← Chapters

အခန်း ၄၇၉

Vol. 46 Ch. 479

အခန်း ၄၇၉

Vol. 46 Ch. 479

အခန်း (၆၇၉) - ရှန်ကျိုးမှ ထိပ်တန်းအင်အားစုများနှင့် စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်

“မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ... ”

ဧရာမ ဓားကြီးတစ်လက်ကို လွယ်ထားသည့် ထွားကျိုင်းသော လူငယ်သည် ယဲ့ဖုန်းကို စူးစိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများတွင် သတိထားမှုများ ပြည့်နှက်နေ၏။ ဤလူ၏ လက်မောင်းများမှာ ဘေးတွင် အသာအယာ ချထားသော်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တစ်ကိုယ်လုံးတွင် အေးစက်လှသော ဓားစိတ်ဆန္ဒများ ဖုံးလွှမ်းနေသည်။ သူသည် ‘ဓားလမ်းစဉ် ကောင်းကင်ဧကရာဇ်’ ဟု ကျော်ကြားလှသူ ဖြစ်၏။

“မင်းက ဘယ်သူလဲ” ယဲ့ဖုန်းက မေးလိုက်၏။

“ငါက ကောင်းကင်အထွတ်အထိပ် တားမြစ်နယ်မြေရဲ့ သားတော် ဝူရွှမ် ပဲ” လူငယ်က လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ ထိုစဉ်.. သူ၏ ကျောပေါ်မှ ဓားကြီးမှာ စိတ်လှုပ်ရှားနေသည့်အလား အသာအယာ တုန်ခါသွား၏။

"ရွှစ် ..."

ဟင်းလင်းပြင်ကြီး ဆွဲဖြဲခံလိုက်ရသည့် အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

အရပ် သုံးမီတာခန့်ရှိသော ထွားကျိုင်းသည့် လူသန်ကြီး တစ်ဦး ပေါ်လာသည်။ သူသည် ရွှေရောင် သံချပ်ကာ အင်္ကျီကြီးကို ဝတ်ဆင်ထားပြီး နဖူးတွင် ကြံ့ဦးချိုလို ဦးချို တစ်ချောင်း ရှိနေ၏။ နားရွက်များမှာလည်း သာမန်လူထက် များစွာ ကြီးမားနေသည်။

ယဲ့ဖုန်းသည် ဝိညာဉ်အာရုံဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ရာ ဤသူသည် ကြံ့ကောင်းကင်ဧကရာဇ် ဖြစ်ကြောင်း သိလိုက်ရသည်။

“နတ်ဘုရား တောင်တန်းကြီး ဆယ်ခု ထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဖြိုခွဲ တောင်တန်းက ကြံ့ကောင်းကင်ဧကရာဇ် ပါလား။ ဘာလဲ ... မင်းကိုလည်း ရှောင်ချန်းထျန်းဆိုတဲ့ လူယုတ်မာက ဖိတ်လိုက်တာလား” ဝူရွှမ်က လှောင်ပြောင်သလို မေးလိုက်၏။

“လျှောက်မပြောနဲ့” ကြံ့ကောင်းကင်ဧကရာဇ်က အေးစက်စွာ နှာခေါင်းမှုတ်လိုက်၏။

နတ်ဘုရား တောင်တန်းကြီး တစ်ဆယ်၏ ထိပ်တန်း နတ်ဆိုးဧကရာဇ် တစ်ဦး ဖြစ်သောကြောင့် ကြံ့ကောင်းကင်ဧကရာဇ်သည် တားမြစ်နယ်မြေမှ နာမည်ဆိုးရှိသူများကို အမြဲတမ်း မနှစ်မြို့ပေ။ ထို့ကြောင့် ဝူရွှမ်ကို လှည့်ပင် မကြည့်ချေ။ အကယ်၍ ထိပ်တန်း အင်အားစုများမှ ကောင်းကင်ဧကရာဇ်များနှင့် တွေ့ဆုံခွင့် မရနိုင်ပါက ကြံ့ကောင်းကင်ဧကရာဇ်သည် ဤနေရာသို့ လုံးဝ လာမည် မဟုတ်ပေ။

“ရွှစ် ...ရွှစ် …”

ဟင်းလင်းပြင်မှာ အဆက်မပြတ် ဆွဲဖြဲခံနေရသည်။

ထိပ်တန်း ကောင်းကင်ဧကရာဇ်များ တစ်ဦးပြီးတစ်ဦး ပေါ်လာကြပြီး သူတို့၏ ဘေးတွင်လည်း အစွမ်းထက်လှသော တပိုင်း သူတော်စင်အဆင့် ကိုယ်ရံတော်များ ပါလာကြသည်။

“ကောင်းကင်အထွတ်အထိပ်၊ ရွှီရုံ၊ ဖူဆန်း၊ ဆူးပင်၊ စိမ်းပြာရောင် ... ရှောင်ချန်းထျန်းအပြင် ကျန်တဲ့ တားမြစ်နယ်မြေ လေးခုက ထိပ်တန်း ကောင်းကင်ဧကရာဇ်တွေ အကုန် ရောက်နေတာပဲ”

ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ အစိမ်းရောင် ဝတ်ရုံဓား ဘိုးဘေးနှင့် အခြားသူများ၏ မျက်နှာမှာမူ အလွန် တည်ကြည်နေကြ၏။ သူတို့၏ ခွန်အားမှာ မဆိုးသော်လည်း ဤကဲ့သို့သော ထိပ်တန်း ပွဲကြီးမျိုးတွင်မူ သူတို့မှာ ဘာမှ မဟုတ်သလို ဖြစ်နေရရှာသည်။

လောလောဆယ်တွင် လူမစုံသေးသော်လည်း နေရာတွင် ထိပ်တန်း ကောင်းကင်ဧကရာဇ် ဒါဇင်ပေါင်းများစွာ ရောက်နေ၏။ သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားများ ကိန်းအောင်းနေသည်ကို ခံစားရသည်။ ထိုသူများမှာ ယဲ့ဖုန်းကို ကြည့်ကာ မျက်လုံးများထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြသနေကြ၏။

“ဂိုဏ်းချုပ် ... ဒါတွေက ရှန်ကျိုးတိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုတွေဆီက ကောင်းကင်ဧကရာဇ်တွေလား” လုံထျန်းရှင်းက တုန်လှုပ်သော အသံဖြင့် မေးလိုက်၏။

ဤနေရာရှိ လူတိုင်းသည် ကြောက်စရာ ကောင်းလှသည် မဟုတ်ပါလား။ သူတို့သာ သတ်ချင်ပါက လက်ညှိုး တစ်ချက်ပင် မလိုဘဲ အကြည့် တစ်ချက်တည်းနှင့်ပင် လုံထျန်းရှင်းကို အမြစ်ပြတ်သွားစေနိုင်သည်။

“ဟုတ်တယ်” ယဲ့ဖုန်းက ခေါင်းညိတ်လိုက်၏။

“ရှန်ကျိုးတိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုတွေဆိုတာ မြင့်မြတ်သောနယ်မြေ ကိုးခု၊ တောင်တန်းကြီး ဆယ်ခု၊ တားမြစ်နယ်မြေ ငါးခုနဲ့ ကြယ်ငါးပွင့်အဆင့် ဂိုဏ်းပေါင်း တစ်ရာကို ပြောတာပဲ”

“ဒီပွဲကိုတော့ ကြယ်ငါးပွင့်ဂိုဏ်း အများစု ဖိတ်ကြားခြင်း မခံရဘူး။ အများစုက မြင့်မြတ်သောနယ်မြေတွေနဲ့ တားမြစ်နယ်မြေတွေကပဲ”

“ဒါပေမဲ့ တစ်ခုတော့ လွဲနေတယ်”

“ဒသမမြောက် တောင်တန်းဖြစ်တဲ့ ‘လွင့်မျော တောင်တန်း’ က လူတွေ မလာကြဘူး။ ဒါကြောင့် နတ်ဘုရား တောင်တန်း ကိုးခုပဲ ရှိသေးတယ်” ယဲ့ဖုန်းက ဆက်ပြောလိုက်၏။

လွင့်မျော တောင်တန်းမှာ ကောင်းကင်ယံတွင် ပုန်းကွယ်နေပြီး သူတော်စင်အဆင့်ရှိသူများပင် ရှာမတွေ့နိုင်ဟု ဆိုကြသည်။ ကောင်းကင်ကျောက်တိုင် တစ်ခုလုံးကို ရရှိမှသာ ထိုနေရာသို့ ဝင်ခွင့် ရနိုင်ခြင်း ဖြစ်၏။

“ဟုတ်တယ် ... လွင့်မျော တောင်တန်းက လူတွေကို ငါလည်း ဆက်သွယ်လို့ မရလို့ မဖိတ်လိုက်ရဘူး” ဩဇာ ရှိသော အသံ တစ်ခု ထွက်ပေါ်လာသည်။

လူတိုင်း လှည့်ကြည့်လိုက်သောအခါ ရှောင်ချန်းထျန်း၊ ပိုင်ကျီနှင့် တပိုင်း သူတော်စင် ကိုယ်ရံတော်ကြီးတို့ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ သူတို့၏ အနောက်တွင် အစေခံ မိန်းမပျို တန်းကြီး ပါလာသည်။ သူမတို့ တစ်ဦးချင်းစီမှာ အလွန် လှပကြပြီး ပန်းခြင်းတောင်းများကို ကိုင်ကာ လမ်းတစ်လျှောက် ပန်းများ ကြဲဖြန့်လာကြသဖြင့် ရနံ့များ သင်းပျံ့နေတော့သည်။

“အားလုံးပဲ ... ကျုပ်နောက်ကို လိုက်ခဲ့ကြပါ”

ရှောင်ချန်းထျန်းသည် ယဲ့ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်၏။ ယဲ့ဖုန်းမှာ တည်ငြိမ်နေဆဲ ဖြစ်သဖြင့် ရှောင်ချန်းထျန်းက စိတ်ထဲမှ နှာခေါင်းမှုတ်လိုက်ပြီး အဝေးသို့ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်သည်။

“ဝုန်း ..”

နဂါးဟိန်းသံကြီးနှင့်အတူ လက်ဝါးပုံရိပ်ကြီး တစ်ခု ထွက်ပေါ်သွားပြီး အောက်ဘက်ရှိ နေရာကို ရိုက်ခတ်သွားသည်။ ဟင်းလင်းပြင်မှာ ရေလှိုင်းပမာ တုန်ခါသွားတော့၏။ တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်၏ ခွန်အားများမှာ ဖြည်းညှင်းစွာ ဖြာထွက်သွားသည်။

“ဟွန့်.. အမြဲတမ်း ကြွားချင်နေတာပဲ”

“တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်သွားတာနဲ့ပဲ အဲဒီလောက် ကြွားပြနေစရာ လိုလို့လား”

ထိပ်တန်း ကောင်းကင်ဧကရာဇ် အများစုမှာ မျက်လုံးကို လှန်ကြည့်လိုက်ကြ၏။

ထိုအခိုက်အတန့်၌ ရှောင်ချန်းထျန်း ရိုက်ထုတ်လိုက်သော နေရာတွင် ဝေဝါးသွားပြီး မြင်ကွင်းသစ်တစ်ခု ပေါ်လာတော့သည်။

ယခင်က လူသူကင်းမဲ့နေသော နေရာတွင် စည်ကားလှသော ရှေးဟောင်း မြို့ကြီး တစ်မြို့ ပေါ်လာ၏။ ယခင် မြင်ကွင်းမှာ မျက်လှည့်ပြထားခြင်းသာ ဖြစ်ပြီး ယခု မြင်နေရသည်မှာ စိမ်းပြာရောင် တားမြစ်နယ်မြေ၏ စစ်မှန်သော ပုံရိပ် ဖြစ်သည်။

“မိတ်ဆွေတို့ ... ကြွကြပါ”

ရှောင်ချန်းထျန်းက ဦးဆောင်ကာ အောက်ဘက်ရှိ မြို့ကြီးဆီသို့ ဆင်းသက်သွားသည်။ လူတိုင်းလည်း နောက်မှ လိုက်သွားကြ၏။ သူတို့အနေဖြင့် ရှောင်ချန်းထျန်းက ထောင်ချောက်ဆင်မည်ကို မစိုးရိမ်ကြပေ။ လူတိုင်း၏ နောက်ကွယ်တွင် မြင့်မြတ်သောနယ်မြေများ ရှိနေသဖြင့် ရှောင်ချန်းထျန်းက ရန်စရဲမည် မဟုတ်ကြောင်း သိနေကြခြင်း ဖြစ်၏။

အောက်သို့ ရောက်သွားသောအခါ ဟင်းလင်းပြင်မှာ ပြန်လည် ပိတ်သွားပြီး မြို့ကြီးမှာ ကွယ်ပျောက်သွားပြန်သည်။ အပေါ်မှ ငုံ့ကြည့်လျှင် ခြောက်သွေ့နေသော နယ်မြေအဖြစ်သာ မြင်နေရဆဲ ဖြစ်၏။

ဤမြို့ကြီး၏ အမည်မှာ စိမ်းပြာရောင် ရှေးဟောင်းမြို့ ဖြစ်ပြီး မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းသည်။ မြို့လယ်တွင် ပေပေါင်း သောင်းချီ မြင့်မားသော တောင်ထိပ်ကြီး တစ်ခု ရှိပြီး ထိုတောင်ထိပ်ပေါ်တွင် ရှေးဟောင်း မျှော်စင်ကြီး တစ်ခု တိတ်ဆိတ်စွာ ရပ်တည်နေသည်။

“မိတ်ဆွေတို့ ... ဒါကတော့ စိမ်းပြာရောင် ရှေးဟောင်းမျှော်စင် ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီက ကောင်းကင်က ကျလာတဲ့ ကြယ်တစ်လုံးနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကျင့်ကြံခြင်း အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်”

“ကျုပ် တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်လာတာကို ဂုဏ်ပြုဖို့အတွက် မိတ်ဆွေတို့ကို ဒီပွဲကို ဖိတ်ကြားလိုက်ရတာပါ” ရှောင်ချန်းထျန်းက မျှော်စင်ကို ညွှန်ပြကာ ပြောလိုက်၏။

ထိုစကားကြောင့် လူတိုင်း၏ မျက်နှာမှာ ထူးဆန်းသွားတော့သည်။ မိမိကိုယ်ကို တပိုင်း သူတော်စင် ဖြစ်ကြောင်း ဤမျှ အရှက်မရှိ ကြွားဝါသူမှာ ရှောင်ချန်းထျန်း တစ်ဦးတည်းသာ ရှိပေလိမ့်မည်။

‘တကယ့်ကို အရှက်မရှိတဲ့လူပဲ’

မြူခိုးဂိုဏ်းသားများ အားလုံး စိတ်ထဲမှ ချီးကျူးလိုက်ကြသည်။

*

စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်ဝယ်၊

ယဲ့ဖုန်းတို့ မျှော်စင်ပေါ်သို့ တက်လိုက်သောအခါ ၎င်းမှာ လေးထောင့်ပုံစံ ဖြစ်ပြီး ပေပေါင်း သောင်းချီ မြင့်မားကာ အလွှာပေါင်း (၃၃) လွှာ ရှိကြောင်း တွေ့လိုက်ရသည်။ ၎င်းမှာ ကောင်းကင် (၃၃) ထပ်ကို ကိုယ်စားပြုခြင်း ဖြစ်၏။ သူတို့ အားလုံးသည် မျှော်စင်၏ အမိုးပေါ်ရှိ လသာဆောင်တွင် နေရာယူလိုက်ကြသည်။

စားပွဲများကို ပြင်ဆင်ထားပြီး ဖြစ်ရာ ယဲ့ဖုန်းနှင့် သူ၏ အဖွဲ့မှာ စားပွဲတစ်ခုတွင် သီးသန့် ထိုင်လိုက်ကြသည်။ မကြာမီ မွှေးကြိုင်လှသော ဟင်းလျာများကို လာရောက် တည်ခင်းကြတော့သည်။

လီကျောက်ကျောက်သည် ထိုအစားအစာများမှာ တားမြစ်နယ်မြေမှ ပစ္စည်းများဖြင့် ချက်ပြုတ်ထားပြီး စွမ်းအင်များကို အပြည့်အဝ အသုံးချထားကြောင်း သတိပြုမိလိုက်၏။ ၎င်းမှာ ထိပ်တန်း ဝိညာဉ်စားဖိုမှူး တစ်ဦး၏ လက်ရာပင် ဖြစ်၏။ တစ်လုပ် စားလိုက်ရုံနှင့်ပင် ကျင့်ကြံခြင်းအဆင့်များ တစ်ဟုန်ထိုး တက်သွားနိုင်သည်။

“ဒီဟင်းတွေက ကောင်းတယ် ... မင်းတို့ အားလုံး စားကြ” ယဲ့ဖုန်းက တပည့်များကို ပြောလိုက်၏။

မြူခိုးဂိုဏ်းမှ ကိုးဦး လာခဲ့၏။ ယဲ့ဖုန်း၊ ဟူဖေးဖေး၊ အစိမ်းရောင် ဝတ်ရုံဓား ဘိုးဘေး၊ အရိပ်နက်မိစ္ဆာဂိုဏ်းချုပ် နှင့် တပည့် ငါး ဦး (မိုယင်၊ လုံထျန်းရှင်း၊ လီကျောက်ကျောက်၊ ချောင်ကျားရှီး၊ ဟိုယွင်ကျဲ) တို့ ဖြစ်ပါသည်။

တပည့်များမှာ ဟင်းကို တစ်လုပ် စားလိုက်သည်နှင့် ပန်းခင်းကြီး တစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရပြီး စိတ်ရောကိုယ်ပါ လန်းဆန်းသွားကာ ကျင့်ကြံခြင်းအဆင့်များမှာလည်း ပေါက်ကွဲထွက်မတတ် မြင့်တက်လာတော့သည်။

“ဘယ်လောက်တောင် အားကောင်းတဲ့ စွမ်းအင်လဲ”

ဟိုယွင်ကျဲ အံ့ဩသွားရသည်။ တစ်လုပ် စားလိုက်ရုံနှင့်ပင် သူသည် ဝိညာဉ်ပင်လယ်အဆင့် ပဉ္စမအလွှာသို့ တိုက်ရိုက် ထိုးဖောက်သွားခဲ့သည် မဟုတ်ပါလား။

“တကယ်ကို မဆိုးဘူးပဲ”

မိုယင်လည်း စားလိုက်ရာ သူမ၏ အဆင့်မှာ ဝိညာဉ်ပင်လယ်အဆင့် ဆဋ္ဌမအလွှာသို့ အလိုလို တက်လှမ်းသွားတော့သည်။

လီကျောက်ကျောက်၊ လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့လည်း ထိုနည်းတူပင် ဖြစ်သည်။ ဤပွဲကြီးမှာ သူတို့အတွက် ကျင့်ကြံခြင်းအဆင့် တိုးတက်စေမည့် စားပွဲကြီး တစ်ခု ဖြစ်နေတော့သည်။

“ရှောင်ချန်းထျန်းက ဒီလောက် သဘောကောင်းနေတာ ... တစ်ခုခုတော့ ရည်ရွယ်ချက် ရှိမှာပဲ မဟုတ်လား” လုံထျန်းရှင်းက စိတ်လှုပ်ရှားနေရင်း အလိုလို ထုတ် မေးလိုက်မိသည်။

သူသည် အသံလုံ ဝင်္ကပါ တစ်ခုကို တည်ဆောက်ထားခဲ့၏။ သို့သော် ဤနေရာရှိ လူအများစုမှာ ထိပ်တန်း ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသဖြင့် ထိုဝင်္ကပါမှာ မရှိသလို ဖြစ်နေရပြီး လုံထျန်းရှင်း၏ စကားကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရတော့သည်။

ထိုအခိုက်အတန့်၌ လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။ ရှောင်ချန်းထျန်းပင်လျှင် သူ၏ ဝိုင်ခွက်ကို ပြန်ချလိုက်သည်။

လုံထျန်းရှင်းသည် အံကြိတ်ကာ မိမိကိုယ်ကိုယ် ပါးရိုက်ချင်စိတ် ပေါက်သွားတော့၏။

သူ့ခမျာ ဝင်ပုန်းစရာ ကျင်းတစ်ခုခုကိုသာ ရှာချင်မိတော့သည်။

--

All Chapters