အခန်း ၄၇၈
Vol. 46 Ch. 478
အခန်း (၆၇၈) - မြင့်မြတ်သော စွမ်းအားနှင့် တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ခြင်း
ဧကန်မလွဲပါပင်။ အောင်မြင်သွားပြီ ဖြစ်သည်။
နတ်ဘုရား ပင်လယ်နဂါး ဧကရီသည် လင်ယွဲ့ ကိုင်ဆောင်ထားသော ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်ကို ကြည့်ရင်း ပြောလိုက်၏။ လှံရှည်ထံမှ စိတ်လှုပ်ရှားနေသည့် အာရုံများကို သူမ ခံစားနေရ၏။ ၎င်းမှာ ကံကြမ္မာပေး အရှင်သခင်ကို တွေ့ရှိသွားသည့် ဝမ်းသာမှု ဖြစ်သည်။ အကန့်အသတ်များကို ကျော်ဖြတ်တော့မည့် စိတ်လှုပ်ရှားမှုလည်း ဖြစ်၏။ အဆုံးမဲ့ အနာဂတ်ကို တောင့်တနေခြင်းလည်း ဖြစ်ပေသည်။
အနှစ်သာရအားဖြင့် ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်သည် သူ၏ ရည်မှန်းချက်ကို ရှာဖွေတွေ့ရှိသွားသော ကလေးငယ်တစ်ဦးနှင့် တူလှပေသည်။ မျက်ဝန်းများတွင် အလင်းတန်းများ တောက်ပနေပြီး မျှော်လင့်ချက်များကို ဆုပ်ကိုင်ကာ မိုးကုတ်စက်ဝိုင်းဆီသို့ ရဲရဲဝံ့ဝံ့ လှမ်းတက်နေခြင်း ဖြစ်၏။
“မင်းရဲ့ နာမည်က ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည် တဲ့လား။ တော်တော် ထူးဆန်းတဲ့ နာမည်ပဲ”
လင်ယွဲ့သည် လှံရှည်ကို ကိုင်ကာ အသာအယာ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းဆိုသလိုပင် လရောင်ပမာ ဖြူစင်သော အလင်းဓားသွားတစ်ခု ကောင်းကင်သို့ ဖြတ်သန်းသွားပြီး ပေပေါင်း သောင်းချီ ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
နန်ယန်မြို့သူ မြို့သားများ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံကြီး ထက်ပိုင်း ပြတ်နေသည်ကို မြင်တွေ့လိုက်ရ၏။ မိုင်ပေါင်းများစွာ ရှည်လျားပြီး မြစ်တစ်စင်းပမာ ကျယ်ဝန်းသော ထိုအက်ကွဲကြောင်းကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
'တကယ်ကို ကြီးမားတဲ့ စွမ်းအားပဲ'
လင်ယွဲ့သည် ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်ကို ကိုင်ရင်း အကြီးအကျယ် တုန်လှုပ်သွားရသည်။ သာမန် ဝှေ့ယမ်းလိုက်ရုံဖြင့် သာမန် ကောင်းကင်ဧကရာဇ် တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှနေသည် မဟုတ်ပါလား။ အကယ်၍ လှံရှည် ရှစ်စင်းစလုံးကိုသာ တစ်ပြိုင်နက် အသုံးပြုမည်ဆိုပါက အထွတ်အထိပ် ကောင်းကင်ဧကရာဇ် တစ်ဦးနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။
ဤသို့ တွေးမိသည်နှင့် လင်ယွဲ့၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လာတော့၏။ သူမသည် ခရမ်းရောင် ဝါးတောထဲတွင် ရပ်နေသည်။ လေပြင်းများကြောင့် သူမ၏ ဆံနွယ်များနှင့် ဝတ်စုံဖြူလေးမှာ တဖျပ်ဖျပ် လွင့်ဝဲနေ၏။
“သွားကြစို့။ ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စုဆီကို”
လင်ယွဲ့က ဦးဆောင်ထွက်ခွာလိုက်၏။ သူမသည် ခရမ်းရောင် ဝါးတောကို တောင့်တသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။ ထို့နောက် လှံရှည်၏ စွမ်းအားကို အသုံးပြုကာ အကာအကွယ် ဒိုင်းတစ်ခု ချန်ထားခဲ့သည်။ ကောင်းကင်ဧကရာဇ် အဆင့်ရှိသူ မဟုတ်ပါက မည်သူမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် တစ်စုံတစ်ဦးက နန်ယန်မြို့ကို တိုက်ခိုက်မည်ဆိုပါက ထိုဒိုင်းသည် အလိုအလျောက် ပြန်လည် တိုက်ခိုက်မည် ဖြစ်သည်။ ကောင်းကင်ဧကရာဇ် အောက်ရှိ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
“ဧကရီ စိတ်ချပါ။ ဒီမြို့ကို ဘယ်သူမှ လာမနှောင့်ယှက်စေရပါဘူး” ဟု နတ်ဘုရား ပင်လယ်နဂါး ဧကရီက အာမခံလိုက်၏။ သူမသည် လင်ယွဲ့၏ ဤမြို့အပေါ် သံယောဇဉ်ကြီးမှုကို မြင်နိုင်သဖြင့် သူမ၏ အမည်ကို အသုံးပြုကာ ပင်လယ်မျိုးနွယ်စုဝင်များကို ဤဒေသသို့ မလာရန် တားဆီးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
"ဝှစ်"
လင်ယွဲ့ ပုံရိပ် ရှစ်ခုစလုံးသည် လှံရှည်များကို ဝန်းရံကာ နတ်ဘုရား ပင်လယ်နဂါး ဧကရီ၏ နောက်မှ လိုက်ပါသွားကြသည်။ သူမတို့သည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စု တည်ရှိရာသို့ ရောက်ရှိလာကြတော့သည်။
"ဝုန်း"
လင်ယွဲ့ ရှစ်ဦး ရောက်ရှိလာသည်နှင့် ကျန်ရှိနေသော လှံရှည် ခုနစ်စင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လင်ယွဲ့တို့၏ ဘေးတွင် ပေါ်လာပြီး တစ်ဦးချင်းစီက အရှင်သခင်ကို ရွေးချယ်လိုက်ကြသည်။ လင်ယွဲ့ ရှစ်ဦးစလုံးမှာ လှံရှည် တစ်စင်းစီကို လှမ်း၍ ဆုပ်ကိုင်ထားကြ၏။ ထိုအခိုက်အတန့်၌ မိုင်ပေါင်း သောင်းချီသော ပင်လယ်ပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး မြင့်မြတ်သော အရှိန်အဝါများ ပြန့်နှံ့သွားတော့သည်။ ပင်လယ်မျိုးနွယ်ဝင် အမြောက်အမြားမှာ ပင်လယ်အောက်တွင် ဒူးထောက်ကာ ကြည်ညိုစွာ ဝတ်ပြုကြသည်။
နန်းတော်၏ အထက်တွင် လင်ယွဲ့ ရှစ်ဦးသည် လှံရှည်များကို ကိုင်ဆောင်ထားပြီး သူမတို့၏ အရှိန်အဝါများမှာလည်း တစ်သားတည်း ဖြစ်သွားတော့သည်။ အရှင်သခင်အဖြစ် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်မှာ ပြီးဆုံးသွား၏။ ပင်လယ်မျိုးနွယ်စု ကောင်းကင်ဧကရာဇ် ရှစ်ဦးမှာလည်း ဘေးတွင် စောင့်ဆိုင်းနေကြ၏။ သူတို့သည် လင်ယွဲ့၏ အရှိန်အဝါမှာ ပိုမို ခန့်ညားလာပြီး ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်မှာလည်း ပတ်ဝန်းကျင်ရှိ စွမ်းအားများကို ဝါးမြိုကာ ပိုမို သန်မာလာသည်ကို မြင်တွေ့နေရသည်။
“အောင်မြင်ပြီ။ ငါတို့ ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စုရဲ့ ရွှေရောင်နေ့ရက်တွေ ရောက်လာပြီ”
လိပ်ဧကရာဇ်၊ နဂါးဧကရာဇ်နှင့် အခြား ကောင်းကင်ဧကရာဇ်များမှာ အားရပါးရ ရယ်မောလိုက်ကြသည်။
လင်ယွဲ့သည် ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်ကို ထိန်းချုပ်နိုင်ပြီး အမြင့်မြတ်ဆုံး ဧကရီ ဖြစ်လာပြီးနောက် ရေအောက်နန်းတော်အတွင်းသို့ ဝင်ရောက်လိုက်၏။ သူမသည် ပလ္လင် ရှစ်ခုပေါ်တွင် ထိုင်ကာ ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စု၏ သမိုင်းကြောင်းများကို စတင် လေ့လာလေတော့သည်။ ဧကရီ တစ်ဦးအနေဖြင့် သူမသည် မျိုးနွယ်စု၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ရမည် ဖြစ်သဖြင့် နောက်ခံ အကြောင်းအရာများကို နက်နက်ရှိုင်းရှိုင်း သိရှိရန် လိုအပ်သည် မဟုတ်ပါလား။
---
လိပ်နတ်ဘုရားကျွန်းဝယ်..
ပင်လယ်လိပ်အိုကြီးသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် ပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်လိုက်မိ၏။ ထိုအခါ မြေခွေး တာ့ဟုန်နှင့် အခြား ဝိညာဉ်သားရဲများမှာ ကျွန်းပေါ်တွင် မရှိတော့ဘဲ ပင်လယ်နက်ပိုင်းဆီသို့ ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
“သူတို့ ပင်လယ်ရေကြောင်း လမ်းဖွင့်တဲ့ အလုပ်ကို ဆက်လုပ်နေကြတာ ထင်တယ်”
ပင်လယ်လိပ်အိုကြီးအနေဖြင့် ဤကိစ္စတွင် ဝင်ရောက် မစွက်ဖက်နိုင်ပေ။ သူသည် နေရာရွှေ့ပြောင်း ဝင်္ကပါ၏ အစောင့်အဖြစ် ဤနေရာကို ဘေးကင်းအောင် စောင့်ရှောက်ရန်သာ လိုအပ်သည်။
ပင်လယ်ပြင်ထက်တွင် မြေခွေး တာ့ဟုန်သည် နတ်ဆိုးဧကရာဇ်၏ အလင်းကွင်း ကောင်းချီးကို အမြဲ ရယူထားသည်။ သူမသည် အရပ်ရှည်ပြီး အနီရောင် ဆံပင်ရှိသော မိန်းမပျိုလေးအဖြစ် အသွင်ပြောင်းထား၏။ သူမမှာ ဟူဖေးဖေးလောက် ဆွဲဆောင်မှု မရှိသော်လည်း သွယ်လျလှပသော ခန္ဓာကိုယ်ဖြင့် ထူးခြားသော ကျက်သရေ ရှိနေသည်။
“အားလုံးပဲ ငါနဲ့အတူ သီချင်းဆိုကြစမ်း”
“အို ... ပင်လယ်ကြီးရယ် ... မင်းမှာ ရေတွေ အပြည့်ပါလား”
မြေခွေး တာ့ဟုန်သည် ဘဲကင် တစ်ဖက်ကို ကိုက်ရင်း သီချင်းကို ဦးဆောင်ဆိုနေသည်။ ယာဉ်တန်း၏ နောက်ဆုံးတွင်မူ အစ်ကိုကြီးခေါင်းပြားမှာ ရွှေရောင် ငန်းဝကြီး၏ ကျောပေါ်တွင် ထိုင်ကာ လိုက်ပါလာ၏။
“ဂါး ... ဂါး ... ငါတော့ ပင်ပန်းလို့ သေတော့မှာပဲ”
ရွှေရောင် ငန်းဝကြီးသည် လျှာကြီး ထွက်နေပြီး အလွန် နွမ်းနယ်နေဟန် တူသည်။ သူသည် ဘေးရှိ ပင်လယ်ရေကို တစ်ငုံ သောက်လိုက်ရာ ငန်လွန်း၊ ခါးလွန်းသဖြင့် ပြန်ထွေးထုတ်လိုက်ရ၏။ နတ်ဆိုးဧကရာဇ်အဆင့် မြေခွေး တာ့ဟုန်က ဦးဆောင်နေသဖြင့် သူတို့၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှပေသည်။
နေ့တစ်ဝက် ကြာသောအခါ သူတို့သည် ပင်လယ်ထဲသို့ မိုင်ပေါင်း တစ်သိန်းအထိ ရောက်ရှိသွားပြီး ဒုတိယ စခန်းချရာ ကျွန်းစုကို တွေ့ရှိခဲ့ကြ၏။
မြေခွေး တာ့ဟုန်၏ ခွန်အားမှာ ကြောက်စရာ ကောင်းလှပေသည်။ သူမက ထိုကျွန်းစုရှိ အသန်မာဆုံး နတ်ဆိုးကို ချက်ချင်း နှိမ်နင်းလိုက်ပြီး ဒုတိယစခန်း၏ အစောင့်အဖြစ် ခန့်အပ်လိုက်၏။
တစ်ရက် ကြာသောအခါ သူတို့သည် မိုင်ပေါင်း နှစ်သိန်းအထိ ရောက်ရှိသွားပြန်ပြီး မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းသော ကျွန်းကြီး တစ်ကျွန်းကို တွေ့ရှိခဲ့ကြသည်။ ထိုနေရာတွင်လည်း မူလနတ်ဘုရားအဆင့်ရှိသော ပင်လယ်မြွေကြီးကို နှိမ်နင်းကာ တတိယစခန်း၏ အစောင့်အဖြစ် ထားရှိလိုက်၏။
ခုနစ်ရက် ကြာသောအခါ မြေခွေး တာ့ဟုန်နှင့် အဖွဲ့သည် ပင်လယ်ထဲသို့ မိုင်ပေါင်း တစ်သန်းအထိ ရောက်ရှိသွားကြပြီ ဖြစ်၏။ သူမသည် မိုင်ပေါင်း တစ်သောင်း ကျယ်ဝန်းသော ကုန်းမြေငယ်တစ်ခုကို တွေ့ရှိခဲ့သည်။ ထိုနေရာတွင် နေထိုင်သော ပင်လယ်မျိုးနွယ်ဝင် အမြောက်အမြား ရှိနေကြသည်။ အသန်မာဆုံးမှာ မူလနတ်ဘုရားအဆင့် အထွတ်အထိပ်တွင် ရှိသော ဖျံကြီး တစ်ကောင်ပင်။
သို့သော် မြေခွေး တာ့ဟုန်၏ ရှေ့တွင်မူ မိမိကိုယ်ကိုယ် ပင်လယ်နတ်ဘုရားကျွန်း သခင် ဟု ခေါ်ဆိုသည့် ထိုဖျံကြီးမှာ တစ်ကွက်တည်းနှင့် အရေးနိမ့်သွားခဲ့ရသည်။ သူသည် ကိုးခုမြောက် စခန်း၏ အစောင့်အဖြစ် တာဝန်ယူပေးရန် အတင်းအကြပ် စေခိုင်းခံလိုက်ရသည်။
ထိုအချိန်မှစ၍ မိုင်ပေါင်း တစ်သန်း ရှည်လျားသော ရေကြောင်း လမ်းမကြီး ပေါ်ထွက်လာခဲ့၏။ မြေခွေး တာ့ဟုန်၏ တာဝန်မှာလည်း အစပျိုး အောင်မြင်သွားခဲ့လေပြီ။
“နောက်ထပ် ငါတို့ ဒီကျွန်းပေါ်မှာ မြို့ကြီး တစ်မြို့ တည်ဆောက်မယ်။ တပည့်တွေအတွက် ထောက်ပံ့ရေး စခန်း ဖြစ်လာမှာပေါ့”
မြေခွေး တာ့ဟုန်က ခါးထောက်ကာ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ”
ခွေး အားဟာနှင့် အခြား ဝိညာဉ်သားရဲများမှာ ချက်ချင်းပင် အလုပ်စတင်ကြတော့သည်။ သူတို့သည် နေရာရွှေ့ပြောင်း ဝင်္ကပါကို အသုံးပြုကာ နန်ယန်မြို့မှ လူပေါင်း ထောင်ချီကို ခေါ်ဆောင်လာခဲ့ကြသည်။ ထိုသူများကို ကျွန်းပေါ်တွင် အတည်တကျ နေထိုင်စေကာ မြို့တည်ဆောက်ရေးတွင် ကူညီစေခဲ့ခြင်း ဖြစ်သည်။
သူတို့၏ ကြီးကျယ်လှသော မြို့တည်ဆောက်ရေး လုပ်ငန်းမှာ ပတ်ဝန်းကျင်ရှိ ပင်လယ်မျိုးနွယ်စုများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ကြောင်း မြေခွေး တာ့ဟုန် မသိခဲ့ပေ။
ထိုသတင်းမှာ အစွမ်းထက်သော ပင်လယ်မျိုးနွယ်စုကြီးများဆီသို့ပင် လေအလျင် ရိုက်ခတ်သွားခဲ့သည်။ ဟင်းလင်းပြင်ဖြိုခွဲအဆင့် နတ်ဆိုးဧကရာဇ် အချို့ပင်လျှင် ထိုသတင်းကို ကြားသိသွားကြ၏။
ရုတ်တရက်ဆိုသလိုပင် ထိပ်တန်း ပင်လယ်မျိုးနွယ်စုများမှာ သူလျှိုများကို စေလွှတ်ကာ ကျွန်းများ၏ အခြေအနေကို စုံစမ်းစေခဲ့ကြသည်။ မြေခွေး တာ့ဟုန်နှင့် အဖွဲ့ ရောက်ရှိလာခြင်းကြောင့် ဤပင်လယ်ပြင်ကြီးမှာ လှိုင်းဂယက်များဖြင့် ပြည့်နှက်သွားလေ၏။
---
မြူခိုးဂိုဏ်း။
ယဲ့ဖုန်း အညောင်းဆန့်လိုက်သည်။ သူသည် တောင်ပိုင်း ပင်လယ်ပြင်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို အာရုံမစိုက်အားပေ။ မြေခွေး တာ့ဟုန်အနေဖြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ခွန်အားကို ထုတ်သုံးနိုင်သရွေ့ အသက်အန္တရာယ် မရှိနိုင်ဟု သူ ယုံကြည်ထား၏။
“ဂိုဏ်းချုပ် ... သွားဖို့ အချိန်တန်ပြီနော်”
ဟူဖေးဖေး ရောက်လာသည်။ သူမသည် ယဲ့ဖုန်း၏ ကံကောင်းခြင်းဆုမှ ရထားသော ပန်းရောင် ဘဲတူဦးထုပ်လေးကို ဆောင်းထားပြီး ပန်းရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။
သူမ၏ အနောက်တွင် မြေခွေးအမြီး ကိုးချောင်းမှာ လွင့်ဝဲနေသည်။ သူမသည် သွယ်လျလှပလာသော ဟွမ်ယွမ်တုတ်ကို ကိုင်ဆောင်ကာ ယဲ့ဖုန်း၏ ဘေးတွင် အသင့်ရပ်နေ၏။
“နားလည်ပြီ”
ယဲ့ဖုန်း၏ မျက်နှာမှာ တည်ငြိမ်နေသည်။ သူ၏ လက်ထဲတွင် ဖိတ်စာ တစ်စောင် ပေါ်လာ၏။ ယင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က ရှောင်ချန်းထျန်း ပေးပို့ထားသော ဖိတ်စာပင်။ စိမ်းပြာရောင် တားမြစ်နယ်မြေရှိ ရှေးဟောင်းမျှော်စင်တွင် ကျင်းပမည့် တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ရန် ဖြစ်၏။
“ဂိုဏ်းချုပ် ... ကျွန်တော်တို့ အဆင်သင့် ဖြစ်ပါပြီ”
အစိမ်းရောင် ဝတ်ရုံဓား ဘိုးဘေး၊ အရိပ်နက်မိစ္ဆာဂိုဏ်းချုပ်၊ မိုယင်၊ လုံထျန်းရှင်းနှင့် အခြားသူများမှာ မြူခိုးဂိုဏ်း ဝတ်စုံများကို ဝတ်ဆင်ကာ ဖြည်းညှင်းစွာ လျှောက်လာကြသည်။ ယဲ့ဖုန်းနှင့် ဟူဖေးဖေး အပါအဝင် စုစုပေါင်း ကိုး ဦး ထွက်ခွာခဲ့ကြလေသည်။
“သွားကြစို့”
ယဲ့ဖုန်း လက်ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ကြီး ပွင့်ဟသွားပြီး အားလုံးမှာ ရွှေရောင် ဝင်္ကပါအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြတော့၏။
မိုင်ပေါင်း သန်းချီဝေးသော ရှန်ကျိုးတိုက်ကြီး၏ တောင်ဘက် ဗဟိုဒေသသို့ သူတို့ ရောက်ရှိလာကြသည်။ ဤနေရာမှာ မိုင်ပေါင်း သန်းနှင့်ချီ ကျယ်ပြန့်ပြီး အန္တရာယ် များလှသော စိမ်းပြာရောင် တားမြစ်နယ်မြေ ပင်။
ယဲ့ဖုန်းတို့သည် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ရှေးကျကာ ခန့်ညားလှသော ထိုနယ်မြေကြီးကို ငုံ့ကြည့်လိုက်ကြ၏။ ပြင်ပလောကနှင့် မတူဘဲ ကြမ်းတမ်းပြီး အန္တရာယ် ရှိသော အရှိန်အဝါများကို သူတို့ ခံစားနေကြရသည်။
“ရွှစ်”
အဝေးရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ပြဲဟသွားပြီး ပုံရိပ်အချို့ ထွက်ပေါ်လာကြသည်။
ထိုသူတို့မှာ ပေါ်လာသည်နှင့် ယဲ့ဖုန်းဆီသို့ အကြည့်များကို ပို့လွှတ်လိုက်ကြတော့၏။
--