အခန်း ၄၈၁
Vol. 46 Ch. 481
အခန်း (၆၈၁) - စစ်မှန်သော တားမြစ်နယ်မြေ သတ္တဝါနှင့် နတ်ဘုရားမျိုးနွယ်စုမှ တပိုင်း သူတော်စင် ရွှမ်ကျုံး
ရှေးဟောင်း ကြမ်းကြုတ်သားရဲများမှာ နေရာရွှေ့ပြောင်းခြင်း တံခါးများမှတစ်ဆင့် အဆက်မပြတ် ဝင်ရောက်လာကြသည်။ သူတို့သည် လူသားမျိုးနွယ်နှင့် ပုံသဏ္ဌာန် ဆင်တူကြ၏။ သို့သော် အနည်းဆုံး အရပ် ကိုးပေခန့် ရှိကြပြီး နဖူးတွင် လနီအမှတ်အသားများ ပါရှိကာ မျက်လုံးများမှာလည်း နီရဲနေကြသည်။ သားရေ ဘောင်းဘီများနှင့် ဝတ်ရုံများကို ဝတ်ဆင်ထားသဖြင့် လူရိုင်းများနှင့် တူလှပေသည်။ သူတို့ ကိုင်ဆောင်ထားသော လက်နက်များမှာလည်း အရိုးတုတ်များ၊ သစ်သားတုတ်ရှည်များနှင့် ဝါးလုံးများ ဖြစ်ကြ၏။ သို့သော် ထိုလက်နက်များမှာ အလွန် အစွမ်းထက်လှပေသည်။ အဆင့်မြင့် ဝိညာဉ်ရတနာများနှင့်ပင် ရင်ပေါင်တန်းနိုင်ကြသည်။
“ဒီမိစ္ဆာတွေက နေရာရွှေ့ပြောင်းခြင်း တံခါးကနေ လာတာပဲ”
“ဒါဆိုရင် သူတို့က တားမြစ်နယ်မြေ ငါးခုက သတ္တဝါတွေ မဟုတ်ဘူးပေါ့။ ငါတို့ ဒီနှစ်တွေမှာ တားမြစ်နယ်မြေတွေကို အထင်လွဲခဲ့ကြတာပဲ”
မြင့်မြတ်သောနယ်မြေ ကိုးခုမှ လူများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏ အမြင်များမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ တစ်ချိန်တုန်းက အင်အားစု အသီးသီးမှ လူများသည် တားမြစ်နယ်မြေ ငါးခုအတွင်းရှိ သက်ရှိအားလုံးမှာ သေသင့်သည်ဟု ယူဆခဲ့ကြဖူးသည်။ အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း ထိုရှေးဟောင်း ကြမ်းကြုတ်သားရဲများ ထွက်ပေါ်လာကာ သတ်ဖြတ်မှုများ ပြုလုပ်လေ့ ရှိကြသည်။ ထိုအခါ နိုင်ငံများစွာ ပျက်စီးပြီး သက်ရှိပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည် မဟုတ်ပါလား။
သို့သော် တားမြစ်နယ်မြေ တစ်ခုချင်းစီတွင် သူတော်စင်အဆင့် နောက်ခံများ ရှိနေသဖြင့် အင်အားစုများမှာ မသိကျိုးကျွန် ပြုခဲ့ကြရသည်။ တရားမျှတမှုကို လိုလားသော ကျင့်ကြံသူ အချို့ကမူ တားမြစ်နယ်မြေများကို ပြစ်တင် ရှုတ်ချခဲ့ကြသည်။ အချို့သော ပညာရှင်များမှာမူ ထိုကြမ်းကြုတ်သားရဲများကို သတ်ဖြတ်ရန် တားမြစ်နယ်မြေများအတွင်းသို့ပင် ကျူးကျော် ဝင်ရောက်ခဲ့ကြဖူး၏။
အချိန်ကြာလာသည်နှင့်အမျှ ထိုရှေးဟောင်း နယ်မြေ ငါးခုမှာ လူတိုင်း ကြောက်ရွံ့ရသော တားမြစ်နယ်မြေများ ဖြစ်လာခဲ့ရသည်။ သို့သော် ယနေ့တွင်မူ မြင့်မြတ်သောနယ်မြေ ကိုးခုနှင့် နတ်ဘုရား တောင်တန်းကြီးများမှ ကျင့်ကြံသူများသည် စစ်မှန်သော အမှန်တရားကို သိရှိသွားကြပြီ ဖြစ်၏။ ပျက်စီးခြင်းများကို ဖန်တီးနေသော ထိုကြမ်းကြုတ်သားရဲများသည် တားမြစ်နယ်မြေများ၏ မူလသတ္တဝါများ မဟုတ်ကြချေ။ ရှောင်ချန်းထျန်းနှင့် ဝူရွှမ်တို့ကဲ့သို့သော သူများသည် နှစ်ပေါင်းများစွာကြာအောင် အပြစ်မရှိဘဲ အမည်းစက်များ ထမ်းပိုးခဲ့ကြရခြင်း ဖြစ်သည်။
“ဘာလို့ ရှင်းမပြတာလဲ”
“ဒီကြမ်းကြုတ်သားရဲတွေက မင်းတို့နဲ့ မဆိုင်ရင် ... ဘာလို့ သူတို့ကို အမြစ်ပြတ် မသတ်ပစ်တာလဲ”
အင်အားစု အသီးသီးမှ လူများသည် နားမလည်နိုင်ဘဲ ရှောင်ချန်းထျန်းနှင့် ဝူရွှမ်တို့ကို ကြည့်ကာ မေးမြန်းလိုက်ကြသည်။
“ရှင်းပြဖို့လား ... ငါတို့က အဲဒါကို အရေးမလုပ်ဘူး”
ရှောင်ချန်းထျန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “ငါတို့ တားမြစ်နယ်မြေက သတ္တဝါတွေဟာ ပြင်ပလောကကို ရှင်းပြနေရလောက်အောင် အောက်တန်းမကျဘူး”
ဝူရွှမ်ကလည်း ဝင်ပြောလိုက်၏။ “တစ်ချိန်တုန်းကတော့ ငါတို့က အဲဒီကြမ်းကြုတ်သားရဲတွေကို သတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လူတွေက ငါတို့ကိုပဲ အပြစ်တင်နေကြတော့ ... ငါတို့လည်း ဘာမှ မလုပ်တော့တာပဲ”
ရှောင်ချန်းထျန်းကလည်း ထပ်လောင်း ပြောလိုက်၏။ “ဟုတ်တယ်။ အမှန်တရားကို မမြင်နိုင်တဲ့ လူတစ်အုပ်ဟာ အဲဒီကြမ်းကြုတ်သားရဲတွေရဲ့ လက်ချက်နဲ့ သေတာကပဲ ထိုက်တန်ပါတယ်”
ဤစကားများကို ကြားရသောအခါ ယဲ့ဖုန်းနှင့် အခြားသူများမှာ အခြေအနေကို နားလည်သွားကြတော့သည်။ ရှန်ကျိုးတိုက်ကြီးကို ဒုက္ခပေးနေသော ထိုရှေးဟောင်း ကြမ်းကြုတ်သားရဲများသည် တားမြစ်နယ်မြေများနှင့် မဆိုင်ကြောင်း ရှင်းလင်းသွား၏။
ထိုအခိုက်အတန့်၌ ဟင်းလင်းပြင်ကြီး ပြဲဟသွားသည်။ ကောင်းကင်ဧကရာဇ်အဆင့် ကြမ်းကြုတ်သားရဲအချို့ ပေါ်လာသည်။ သူတို့သည် ရက်စက်စွာ ပြုံးနေကြ၏။ သူတို့နောက်တွင် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်ပေါင်း ရာနှင့်ချီ၍ ပါလာကြသည်။
“ကောင်းကင်ဧကရာဇ် ငါးပါးတည်းနဲ့ ဒီမှာ လာပြီး ရမ်းကားချင်နေတာလား။ မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်”
ပိုင်ကျီက ထိုကြမ်းကြုတ်သားရဲများကို ရှုတည်တည် စိုက်ကြည့်လိုက်၏။
သူတို့သည် ဝင်္ကပါဖြင့် ဖုံးကွယ်ထားသော စိမ်းပြာရောင် ရှေးဟောင်းမြို့ကို ရှာတွေ့သွားသည်မှာ သူမအတွက် အံ့ဩစရာပင်။
"ရွှစ် ..."
ကောင်းကင်ယံကြီး ထပ်မံ ပြဲဟသွားပြန်သည်။ နီရဲသော မိုးကြိုးများ လွှမ်းခြုံထားသည့် ပုံရိပ်ကြီး တစ်ခု ထွက်ပေါ်လာသည်။ ပုံရိပ်ကြီးသည် ပုဆိန်နီကြီး တစ်လက်ကို ကိုင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေသည်။ ရှောင်ချန်းထျန်းနှင့် အခြားသူများပင်လျှင် ထိုဖိအားကြောင့် စိတ်လေးသွားရ၏။
ယဲ့ဖုန်း၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
'တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် ပါလား'
သူသည် အရာရာကို ပုံဖော်နိုင်သော မျက်လုံးကို ချက်ချင်း အသက်သွင်းလိုက်၏။
(အမည် - ရွှမ်ကျုံး)
(မျိုးနွယ် - နတ်ဘုရားမျိုးနွယ်စု)
(အဆင့် - တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်)
(မှတ်ချက် - အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားမျိုးနွယ်စုမှ ဖြစ်သည်။ ဤမျိုးနွယ်စုသည် တားမြစ်နယ်မြေ ငါးခုစလုံးတွင် နေရာရွှေ့ပြောင်းခြင်း အမှတ်အသားများ တည်ဆောက်ထားသည်။ သူတို့သည် နှစ်တစ်ထောင်လျှင် တစ်ကြိမ် နေရာရွှေ့ပြောင်းခြင်း တံခါးကို ဖွင့်လှစ်ကာ ရှန်ကျိုးတိုက်ကြီးရှိ သက်ရှိများကို သတ်ဖြတ်ပြီး စွမ်းအင်များကို စုဆောင်းလေ့ ရှိသည်)
'နတ်ဘုရားမျိုးနွယ်စု ... စွမ်းအင် စုဆောင်းတာလား'
ယဲ့ဖုန်းသည် ကြီးမားသော ပူးပေါင်းကြံစည်မှုကြီး တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သလို ခံစားလိုက်ရသည်။ လျှို့ဝှက်ဆန်းကြယ်သော သူတော်စင်အဆင့် နောက်ခံရှိသည့် ရှေးဟောင်း အင်အားစု တစ်ခုက ရှန်ကျိုးတိုက်ကြီးကို အခါအားလျော်စွာ ကျူးကျော်ကာ စွမ်းအင်များ စုဆောင်းနေခြင်း ဖြစ်နိုင်ပါသလား။ ထိုစွမ်းအင်များဖြင့် သူတို့၏ အဖွဲ့ဝင်များကို ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ရန် ကူညီပေးနေခြင်း ဖြစ်ရမည်ဟု သူ တိတ်တဆိတ် တွက်ချက်လိုက်မိသည်။
“ငါက နတ်ဘုရားမျိုးနွယ်စုရဲ့ အထူးစေတမန် ရွှမ်ကျုံး ပဲ။ မင်းတို့ ငါတို့ကို မြင်နေတာတောင် ... ဘာလို့ မြန်မြန် ဒူးမထောက်ဘဲ ခေါင်းကို လာမဆက်သကြတာလဲ”
ပုဆိန်ကြီးကို ကိုင်ထားသော ရွှမ်ကျုံးက မထီမဲ့မြင် ပြောလိုက်၏။ ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်စုဝင်များကလည်း ရက်စက်စွာ ရယ်နေကြ၏။
“ရှေးဟောင်း ကြမ်းကြုတ်သားရဲတွေဆိုတာ သတ်ဖြတ်ဖို့ပဲ သိတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဉာဏ်ရည် မြင့်နေရတာလဲ”
ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးက အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။
ထိုအခါ ရွှမ်ကျုံးသည် ကောင်းကင်မှ အဆတစ်ရာ ကြီးထွားနေသော လနီကြီးကို မော့ကြည့်ကာ လှောင်ပြောင်လိုက်၏။
“ငါ မင်းတို့ကို ပြောပြစရာ မလိုပါဘူး။ သေမယ့်လူတွေက အများကြီး သိနေစရာ မလိုဘူးလေ”
သူသည် ပုဆိန်နီကြီးကို မြှောက်ကာ ရူးသွပ်စွာ ရယ်လိုက်၏။
“တိုက်ကြစမ်း”
“သတ်ကြ”
ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသော နတ်ဘုရားမျိုးနွယ်စုဝင် တစ်ရာကျော်မှာ စိမ်းပြာရောင် ရှေးဟောင်းမြို့အတွင်းရှိ သက်ရှိများကို သတ်ဖြတ်ရန် စတင် လှုပ်ရှားလိုက်ကြသည်။
“မင်းတို့ တကယ်ကို ရဲတင်းလှချေလား” ရှောင်ချန်းထျန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ၏ အရှိန်အဝါများ တုန်ခါသွားပြီး တစ်ဆင့်ပြောင်း တပိုင်း သူတော်စင်၏ ခွန်အားများ မြင့်တက်လာတော့သည်။ သူ၏ လက်ဝါးကြီးဖြင့် ရိုက်ချလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရားမျိုးနွယ်စုဝင် တစ်ရာကျော်မှာ ကြေမွ ပျက်စီးသွားကြတော့သည်။
"ဝေါ ..."
ကောင်းကင်ယံတွင် နီရဲသော သွေးမိုးများ ရွာချလာသလို ဖြစ်သွားရသည်။ ရွှမ်ကျုံးမှာမူ သူ၏ လက်အောက်ငယ်သားများ သေဆုံးသွားခြင်းအပေါ် ဒေါသမထွက်ဘဲ တိုက်ခိုက်လိုစိတ်များသာ ပြင်းထန်နေ၏။
“အခုဆိုရင် ထာဝရ လနီက အပြည့်အဝ ဆင်းသက်လာပြီ။ နေမင်းကြီးရဲ့ နေရာကို အစားထိုးပြီး ကောင်းကင်မှာ အကြာကြီး ရှိနေတော့မှာပဲ။ ရှန်ကျိုးတိုက်ကြီးဟာ ငါတို့ နတ်ဘုရားမျိုးနွယ်စုရဲ့ ကျွန် ဖြစ်လာတော့မှာပဲ”
“သေစမ်း”
ရွှမ်ကျုံးက ဟိန်းဟောက်လိုက်၏။ သူသည် သေဆုံးသွားသော သူ၏ လက်အောက်ငယ်သားများထံမှ သွေးအငွေ့အသက်များကို တစ်ခဏအတွင်း ဝါးမြိုလိုက်ရာ သူ၏ အရှိန်အဝါမှာ နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင် အဆင့်အထိ တစ်ဟုန်ထိုး မြင့်တက်သွားတော့သည်။ သူ၏ အရှိန်အဝါ လှိုင်းဂယက်ကြောင့် လူတိုင်း လွင့်ထွက်ကုန်ကြ၏။
လေထဲတွင် ယဲ့ဖုန်းသည် သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး တပည့်များကို သူ၏ အနောက်တွင် ကွယ်ထားလိုက်သည်။
“ဒီနေရာက အန္တရာယ်ရှိတယ်။ အရင် ပုန်းနေကြဦး”
သူ လက်နှစ်ဖက် ဆုပ်လိုက်သည်နှင့် သူ၏ အနောက်တွင် ဟင်းလင်းပြင်ကြီး ပြဲဟသွားပြီး ဟူဖေးဖေးမှလွဲ၍ ကျန်ရှိသော တပည့် ခုနစ်ဦးစလုံးကို ဝါးမြိုကာ ကာကွယ်ပေးထားလိုက်၏။
“အခု လနီကြီးက ကောင်းကင်မှာ ပေါ်နေပြီ။ တကယ်ကို ထူးဆန်းလှတယ်။ ငါတို့ ဘာလုပ်ကြမလဲ” ဟု ဝူရွှမ်က ကျယ်လောင်စွာ မေးလိုက်၏။
“ဒီကောင်ကို အရင် သတ်မယ်” ရှောင်ချန်းထျန်းက ဟိန်းဟောက်ကာ ရှေ့သို့ ပြေးထွက်သွားသည်။
သူသည် တစ်ဆင့်ပြောင်း တပိုင်း သူတော်စင် အဆင့်သို့ တက်လှမ်းထားပြီးသား ဖြစ်သဖြင့် ရွှမ်ကျုံးကို လုံးဝ မကြောက်ပေ။
ရှောင်ချန်းထျန်း နဂါးမီးတောက်များကို မှုတ်ထုတ်လိုက်ရာ ဟင်းလင်းပြင်ကြီး ပြဲဟသွား၏။
ရွှမ်ကျုံးကို တိုက်ရိုက် ထိမှန်သွားသည်။
ရွှမ်ကျုံး အနောက်သို့ ဆုတ်လိုက်ရ၏။
သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာ တစ်ချက်မျှ မရရှိပေ။
ရွှမ်ကျုံးက ပုဆိန်ဖြင့် ပြန်လည် ခုတ်ချလိုက်၏။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ကျဆင်းလာကာ ရှောင်ချန်းထျန်း လွင့်ထွက်သွားသည်။ ရှောင်ချန်းထျန်း၏ ရင်ဘတ်တွင် ဒဏ်ရာကြီး တစ်ခု ပေါ်လာ၏။
“တကယ်ကို သန်မာတာပဲ”
အင်အားစု အသီးသီးမှ ထိပ်တန်း ပညာရှင်များ၏ မျက်နှာမှာ ပြောင်းလဲသွားတော့သည်။ ရှောင်ချန်းထျန်း ဒဏ်ရာရသွားသည်ကို မြင်သောအခါ ပိုင်ကျီ၏ မျက်နှာမှာ ဖြူလျော့သွားပြီး အခြားသူများကို လှမ်းအော်လိုက်၏။
“ဘာလို့ မလှုပ်ရှားကြသေးတာလဲ။ ဘာကို စောင့်နေကြတာလဲ”
ဝူရွှမ်က ဧကရာဇ်ဓားကို ဆွဲထုတ်လိုက်ပြီး အခြားသူများလည်း တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
“ရပ်လိုက်စမ်း ... ဒီကောင်ကို ငါကိုယ်တိုင် သတ်မယ်”
ရှောင်ချန်းထျန်းက ကျယ်လောင်စွာ အော်ဟစ်ကာ လူတိုင်းကို တားဆီးလိုက်၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ပြင်းထန်သော အသက်ဓာတ်များ ထွက်ပေါ်လာပြီး ရင်ဘတ်မှ ဒဏ်ရာမှာ မျက်မြင်ကိုယ်တွေ့ပင် ပြန်လည် ကျန်းမာလာတော့သည်။
ဆက်လက်၍ သူ၏ ကိုယ်ခန္ဓာမှာ ကြီးထွားလာပြီး ပေသုံးဆယ် အရှည် ရွှေနဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။ သူ၏ အရှိန်အဝါမှာ အဆပေါင်းများစွာ မြင့်တက်လာသဖြင့် တပိုင်း သူတော်စင် ကိုယ်ရံတော်များပင်လျှင် ဖိအားများကို ခံစားလိုက်ရ၏။
ဟင်းလင်းပြင်အတွင်း၌ ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့မှာ ဘေးချင်းယှဉ် ရပ်နေကြသည်။ သူတို့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုစီ ရှိနေကြ၏။ သူတို့သည် ထိုတိုက်ပွဲကို အေးအေးဆေးဆေး ကြည့်နေကြတော့၏။
--