအနှစ် စွမ်းအားတွေကို စုပ်ယူပြီးသွားပေမဲ့လည်း ဟန်ယွင်အဆင့်ကို ထိုးဖောက်ဖို့အတွက် အနည်းငယ် လိုအပ်နေသေးတယ်.. ငါ ဘယ်တော့မှ စစ်မှန်တဲ့ ဟန်ယွင်အဆင့် အင်မော်တယ် တစ်ပါး ဖြစ်လာနိုင်မလဲ မသိဘူး”

လုရှောင်ချင်းက သူမ၏ လှပသော အပြာရောင်မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကာ သက်ပြင်းချ၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ယခုအခါတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည် ဖြစ်ရာ ဤနေရာတွင် ပိတ်မိနေသည့် အခြေအနေကို ပြောင်းလဲပစ်ရန် အတွက် သူမ အနေဖြင့် ဟန်ယွင်အဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံး ထိုးဖောက်ရလိမ့်မည် ဖြစ်သည်။

ယင်းအခိုက်အတန့်မှာပင် ခန်းမဆောင်၏ တံခါးအပြင်ဘက်ကနေ အလောတကြီး လျှောက်လှမ်းလာသော ခြေသံတချို့ ထွက်ပေါ်လာခဲ့ပြီး အစေခံမိန်းကလေး တစ်ဦးသည် ခန်းမအပြင်ဘက်ကနေ ဝင်ရောက်လာခဲ့သည်။

သူမက လုရှောင်ချင်း၏ ရှေ့သို့ ရောက်ရှိလာပြီးနောက်တွင် ရိုသေလေးစားသော အမူအရာဖြင့် အလျင်အမြန် ပြောလိုက်သည်။

“နန်းတော်သခင်မ.. အပြင်ဘက်မှာ အပြောင်းအလဲ တချို့ ဖြစ်ပေါ်နေပြီ.. ခုနကလေးတင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ နန်းတော်သခင် လုချန်ချင်းက ဘာကြောင့်မှန်းမသိရဘဲ ရုတ်တရက်ကြီး ထွက်ခွာသွားခဲ့တယ်”

အခန်း(၂၉၈၆)ပြီး၏။

All Chapters