အခန်း (၂၉၈၇-၂၉၈၈)
Vol. 239 Ch. 2987-2988
အခန်း(၂၉၈၇)
“လုချန်ချင်းထွက်ခွာသွားပြီ ဟုတ်လား”
အစေခံထံမှ စကားကိုကြားလျှင် လုရှောင်ချင်း၏ လှပသောမျက်ဝန်းလေးက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့သည် အရှင်ဟုန်ယွင်ဟု ခေါ်သည့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ထိုသူက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ဟန်ယွင်အဆင့် ကျင့်ကြံသူကို ဒဏ်ရာအပြင်းအထန် ရရှိအောင်လုပ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အရှင်ဇူရီသာ အချိန်မီ ပေါ်မလာခဲ့ရင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်းအင်မော်တယ်နန်းတော်တို့၏ လက်ချက်ဖြင့် ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
အရှင်ဇူရီ၏ ကူညီဆောင်မမှုကြောင့် သူတို့က ဘေးကင်းလုံခြုံစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ပြီး သူမ ကိုယ်တိုင် ပြန်လည်သယ်ဆောင်လာသည့် ခိုင်ခံ့သော ကာကွယ်ရေးစွမ်းအား ရှိသော အင်မော်တယ်နန်းတော်ကြီး ထဲတွင် ပုန်းအောင်းနိုင်ခဲ့သည်။
ဆိုရလျှင် ယခုအချိန်က ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့ အတွက် သူတို့ ထာဝရရှင်သန်ခြင်းအင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်၏။
သို့ဖြစ်ရာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင် လုချန်ချင်းသည် အဘယ်ကြောင့် ယခုကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ရုတ်တရက်ကြီး ထွက်ခွာသွားရန် ရွေးချယ်ခဲ့ရပါသနည်း။
“ကြည့်ရတာ အစ်ကိုကျန်းချန် ပြန်ရောက်လာတာများလား”
ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီးနောက်တွင် လုရှောင်ချင်း၏ လှပသော မျက်ဝန်းအစုံက တောက်ပသွားခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်နှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်တို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။
ထိုအချိန်က ကျန်းချန်သည် အရှင်ဇူရီနှင့် အတူ ပေါ်ထွက်လာခဲ့ပြီး သူမ အတွက် အကျပ်အတည်းကို ဖြေရှင်းပေးခဲ့ကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အသာစီးရရှိအောင် ပြုလုပ်ပေးခဲ့ဖူးသည်။
သို့သော်လည်း နောက်ပိုင်းတွင် ကျန်းချန်သည် လုရှောင်ချင်း ကိုယ်ပွား၏ ဖိအားပေးမှုဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကနေ ထွက်ခွာသွားခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ လုရှောင်ချင်းသည် ကျန်းချန် သေချာပေါက် ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု အမြဲတစေ ယုံကြည်ထားခဲ့၏။
ယခု ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင် လုချန်ချင်းက ရုတ်တရက် ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်တွင် တစ်စုံတစ်ရာသော အပြောင်းအလဲကြီး တစ်ခု ဖြစ်ပွားခဲ့သည်မှာ သေချာသလောက်ပင်။
ထိုအပြောင်းအလဲ၏ အကြောင်းရင်းမှာ ကျန်းချန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေသို့ ပြန်လည် ရောက်ရှိလာခြင်းကြောင့်သာ ဖြစ်နိုင်လောက်၏။
ယင်းသို့ တွေးမိလျှင် လုရှောင်ချင်း၏ လှပသောမျက်ဝန်းအစုံတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါးဖြစ်သည့် လုချန်ချင်း ရုတ်တရက် ထွက်ခွာသွားခြင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် အတွက် အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။
ယင်းကဲ့သို့ အခွင့်အရေးကို လုရှောင်ချင်း အနေဖြင့် မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်ခံနိုင်ပါမည်နည်း။
“အရေးကြီးကိစ္စ ဆွေးနွေးတိုင်ပင်ဖို့ အတွက် အကြီးအကဲတွေအားလုံးကို ပင်မခန်းမဆောင်ထဲ အခုချက်ချင်း လာခဲ့ဖို့ အကြောင်းကြားလိုက်ပါ”
စကားဆုံးသည်နှင့် လုရှောင်ချင်း၏ ခန္ဓာကိုယ်သည် အစိမ်းရောင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နေရာကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
လုချန်ချင်း၏ ကိုယ်ပွားကို သတ်ဖြတ်ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် တည်ရှိရာ ကမ္ဘာလောကကို ဖျက်ဆီးပစ်ခဲ့ပြီးနောက်တွင် ကျန်းချန်သည် ထွက်ခွာမသွားသေးဘဲ အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံတွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
အကြောင်းရင်းမှာ လုချန်ချင်း၏ ကိုယ်ပွားကို သတ်ဖြတ်လိုက်ခြင်းအား လုချန်ချင်း၏ မူလခန္ဓာကိုယ်က သေချာပေါက် အာရုံခံမိလိမ့်မည် ဖြစ်မှန်း အလွန်တရာ ရှင်းရှင်းလင်းလင်း သိရှိထားသောကြောင့်ပင်။
သူက လုချန်ချင်း ပြန်လာမည့်အချိန်ကို ဤနေရာတွင် စောင့်ဆိုင်းနေခြင်း ဆိုလည်းမမှားပေ။
လုချန်ချင်းကို သတ်ဖြတ်နိုင်သရွေ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ဖိအားသည် ထက်ဝက်မက လျော့နည်းသွားပေလိမ့်မည်။
ထိုအချိန်သို့ကျမှ သူက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သို့ သွားရောက်ပြီး လုရှောင်ချင်းကို အကူအညီပေးကာ ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်လိုက်လျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလော။
လုချန်ချင်း၏ စွမ်းအားက ထက်မြက်သည့်တိုင် သူသည်လည်း ဟန်ယွင်အဆင့် အင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသော စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
သူ၏ စွမ်းအားနှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းတို့ ပူးပေါင်းလိုက်မည် ဆိုလျှင် မယှဥ်နိုင်စရာ အကြောင်းမရှိပေ။
ကျန်းချန်က အချိန်အကြာကြီး မစောင့်ဆိုင်းလိုက်ရချေ။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်မှာပင် ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ကျန်းချန်၏ ရှေ့သို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့သည်။
ထိုပုံရိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်အင်မော်တယ် အရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင် နှစ်ခုလုံးကို လွှမ်းခြုံပျံ့နှံ့သွားခဲ့သည်။
ကျန်းချန်က ရောက်ရှိလာသောသူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“လုချန်ချင်း နောက်ဆုံးတော့ မင်းပြန်လာခဲ့ပြီပေါ့.. ငါ မင်းကို ဒီနေရာမှာ စောင့်နေတာ အတော်ကြာပြီ”
“ကျန်းချန် တကယ်ပဲ မင်းဖြစ်နေတာကိုး”
လုချန်ချင်း၏ တစ်ကိုယ်လုံးတွင် လူသတ်ငွေ့များ ပြည့်နှက်နေခဲ့သည်။
သူ၏ကိုယ်ပွား အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်ကို အာရုံခံမိလိုက်ကတည်းကပင် လုချန်ချင်းသည် သူ၏ မျက်စိအောက်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့သော ထိုကောင်လေးက ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း မရေမရာ ခန့်မှန်းမိခဲ့သည်။
သို့သော်လည်း သူမည်သို့မှ မထင်မှတ်ထားမိသည့်အချက်တစ်ခုမှာ ဆယ်စုနှစ် အနည်းငယ်မျှသော အချိန်တိုလေးအတွင်းမှာပင် ထိုကောင်လေးသည် သူ၏ကိုယ်ပွားကို ဖျက်ဆီးနိုင်ခဲ့ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကိုပါ တစ်ကိုယ်တော် ဖျက်ဆီးပစ်နိုင်လောက်သော အဆင့်အထိ ကြီးထွားလာခဲ့ခြင်းပင်။
ပြီးခဲ့သည့်အချိန်က ကျန်းချန်သည် ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော် ထဲသို့ ဝင်ရောက်ကာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ အရင်းအမြစ်များကို လုယက်ခဲ့သည်ကပင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်အတွက် ကြီးမားသော အရှက်ရစရာ ဖြစ်ခဲ့ရသည်။
ယခုအခါတွင်မူ ကျန်းချန်သည် သူ၏ ကိုယ်ပွားကို ဖျက်ဆီးပစ်ခဲ့ရုံမကဘဲ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကိုပါ လုံးဝ ဖျက်ဆီးပစ်ခဲ့၏။
ယင်းမှာ လုချန်ချင်း၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှကို ဖျက်ဆီးပစ်လိုက်သည်နှင့် အတူတူပင် ဖြစ်ရာ လုချန်ချင်းသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
“ကျန်းချန် မင်းက ငါ့ရဲ့ကိုယ်ပွားကို သတ်ဖြတ်ခဲ့တဲ့ အပြင် ငါ့ရဲ့ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကိုပါ ဖျက်ဆီးပစ်ခဲ့တယ်.. ဒါကြောင့် မူလခန္ဓာကိုယ် ဖြစ်တဲ့ ငါက မင်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ”
လုချန်ချင်း၏ ဒေါသတကြီး ကြုံးဝါးသံက ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။
နောက်ထပ် တစ်ခဏတွင် သူက လက်ဖဝါးကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်ရာ ဟင်းလင်းပြင် မိုင်ပေါင်းထောင်ချီ ဧရိယာရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် သူ၏ လက်ဖဝါးထဲတွင် စုစည်း သိပ်သည်းသွားခဲ့သည်။
ထို့နောက်တွင်မူ လုချန်ချင်းသည် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်သည် အောက်ဘက်တွင် ရှိနေကြသည့် မရေမတွက်နိုင်သော ကြည့်ရှုသူများကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။
ဟန်ယွင်အဆင့် အင်မော်တယ် ဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် ပြီးလျှင် အစွမ်းအထက်ဆုံး ဖြစ်၍ ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ထုတ်ဖော်လိုက်သော စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
လုချန်ချင်း၏ ဤလက်ဝါးရိုက်ချက်သာ ဟန်ယွင်အဆင့်အောက်ရှိ ကျင့်ကြံသူများထံ သက်ရောက်သွားခဲ့လျှင် ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်မှာ သေချာသလောက်ပင်။
သို့ရာတွင် လုချန်ချင်း၏ ကမ္ဘာမြေကိုပင် တုန်လှုပ်စေမည့် ကြောက်မက်ဖွယ် တိုက်ကွက်ကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်း ရှိမနေခဲ့ပေ။
သူ၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်သွားခဲ့ပြီး လက်ထဲတွင် ဓားကျိုးတစ်လက် ပေါ်လာခဲ့သည်။
“လုချန်ချင်း.. ငါမင်းရဲ့ကိုယ်ပွားကို သတ်ဖြတ်နိုင်ခဲ့မှတော့ မင်းကိုလည်း သေချာပေါက် သတ်ဖြတ်နိုင်မှာပဲ.. မင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ပါလျက်နဲ့ သစ္စာဖောက်တစ်ယောက် အဖြစ် လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့တယ်.. ဒီနေ့တော့ ငါက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကိုယ်စား ဂိုဏ်းသန့်ရှင်းရေး လုပ်ရလိမ့်မယ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ လက်ထဲရှိ ဓားကျိုးက လှုပ်ရှားသွားခဲ့ပြီး ကမ္ဘာလောက တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့သည်။
အလွန်တရာ တောက်ပသော ဓားအလင်းတန်း တစ်ခုသည် ဓားကျိုးထံကနေ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ဟင်းလင်းပြင်ကို ချက်ချင်းပင် ဖြတ်ကျော်ကာ လုချန်ချင်း၏ လက်ဝါးရိုက်ချက်နှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
ဟင်းလင်းပြင် မိုင်ပေါင်းထောင်ချီ ဧရိယာအထက်ရှိ ကောင်းကင်ကြီးသည် ပြိုကွဲပျက်စီးသွားခဲ့ပြီး ကမ္ဘာပျက်ကပ် ကျရောက်လာတော့မည့်အလား ဟင်းလင်းပြင်ထဲတွင် အနက်ရောင် တွင်းနက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာစေခဲ့သည်။
သို့သော်လည်း ပြင်းထန်သော ထိပ်တိုက် ရင်ဆိုင်မှုသည် ဟင်းလင်းပြင်ထဲရှိ လူနှစ်ဦးကို အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ကြပေ။
လုချန်ချင်းက သူ၏ လက်ဖဝါးကို တစ်ဖန် လှုပ်ရှားလိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင်ထဲ၌ ကြီးမားသော လက်ဖဝါး ကိုးခု ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် လုချန်ချင်း၏ လှုံ့ဆော်မှုအောက်တွင် ထိုလက်ဖဝါး ကိုးခုသည် ကျန်းချန် ထံသို့ သက်ရောက်လာခဲ့သည်။
ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်ဝန်းများက အေးဆေး တည်ငြိမ်နေခဲ့သည်။
သူက လက်တစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ပုံရိပ်တစ်ခုသည် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများနှင့် ဟင်းလင်းပြင်ကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီး ထိုကြီးမားသော လက်ဖဝါး ကိုးခု ဆီသို့ ရှောင်တိမ်းခြင်းမရှိဘဲ တိုးဝင်သွားခဲ့သည်။
ထိုပုံရိပ်မှာ တခြားသူ မဟုတ်ဘဲ အင်မော်တယ်ဘုရင် ရုပ်အလောင်းပင် ဖြစ်သည်။
အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် အင်မော်တယ်ဘုရင်တစ်ပါး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၍ စွမ်းအားကြီးမားသည့်အပြင် အင်မော်တယ်ဧကရာဇ် ရှချင်းက အထူးနည်းစနစ်ဖြင့် သန့်စင်ပေးမှုကိုလည်း ခံထားရ၍ သူ၏ စွမ်းအားများသည် ကျန်းချန်၏ ကျင့်ကြံခြင်းစွမ်းအား တိုးတက်လာမှုနှင့် အတူ တစ်ပြိုင်နက် တိုးတက်လာခဲ့သည်။
ယခုအခါ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ဟန်ယွင်အင်မော်တယ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ စွမ်းအားသည်လည်း ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ဟန်ယွင်အင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ချေပြီ။
လုချန်ချင်းသည် သာမန် ဟန်ယွင်အဆင့်အင်မော်တယ်တစ်ပါး မဟုတ်ဘဲ ဟန်ယွင်နှောင်းပိုင်းအဆင့် သို့မဟုတ် ဟန်ယွင် အထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိနေသည့် ဝါရင့် ဟန်ယွင် အင်မော်တယ်တစ်ပါး ဖြစ်မှန်း ကျန်းချန် ကောင်းစွာနားလည်ထားခဲ့သည်။
သူ၏ ကျင့်ကြံခြင်းစွမ်အားက ထိုက်ယီ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး ဟန်ယွင်အဆင့်၏ ဥပဒေသကို နားလည်ထားသဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် ဟန်ယွင်အင်မော်တယ်များထက် မနိမ့်ကျသော်လည်း လုချန်ချင်းကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်ရန်မှာမူ လွယ်ကူမည် မဟုတ်ပေ။
ထိုအကြောင်းကြောင့် ကျန်းချန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်၏။
တစ်ယောက်တည်း တိုက်ခိုက်ရန် မလုံလောက်လျှင် အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် ပူးပေါင်းပြီး တိုက်ခိုက်ရုံသာ ရှိတော့သည် မဟုတ်ပါလော။
ဟန်ယွင် အဆင့်ထက် မနိမ့်ကျသည့် အင်မော်တယ်ဘုရင် ရုပ်အလောင်း ရှိနေခြင်းကြောင့် လုချန်ချင်းကို ရင်ဆိုင်ရန်မှာ သံသယဖြစ်စရာမရှိ သူ့အတွက် ပိုမို၍ လွယ်ကူသွားခဲ့သည်။
“ဝုန်း.. ဝုန်း.. ဝုန်း..”
အင်မော်တယ်ဘုရင် ရုပ်အလောင်းက တစ်ရှိန်ထိုး တိုးဝင်သွားခဲ့ရာ ကြီးမားသော လက်ဝါးကိုးခုသည် ချက်ချင်းပင် ပြိုကွဲ ပျက်စီးသွားခဲ့သည်။
“ဒီရုပ်သေးက တကယ်ပဲ ဟန်ယွင်အဆင့်ထက် မနိမ့်ကျတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်လား”
သူ၏ တိုက်ကွက်ကို ဖျက်ဆီးပစ်ခဲ့သည့် ရုပ်သေးရုပ်ကို စိုက်ကြည့်ရင်း လုချန်ချင်း၏ မျက်ဝန်းအစုံက ပို၍ပင် လေးနက်သွားခဲ့သည်။
အခန်း(၂၉၈၇)ပြီး၏။
အခန်း(၂၉၈၈)
“ဝုန်း..”
လုချန်ချင်း တစ်ယောက် ပို၍ သတိထားနေဆဲ အခိုက်အတန့်မှာပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ကောင်းကင်နှင့်မြေပြင်ကို ဖြတ်သန်း ဆင်းသက်လာသော ဥက္ကာခဲကြီး တစ်ခုနှယ် သူ့ထံသို့ ထပ်မံ၍ တစ်ဟုန်ထိုး ပြေးဝင်တိုက်ခိုက်လာခဲ့သည်။
လုချန်ချင်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူထံသို့ ပြေးဝင်လာသည့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။
“ဝုန်း..”
ထိုလက်ဝါးရိုက်ချက်ကြောင့် အင်မော်တယ်ဘုရင်ရုပ်အလောင်းက ပေပေါင်းတစ်ထောင်ခန့် အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ဟန်ယွင်အဆင့်နှင့်ယှဥ်ပြိုင်နိုင်စွမ်း ရှိသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း လုချန်ချင်း ကဲ့သို့ ဟန်ယွင်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသည့် ဟန်ယွင်အင်မော်တယ်များနှင့် နှိုင်းယှဥ်လျှင်မူ ကြီးမားသော ကွာဟချက် ရှိနေသေးသည်မှာ ထင်ရှား၏။
သို့သော်လည်း အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ်တွင်သာ မှီခိုအားထားနေရခြင်း ဖြစ်၍ မည်သည့် အင်မော်တယ်စွမ်းအားကိုမျှ ကုန်ဆုံးရန် မလိုအပ်ချေ။
ယင်းအပြင် မည်သည့် နာကျင်မှုကိုမှလည်း ခံစားရခြင်းမရှိပေ။
၎င်းက လုံးဝ ဖျက်ဆီးခြင်း မခံရသရွေ့ သခင်ဖြစ်သူ၏ အမိန့်ကို နာခံပြီး ဆက်လက် တိုက်ခိုက်နေမည်သာ ဖြစ်၏။
ထို့ကြောင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် လုချန်ချင်း၏ လက်ဝါးရိုက်ချက်ဖြင့် အဝေးသို့ လွင့်စင်သွားပြီးနောက်တွင် တစ်ဖန် ပြန်လည်၍ လုချန်ချင်း ထံသို့ တိုးဝင်လာခဲ့ပြန်သည်။
ဤအချင်းအရာကို မြင်လျှင် လုချန်ချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် အင်မော်တယ်ဘုရင် အစောပိုင်းအဆင့်နှင့်သာ ညီမျှသဖြင့် သူ့အတွက် ခြိမ်းခြောက်မှု ကြီးကြီးမားမား မပေးစွမ်းနိုင်သော်လည်း သူ့အနေဖြင့် ရုပ်သေးကို လုံးဝ ဖျက်ဆီးပစ်ရန်မှာ အတော်လေး ခက်ခဲနေခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် မျက်နှာချင်းဆိုင်တွင် ရှိသော ကောင်လေးသည် ရုပ်သေးကို အသုံးပြု၍ သူ၏ စွမ်းအင်များကို ကုန်ခန်းအောင် လုပ်ဆောင်လိုနေခြင်းပင်။
“ ငါ့ရှေ့ကနေ ဖယ်စမ်း”
လုချန်ချင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို အဝေးသို့ လွင့်စင်သွားအောင် ရိုက်ထုတ်ပစ်လိုက်သည်။
ထို့နောက်တွင် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ပေပေါင်း သောင်းချီသော ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်း အထက် ကောင်းကင်ယံသို့ ရောက်ရှိသွားခဲ့သည်။
လုချန်ချင်းသည် အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် အချိန်ဖြုန်းနေရလောက်သည်အထိ ငတုံး မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် တောင်တန်းပေါင်း တစ်သိန်းကို သယ်ဆောင်ထားသည့် စိမ်းလန်းသော ကမ္ဘာလောကကြီးသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျဆင်းလာခဲ့သည်။
သခင်ဖြစ်သည့် ကျန်းချန်ကိုသာ ရှင်းပစ်နိုင်လျှင် ဤရုပ်သေးရုပ်က အလိုအလျောက် ငြိမ်သက်သွားမည်သာ။
အင်မော်တယ်ဘုရင်ရုပ်အလောင်းက ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော်လည်း အဆုံးသတ်တွင်မူ ရုပ်သေးတစ်ရုပ် မျှသာ ဖြစ်ပြီး လူသား၏ ထိန်းချုပ်မှုကို လိုအပ်၏။
ထို့ကြောင့် လုချန်ချင်းက အင်မော်တယ်ဘုရင် ရုပ်အလောင်းကို လက်ဝါးရိုက်ချက်ဖြင့် ရိုက်ထုတ်ပစ်လိုက်ပြီးနောက်တွင် ဟန်ယွင်အဆင့် ဥပဒေသကို တိုက်ရိုက်ပင် လှုံ့ဆော်ကာ ကမ္ဘာလောက တစ်ခု အဖြစ် ဆင့်ကဲပြောင်းလဲ၍ ကျန်းချန်ကို ဖိနှိပ်လိုက်ခြင်းပင်။
“ဟန်ယွင်အင်မော်တယ်ဥပဒေသ.. ထာဝရဓားကမ္ဘာ”
ကျန်းချန်ကလည်း အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ဟန်ယွင်အင်မော်တယ် ဥပဒေသကို တိုက်ရိုက်ပင် အသုံးပြုလိုက်သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ကမ္ဘာလောကနှစ်ခုသည် ဟင်းလင်းပြင်ထဲတွင် အပြင်းအထန်ထိပ်တိုက် ဆုံတွေ့သွားကြပြီး အဖျက်စွမ်းအင် မုန်တိုင်းကြီးသည် မိုင်ပေါင်းသောင်းချီ ဧရိယာအထိ အရပ်မျက်နှာအနှံ့သို့ ချက်ချင်းပင် လွှမ်းခြုံပျံ့နှံ့သွားခဲ့၏။
အဝေးကနေ လှမ်းကြည့်လိုက်လျှင် အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက်ကောင်းကင်ယံတွင် ကျန်းချန်တို့ နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဟင်းလင်းပြင်၌ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲတွင် ကျန်းချန်သည် အနည်းငယ် ညည်းညူလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးက မိုင်ပေါင်း ထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ကာ မျက်နှာထက်တွင်လည်း ဖြူဖျော့သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူက ခန္ဓာကိုယ် အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
လုချန်ချင်းကို ကြည့်နေသည့် သူ၏ အကြည့်သည် ယခင်ထက် ပို၍ လေးနက်သွားခဲ့၏။
လုချန်ချင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ဝါရင့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်သည်နှင့်အညီ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။
သူ၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် ဟန်ယွင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် လုချန်ချင်းကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင် ခက်ခဲနေခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အင်မော်တယ်ဘုရင် ရုပ်အလောင်းကို လုချန်ချင်းအား တိုက်ခိုက်ရန် ထိန်းချုပ်ရင်း တစ်ဖက်တွင်လည်း သူက ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်နှင့် အစွမ်းထက် အင်မော်တယ်နည်းစနစ်များကို အသုံးပြုကာ လုချန်ချင်းကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။
ဟန်ယွင်အဆင့်စွမ်းအား သုံးခုသည် ဟင်းလင်းပြင်ထဲတွင် စဥ်ဆက်မပြတ် ထိတွေ့နေကြပြီး မိုင်ပေါင်းတစ်သိန်း ဧရိယာ ပတ်ပတ်လည် အတွင်းရှိ ဟင်းလင်းပြင်ကို ပြိုကွဲမတတ် တုန်ခါသွားစေခဲ့သည်။
ကျန်းချန်နှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းတို့ ပူးပေါင်းပြီး လုချန်ချင်းကို ဆယ်ကွက်ထက် မနည်း တိုက်ခိုက်ခဲ့သော်လည်း သူတို့ နှစ်ဦးစလုံးသည် လုချန်ချင်း၏ လက်ချက်ဖြင့် နောက်ထပ် တစ်ကြိမ် ထပ်မံ လွင့်စင်သွားခဲ့ရသည်။
ကျန်းချန်က မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီးမှသာ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့၏။
သူ၏ မျက်နှာက ပို၍ပင် ဖြူဖျော့သွားခဲ့သည်။
“ကောင်လေး.. မင်းမှာ ဟန်ယွင်အဆင့်နဲ့ ယှဥ်နိုင်တဲ့ ရုပ်သေးရုပ် တစ်ရုပ် ရှိနေရင်တောင်မှ ငါ့ရဲ့ ရှေ့မှာတော့ ဘယ်တော့မှ ရမ်းကားလို့ရမှာ မဟုတ်ဘူး”
လုချန်ချင်းက အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းပင် ခြေလှမ်း လှမ်းကာ ကျန်းချန်ထံသို့ ချဥ်းကပ်လာခဲ့သည်။
ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ရုတ်တရက် ပြင်းထန်သော တုန်ခါမှု တစ်ခု ဖြစ်ပွားလာသည်ကို ချက်ချင်းဆိုသလို အာရုံခံမိလိုက်သည်။
“ကျိယောင်က သွေးမျိုးဆက် ဘိုးဘေးအဆင့်အတန်းဆီ ပြန်လည် ရောက်ရှိသွားတဲ့ ဖြစ်စဥ်ကို ပြီးမြောက်အောင်မြင်သွားပြီလား”
ကျန်းချန်၏ စိတ်နှလုံးထဲတွင် အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။
ကျိယောင်၏ သွေးမျိုးဆက်က ဘိုးဘေး အဆင့်အတန်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ရလဒ်မှာ သူစိတ်ကူးထားသည်ထက်ပင် များစွာ သာလွန်နေခဲ့သည်။
ယခုအခါတွင် ကျိယောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် သူ ထင်ထားသည်ထက်ပင် ပိုမို အားကောင်းနေခဲ့ပြီး ဟန်ယွင်အဆင့်ကိုပင် ရောက်ရှိနေခဲ့ချေပြီ။
“လုချန်ချင်း.. မင်း သိပ်လည်း ဝမ်းသာမနေနဲ့ဦး.. မင်းကို နှစ်ယောက် တစ်ယောက် တိုက်တာတောင် မလုံလောက်သေးရင် သုံးယောက် တစ်ယောက် တိုက်ရုံပဲ ရှိတော့တယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် တစ်ပြိုင်နက် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ အတွေးတစ်ချက်ဖြင့်ပင် ကျိယောင်ကို အချိန်မျှော်စင်ထဲကနေ တိုက်ရိုက်ပင် ဆွဲထုတ်လိုက်သည်။
ကျိယောင်က ဘိုးဘေးအဆင့်အတန်းသို့ သွေးမျိုးဆက် စွမ်းအား ပြန်လည် ရောက်ရှိသွားသည့် ဖြစ်စဥ် ပြီးမြောက်ခါစသာ ရှိသေး၍ ကျန်းချန်၏ ဆွဲထုတ်ခြင်းကို ရုတ်တရက်ခံလိုက်ရသည် ဖြစ်ရာ အခြေအနေကို သဘောမပေါက်သေးဘဲ ဖြစ်နေခဲ့သည်။
သို့သော်လည်း သူ ဘာမှ မမေးခင်မှာပင် ကျန်းချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကျိယောင် ငါ့ကို နောက်မှမေး.. အရင်ဆုံး ငါ့ကို ကူညီပြီး အဲဒီကောင်ကို ရှင်းပစ်”
“ကောင်းပါပြီ သခင်လေး”
ကျိယောင်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် ခရမ်းရောင် အလင်းတန်းများ တောက်ပနေသော မျက်ဝန်းအစုံဖြင့် လုချန်ချင်းကို ချက်ချင်းပင် စိုက်ကြည့်လိုက်သည်။
နောက်ထပ် တစ်ခဏဝယ် ကျိယောင်သည် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ လုချန်ချင်းကို တိုက်ခိုက်လိုက်၏။
“ဝုန်း..”
ထိုလက်သီးချက်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် လုချန်ချင်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့ပြီး လုချန်ချင်း ရှေ့ရှိ ဟင်းလင်းပြင်ကို ကြီးမားသော အနက်ရောင် တွင်းနက်ကြီးတစ်ခု အဖြစ် ပြိုကွဲသွားစေခဲ့သည်။
ထိုအနက်ရောင်တွင်းနက်ကြီးသည် လုချန်ချင်းကို တစ်လုတ်တည်းဖြင့် ဝါးမျိုပစ်တော့မည့်အလား ကြောက်မက်ဖွယ်ရာကောင်းသော ပါးစပ်ကြီးကို ဖွင့်ဟထားသည့် ရှေးဟောင်းသားရဲကြီး တစ်ကောင်နှယ် ဖြစ်နေခဲ့၏။
လုချန်ချင်း၏ မျက်နှာအမူအရာက ပို၍ပင် လေးနက်သွားခဲ့ပြီး ဟန်ယွင်အဆင့် စွမ်းအားများကို လှုံ့ဆော်ကာ ကျိယောင်၏ လက်သီးချက်ကို လက်သီးချက်ဖြင့်ပင် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ရာကောင်းသော ပေါက်ကွဲသံကြီးသည် တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံ တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံသည့် နေရာကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် လှိုင်းလုံးကြီးသည် အရပ်မျက်နှာအနှံ့ကို လွှမ်းခြုံ ပျံ့နှံ့သွားခဲ့သည်။
တစ်ခဏမျှ ကြာပြီးနောက်တွင် အဖျက်စွမ်းအင်မုန်တိုင်း ထဲကနေ ပုံရိပ်တစ်ခု လွင့်စင်လာခဲ့ပြီး ထိုသူမှာ လုချန်ချင်းပင် ဖြစ်သည်။
သူ၏ ဆံပင်က ရှုပ်ပွနေခဲ့ပြီး ဝတ်ဆင်ထားသော အဝတ်အစားများက စုတ်ပြတ်နေခဲ့ကာ နှုတ်ခမ်းထောင့်ကနေ ရွှေရောင်သွေးစက် တချို့ စီးကျနေခဲ့၏။
“ကျိလင်သားရဲရဲ့ သွေးမျိုးဆက်စွမ်းအား.. မင်း.. မင်းက ကျိလင်သားရဲရဲ့ မျိုးဆက်ပဲ”
ကျိယောင်ကို စိုက်ကြည့်ရင်း လုချန်ချင်း၏ မျက်ဝန်းအစုံတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
တစ်ချိန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်အနေဖြင့် အင်မော်တယ်လောက တစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေနိုင်ခဲ့သည့် အကြောင်းရင်းမှာ ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် အပြင် အင်မော်တယ်ဘုရင်၏ အစီးအနှင်း သားရဲနှစ်ကောင်သည် ပင်လျှင် အင်မော်တယ်ဘုရင်အဆင့်ရှိ အားကောင်းသော သားရဲများ ဖြစ်ကြသောကြောင့်ပင်။
ထိုအထဲမှ တစ်ကောင်သည် အင်မော်တယ်လောက၏ အင်အားအကောင်းဆုံး အင်မော်တယ်သားရဲ ဖြစ်သော ကျိလင်သားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ခရမ်းရောင်ကျိလင်သားရဲဘုရင် ဖြစ်သည်။
ယခု သူ့ရှေ့တွင် ရှိနေသော သူသည် သေချာပေါက် ခရမ်းရောင် ကျိလင်သားရဲဘုရင်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခဲ့သည်။
လုချန်ချင်းသည် ခရမ်းရောင် ကျိလင်သားရဲ၏ မျိုးဆက်က ကျန်းချန်၏ နောက်လိုက် ဖြစ်နေခဲ့ပြီး ဟန်ယွင်အဆင့် စွမ်းအားကိုပင် ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ့ရှေ့တွင် ရှိနေသော ကျိလင်သားရဲဘုရင်၏ မျိုးဆက်သည် ဟန်ယွင်အဆင့်ကို ယခုမှ ထိုးဖောက်ကာစသာ ဖြစ်သော်လည်း အင်မော်တယ်ဘုရင်၏ မျိုးဆက် ဖြစ်ပြီး ကျိလင်သားရဲ သွေးမျိုးဆက် စွမ်းအားကိုပါ ပိုင်ဆိုင်ထားသောကြောင့် တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် ဟန်ယွင်အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်သည်ဟု ဆို၍ရသည်။
သူက အစောပိုင်းတွင် ကျန်းချန်နှင့် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့ရ၍ သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအား အများအပြား ကုန်ဆုံးနေခဲ့သည်။
ထို့ကြောင့် ယခု ကျိလင်သားရဲဘုရင်၏ မျိုးဆက်နှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် ဒဏ်ရာရရှိသွားခဲ့ရသည်။
“မင်းရဲ့ စွမ်းအားထဲမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ စွမ်းအား အစအနကို တွေ့ရတယ်.. ဒါပေမဲ့ အခု မင်းက သခင်လေး ကျန်းချန်ကို တိုက်ခိုက်နေတယ် ဆိုတော့ ကြည့်ရတာ မင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ သစ္စာဖောက်တစ်ယောက်ပဲ ဖြစ်ရမယ်.. မင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ရဲ့ သစ္စာဖောက်ဖြစ်နေမှတော့ သေဖို့သာ ပြင်ထားလိုက်တော့”
အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ကျိယောင်၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကို ထပ်မံ၍ ကျော်ဖြတ်သွားခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်ကာ လုချန်ချင်း ထံသို့ တစ်ဟုန်ထိုး ပြေးဝင်၍ တိုက်ခိုက်လိုက်သည်။
အခန်း(၂၉၈၈)ပြီး၏။