← Chapters

အခန်း ၄၈၀

Vol. 46 Ch. 480

အခန်း ၄၈၀

Vol. 46 Ch. 480

အခန်း (၆၈၀) - နှစ်တစ်ထောင် လနီနှင့် ရှေးဟောင်း ကြမ်းကြုတ်သားရဲများ

“ဒေါက်”

ရှောင်ချန်းထျန်းသည် ဝိုင်ခွက်ကို စားပွဲပေါ်သို့ တည်ငြိမ်စွာ ချလိုက်၏။

သို့သော် သူ စကားမပြောရသေးမီမှာပင် သူ၏ ဘေး၌ရှိသော ပိုင်ကျီက စားပွဲကို ရိုက်ကာ မကျေမနပ် ပြောလိုက်၏။

“ကျွန်မတို့ သခင်လေးက စေတနာနဲ့ ဖိတ်တာကို ... ရှင်တို့က ရည်ရွယ်ချက်ကို သံသယဝင်နေတာလား”

“ကျွန်တော် ... ” လုံထျန်းရှင်းသည် စကားထစ်သွားတော့သည်။

ဟင်းကို တစ်လုပ် စားလိုက်ရုံနှင့် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် တက်သွားခြင်းမှာ ယုတ္တိဗေဒအရ ကြည့်လျှင် အလွန်ကြီးမားသော အခွင့်အရေး ဖြစ်သည်မှာ မှန်ပေသည်။

သို့သော် ရှောင်ချန်းထျန်း၏ အတိတ်က အပြုအမူများကြောင့် ဤလူ ဘာကို ကြံစည်နေသနည်းဆိုသည်ကို သူ တကယ်ကို စဉ်းစားမရ ဖြစ်နေခြင်း ဖြစ်၏။

“ဟွန်း ... ဒီကလေးရဲ့ စိုးရိမ်မှုက အခြေအမြစ် မရှိတာတော့ မဟုတ်ဘူး။ ရှောင်ချန်းထျန်း ... မင်းက တပိုင်း သူတော်စင် အဆင့်ကို တက်တာလေး ကြွားချင်ရုံနဲ့တော့ ဒီလောက် ထည်ဝါတဲ့ ပွဲကြီးကို ကျင်းပမှာ မဟုတ်ဘူး။ တစ်ခုခုတော့ ဖုံးကွယ်ထားတာ ရှိမှာပဲ” ကောင်းကင်ဖြိုခွဲ တောင်တန်းမှ ကြံ့ကောင်းကင်ဧကရာဇ်က အေးစက်စွာ နှာခေါင်းမှုတ်ရင်း ပြောလိုက်၏။

အခြား ထိပ်တန်း ကောင်းကင်ဧကရာဇ်များကလည်း ရှောင်ချန်းထျန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူ ဘာလုပ်ချင်နေသနည်းဆိုသည်ကို မည်သူမျှ ခန့်မှန်း၍ မရကြချေ။

ရှောင်ချန်းထျန်းသည် ဘာမှမပြောဘဲ ပြုံးနေသည်။ ဤနေရာတွင် ရှိနေသူများမှာ ဉာဏ်ကောင်းသူများ ဖြစ်သဖြင့် သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သူ သိထား၏။ ထို့ကြောင့် သူသည် အပေါ်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်၏။

အားလုံးက မသိစိတ်ဖြင့် မော့ကြည့်လိုက်ကြသည်။

ရှန်ကျိုးတိုက်ကြီး၏ ကောင်းကင်ယံတွင် ဖျော့တော့သော လနီကြီး တစ်စင်း ပေါ်နေသည်ကို သူတို့ မထင်မှတ်ဘဲ တွေ့လိုက်ရ၏။ ယခင်က ထိုအရာကို မည်သူမျှ သတိမထားမိခဲ့ကြပေ။ နေမင်းကြီး မဝင်သေးသဖြင့် လနီမှာ ထင်ထင်ရှားရှား မရှိသေးသော်လည်း သေချာကြည့်လျှင်မူ မြင်နိုင်သည်။

ပုံမှန်အားဖြင့် လနီဆိုသည်မှာ အလင်းပြန်ခြင်းကြောင့် ဖြစ်တတ်သော သဘာဝ ဖြစ်စဉ်တစ်ခုသာ ဖြစ်သော်လည်း ယနေ့ မြင်တွေ့ရသော လနီမှာမူ လူကို စိတ်မသက်မသာ ဖြစ်စေသည်။

“ငါ မှတ်မိပြီ”

“ဒါက အနှစ်တစ်ထောင်မှာ တစ်ခါပေါ်တဲ့ ရှန်ကျိုး လနီပဲ”

“တောက် ... အဲဒီ ကြမ်းကြုတ်သားရဲတွေ ထွက်လာပြီး နေရာအနှံ့ ထပ်ပြီး ဖျက်ဆီးကြတော့မှာပဲ”

ကောင်းကင်အထွတ်အထိပ်၊ နှင်းပွင့်ကြွေ၊ ဖူဆန်း နှင့် ဆူးပင် တားမြစ်နယ်မြေများမှ ကျင့်ကြံသူများသည် တစ်ခုခုကို သတိရသွားကြပြီး ရှောင်ချန်းထျန်းကို လေးနက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

“အဲဒီ ... ကြမ်းကြုတ်သားရဲတွေ ဟုတ်လား”

နတ်ဘုရား တောင်တန်းကြီး တစ်ဆယ်နှင့် မြင့်မြတ်သောနယ်မြေ ကိုးခုမှ လူများအပြင် ယဲ့ဖုန်းပါ ခေတ္တမျှ မှင်သက် အံ့ဩသွားကြသည်။ ထို့နောက် တစ်စုံတစ်ခုကို သဘောပေါက်သွားကြသလို သူတို့၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

“ကျွန်တော် နားမလည်လို့ပါ ဂိုဏ်းချုပ်။ သူတို့ ပြောနေတဲ့ ကြမ်းကြုတ်သားရဲတွေက ဘာတွေလဲ ခင်ဗျာ” အစိမ်းရောင် ဝတ်ရုံဓား ဘိုးဘေးက တိုးတိုးလေး မေးလိုက်၏။

ယဲ့ဖုန်းက ခေါင်းခါပြလိုက်သည်။ “ကျွန်တော်လည်း မသိဘူး”

ထိုစဉ် အိမ်ရှင်ဖြစ်သူ ရှောင်ချန်းထျန်းက ပြောလိုက်၏။

“ဟုတ်ပါတယ်။ အနှစ်တစ်ထောင်မှာ တစ်ခါကျရောက်တဲ့ လနီက မကြာခင် ရောက်တော့မှာပါ။ အဲဒီ ကြမ်းကြုတ်သားရဲတွေလည်း ထွက်လာကြတော့မယ်။ ကျုပ်..ခင်ဗျားတို့ကို ဒီပွဲကို ဖိတ်ရတာက ပထမအချက် အနေနဲ့ ကျုပ်.. တပိုင်း သူတော်စင် ဖြစ်လာတာကို ဂုဏ်ပြုဖို့ဖြစ်ပြီး ... ဒုတိယအချက် အနေနဲ့ကတော့ အဲဒီ ကြမ်းကြုတ်သားရဲတွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ဆွေးနွေးဖို့ပဲ”

ယဲ့ဖုန်း မျက်မှောင် အနည်းငယ် တွန့်သွားသည်။

‘ကြမ်းကြုတ်သားရဲ’ ဆိုသည်မှာ ဘာကို ဆိုလိုသည်ကို သူ အတိအကျ မသိသော်လည်း အခြေအနေအရ တစ်စုံတစ်ခုကို သူ ခန့်မှန်းမိသည်။

ထို့နောက် ရှောင်ချန်းထျန်းက ဆက်ပြောလိုက်၏။

“ဒီမှာ ရှိနေတဲ့ လူတိုင်းဟာ ကျုပ်တို့ရဲ့ တားမြစ်နယ်မြေ ငါးခုအပေါ် အထင်လွဲနေကြတာတွေ ရှိတယ် မဟုတ်လား”

“အထင်လွဲတယ် ဟုတ်လား” ကြံ့ကောင်းကင်ဧကရာဇ်က နားမလည်စွာ မေးလိုက်၏။

“ငါတို့ တားမြစ်နယ်မြေတွေထဲက သတ္တဝါတွေဟာ အပြင်ကို ခဏခဏ ထွက်ပြီး သောင်းကျန်းကြတယ်၊ အပြစ်မဲ့တဲ့ သက်ရှိတွေကို သတ်ဖြတ်ကြတယ်လို့ လူတွေက ပြောကြတယ် မဟုတ်လား” ဟု ရှောင်ချန်းထျန်းက မေးလိုက်သည်။

“အဲဒါ အမှန်ပဲလေ” မြင့်မြတ်သောနယ်မြေ တစ်ခုဖြစ်သော ‘အသွင်တစ်သောင်း မြင့်မြတ်သောနယ်မြေ’ မှ လက်တစ်ထောင် ကောင်းကင်ဧကရာဇ်က ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။

“ဒါပေမဲ့ အပြစ်မဲ့တဲ့ သက်ရှိတွေကို ဒုက္ခပေးနေတဲ့ သတ္တဝါတွေဟာ ငါတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ငါပြောရင် ... မင်းတို့ ယုံမလား” ဟု ရှောင်ချန်းထျန်းက ထပ်မေးလိုက်ပြန်သည်။

“မင်း ဘာကို ဆိုလိုတာလဲ”

“ရှောင်ချန်းထျန်း ... မင်း ငါတို့ရဲ့ ဉာဏ်ရည်ကို စော်ကားနေတာလား”

“တကယ့်ကို ထူးဆန်းလိုက်တာပဲ”

ရောက်နေသူ အများစုမှာ ရယ်စရာ ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို မတ်တတ်ရပ်လိုက်ကြသည်။ တားမြစ်နယ်မြေမှ ထွက်လာသော သတ္တဝါများသည် ၎င်းတို့နှင့် မဆိုင်ဟု ပြောခြင်းမှာ မြင့်မြတ်သောနယ်မြေမှ ကျင့်ကြံသူများ အပြင်ထွက်၍ ဒုစရိုက် လုပ်ခြင်းမှာ ထိုနယ်မြေနှင့် မဆိုင်ဟု ပြောသလိုပင် ဖြစ်၏။ ဒါက လုံးဝ ယုတ္တိမရှိသော စကားပင်။

“ရှောင်ချန်းထျန်း ... မင်းက ငါတို့ တားမြစ်နယ်မြေတွေ နှစ်ပေါင်းများစွာ ထမ်းပိုးခဲ့ရတဲ့ အပြစ်တွေကို ခါချပြီး နာမည်ကောင်း ယူချင်နေတာလား။ ဒါပေမဲ့ ငါတို့ကတော့ အဲဒီလို ဂုဏ်သတင်းတွေကို ဂရုမစိုက်ဘူး။ ဘာလို့ အလုပ်ရှုပ်ခံနေမှာလဲ” ဟု ကောင်းကင်အထွတ်အထိပ် တားမြစ်နယ်မြေမှ ဓားလမ်းစဉ် ကောင်းကင်ဧကရာဇ် ဝူရွှမ်က ရယ်ရင်း ပြောလိုက်၏။

ကျန်ရှိနေသော တားမြစ်နယ်မြေ သုံးခုမှ ထိပ်တန်း ပညာရှင်များကလည်း ရှောင်ချန်းထျန်း၏ လုပ်ရပ်မှာ အပိုအလုပ်များသာ ဖြစ်သည်ဟု ယူဆကာ လှောင်ပြောင်နေကြသည်။

‘အပြစ်တွေကို ခါချတယ်..’

‘နာမည်ကောင်း ယူတယ်..’

မြင့်မြတ်သောနယ်မြေများနှင့် နတ်ဘုရား တောင်တန်းကြီးများမှ ကျင့်ကြံသူများမှာမူ ဤစကားလုံးများကို နားမလည်နိုင်ဘဲ ဝေခွဲမရ ဖြစ်နေကြတော့သည်။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းက ဝင်ပြောလိုက်၏။

“ရှောင်ချန်းထျန်း ... မင်း ဆိုလိုတာက နှစ်ပေါင်းများစွာ ပြဿနာရှာနေတဲ့ တားမြစ်နယ်မြေက သတ္တဝါတွေဟာ တကယ်တော့ မင်းတို့ရဲ့ အဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ပြောချင်တာလား”

“အဲဒါ အဓိက အချက်ပဲ” ရှောင်ချန်းထျန်း၏ မျက်လုံးများ တောက်ပသွားသည်။

“မင်းက ငါ့ရဲ့ ပြိုင်ဘက် ယဲ့ဖုန်း ဖြစ်ဖို့ ထိုက်တန်ပါတယ်။ တခြားသူတွေထက် ပိုဉာဏ်ကောင်းပြီး အခြေအနေကို မြန်မြန် သဘောပေါက်သားပဲ”

“ဒါပေမဲ့ သူတို့က ယုံမယ်လို့ မင်း ထင်လို့လား” ယဲ့ဖုန်းက ပြန်မေးလိုက်၏။

“သူတို့ ယုံခြင်း မယုံခြင်းက အဓိက မဟုတ်ဘူး။ ငါ အချိန်ကို တွက်ချက်ထားပြီးသား။ မကြာခင်မှာ နှစ်ပေါင်း တစ်ထောင်လောက် အိပ်မောကျနေတဲ့ ရှေးဟောင်း ကြမ်းကြုတ်သားရဲတွေ ပြန်ထွက်လာပြီး အကြီးအကျယ် သတ်ဖြတ်ကြတော့မယ်”

ရှောင်ချန်းထျန်းက ခေတ္တ ရပ်လိုက်ပြီး ...

“အဲဒီအချိန်ကျရင် ဦးနှောက်ရှိတဲ့ လူတိုင်းဟာ ဘယ်သူက အမှန်၊ ဘယ်သူက အမှားဆိုတာကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ကြလိမ့်မယ်”

“ဟွန်း ... မင်းက ငါတို့ကို အူကြောင်ကြောင်လို့ ပြောချင်တာလား”

“မင်း ဘယ်လိုတောင် ပြောရဲတာလဲ”

မြင့်မြတ်သောနယ်မြေ ကိုးခုမှ ထိပ်တန်း ကောင်းကင်ဧကရာဇ်များမှာ ဒေါသထွက်သွားကြပြီး သူတို့၏ ဘေးမှ တပိုင်း သူတော်စင် ကိုယ်ရံတော်များကလည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်း၏ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရ၏။

သူ အန္တရာယ်တစ်ခုကို အာရုံခံလိုက်ရလေသည်။

ဒါက အစွမ်းထက်သော ရန်သူတစ်ဦး ပေါ်လာပြီ ဖြစ်ကြောင်း ဖော်ပြနေ၏။

“အားလုံးပဲ ... စိတ်အေးအေး ထားကြပါ”

ယဲ့ဖုန်းသည် မြင့်မြတ်သောနယ်မြေမှ လူများကို ရှောင်ချန်းထျန်းနှင့် ပဋိပက္ခ မဖြစ်စေချင်ပေ။ ရှောင်ချန်းထျန်း၊ ဝူရွှမ် နှင့် အခြား တားမြစ်နယ်မြေမှ ပညာရှင်များသည် ရန်သူ မဟုတ်ဟု သူ ခံစားနေရသည်။

စစ်မှန်သော အန္တရာယ်မှာ ထိုရှေးဟောင်း ကြမ်းကြုတ်သားရဲများဆီမှ လာခြင်း ဖြစ်၏။

ယဲ့ဖုန်း၏ စကားကြောင့် မြင့်မြတ်သောနယ်မြေမှ လူများ ခေတ္တ ငြိမ်ကျသွားကြသည်။ သို့သော် ယဲ့ဖုန်းမှာ တပိုင်း သူတော်စင်အဆင့် ခွန်အားများကို ထုတ်ပြဖူးသော်လည်း သူတို့မှာ အလွန်အမင်း ကြောက်လန့်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ စစ်မှန်သော သူတော်စင်အဆင့် နောက်ခံရှိသည့် မြင့်မြတ်သောနယ်မြေများမှ လာသူများ ဖြစ်သောကြောင့် ဖြစ်၏။

"ဝှစ် ..."

ထိုအခိုက်အတန့်၌ပင် ကောင်းကင်ယံမှ နေမင်းကြီးသည် အနောက်ဘက်သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် နစ်မြုပ်သွားသည်။

ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးသည် ထာဝရ ညအမှောင်ထုအတွင်းသို့ ကျရောက်သွားတော့၏။ မျက်စိရှေ့တွင်ရှိသော မိမိ၏ လက်ကိုပင် မမြင်ရလောက်အောင် မှောင်အတိ ကျသွားသဖြင့် လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ ပင်လယ်ရေနက်ပိုင်းများပင်လျှင် မှောင်အတိ ကျသွားရ၏။

*

မြူခိုးဂိုဏ်း။

တပည့်များ မော့ကြည့်လိုက်သောအခါ ကြယ်တစ်ပွင့်မျှ မရှိဘဲ ပိန်းပိတ်အောင် မှောင်နေသော ကောင်းကင်ကြီးကိုသာ မြင်တွေ့ရသဖြင့် ဟာလာဟင်းလင်း ဖြစ်နေသော ခံစားချက်ကို ခံစားလိုက်ရသည်။

လိပ်နတ်ဘုရားကျွန်းဝယ်၊

“ဘုရားရေ ... တားမြစ်နယ်မြေက သတ္တဝါတွေ ထပ်ပြီး သောင်းကျန်းကြတော့မှာပဲ”

ပင်လယ်လိပ်အိုကြီးသည် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူ ဖြစ်သဖြင့် ထိတ်လန့်စရာ ကောင်းသော အဖြစ်အပျက်များစွာကို ကြားဖူးထားသည်။ ယခု ဤမြင်ကွင်းကို ထပ်မံ ကြုံတွေ့ရသောအခါ သူ ကြောက်လန့်လွန်းသဖြင့် ခေါင်းကို အခွံထဲသို့ အမြန် ကျုံ့သွင်းလိုက်၏။

*

ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စု၏ ရေအောက်နန်းတော်။

လင်ယွဲ့သည် ပင်လယ်ရှစ်စင်း ကောင်းကင်လှံရှည်ကို ကိုင်ဆောင်ကာ ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ နတ်ဘုရား ပင်လယ်နဂါး ဧကရီ၊ အခြား ကောင်းကင်ဧကရာဇ် ခုနစ်ဦးတို့နှင့်အတူ ပင်လယ်ပြင်ပေါ်သို့ ထွက်လာခဲ့သည်။

အဆုံးမဲ့သော ညအမှောင်ထုကြီးကို ကြည့်ကာ သူတို့ အားလုံး အံ့ဩတုန်လှုပ်သွားကြ၏။

“တားမြစ်နယ်မြေက သတ္တဝါတွေ ထွက်လာကြပြီ”

နတ်ဘုရား ပင်လယ်နဂါး ဧကရီ၏ မျက်နှာမှာ အလွန် တည်ကြည်နေတော့သည်။

နေရာအနှံ့မှ သက်ရှိများမှာ ရုတ်တရက် ရောက်ရှိလာသော ညအမှောင်ထုကြောင့် ထိတ်လန့်နေကြ၏။

ထိုစဉ် ...

ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး နေရာတွင် ကြီးမားပြီး တောက်ပလှသော လနီကြီး တစ်စင်းသည် တဖြည်းဖြည်း ကြီးထွားလာသည်။ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်နန်းတော်မှနေ၍ လူသားကမ္ဘာကို ငုံ့ကြည့်နေသည့် ဧရာမ မျက်လုံးကြီး တစ်လုံးနှင့် တူလှပေသည်။ ၎င်း၏ အမြင်တွင် သက်ရှိအားလုံးမှာ ပုရွက်ဆိတ်ငယ်များသာ ဖြစ်၏။

မျက်တောင်တစ်ခတ်အတွင်း အရာရာမှာ ပြာအဖြစ် ပြောင်းလဲသွားနိုင်သည်။

“လနီ ပေါ်လာပြီဆိုတော့ ... ကပ်ဘေးကလည်း နီးလာပြီပေါ့” ယဲ့ဖုန်း၏ အသံမှာ စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်၏ လသာဆောင်ထက်တွင် လေးလံစွာ ထွက်ပေါ်လာသည်။

...

ထိုအခိုက်အတန့်၌ အနောက်ဘက် ကောင်းကင်ယံအောက်တွင် စူးရှတောက်ပလှသော နေမင်းတစ်စင်း အနောက်ဘက်မှနေ၍ ပြန်လည် ထွက်ပေါ်လာသည်။

သန်းပေါင်းများစွာသော အလင်းတန်းများကြားတွင် ရဲရင့်လှသော ခြေသုံးချောင်း ရွှေကျီးကန်း တစ်ကောင်သည် သူ၏ အတောင်ပံများကို ဖြန့်ကျက်ထားသည်။ ၎င်းသည် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများဖြင့် ထိုမထင်မှတ်ဘဲ ပေါ်လာသော လနီကြီးဆီသို့ ဦးတည်ကာ ပြေးဝင်သွားတော့သည်။

“ဝုန်း …”

ထူးဆန်းသော တုန်ခါသံကြီး တစ်ခု ထွက်ပေါ်လာ၏။ လနီကြီးမှာ မျက်တောင်တစ်ခတ်အတွင်း ဆယ်ဆခန့် ကြီးထွားလာပြီး ၎င်း၏ မျက်နှာပြင်မှနေ၍ ထူးဆန်းသော လက်တံများစွာ ထွက်ပေါ်လာကာ ရွှေကျီးကန်းကို ရစ်ပတ်ပြီး တစ်ကိုယ်လုံးကို ဝါးမြိုပစ်လိုက်၏။

နောက်တစ်စက္ကန့်တွင် ...

လနီကြီးမှာ အဆတစ်ရာခန့် ထပ်မံ ကြီးထွားလာပြန်လေပြီ။

မော့ကြည့်လိုက်သောအခါ ထူးဆန်းသော လနီကြီးမှာ ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားပြီး သာမန် လမင်းထက် အဆပေါင်း တစ်ရာကျော် ပိုမို ကြီးမားနေသည်။

“ဝှစ်”

ကောင်းကင်နှင့် မြေကြီးကြားတွင် အေးစက်လှသော လေပြင်းများမှာ ကြမ်းတမ်းစွာ တိုက်ခတ်လာတော့သည်။

စိမ်းပြာရောင် တားမြစ်နယ်မြေအတွင်းရှိ စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်မှ မိုင်ပေါင်း သန်း ကိုးဆယ် ခန့် ဝေးသော နေရာတွင် တောင်တန်းကြီးများမှာ တုန်ခါကုန်၏။ တောင်တန်းများမှာ ပြိုကျပြီးနောက် ပြန်လည် စုစည်းသွားကာ ရှေးကျပြီး ဧရာမ တံခါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထူးဆန်းသော ရှေးဟောင်း ကြမ်းကြုတ်သားရဲများမှာ တောင်တန်းပမာ လေးလံသော ခြေလှမ်းများဖြင့် ထိုတံခါးကြီးမှတစ်ဆင့် ရှန်ကျိုးတိုက်ကြီးပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်လာကြတော့သည်။

ထိုအခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားရ၏။

“သူတို့ လာနေပြီ ... သူတို့ ရောက်လာကြပြီ”

ရှောင်ချန်းထျန်းသည် အဝေးရှိ တံခါးကြီးဆီသို့ အကြည့်ပို့လွှတ်လိုက်သည်။ သူ၏ အသံမှာ အလွန် လေးနက်နေတော့၏။

--

All Chapters