အခန်း (၂၉၈၉-၂၉၉၀)
Vol. 239 Ch. 2989-2990
အခန်း(၂၉၈၉)
“သေစမ်း”
ကျိယောင် နောက်ထပ်တစ်ကြိမ် လှုပ်ရှားလိုက်သည်ကိုမြင်လျှင် ကျန်းချန်သည် လုချန်ချင်းကို အသက်ရှူရန် အခွင့်အရေးပင် လုံးဝပေးရန် မရည်ရွယ်တော့ဘဲ အင်မော်တယ်ဘုရင် ရုပ်အလောင်းကို တိုက်ရိုက်ပင် ထိန်းချုပ်ကာ သူတို့နှင့် အတူ ပူးပေါင်းသတ်ဖြတ်ရန် စေလွတ်လိုက်သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ဟန်ယွင်အဆင့်စွမ်းအား လေးခုသည် ဟင်းလင်းပြင်ထဲတွင် စဥ်ဆက်မပြတ် ထိတွေ့ ရင်ဆိုင်နေကြသည်။
ကောင်းကင်နှင့်မြေပြင်သည် အရောင်အဝါ မှေးမိန်သွားခဲ့ပြီး နေနှင့်လတို့ပင် ဗြောင်းဆန်သွားခဲ့သည်။
မိုင်ပေါင်းတစ်သိန်း ဧရိယာ ပတ်ပတ်လည်သည် ယခုအခါတွင် ထာဝရအမှောင်ထုကြီး အောက်သို့ ကျရောက်သွားခဲ့သည့်အလား ဖြစ်နေခဲ့၏။
ဟင်းလင်းပြင်ထဲတွင် လုချန်ချင်းသည် ကျန်းချန်တို့ သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို နောက်ထပ်တစ်ကြိမ် ခံလိုက်ရပြီး ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ကာ မျက်နှာထက်တွင်လည်း ဖြူဖျော့သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ဟန်ယွင်နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ့ရှေ့တွင် ရှိနေသော သုံးယောက်ထဲမှ တစ်ယောက်ချင်းစီသည် သာမန် ကျင့်ကြံသူများ မဟုတ်ကြပေ။
၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းသည် သာမန် ဟန်ယွင်အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူများထက်ပင် များစွာပို၍ အားကောင်းကြ၏။
အကယ်၍ တစ်ယောက်ချင်းစီသာ ရင်ဆိုင်ရမည် ဆိုလျှင် လုချန်ချင်းသည် မည်သူ့ကိုမှ ကြောက်ရွံ့နေမည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် အားကောင်းသော ရန်သူ သုံးယောက်ကို သူတစ်ယောက်တည်း ရင်ဆိုင်နေရခြင်း ဖြစ်ရာ လုချန်ချင်း သိသိသာသာပင် ရုန်းကန်နေခဲ့ရသည်။
“ဒီအတိုင်း ဆက်တိုက်နေလို့ မဖြစ်ဘူး.. မဟုတ်ရင် ငါ ဒီနေရာမှာပဲ အသက်ပျောက်သွားနိုင်တယ်”
လုချန်ချင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခန္ဓာကိုယ်အတွင်း မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
ဤအခိုက်အတန့်တွင် လုချန်ချင်း၏ စိတ်နှလုံးထဲ၌ နောက်ဆုတ်ထွက်ပြေးလိုစိတ် တစ်ခုသာ စိုးမိုးနေခဲ့သည်။
စဥ်ဆက်မပြတ် ရင်ဆိုင် တိုက်ခိုက်ခဲ့ကြပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟန်ယွင်အင်မော်တယ် စွမ်းအားများသည် ထက်ဝက်ကျော်ခန့် အထိ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့၏။
သူ၏ လက်ရှိ အခြေအနေဖြင့်ဆိုလျှင် ကျန်းချန်တို့ သုံးဦးကို ရင်ဆိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပင်။
ကျန်းချန်တို့ ဘက်တွင်မူ အမြဲတစေ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းရည်ကို ထိန်းသိမ်းထားနိုင်သည့် ရုပ်သေးရုပ် တစ်ရုပ်လည်း ရှိနေသေးသည်။
အကယ်၍ အချိန်ဆက်လက် ကြန့်ကြာနေမည် ဆိုလျှင် သူ၏အခြေအနေသည် ပိုမို ဆိုးရွားလာရုံသာ ရှိတော့မည် ဖြစ်ပြီး ကျန်းချန်တို့ သုံးဦး၏ လက်ချက်ဖြင့် စွမ်းအင်များ ကုန်ခန်းကာ သေဆုံးသွားရနိုင်ခြေ အလွန်များနေခဲ့၏။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
လုချန်ချင်းက နောက်ဆုတ်ရန် ပြင်လိုက်သည့် အခိုက်အတန့်တွင် ကျန်းချန်တို့ သုံးဦးသည် လုချန်ချင်းကို အသက်ရှူခွင့်ရမည့် အခွင့်အရေးမျိုး လုံးဝမပေးဘဲ ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။
လုချန်ချင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သွားများကို အံကြိတ်ကာ ဟန်ယွင်အင်မော်တယ် ဥပဒေသကို ထပ်မံ အသုံးပြု၍ အင်မော်တယ်စွမ်းအားများဖြင့် ကမ္ဘာလောက တစ်ခုကို ဖန်တီးလိုက်ပြီး ကျန်းချန်တို့ သုံးဦး၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ထားစေလိုက်သည်။
ကျန်းချန်တို့ သုံးဦး၏ တိုက်ခိုက်မှုကို အတင်းအကျပ် ခုခံလိုက်ပြီးနောက်တွင် လုချန်ချင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဗြောင်းဆန်နေသော စွမ်းအင်များကို ဂရုမစိုက်နိုင်တော့ဘဲ ချာခနဲလှည့်ကာ တစ်ရှိန်ထိုး ထွက်ပြေးသွားခဲ့သည်။
ကောင်းကင်နှင့်မြေပြင် ကြားတွင် သူ၏ အေးစက်စက်စကားသံ တစ်သံသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့၏။
“ကျန်းချန်.. မင်း ငါ့ကို စောင့်နေလိုက်.. ငါ ဒီနေ့ ခံစားရတဲ့အရှက်ကွဲမှုကို ဆယ်ဆပြန်ပြီး ပေးဆပ်စေမယ်”
ထိုခဏဝယ် ကျန်းချန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။
“ပြေးချင်တာလား.. ကျိယောင် သူ့ကို မလွတ်စေနဲ့”
“သခင်လေးကျန်းချန်.. ဒီအတွက်တော့ စိတ်မပူပါနဲ့”
ကျိယောင်က ကျန်းချန်ကို ပြန်ဖြေလိုက်ပြီးနောက်တွင် ပေပေါင်းသောင်းချီ မြင့်မားသော ခရမ်းရောင်ကျိလင်သားရဲခန္ဓာကိုယ်ကို ထုတ်ဖော်ကာ ကောင်းကင်ယံသို့ မော့ကြည့်၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသော ဟိန်းဟောက်သံသည် ဟင်းလင်းပြင် မိုင်ပေါင်း တစ်သိန်းဧရိယာကို ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် မိုင်ပေါင်းတစ်သိန်း ဧရိယာအတွင်းရှိ သက်ရှိအားလုံးသည် ကျိယောင်၏ ဒေါသတကြီး ဟိန်းဟောက်သံကြောင့် ကန်ကျောက်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။
ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ထွက်ပြေးနေသော လုချန်ချင်းသည်ပင် ထိုကြောက်မက်ဖွယ် အသံလှိုင်း ရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး မသိစိတ်ကနေ ခန္ဓာကိုယ်ကို ရပ်တန့်မိလိုက်သည်။
လုချန်ချင်း တစ်ခဏမျှ ရပ်တန့်သွားသည့် အခိုက်အတန့်မှာပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် လုချန်ချင်း ရှေ့ရှိ ဟင်းလင်းပြင်ကို လက်သီးတစ်ချက်ဖြင့် ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျိယောင်၏ စစ်မှန်သော ကျိလင်သားရဲခန္ဓာကိုယ်သည်လည်း ကောင်းကင်ယံ တစ်ခုလုံးကိုပင် လောင်ကျွမ်းပစ်နိုင်လောက်သည့် ခရမ်းရောင်မီးလျှံများကို သယ်ဆောင်ကာ လုချန်ချင်းကို ပိတ်ဆို့လိုက်သည်။
“ခွေးမသား ကျိလင်သားရဲ”
လုချန်ချင်း၏ မျက်နှာအမူအရာက တစ်ခဏအတွင်းမှာပင် အလွန်အမင်း အကျည်းတန်သွားခဲ့သည်။
ဤခရမ်းရောင်ကျိလင်သားရဲ ယခုလေးတင် အသုံးပြုလိုက်သည့် တိုက်ကွက်မှာ ခရမ်းရောင်ကျိလင်သားရဲ မျိုးနွယ်စု၏ ဆန်းကြယ်သော သွေးမျိုးဆက်စွမ်းအား ဖြစ်သော ကျိလင်သားရဲ၏ ဒေါသစွမ်းအားပင် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် သူက ကျိလင်သားရဲ၏ ဒေါသစွမ်းအား သက်ရောက်မှုကို အမှန်တကယ် ခံလိုက်ရပြီး အချိန်မီ ထွက်မပြေးနိုင်ခဲ့ချေ။
ဤသည်ကပင် ကျန်းချန် တို့ကို ထပ်မံ၍ ဝိုင်းရံသတ်ဖြတ်ခွင့် ရရှိသွားစေခဲ့ခြင်း ဖြစ်၏။
လုချန်ချင်းက အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် ကျိယောင်တို့၏ တိုက်ခိုက်မှုကို အတင်းအကျပ် ခုခံရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကျန်းချန်.. မင်း တကယ်ပဲ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်နေတာလား.. တကယ်လို့ မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် မင်းလည်း ကြီးမားတဲ့ပေးဆပ်မှုမျိုး သေချာပေါက် ပြုလုပ်ရလိမ့်မယ်”
ထိုစကားကို ကြားလျှင် ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်း လိမ်လိမ်မာမာ အဖမ်းခံလိုက်ပါ.. ပြီးရင် ငါနဲ့အတူ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို လိုက်ခဲ့ပြီး မင်းရဲ့ အပြစ်တွေကို ဝန်ခံမယ်ဆိုရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးဖို့ စဥ်းစားပေးမယ်”
“ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး.. အိပ်မက်မက်မနေနဲ့ ကျန်းချန်”
လုချန်ချင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားပြီးနောက်တွင် လုချန်ချင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို သစ္စာဖောက်ရန် ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့ပြီး ဤနှစ်များ တစ်လျှောက်လုံးတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အဓိက ရန်သူတော် တစ်ဦးအဖြစ် တည်ရှိနေခဲ့ခြင်း ဖြစ်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သည် သူ့ကို မည်ကဲ့သို့ အလွယ်တကူ အလွှတ်ပေးပါမည်နည်း။
“ကောင်းပြီလေ.. ဒီလိုဆိုမှတော့ သေဖို့သာပြင်ထားလိုက်တော့”
ကျန်းချန်၏ အမူအရာက အေးစက်နေခဲ့ပြီး တိုက်ပွဲထဲသို့ ထပ်မံ ဝင်ရောက်ကာ လုချန်ချင်းကို ဝိုင်းရံ တိုက်ခိုက်လိုက်သည်။
“ဟမ့်.. ငါ လုချန်ချင်းက အင်မော်တယ်လောကမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်ခဲ့တဲ့ ကျင့်ကြံသူပဲ.. မင်းလို မလောက်လေး မလောက်စား ကောင်လေးတစ်ယောက်ကများ ငါ့ကို သတ်ချင်တိုင်း သတ်လို့ရမယ် ထင်နေလား”
လုချန်ချင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။
သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဟန်ယွင်အင်မော်တယ် စွမ်းအားများသည် သုံးပုံတစ်ပုံခန့် အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ကျန်းချန်တို့ သုံးဦး၏ တိုက်ခိုက်မှုများကို ထပ်မံ ပိတ်ဆို့ကာ သူ၏ ခန္ဓာကိုယ်ပုံရိပ်ကို နောက်သို့ တစ်ဟုန်ထိုး ဆုတ်ခွာသွားစေခဲ့သည်။
“ခင်ဗျား ဒီနေ့ ဘယ်လိုမှ ထွက်ပြေးလို့လွတ်မှာ မဟုတ်ဘူး”
ကျန်းချန်၏ မျက်ဝန်းအစုံက အေးစက်နေခဲ့ပြီး တောက်ပသော အင်မော်တယ်ကျောက်တိုင် တစ်တိုင်သည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ လုချန်ချင်း၏ ဦးခေါင်းအထက်၌ ပေပေါင်းသောင်းချီမြင့်မားသော အင်မော်တယ်ကျောက်တိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ် ဖိနှိပ်ခြင်းစွမ်းအားသည် အင်မော်တယ်ကျောက်တိုင် ထံကနေ လွှမ်းခြုံပျံ့နှံ့လာခဲ့သည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ဟန်ယွင်အင်မော်တယ် တစ်ပိုင်းအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ရာ အင်မော်တယ်ကျောက်တိုင်ကို လှုံ့ဆော်လိုက်သောအခါတွင် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တွင် ဟန်ယွင်နှောင်းပိုင်း အဆင့်သို့ ရောက်ရှိသွားသော လုချန်ချင်း ပင်လျှင် ဤအခိုက်အတန့်တွင် ပေပေါင်းသောင်းချီ မြင့်မားသော အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်မှုအောက်၌ ခန္ဓာကိုယ် တုန်ယင်နေခဲ့သည်။
“ဧကရာဇ်အဆင့် အင်မော်တယ်ရတနာပါလား”
ပေပေါင်းသောင်းချီ မြင့်မားသော အင်မော်တယ်ကျောက်တိုင်ထံမှ ထွက်ပေါ်လာသည့် အထွတ်အထိပ် အရှိန်အဝါကို ခံစားမိလျှင် လုချန်ချင်းသည် တစ်ခဏအတွင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ ဝါရင့်ဟန်ယွင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသည့် အလျောက် လုချန်ချင်း၏ ဗဟုသုတသည် အလွန်ပင် ကြွယ်ဝသည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က အင်မော်တယ်ဘုရင်အဆင့် လက်နက် အသုံးပြုသည်ကို တစ်ကြိမ်ထက်မက သူ မြင်တွေ့ခဲ့ဖူးသည်။
ယခု ကျန်းချန် လှုံ့ဆော်လိုက်သော ပေပေါင်းသောင်းချီမြင့်မားသည့် အင်မော်တယ်ကျောက်တိုင် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါသည် အင်မော်တယ်ဘုရင်အဆင့် လက်နက်များထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။
ဆိုလိုသည်မှာ ဤပေပေါင်းသောင်းချီ မြင့်မားသော အင်မော်တယ် ကျောက်တိုင်သည် ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် အင်မော်တယ် ရတနာ ဖြစ်ရန် အလွန်ပင် နီးစပ်နေခဲ့သည်။
“အင်မော်တယ်ချေမှုန်းခြင်းစွမ်းအား.. စုစည်းစမ်း”
ကျန်းချန်က လုချန်ချင်း၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာကို ဂရုစိုက်မနေဘဲ အင်မော်တယ်ကျောက်တိုင်ကို ခွန်အား အလုံးအရင်းဖြင့် လှုံ့ဆော်လိုက်ရာ ခပ်သိမ်းသော အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည့် ကြောက်မက်ဖွယ် စွမ်းအားကြီးသည် အင်မော်တယ်ကျောက်တိုင် ထံကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မသတ်ပါနဲ့”
လုချန်ချင်း၏ မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်း အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
သူက အင်မော်တယ် ကျောက်တိုင်၏ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ရန်အတွက် အသည်းအသန် ရုန်းကန်ခဲ့သည်။
သို့သော်လည်း ကျိယောင်နှင့် အင်မော်တယ်ဘုရင်ရုပ်အလောင်းတို့၏ စဥ်ဆက်မပြတ် ပိတ်ဆို့တားဆီးမှုများကို ရင်ဆိုင်နေရသဖြင့် လုချန်ချင်းအဖို့ ဤအခိုက်အတန့်တွင် ထွက်ပြေးလွတ်မြောက်ရန် မည်သည့် အခွင့်အရေးမျှ ရှိမနေခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် အင်မော်တယ်များကိုပင် ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်စွမ်းအားများသည် လျင်မြန်စွာ ဆင်းသက်လာခဲ့ပြီး လုချန်ချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုပစ်လိုက်သည်။
ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားကို ထုတ်ဖော်လိုက်သော စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းပြီး သာမန် ဟန်ယွင်အဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်ဖြတ်ပစ်ရန် လုံလောက်၏။
လုချန်ချင်း၏ ကျင့်ကြံခြင်းအခြေခံက အားကောင်းပြီး ဟန်ယွင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း အစောပိုင်းတွင် ကျန်းချန်တို့နှင့် အဆက်မပြတ် တိုက်ခိုက်ခဲ့၍ ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့သည်။
လက်ရှိအချိန်တွင် လုချန်ချင်း၏ အခြေအနေသည် အထွတ်အထိပ် အခြေအနေ၏ ငါးဆယ် ရာခိုင်နှုန်းပင် မရှိတော့ချေ။
လုချန်ချင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်စွမ်းအားများသည် အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားနှင့် ထိတွေ့မိသည့် အခိုက်အတန့်မှာပင် ပြိုကွဲပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချေမှုန်းခံလိုက်ရသည်။
အဆုံးသတ်တွင်မူ လုချန်ချင်း၏ ဟန်ယွင်အဆင့် ခန္ဓာကိုယ်သည် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားအောက်တွင် မျက်စိဖြင့် မြင်တွေ့နိုင်သောအရှိန်အဟုန်ဖြင့် လုံးဝ ပျက်စီးကာ ပျောက်ကွယ်သွားခဲ့တော့သည်။
အခန်း(၂၉၈၉)ပြီး၏။
အခန်း(၂၉၉၀)
ကျင့်ကြံခြင်းအဆင့်တွင် ဟန်ယွင်နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင်ဖြစ်သော လုချန်ချင်းသည် အဆုံးသတ်တွင် လုံးဝ ကျဆုံးသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် မိုင်ပေါင်းတစ်သိန်း ပတ်ပတ်လည်ရှိ ကောင်းကင်ယံ တစ်ခုလုံးသည် အတောမသတ် တုန်ခါသွားခဲ့ပြီး ကောင်းကင်နှင့် မြေပြင်က လုချန်ချင်း၏ ကျဆုံးခြင်းအတွက် ဝမ်းနည်းပူဆွေးနေကြသည့် အလား ဖြစ်နေခဲ့သည်။
“မိုင်ပေါင်းတစ်သိန်း ပတ်ပတ်လည်မှာ ရှိတဲ့ ကောင်းကင်နဲ့မြေပြင် အော်ဟစ်ငိုကြွေးနေကြတဲ့ ဖြစ်စဥ်ပါလား.. ဒါက ဟန်ယွင်အင်မော်တယ်တစ်ပါး ကျဆုံးသွားတဲ့ နိမိတ်လက္ခဏာပဲ”
ကောင်းကင်ယံထက်မှ ဆန်းကြယ်သော နိမိတ်လက္ခဏာကို ကြည့်ရင်း မိုင်ပေါင်းတစ်သိန်း ပတ်ပတ်လည် အတွင်းရှိ လူအားလုံး၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့်မြေပြင် အော်ဟစ်ငိုကြွေးခြင်း ဖြစ်စဥ်သည် ဟန်ယွင်အဆင့်သို့ ရောက်ရှိနေသည့် ဟန်ယွင်အင်မော်တယ်တစ်ပါး ကျဆုံးသွားသည့် အခါမျိုးတွင်သာ ပေါ်ပေါက်လာမည့် ဆန်းကြယ်သော နိမိတ်လက္ခဏာ တစ်ခု ဖြစ်သည်။
ဟန်ယွင်အင်မော်တယ်များသည် အလွန်တရာ မြင့်မြတ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အထူးသဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားပြီးနောက်တွင် ဟန်ယွင်အဆင့် အင်မော်တယ်များသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော အသန်မာဆုံးပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသည်။
ယခုအခါတွင်မူ ထိုကဲ့သို့ မြင့်မြတ်သော အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ပါးသည် အသက်ပျောက်သွားခဲ့ရချေပြီ။
“ဒါက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ရဲ့ နန်းတော်သခင် လုချန်ချင်းရဲ့ အရှိန်အဝါပဲ.. ဒီလို ပုဂ္ဂိုလ်က တကယ်ပဲ ကျဆုံးသွားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး”
လုချန်ချင်း၏ အရှိန်အဝါကို ခံစားမိလိုက်ကြသော ကျင့်ကြံသူ တချို့သည် ထိတ်လန့် တုန်လှုပ်မှုကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင် ကျဆုံးသွားပြီ ဖြစ်ရာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
သို့ဖြစ်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အခြေအနေသည်လည်း မကြာမီ အကြီးအကျယ် ပြောင်းလဲလာပေတော့မည်။
“အင်မော်တယ်ကျောက်တိုင်ရဲ့ အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားက အရင်လို အစွမ်းထက်လွန်းနေသေးတာပဲ”
လုချန်ချင်းကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်ကို သူ၏ လက်ဖဝါးထဲတွင် တိုက်ရိုက်ပင် ပြန်လည်ရုတ်သိမ်းရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အင်မော်တယ်ချေမှုန်းခြင်းစွမ်းအား ထဲမှာ ဖျက်ဆီးခြင်းဥပဒေသစွမ်းအား ပါဝင်နေတယ်... မင်းအနေနဲ့ အင်မော်တယ်ဧကရာဇ် အဆင့်ကို ရောက်ရှိသွားမယ် ဆိုရင် ငါ့ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီး ဖျက်ဆီးခြင်းဥပဒေသရဲ့ စစ်မှန်တဲ့ ကြောက်မက်ဖွယ် အစွမ်းထက်မှုကို မြင်တွေ့ရလိမ့်မယ်”
ထိုအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင် ဝိညာဥ်၏ စကားသံက ကျန်းချန်၏ စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။
“အင်မော်တယ်ဧကရာဇ် အဆင့်ကိုရောက်မှ အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မတဲ့လား”
အင်မော်တယ်ကျောက်တိုင် ဝိညာဥ်၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်သည် စိတ်နှလုံးထဲတွင် ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်မိသည်။
ယင်းအပြင် လက်ရှိ အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ်တစ်ပါး ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်နေပြီ ဖြစ်သည်။
ဆိုရလျှင် အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်ရှိနိုင်ခြင်း ရှိ မရှိ ဆိုသည်မှာ မရေရာသော အခြေအနေတစ်ခုသာ။
သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်က အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း ယခုအခါတွင်မူ သူသည် အင်မော်တယ်ဧကရာဇ် အဆင့်အောက်မှ အင်မော်တယ်ဘုရင်အဆင့်ကို အသာထား၊ ဟန်ယွင်အဆင့်ကိုပင် မထိုးဖောက်နိုင်သေးပေ။
“မင်းကိုယ်မင်း အထင်မသေးစမ်းပါနဲ့.. မင်းက အင်မော်တယ်လောကရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်တွေဆီက အမွေအနှစ်တွေကို ဆက်ခံထားတဲ့သူပဲ.. တကယ်လို့ မင်းသာ ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခန်းမသုံးဆယ့်ခြောက်ခုထဲက မူလအသက်ဓာတ်တွေကိုသာ စုစည်းနိုင်ခဲ့မယ်ဆိုရင် အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်ဖို့က သိပ်ခက်ခဲမှာ မဟုတ်ဘူး”
ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ဝိညာဥ်၏ စကားကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။
လက်ရှိတွင် သူက ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်အပိုင်းအစ နှစ်ခုကိုသာ ရရှိထားသော်လည်း ဤအဆင့်အထိ တိုးတက်လာခဲ့သည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အားလုံးကို ရရှိရန်မှာ ပြောသလောက် မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းနှင့်ပတ်သက်၍ နောက်ထပ် ဆက်လက် မတွေးတောတော့ပေ။
ယခုအခါ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် သူ၏ လက်ချက်ဖြင့် ချေမှုန်းခံလိုက်ရပြီ ဖြစ်ရာ လုရှောင်ချင်းအတွက် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်အား ဖြေရှင်းရန်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ် နန်းတော်သို့ သွားရောက်ရန် အချိန် ကျရောက်လာခဲ့ချေပြီ။
“သခင်လေးကျန်းချန်”
ထိုအခိုက်အတန့်တွင် ယွင်ရှောင်ဂိုဏ်းမှ ချင်းယွင်ဘိုးဘေးနှင့် အရှင်ယွင်ကန်း တို့သည် ယွင်ရှောင်ဂိုဏ်းဝင်များကို ဦးဆောင်ကာ အပြာရောင်သစ်သား အင်မော်တယ်တောင်တန်း၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ကြသည်။
“ခင်ဗျားတို့ အချိန်ကိုက်ရောက်လာတာပဲ.. ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကတော့ ပျက်စီးသွားခဲ့ပြီ.. လုချန်ချင်းလည်း ကျဆုံးသွားခဲ့ပြီ ဆိုတော့ ဒီနေရာရဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေကို မင်းတို့ဆီပဲ လွှဲခဲ့တော့မယ်”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ယွင်ရှောင်ဂိုဏ်းမှ လူတိုင်း၏ အံ့အားသင့် မှင်တက်နေသော အမူအရာများကို ဂရုစိုက်မနေတော့ဘဲ ကျိယောင်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကျိယောင်.. ငါတို့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဆီ သွားကြစို့”
ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးသည် အင်မော်တယ်အလင်းတန်း အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် ရှိရာ အရပ်မျက်နှာ ဆီသို့ ဦးတည်ကာ ပျံသန်းသွားခဲ့ကြသည်။
“ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်က ဒီလိုပဲ ပျက်စီးသွားခဲ့ပြီလား”
အပျက်အစီးပုံ အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သော ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ကြည့်ရင်း အရှင်ယွင်ကန်း၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ခွဲထွက်သွားခဲ့သော ဟန်ယွင်အဆင့် အင်အားစုတစ်စု ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် ပင်လျှင် ချေမှုန်းရန် မတတ်နိုင်ခဲ့ချေ။
ဤနှစ်များ တစ်လျှောက်လုံးတွင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အထွတ်အထိပ် အင်အားစုတစ်စု အဖြစ် ရပ်တည်နေခဲ့ပြီး မည်သူမျှ သွားရောက် ရန်မစကြရဲပေ။
သို့သော် ယခုအခါတွင်မူ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သည် လုံးဝ ပျက်သုဥ်းသွားခဲ့ချေပြီ။
ချင်းယွင်ဘိုးဘေးက ကျန်းချန် ပျောက်ကွယ်သွားသည့် အရပ်မျက်နှာ ဆီသို့ ငေးကြည့်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောဆိုလိုက်သည်။
“အခုလေးတင် ဖြစ်ပေါ်သွားတဲ့ ကောင်းကင်နဲ့မြေပြင် အော်ဟစ်ငိုကြွေးခြင်း ဖြစ်စဥ်က လုချန်ချင်းကြောင့် ဖြစ်ပေါ်လာတာ ထင်တယ်”
ကျန်းချန်က အလွန်အမင်း ဆန်းကြယ်သော ပါရမီရှင်တစ်ဦး ဖြစ်မှန်း သူတို့ သိထားသော်လည်း ဆယ်စုနှစ် အနည်းငယ် ပျောက်ကွယ်သွားပြီးနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၌ ဒိတ်ဒိတ်ကြဲ ကျော်ကြားသော ဟန်ယွင်အဆင့် အင်မော်တယ်လုချန်ချင်းကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ ဘယ်လိုမှ ထင်မှတ်မထားခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေကာမူ ဤရလဒ်ကြောင့် သူတို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ပျက်စီးသွားခြင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အခြေအနေက အကြီးအကျယ် ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း ညွှန်ပြနေခဲ့သည် မဟုတ်ပါလား။
သူတို့ ယွင်ရှောင်ဂိုဏ်းသည် ယခုတစ်ကြိမ်တွင် မှန်ကန်စွာ လောင်းကြေးထပ်နိုင်ခဲ့ချေပြီ။
----------------------
လုချန်ချင်း ထွက်ခွာသွားပြီးကတည်းကပင် အရှင်ဖြူမဲသည် စိတ်မသက်မသာ ဖြစ်နေခဲ့ပြီး ကြီးမားသော အဖြစ်အပျက်တစ်ခုခု ပေါ်ပေါက်လာတော့မည်ဟု ခံစားနေခဲ့ရသည်။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အရှင်ဟုန်ယွင်ကို ကြည့်ကာ မေးလိုက်သည်။
“ဟုန်ယွင်.. မင်းရဲ့ စီနီယာအစ်ကိုနဲ့ အဆက်အသွယ်ရပြီလား”
“မရသေးဘူး”
အနီရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ ဖြစ်သည့် ဟုန်ယွင်က ခေါင်းခါရမ်းကာ ပြောဆိုလိုက်သည်။
“ဒါပေမဲ့ ငါ သူ့အတွက် သတင်းစကား ချန်ထားခဲ့တယ်.. သူ အဲဒီ သတင်းကို သိသိချင်း ငါ့ဆီ ချက်ချင်း ဆက်သွယ်လာပါလိမ့်မယ်”
အရှင်ဟုန်ယွင်၏ အဖြေကို ကြားလိုက်ရလျှင် အရှင်ဖြူမဲ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက မျက်လုံးများကို မှိတ်လိုက်ကာ ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်၍ တွက်ချက်မှုများကို ပြုလုပ်ခဲ့သည်။
တစ်ခဏအကြာတွင် အရှင်ဖြူမဲ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး မျက်နှာထက်တွင်လည်း ဖြူဖျော့သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
“ဆယ်ပုံကိုးပုံတောင် သေဆုံးနိုင်ခြေ ရှိတယ် ဆိုတော့ ဆိုးဝါးလွန်းတဲ့ နိမိတ်လက္ခဏာပါလား”
တွက်ချက်မှုအရ သူသာ ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် ကျဆုံးသွားနိုင်ခြေ အလွန်အမင်း မြင့်မားနေကြောင်း ညွှန်ပြနေခဲ့သည်။
“ကြည့်ရတာ လုချန်ချင်း တစ်ခုခု ဖြစ်သွားပြီ ထင်တယ်”
အရှင်ဖြူမဲ၏ အမူအရာက အလွန်အမင်း လေးနက်သွားခဲ့သည်။
လုချန်ချင်း တစ်ယောက် မတော်တဆ ဖြစ်ရပ် တစ်ခုခုနှင့် ကြုံတွေ့နေရပြီ ဖြစ်ရာ သူ တစ်ဦးတည်းဖြင့် ခုခံကာကွယ်ရန်မှာ မဖြစ်နိုင်တော့ပေ။
ယခုအခါ အရှင်ဟုန်ယွင်သည်လည်း သူ၏ စီနီယာအစ်ကိုနှင့် အဆက်အသွယ် မရသေးသည် ဖြစ်၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ဖျက်ဆီးပစ်ရန် အတွက် သူ့တွင် မည်သည့် နည်းလမ်းမျှ ရှိမနေခဲ့ချေ။
ထို့ကြောင့် လတ်တလော အခြေအနေအရ အရင်ဆုံး ဆုတ်ခွာသွားရန်သာ တတ်နိုင်တော့၏။
“ဟုန်ယွင်.. ငါအရေးတကြီးကိစ္စ ရှိလို့ ခဏလောက် ထွက်သွားလိုက်ဦးမယ်”
ထိုစကားကို ပြောဆိုပြီးနောက်တွင် အရှင်ဖြူမဲသည် အရှင်ဟုန်ယွင်ကို စကားပြောဆိုခွင့်ပင် မပေးတော့ဘဲ ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်မှ လူများကို ချက်ချင်းပင် ခေါ်ဆောင်ကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အရှင်ဖြူမဲသည် သူ၏ တွက်ချက်မှုကို အရှင်ဟုန်ယွင်အား ပြောပြခဲ့ခြင်း မရှိချေ။
ဆိုရလျှင် အရှင်ဟုန်ယွင်၏ နောက်ခံသည် သာမန်မဟုတ်ပေ။
အကယ်၍ သူသာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်နှင့် အရှင်ဟုန်ယွင်တို့ ကြား၌ ပဋိပက္ခများကို လှုံ့ဆော်ပေးနိုင်ခဲ့မည် ဆိုလျှင် သို့မဟုတ် အရှင်ဟုန်ယွင်ကို ထိုနေရာ၌ ကျဆုံးသွားစေနိုင်ခဲ့မည် ဆိုလျှင် ယင်းသည် သူတို့အတွက် သံသယဖြစ်စရာမရှိ အလွန်တရာ အကျိုးရှိသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။
“ဒီနှစ်ယောက် ဘာတွေဖြစ်နေကြတာလဲ”
ကပျာကယာ ထွက်ခွာသွားသော အရှင်ဖြူမဲကို ကြည့်ရင်း အရှင်ဟုန်ယွင် မျက်မှောင်ကြုတ်သွားခဲ့သည်။
စင်စစ် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ကိုင်တွယ်ဖြေရှင်းရန် ကိစ္စသည် လုချန်ချင်းနှင့် အရှင်ဖြူမဲတို့၏ ကိစ္စသာ ဖြစ်ပြီး သူကမူ ထိုနှစ်ဦးကို အကူအညီပေးရန် အတွက် ထိုနှစ်ဦး ထံမှ အကျိုးအမြတ်တချို့ကို ရယူခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ထိုနှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြပြီး သူ့ကို ဤနေရာတွင် တစ်ယောက်တည်း စွန့်ပစ်ထားခဲ့ကြသည်။
“ဒါက ဘယ်လို သောက်ကျိုးနည်း အခြေအနေကြီးလဲဟ”
လက်ရှိ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တွင် ဟန်ယွင်အဆင့် ကျင့်ကြံသူတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိထားသည် ဆိုသော်လည်း အခြား ဟန်ယွင်အဆင့် အင်မော်တယ်တစ်ဦးနှင့် ခြေလှမ်းတစ်ဝက် အင်မော်တယ်အဆင့် အနှိုင်းမဲ့ပါရမီရှင် တစ်ဦး ရှိနေသေးသည်။
အရှင်ဟုန်ယွင်သည် သူတစ်ယောက်တည်းဖြင့် ထိုနှစ်ယောက်ကို ရင်ဆိုင်ရန် အတွက် ယုံကြည်ချက်မရှိပေ။
ယင်းအပြင် အရှင်ဟုန်ယွင်သည် ငတုံး တစ်ယောက် မဟုတ်ချေ။
လုချန်ချင်းနှင့် အရှင်ဖြူမဲတို့ နှစ်ဦးစလုံးက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီ ဖြစ်ရာ ဤကိစ္စထဲတွင် ကောက်ကျစ်စဥ်းလဲသော အကြံအစည် တစ်ခုခု ရှိနေဖို့ များသည်။
ထို့ကြောင့် သဘာဝကျစွာပင် အရှင်ဟုန်ယွင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ရင်ဆိုင်ရန်အတွက် ဤနေရာတွင် တစ်ယောက်တည်း ဆက်လက် ရှိနေမည်မဟုတ်ပေ။
သူက ချက်ချင်းဆိုသလိုပင် တုံ့ဆိုင်းမနေတော့ဘဲ နီရဲသော အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အဝေးရှိကောင်းကင်ယံ ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
အခန်း(၂၉၉၀)ပြီး၏။