အခန်း ၄၇၇
Vol. 46 Ch. 477
အခန်း (၆၇၇) - ဧကရီ၏ ဖိတ်ခေါ်မှု၊ ပင်လယ်ရှစ်စင်း ဧကရီ
“နတ်ဘုရား ပင်လယ်နဂါး ဧကရီ ... ခင်ဗျား ဘာကို ဆိုလိုတာလဲ”
ကျန်ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် ပညာရှင် ခုနစ်ဦးစလုံး မျက်လုံးများကို ဖွင့်လိုက်ကြသည်။ သူတို့၏ အရှိန်အဝါများမှာ ဖုံးကွယ်ထားသော်လည်း အလွန် အစွမ်းထက်လှ၏။ အံ့ဩစရာကောင်းသည်မှာ သူတို့အားလုံးသည် ကောင်းကင်ဧကရာဇ်များ ဖြစ်နေကြခြင်းပင်။
သူတို့အားလုံး တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကာ နတ်ဘုရား ပင်လယ်နဂါး ဧကရီကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများတွင် အံ့ဩမှုများ ပြည့်နှက်နေ၏။
ထိုစဉ် နတ်ဘုရား ပင်လယ်နဂါး ဧကရီသည် ခေါင်းမော့ကာ မြင့်မားသော မျှော်စင် ရှစ်ခုအထက်တွင် လွင့်ပျံနေသည့် လရောင် လှံရှည် ရှစ်စင်းကို ကြည့်လိုက်သည်။ သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“အခုလေးတင် ‘ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်’ က ငါ့ကို သတင်းကောင်း ပေးလိုက်တယ်။ အနီးအနားမှာ စိတ်ချင်းဆက်နွှယ်နေပြီး လရောင်စွမ်းအားနဲ့ အလားတူ ကျင့်စဉ်တွေကို ကျင့်ကြံနေတဲ့ မူလနတ်ဘုရားအဆင့် ကျင့်ကြံသူ ရှစ်ယောက် ရှိနေတယ်တဲ့။ သူတို့က အသင့်တော်ဆုံး ဆက်ခံသူတွေပဲ”
ဤစကားကို ကြားသောအခါ ပင်လယ်မျိုးနွယ်စု ကောင်းကင်ဧကရာဇ် ခုနစ်ဦးစလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဤနေရာမှာ ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စု ဖြစ်သည်။ ပင်လယ်လိပ်အိုကြီး ပြောခဲ့သလိုပင် ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စုတွင် ကောင်းကင်ဧကရာဇ် ရှစ်ပါး ရှိပြီး တစ်ဦးချင်းစီက လရောင် လှံရှည် တစ်စင်းစီကို ထိန်းချုပ်ထားကြခြင်း ဖြစ်၏။ ထိုရှစ်စင်း ပေါင်းစပ်လိုက်ပါက ‘ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်’ ဟု ခေါ်သော အဆင့်မြင့် ထိပ်တန်း ဝိညာဉ်ရတနာကြီး ဖြစ်ပေါ်လာသည်။
ဤဝိညာဉ်ရတနာမှာ အလွန် ထူးခြားလှပေသည်။ ၎င်းသည် တူညီသော လှံရှည် ရှစ်စင်းဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ တစ်စင်းချင်းစီကို ထုတ်ယူလျှင်ပင် အဆင့်မြင့် ဝိညာဉ်ရတနာများထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်။ ရှစ်စင်းစလုံး ပေါင်းစပ်လိုက်ပါက ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ပါးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိ၏။
တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် တစ်ယောက်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
နှမြောစရာ ကောင်းသည်မှာ စိတ်ချင်းဆက်နွှယ်နေသော လူရှစ်ယောက်ကို တွေ့ရှိမှသာ ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်ခြင်းပင်။ ဤလက်နက်မှာ အကန့်အသတ်မဲ့ အလားအလာရှိပြီး အသင့်တော်ဆုံး သခင်များကိုသာ တွေ့ရှိပါက သခင်၏ တိုးတက်မှုနှင့်အတူ လိုက်ပါပြောင်းလဲကာ သူတော်စင်လက်နက် အဆင့်အထိပင် ရောက်ရှိနိုင်သည့် ပါရမီ ရှိသည်။
“မင်း ... မင်း အတည်ပြောနေတာလား”
နတ်ဘုရား ပင်လယ်နဂါး ဧကရီ၏ စကားကို ကြားပြီးနောက် ခေတ္တမျှ မှင်သက် အံ့ဩသွားခဲ့သော ကောင်းကင်ဧကရာဇ် ခုနစ်ပါးစလုံး မတ်တတ်ရပ်ကာ အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။
အကယ်၍ နတ်ဘုရား ပင်လယ်နဂါး ဧကရီ ပြောသလို လူရှစ်ယောက်သာ အမှန်တကယ် ရှိနေပါက ထိုသူများ ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စုသို့ ဝင်ရောက်လာသည်နှင့် တစ်မျိုးနွယ်စုလုံး ပိုမို အစွမ်းထက်လာမည်မှာ သေချာလှပေသည်။
“အချိန်မဆိုင်းတော့နဲ့ ... သူတို့ကို သွားရှာကြစို့”
ရွှေရောင် ကြေးခွံဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ဦးချို နှစ်ခု ပါရှိသော အဘိုးအို တစ်ဦးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ထွက်ခွာရန် ပြင်လိုက်၏။ ထိုသူမှာ ပင်လယ်ရှစ်စင်း ဧကရာဇ် ရှစ်ပါးအနက် တစ်ဦးဖြစ်သော ‘နဂါးဧကရာဇ်’ ပင်။
“ငါတို့ ဧကရာဇ် ရှစ်ပါးစလုံး အတူသွားရင် သူတို့ကို သေချာပေါက် ဖိတ်ခေါ်နိုင်မှာပါ”
အမြင့် သုံးပေခန့်သာ ရှိပြီး မုတ်ဆိတ်ရှည် သုံးပင်နှင့် ကျောတွင် ရွှေရောင် လိပ်ခွံကြီးကို လွယ်ထားသော အခြား အဘိုးအို တစ်ဦးက ပြောလိုက်၏။ ထိုသူမှာမူ ‘လိပ်ဧကရာဇ်’ ဖြစ်သည်။
“ကျွန်မ တစ်ယောက်တည်း သွားရင် ရပါတယ်”
နတ်ဘုရား ပင်လယ်နဂါး ဧကရီက လက်ဝှေ့ယမ်းပြပြီး လရောင် လှံရှည် တစ်စင်းကို ဆုပ်ကိုင်လိုက်၏။ သူမ၏ အရှိန်အဝါမှာ ချက်ချင်းပင် နှစ်ဆခန့် ပိုမို သန်မာလာပြီး အဝေးသို့ ပျံသန်း ထွက်ခွာသွားတော့သည်။
နှင်းပမာ ဖြူစင်သော ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး လရောင် လှံရှည်၏ အကူအညီကြောင့် သူမသည် မြင့်မြတ်သော အရှိန်အဝါများနှင့်အတူ ရဲရင့်သော စိတ်ဓာတ်များ ကိန်းအောင်းနေသည့် ပုံစံ ပေါက်နေလေသည်။
လိပ်နတ်ဘုရားကျွန်း။
မြေခွေး တာ့ဟုန်နှင့် အခြား ဝိညာဉ်သားရဲများ ဤနေရာကို သိမ်းပိုက်ပြီးကတည်းက သူတို့သည် အနီးအနားတွင်သာ နေထိုင်ကြကာ စိတ်ကြိုက် အိပ်စက်ပြီး ငါးများကို ဝဝလင်လင် စားသောက်နေကြသည်။
“ဝှစ် …”
နှင်းဖြူရောင် ပုံရိပ်တစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ နတ်ဘုရား ပင်လယ်နဂါး ဧကရီသည် လိပ်နတ်ဘုရားကျွန်းကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ ရင်းနှီးသော အရှိန်အဝါအချို့ကို ခံစားလိုက်ရသည်။ သို့သော် သူမသည် လရောင် လှံရှည်အတွက် အသင့်တော်ဆုံး သူများကို ရှာဖွေရန် စိတ်လောနေသဖြင့် အာရုံမနောက်လိုဘဲ တိုက်ရိုက် ပျံသန်းသွားတော့သည်။
*
နန်ယန်မြို့၊ ခရမ်းရောင် ဝါးတော။
ဝိညာဉ်ပြုစုပျိုးထောင်ရေး (နတ်ဘုရား ပြုစုပျိုးထောင်ရေး) ကျောက်စိမ်းစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော လင်ယွဲ့၏ ပုံရိပ် ရှစ်ခုစလုံးမှာ ပတ်ဝန်းကျင်ရှိ လရောင် ဝိညာဉ်ပုလဲများကို အကုန် စုပ်ယူပြီး ဖြစ်ကာ ၎င်းတို့ကို စင်ကြယ်သော ကျင့်ကြံခြင်း စွမ်းအားများအဖြစ် ပြောင်းလဲလိုက်၏။
“ဟူး ”
သူမတို့ ရှစ်ဦးစလုံး၏ အသက်ရှူသံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ခွန်အားများမှာလည်း တစ်ချက်ချင်းစီ မြင့်တက်လာသည်။
‘ဒီလရောင် ဝိညာဉ်ပုလဲက တကယ်ကို ထူးခြားတာပဲ။ ငါ့ကို မူလနတ်ဘုရားအဆင့် တတိယအလွှာအထိ တိုက်ရိုက် ထိုးဖောက်နိုင်အောင် ကူညီပေးခဲ့တယ်’
‘ငါတို့ ရှစ်ယောက် ပေါင်းပြီး တိုက်မယ်ဆိုရင် အဆင့်မြင့် မူလနတ်ဘုရားအဆင့် ကျင့်ကြံသူတွေကိုတောင် ကြောက်စရာ မလိုတော့ဘူး’ ဟု လင်ယွဲ့ တီးတိုး ရေရွတ်လိုက်မိသည်။
ရုတ်တရက် သူမ တစ်ခုခုကို ခံစားမိသဖြင့် ရှေ့သို့ လှမ်းကြည့်လိုက်၏။
ခရမ်းရောင် ဝါးတောအောက်တွင်..
ဝတ်စုံဖြူဝတ်ထားပြီး လရောင် လှံရှည်ကို ကိုင်ဆောင်ထားသော အလှပဂေး အမျိုးသမီး တစ်ဦးသည် ခြောက်သွေ့နေသော ဝါးရွက်များပေါ်တွင် ဖြည်းညှင်းစွာ လမ်းလျှောက်လာနေ၏။
“ဒုတ် ... ဒုတ် …”
ဝတ်စုံဖြူဝတ် အမျိုးသမီး၏ လက်ထဲရှိ လရောင် လှံရှည်ကို မြင်လိုက်ရသောအခါ လင်ယွဲ့၏ ရင်ခုန်သံများ မြန်ဆန်လာတော့သည်။ သူမ၏ ကံကြမ္မာပေး ဝိညာဉ်ရတနာကို မြင်တွေ့လိုက်ရသလိုပင်။ ရင်းနှီးမှု ခံစားချက်ကြီးက သူမကို လွှမ်းမိုးသွားပြီး အံ့ဩလွန်းသဖြင့် အော်ပင် အော်မိမတတ် ဖြစ်သွားရရှာသည်။
“ဒါ ... ဒါက ဘာကြီးလဲ ... ”
လင်ယွဲ့ ရှစ်ဦးစလုံးမှာ လရောင် လှံရှည်ကိုသာ စိုက်ကြည့်နေမိကြပြီး အသက်ရှူသံများ မြန်လာကာ မသိစိတ်ဖြင့် ထိုလက်နက်ဆီသို့ လျှောက်သွားလိုက်ကြသည်။
“ဒါက ‘ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်’ ပဲ”
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပင်လယ်နက်ထဲမှာ လရောင်စွမ်းအားတွေ ပြည့်နှက်နေတဲ့ လရောင်ကျောက်တုံးကြီး တစ်တုံး ရှိခဲ့ဖူးတယ်။ နောက်ပိုင်းမှာ အဲဒီကျောက်တုံးက ကိုယ်ပိုင် အသိစိတ် ရှိလာခဲ့ပေမဲ့ ... မွေးရာပါ အလွန် အစွမ်းထက်လွန်းတာကြောင့် ကောင်းကင်နဲ့ မြေကြီးရဲ့ ဖိနှိပ်မှုကို ခံရပြီး ရှစ်ပိုင်း ကွဲသွားခဲ့ရတယ်”
“အဲဒီနောက် အပိုင်းအစ တစ်ခုချင်းစီရဲ့ အသိစိတ်တွေက ကျောက်တုံးရဲ့ ရှစ်ပုံ တစ်ပုံကို အသီးသီး ထိန်းချုပ်ခဲ့ကြပြီး မရေမတွက်နိုင်တဲ့ မိုးကြိုးကပ်ဘေးတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ အစွမ်းထက်တဲ့ လရောင် လှံရှည် ရှစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့တယ်”
“ဒါဟာ ‘ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်’ ပဲ”
နတ်ဘုရား ပင်လယ်နဂါး ဧကရီက သူမ၏ လက်ကို လွှတ်လိုက်၏။
လရောင် လှံရှည်မှာ အလိုလို ပျံထွက်သွားပြီး လင်ယွဲ့ ရှစ်ဦးစလုံး၏ ပတ်ပတ်လည်တွင် ဖြည်းညှင်းစွာ လှည့်ပတ်နေသည်။ ၎င်းမှာ လင်ယွဲ့ကို အကဲခတ်နေဟန် တူ၏။
“ဝုန်း ... ဝုန်း ... ဝုန်း …”
ရုတ်တရက် လှံရှည်မှာ စိတ်လှုပ်ရှားစွာဖြင့် တုန်ခါသွားပြီး လင်ယွဲ့ တစ်ဦး၏ အနီးသို့ ကပ်သွားတော့သည်။
“သူက မင်းကို တော်တော် သဘောကျနေတာပဲ”
နတ်ဘုရား ပင်လယ်နဂါး ဧကရီသည် လင်ယွဲ့ကို ကြည့်ကာ ပြောလိုက်၏။
“ယူလိုက်လေ”
“ဘာလို့ ကျွန်မကို ပေးတာလဲ”
လင်ယွဲ့က ချက်ချင်း လက်မခံသေးပေ။
နတ်ဘုရား ပင်လယ်နဂါး ဧကရီက ရှင်းပြလိုက်၏။
“ငါက ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စုရဲ့ ဧကရာဇ် ရှစ်ပါးအနက် တစ်ပါးပဲ။ ဒီလှံရှည်ကို စောင့်ရှောက်နေရသူပေါ့”
“ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်ဟာ ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စုရဲ့ ရတနာပဲ။ ဒီလှံရှည်ကို ထိန်းချုပ်နိုင်တဲ့သူက ငါတို့ရဲ့ အငြင်းပွားဖွယ်မရှိတဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်”
“ဒီနေ့မှာတော့ ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်က ငါ့ကို ပြောတယ် ... သူဟာ တူညီတဲ့ ရုပ်ခန္ဓာနဲ့ အသိစိတ်ချင်း ဆက်နွှယ်နေတဲ့ လူရှစ်ယောက်ကို တွေ့ထားတယ်တဲ့”
“ဒါကြောင့် ငါ မင်းကို လာရှာတာပဲ”
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ... ငါ မင်းကို ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စုဆီကို ဖိတ်ခေါ်ချင်တယ်။ ဒီလှံရှည်ကို တာဝန်ယူပြီး ဒီအမြင့်ဆုံး ဝိညာဉ်ရတနာရဲ့ စွမ်းအားတွေကို အပြည့်အဝ အသုံးချကာ ငါတို့ မျိုးနွယ်စုကို ကြီးပွားတိုးတက်အောင် ဦးဆောင်ပေးပါ”
စကားပြောနေစဉ်တွင် နတ်ဘုရား ပင်လယ်နဂါး ဧကရီသည် လင်ယွဲ့ကို သေချာ စိုက်ကြည့်နေပြီး သူမ၏ မျက်နှာတွင် သံသယများ ပိုမို ထင်ဟပ်လာသည်။
“ငါတို့ တစ်နေရာမှာ တွေ့ဖူးသလား”
နတ်ဘုရား ပင်လယ်နဂါး ဧကရီသည် မြူခိုးဂိုဏ်း အနီးနားသို့ သွားရောက်ခဲ့ဖူးပြီး ရှောင်ချန်းထျန်းနှင့် ယဲ့ဖုန်းတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ဖူးသူ ဖြစ်သည်။ ထိုအချိန်တုန်းက လင်ယွဲ့မှာ ရေပေါ်ဖြူမြို့တော်တွင် ရှိနေခဲ့ခြင်း ဖြစ်၏။
လင်ယွဲ့သည် နတ်ဘုရား ပင်လယ်နဂါး ဧကရီကို ကြည့်ကာ သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိသည်။
‘ငါ့ကို မှတ်မိနေတုန်းပဲလား’
“အမှန်အတိုင်း ပြောရရင် ... ကျွန်မက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ရဲ့ နန်းမြို့တော်က လာတာပါ။ ကျွန်မက ပထမ မင်းသမီး လင်ယွဲ့ ပါ”
“လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်..ဒါဆို မင်း မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းကို သိတာပေါ့” နတ်ဘုရား ပင်လယ်နဂါး ဧကရီ အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။
‘သိတာမှ ... သိရုံတင် ဘယ်ကမလဲ။ ကျွန်မက ဂိုဏ်းချုပ်ယဲ့ကို တစ်ဖက်သတ် ချစ်နေတာလေ’ ဟု လင်ယွဲ့ စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
ခေတ္တအကြာတွင် လင်ယွဲ့ ရှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြသည်။
“ဟုတ်ကဲ့ ... ကျွန်မ ဂိုဏ်းချုပ်ယဲ့နဲ့ ရင်းနှီးပါတယ်”
“ငါ ထင်တဲ့အတိုင်းပါပဲလား”
နတ်ဘုရား ပင်လယ်နဂါး ဧကရီ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
အကယ်၍ လင်ယွဲ့သာ ယဲ့ဖုန်းကို သိနေလျှင် ဤကိစ္စကို အတင်းအကျပ် လုပ်၍ မရနိုင်ချေ။ လင်ယွဲ့၏ နောက်ကွယ်တွင် ကြီးမားသော အင်အားစု ရှိနေသည် မဟုတ်ပါလား။
ယဲ့ဖုန်းအကြောင်းကို တွေးမိသည်နှင့် နတ်ဘုရား ပင်လယ်နဂါး ဧကရီ၏ မျက်လုံးများတွင် သတိထားမှုများ ပြည့်နှက်သွားပြီး တပိုင်း သူတော်စင်အဆင့်ရှိသော ထိုပညာရှင်ကြီးကို တွေးကာ သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားရရှာသည်။
“ဒါဆိုရင် ပထမ မင်းသမီး လင်ယွဲ့ ... မင်း.. ငါတို့ ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စုကို ဝင်ရောက်ပြီး ဒီလှံရှည်ကို တာဝန်ယူကာ အမြင့်မြတ်ဆုံး ဧကရီ အဖြစ် တာဝန်ယူပေးဖို့ ဆန္ဒရှိပါသလား” နတ်ဘုရား ပင်လယ်နဂါး ဧကရီက ဆွဲဆောင်လိုက်၏။
သူမ မြင်နိုင်သည်မှာ ... လင်ယွဲ့သည် တစ်မူထူးခြားသော ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားပြီး တူညီသော ပုံရိပ် ရှစ်ခုအဖြစ် ခွဲထွက်ထားခြင်း ဖြစ်ကြောင်း သိသာလှပေသည်။ ထို့ကြောင့်လည်း သူတို့၏ စိတ်ချင်း ဆက်နွှယ်နေခြင်းမှာ မဆန်းလှပေ။
ထို့အပြင် သူမသည် လရောင်စွမ်းအားကို ကျင့်ကြံသူ ဖြစ်ပြီး တိုက်ဆိုင်စွာပင် မူလနတ်ဘုရားအဆင့် တတိယအလွှာသို့ ထိုးဖောက်နိုင်ခဲ့သဖြင့် ပင်လယ်နက်ထဲရှိ လရောင် လှံရှည်က သူမကို အာရုံခံမိသွားခြင်း ဖြစ်၏။ လင်ယွဲ့သည် မွေးရာပါ လူရှစ်ယောက် ဖြစ်စေ၊ ကျင့်စဉ်ကြောင့် ခွဲထွက်ထားသူ ဖြစ်စေ ... လောလောဆယ်တွင်မူ သူမသည် ‘ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်’ အတွက် အသင့်တော်ဆုံးသော သူပင် ဖြစ်သည်။
လင်ယွဲ့ ချက်ချင်း မဖြေပေ။ သို့သော် သူမ၏ ရင်ထဲတွင်မူ အတော်လေး စိတ်ဝင်စားသွားခဲ့၏။
မကြာသေးမီက သူမ၏ ကျင့်ကြံမှုများကြောင့် လင်ယွဲ့ အချက်တစ်ခုကို သဘောပေါက်လာခဲ့သည်။ ယဲ့ဖုန်းကို မီအောင် လိုက်ရန်မှာ ကြိုးစား ကျင့်ကြံနေရုံနှင့် မရနိုင်ဘဲ ကွာဟချက်များသာ ပိုမို ကြီးမားလာပေလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် ဖြတ်လမ်းများကို ရှာဖွေရန် လိုအပ်နေသည်။
ဥပမာအားဖြင့် ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စု၏ အမြင့်မြတ်ဆုံး ဧကရီ ဖြစ်လာခြင်းမျိုးပေါ့။
“ကျွန်မ သဘောတူပါတယ် ... ဒါပေမဲ့ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကိုတော့ ရှင်တို့ မကန့်သတ်ရဘူး။ ပြီးတော့ ... ကျွန်မ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးခွင့် ရှိတဲ့ လွတ်လပ်ခွင့်ကိုလည်း မနှောင့်ယှက်ရဘူး” ဟု လင်ယွဲ့ ရှစ်ဦးစလုံး တစ်ပြိုင်နက် ပြောလိုက်၏။
“အဲ ... ”
နတ်ဘုရား ပင်လယ်နဂါး ဧကရီ ခေတ္တမျှ မှင်သက်သွားမိသည်။
‘ဒါ တကယ့်ကို ထူးဆန်းတဲ့ တောင်းဆိုချက်ပဲ။ မင်းက ငါတို့ရဲ့ ဧကရီ ဖြစ်လာမှာလေ ... ဘယ်သူက ဒီလို လွတ်လပ်ခွင့်တွေကို ကန့်သတ်ရဲမှာလဲ’
ထိုသို့ တွေးမိသော်လည်း နတ်ဘုရား ပင်လယ်နဂါး ဧကရီက ခေါင်းညိတ်ပြလိုက်၏။
“ဒါက လုံးဝ ပြဿနာ မရှိပါဘူး”
“ကောင်းပြီလေ”
လင်ယွဲ့၏ ရင်ထဲတွင် ပေါ့ပါးသွားပြီး သူမ၏ ရှေ့ရှိ ‘ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်’ ကို ဖြည်းညှင်းစွာ လှမ်း၍ ဆုပ်ကိုင်လိုက်၏။
နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။
လင်ယွဲ့၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မရေမတွက်နိုင်သော ပင်လယ်မျိုးနွယ်စုများကို အုပ်ချုပ်ကာ ပင်လယ်နက် နယ်ပယ်ကြီး တစ်ခုလုံးကို စုစည်းနိုင်စွမ်း ရှိသွားသလို ခံစားလိုက်ရသည်။
ထိုအချိန်မှစ၍ ... သူမသည် ‘ပင်လယ်ရှစ်စင်း ဧကရီ’ ဖြစ်လာခဲ့တော့၏။
--