အခန်း ၄၈၅
Vol. 46 Ch. 485
အခန်း (၆၈၅) - နတ်ဘုရားမျိုးနွယ်စု၏ မြင့်မြတ်သောအရှင်နှင့် စိမ်းပြာရောင်တားမြစ်နယ်မြေအရှင်သခင်တို့၏ စကားဝိုင်း
“ငါ အခုမှ နားလည်တော့တယ် ... ပြဿနာက အဲဒီ ပုဆိန်ကြီးပဲ”
“မသေခင်မှာ ရွှမ်ကျုံးက ယဲ့ဖုန်းကို သူ့ရဲ့ အားနည်းချက်ကို ဘယ်လိုရှာတွေ့တာလဲဆိုပြီး တိုးတိုးလေး မေးသွားသေးတယ်”
“ငါ ထင်တာတော့ ရွှမ်ကျုံးရဲ့ စစ်မှန်တဲ့ ကိုယ်ခန္ဓာက ပုဆိန်ထဲမှာ ပုန်းနေတာပဲ။ ငါတို့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာတွေက သူ့ရဲ့ အပြင်ပန်း ကိုယ်ပွားသက်သက်ပဲ ဖြစ်ရမယ်”
အင်အားစု အသီးသီးမှ ထိပ်တန်း ကောင်းကင်ဧကရာဇ်များက အမှန်တရားကို အလျင်အမြန် ခွဲခြမ်းစိတ်ဖြာကာ ပြောဆိုလိုက်ကြသည်။
“မှန်တာပေါ့ ... အဲဒါ အတိအကျပဲ”
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်၏။
“မင်းတို့က အစွဲအလမ်းကြီးနေတာ။ တခြားသူတွေရဲ့ စွမ်းအားကို ဝါးမြိုပြီး အဆင့်တက်နိုင်တဲ့ အပြင်ပန်း ကိုယ်ပွားကိုပဲ အစစ်အမှန်လို့ ထင်နေကြတာကိုး။ အဲဒီတော့ အဓိက အချက်ကို လျစ်လျူရှုမိသွားကြတာပဲ”
“အဲဒီလို အယူအဆ အမှားထဲ ရောက်သွားတော့ ... ရွှမ်ကျုံးမှာ မသေနိုင်တဲ့ ခန္ဓာရှိတယ်လို့ မင်းတို့က အမြဲတမ်း ယုံကြည်နေခဲ့တာ။ တကယ်တမ်းတော့ သူက မသေနိုင်တာ မဟုတ်ဘူး”
“ရွှမ်ကျုံးက သူ့ရဲ့ မူလဝိညာဉ်ကို ပုဆိန်ထဲမှာ မြှုပ်ထားခဲ့တာ။ ပြီးတော့ အထူးဝင်္ကပါတစ်ခုနဲ့ ဖုံးအုပ်ထားတော့ သတိထားမိဖို့ ခဲယဉ်းသွားတာပေါ့”
“ပုဆိန်က လနီရဲ့ စွမ်းအားတွေကို ဝါးမြိုပြီး အပြင်ပန်း ကိုယ်ပွားကို အဆက်မပြတ် စုစည်းပေးနေတာ။ ပုဆိန် မပျက်စီးသရွေ့ သူက သေမှာ မဟုတ်ဘူး”
“ငါ စောစောက မလှုပ်ရှားခဲ့တာက ရွှမ်ကျုံးရဲ့ အားနည်းချက်ကို စောင့်ကြည့်နေတာ။ နောက်ဆုံးတော့ အားနည်းချက်ကို ရှာတွေ့သွားခဲ့တယ်”
“လက်သီး သုံးချက်နဲ့ ရွှမ်ကျုံးရဲ့ မူလဝိညာဉ်ကို ချေမှုန်းလိုက်တော့ သူလည်း သေသွားရတာပေါ့”
ယဲ့ဖုန်းက အေးအေးဆေးဆေးပင် ရှင်းပြလိုက်၏။
“ဪ ... ဒီလိုကိုး”
ထိုစကားကို ကြားရသောအခါ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ သူတို့ တကယ်ကို ပေါ့ဆခဲ့မိကြောင်း သိရှိသွားကြ၏။
“ယဲ့ဖုန်း ... မင်း တကယ် တော်တယ်ဆိုတာ ငါ ဝန်ခံပါတယ်”
ရှောင်ချန်းထျန်းသည် အသက်ကို ပြင်းပြင်းရှူရင်း ယဲ့ဖုန်းကို စိုက်ကြည့်လိုက်၏။ ယဲ့ဖုန်းမှာ ပိုပိုပြီး လျှို့ဝှက်ချက်များ များပြားလာသည်ဟု သူ ခံစားနေရသဖြင့် သူ၏ ရင်ထဲတွင် သတိထားစိတ်များ ပိုမို တိုးပွားလာတော့သည်။
စိမ်းပြာရောင် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင်..
သွယ်လျလှပသော ပုံရိပ်တစ်ခုမှာ သူမ၏ လက်ချောင်းလေးများကို ယှက်ကာ ဝမ်းဗိုက်ပေါ်တွင် တင်ထားပြီး အလွန် အေးဆေးစွာ ရှိနေ၏။
'ကြည့်ရတာ ရှန်ကျိုးတိုက်ကြီးရဲ့ ရွေးချယ်ခံတွေထဲမှာ နတ်ဘုရားမျိုးနွယ်စုကို သိမ်းကျုံးခြေမှုန်းနိုင်မယ့် ထိပ်တန်း ပါရမီရှင်တစ်ယောက် ပေါ်လာပြီပဲ။ တကယ်ကို ကောင်းတာပဲ'
ထိုသို့ ပြောပြီးနောက် သူမ၏ ပုံရိပ်မှာ ပိုမို ဝေဝါးလာသည်။ လုံးဝ ကွယ်ပျောက်တော့မည့်အလား ရှိနေ၏။
စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်သည် ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ အေးစက်ပြီး စူးရှလှသော မျက်ဝန်း တစ်စုံနှင့် ဆုံတွေ့လိုက်ရသလို ခံစားလိုက်ရသည်။ ထိုအကြည့်ထဲတွင် အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များကို သူမ မြင်တွေ့နေရ၏။
“မင်း ငါ့ကို သတ်ချင်တာလား”
“ဟက် ... အိပ်မက်ပဲ မက်နေလိုက်ဦး”
“ငါတို့တွေ ပြင်ပနယ်မြေက ပြန်လာတဲ့အခါကျရင် မင်းကို သေချာပေါက် ခုတ်ပိုင်းပစ်မယ်”
စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်သည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ထိုအကြည့်ကို ကြောက်ရွံ့ခြင်း အစက်အပျောက်မျှ မရှိဘဲ ရင်ဆိုင်နေ၏။
“ငါ ကျင့်ကြံရာကနေ ထွက်လာတာနဲ့ မင်းကို သတ်ဖို့က ငါ့လက်ဖဝါးကို မှောက်လိုက်သလိုပဲ လွယ်ကူလိမ့်မယ်”
ထိုအေးစက်သော အကြည့်မှနေ၍ ရှေးဟောင်း အသိစိတ် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
"ဝှစ်"
စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ထိုအသိစိတ် လှိုင်းဂယက်များကြောင့် ပြဲဟသွားသော်လည်း၊ မကြာမီမှာပင် ထူးဆန်းသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ထွက်ပေါ်လာပြီး ထိုလှိုင်းဂယက်များကို ပြန်လည် တိုက်ဖျက်လိုက်၏။
ထိုအခါ အကြည့်၏ ပိုင်ရှင်မှာ ပို၍ပင် မျက်နှာ အေးစက်သွားတော့သည်။
“ဟမ့် ... ယုတ်မာလိုက်တဲ့ အကောင်”
“ငါက ငါ့ရဲ့ အသက်ဓာတ် စွမ်းအားတွေကို အထိခိုက်ခံပြီး ဒီလောကရဲ့ ကောင်းကင်ဘုံ အသိစိတ်ကို ဖျက်ဆီးထားတာတောင် ... ဘာလို့ ကျန်ရှိနေတဲ့ အသိစိတ်တွေက နှောင့်ယှက်နေရတာလဲ”
အေးစက်သော အကြည့်၏ ပိုင်ရှင်မှာ အလွန် ဒေါသထွက်နေသည်။
ထိုအခါ.. စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်က ချိုမြစွာ ရယ်လိုက်၏။
“နတ်ဘုရားမျိုးနွယ်စုရဲ့ မြင့်မြတ်သောအရှင် ... နင်က လောကကြီး တစ်ခုလုံးရဲ့ ကောင်းကင်ဘုံ အသိစိတ်ကို အဲဒီလောက် အလွယ်တကူ ဖျက်ဆီးလို့ ရမယ် ထင်နေတာလား။ ကောင်းကင်ဘုံ အသိစိတ် ဆိုတာ လောကကြီး တစ်ခုလုံးရဲ့ စုပေါင်းအသိစိတ်ပဲ။ ရှန်ကျိုးတိုက်ကြီး တည်ရှိနေသရွေ့ ကောင်းကင်ဘုံ အသိစိတ်ကလည်း ဆက်ရှိနေဦးမှာပဲ”
“နင် ... သူ့ကို မသတ်နိုင်ဘူး”
“အဲဒီ အစီအစဉ်ကို အခုကတည်းက စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်”
“ငါနဲ့ ငါ့ရဲ့ မိတ်ဆွေတွေ ပြင်ပနယ်မြေက ပြန်လာတာနဲ့ ... ငါတို့ အားလုံး ပေါင်းပြီး လွင့်မျော တောင်တန်းကို ကျူးကျော်ပြီး မင်းကို သုတ်သင်ပစ်မယ်”
စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။
သူမ၏ မျက်ဝန်းများမှာ အလွန် အေးစက်နေ၏။
“ရဲတင်းလှချေလား” နတ်ဘုရားမျိုးနွယ်စု၏ မြင့်မြတ်သောအရှင်က ဟိန်းဟောက်လိုက်သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ ထုတ်လွှတ်လိုက်သော အသိစိတ် လှိုင်းဂယက်များမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကြောင့် ကြေမွသွားပြီး မကြာမီမှာပင် လုံးဝ ကွယ်ပျောက်သွားတော့သည်။
“ဟူး ... နောက်ဆုံးတော့ သွားပြီ”
အချိန်အတော်ကြာမှ စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်မှာ သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိသည်။
နတ်ဘုရား တောင်တန်းကြီး တစ်ဆယ်အနက် ဒသမမြောက် တောင်တန်းဖြစ်သော “လွင့်မျော တောင်တန်း” အတွင်း၌ နတ်ဘုရားမျိုးနွယ်စုများ ပုန်းကွယ်နေသည်ကို မည်သူမျှ မသိကြပေ။ အထူးသဖြင့် လွင့်မျော တောင်တန်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော နတ်ဘုရားမျိုးနွယ်စု၏ မြင့်မြတ်သောအရှင် အကြောင်းကိုလည်း မည်သူမျှ မသိကြချေ။
အကယ်၍သာ ထိုသူသည် ပြင်းထန်သော ဒဏ်ရာ မရရှိခဲ့ပါက ... သူ တစ်ယောက်တည်းနှင့်ပင် ရှန်ကျိုးတိုက်ကြီးရှိ အင်အားစု အသီးသီးမှ ရှေးဟောင်း သူတော်စင်များ အားလုံးကို ကြိတ်ချေနိုင်စွမ်း ရှိလေသည်။
“လောလောဆယ်တော့ ရှန်ကျိုးတိုက်ကြီးဟာ မင်းတို့ အားလုံးကိုပဲ အားကိုးရတော့မယ်”
စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်သည် ယဲ့ဖုန်းနှင့် အခြားသူများကို မျှော်လင့်ချက်အဖြစ် သတ်မှတ်ကာ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
“ဒါပေမဲ့ ဘယ်သူကမှ ကောင်းကင်ကျောက်တိုင် အပိုင်းအစတွေကို မစုစည်းမိဖို့ပဲ ငါ ဆုတောင်းရမယ်။ မဟုတ်ရင် လွင့်မျော တောင်တန်းကြီး စောစောစီးစီး ပွင့်သွားခဲ့ရင်တော့ ... တကယ့် ပြဿနာကြီး ဖြစ်လာမယ်”
စကားအဆုံးတွင် စိမ်းပြာရောင် တားမြစ်နယ်မြေ အရှင်သခင်၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
အကယ်၍သာ ယဲ့ဖုန်း၏ လက်ထဲတွင် ကောင်းကင်ကျောက်တိုင် အပိုင်းအစ သုံးခု ရှိနေသည်ကို သူမ သိသွားပါက ... သူမလည်း ဤမျှ တည်ငြိမ်နိုင်မည် မဟုတ်ပေ။
*
မိုင်ပေါင်း တစ်သောင်းခန့် အကွာအဝေးရှိ ဓားကိုးစင်း အင်ပါယာ နန်းမြို့တော်၏ ကောင်းကင်ယံထက်တွင်..
“ဂလု ..”
ဓားကိုးစင်းတပိုင်း သူတော်စင်သည် ယဲ့ဖုန်းကို ကြည့်ကာ တံတွေးတစ်လုပ်ကို အသည်းအသန် မြိုချလိုက်မိသည်။
ရွှမ်ကျုံးမှာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားရှိသည့် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင် ဖြစ်ကြောင်း သူ သိမြင်နိုင်သည် မဟုတ်ပါလား။
ထိပ်တန်း ကောင်းကင်ဧကရာဇ်များနှင့် တပိုင်း သူတော်စင် ဒါဇင်ပေါင်းများစွာ ပူးပေါင်းတိုက်ခိုက်၍ ကြေမွသွားသည်မှာ တစ်ကိစ္စ ... ယဲ့ဖုန်း တစ်ယောက်တည်းက အမြစ်ပြတ် သုတ်သင်နိုင်သည်မှာမူ နောက်တစ်ကိစ္စ ဖြစ်သည်။
ဒါက ယဲ့ဖုန်းသည် နှစ်ဆင့်ပြောင်း တပိုင်း သူတော်စင် တစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
'ကြောက်စရာ ကောင်းလိုက်တာ’
'ထိတ်လန့်စရာပဲ’
'ဒါ လူမှ ဟုတ်ရဲ့လား'
ဓားကိုးစင်းတပိုင်း သူတော်စင်သည် ထိတ်လန့်တုန်လှုပ်နေသော ရင်အစုံဖြင့် ယဲ့ဖုန်းကို ကြည့်နေမိသည်။
ယဲ့ဖုန်းလည်း တစ်ခုခုကို အာရုံခံမိသွားပြီး ဓားကိုးစင်းတပိုင်း သူတော်စင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့၏ အကြည့်ချင်းမှာ တိုက်ဆိုင်စွာ ဆုံတွေ့သွားကြသည်။
"ဝှစ်"
‘ဘုရား ဘုရား …’
ဓားကိုးစင်းတပိုင်း သူတော်စင်သည် ယဲ့ဖုန်း၏ အကြည့်နှင့် ဆုံသည်နှင့် အလျင်အမြန် ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို ဆုပ် ဦးညွှတ်လိုက်၏။
“အဲ ... မိတ်ဆွေတို့ အားလုံး ရှေ့ထွက် ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မိတ်ဆွေတို့ရဲ့ အကူအညီသာ မပါရင် ကျွန်တော်တို့ ဓားကိုးစင်း အင်ပါယာဟာ ဟို လျှို့ဝှက်ဆန်းကြယ်တဲ့ တပိုင်း သူတော်စင်ရဲ့ လက်ချက်နဲ့ ပျက်စီးသွားလောက်ပါပြီ”
“မင်း တော်တော် စဉ်းစားရဲတာပဲ။ ငါက မင်းတို့ ဓားကိုးစင်း အင်ပါယာ သေတာ၊ ရှင်တာကို စိတ်မဝင်စားဘူး” ဟု ရှောင်ချန်းထျန်းက အေးစက်စွာ နှာခေါင်းမှုတ်ရင်း ပြောလိုက်၏။
ထိုစကားကြောင့် ဓားကိုးစင်းတပိုင်း သူတော်စင်၏ မျက်နှာမှာ အိုးတိုးအမ်းတမ်း ဖြစ်သွားရတော့သည်။
“ဒီတိုက်ပွဲတော့ ပြီးသွားပြီပေါ့။ စိမ်းပြာရောင် ရှေးဟောင်းမျှော်စင်ကို ပြန်ပြီး တည်ခင်းဧည့်ခံပွဲကို ဆက်ဆင်နွှဲကြမလား” ရှောင်ချန်းထျန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်၏။
“ဒီတစ်ခါတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်”
“နောက်မှပဲ လုပ်ကြတာပေါ့”
“ငါ ထင်တာတော့ ဟို နေရာရွှေ့ပြောင်းခြင်း တံခါးကို သွားစစ်ဆေးပြီး ... တခြား နတ်ဘုရားမျိုးနွယ်စုက ပညာရှင်တွေ အပြင်ထွက်ပြီး ပြဿနာ မရှာအောင် တားဆီးသင့်တယ်လို့ ထင်တယ်”
တိုက်ပွဲအပြီးတွင် လူတိုင်းမှာ စားချင်သောက်ချင်စိတ်များ ပျောက်ကွယ်ကုန်ကြ၏။
“တားမြစ်နယ်မြေထဲက တံခါးကို သွားစစ်ဆေးတာက ပိုပြီး စိတ်ချရတာပေါ့”
ယဲ့ဖုန်းလည်း သွားကြည့်ချင်နေသည်။
“ဒါဆို သွားကြစို့”
ရှောင်ချန်းထျန်းက လှည့်ထွက်သွား၏။
“ဝှစ် ... ဝှစ် ...ဝှစ်”
နေရာတွင် ရှိနေသော ထိပ်တန်းပညာရှင် ဒါဇင်ပေါင်းများစွာမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကြပြီး ဓားကိုးစင်းတပိုင်း သူတော်စင် တစ်ယောက်တည်းသာ ဘာပြောရမှန်းမသိဘဲ ကျန်ရစ်ခဲ့တော့သည်။
“ကျွန်တော်လည်း လိုက်ကြည့်ဦးမယ်ဗျာ”
သူသည် သွားများကို ကြိတ်ကာ နောက်မှ အမီလိုက်သွားတော့၏။
*
စိမ်းပြာရောင် တားမြစ်နယ်မြေဝယ်၊
လူအုပ်ကြီးသည် အပျက်အစီးများကြားရှိ ဧရာမ ကြက်သွေးရောင် တံခါးကြီးကို ငုံ့ကြည့်လိုက်ကြသည်။
ထိုတံခါးကြီးပေါ်တွင် မရေမတွက်နိုင်သော မှော်စာလုံးများဖြင့် ပြည့်နှက်နေပြီး ရှေးကျကာ ကြမ်းတမ်းလှသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ၎င်းတွင် နတ်ဘုရားမျိုးနွယ်စု၏ သီးသန့် စာသားများကို အသုံးပြုထားခြင်း ဖြစ်၏။ လူအများစုမှာ ထိုစာသားများကို လုံးဝ နားမလည်ကြချေ။
(အမည် - လနီတံခါး)
(အဆင့် - ကြယ်လေးပွင့် မြင့်မြတ်သည့် ဝိညာဉ်ရတနာ)
(မှတ်ချက် - ရှန်ကျိုးတိုက်ကြီးနှင့် လွင့်မျော တောင်တန်းကို ဆက်သွယ်ထားသည့် နေရာရွှေ့ပြောင်းခြင်း တံခါး ဖြစ်သည်။
နတ်ဘုရားမျိုးနွယ်စု၏ မြင့်မြတ်သော အရှင်ကိုယ်တိုင် ကောင်းချီးပေးထားသဖြင့် မပျက်စီးနိုင်ချေ။ ကိုယ်ပိုင် အကာအကွယ် စနစ်များ ပါရှိပြီး ကြီးမားသော စွမ်းအားများ ရှိသည်)
ယဲ့ဖုန်းသည် အချက်အလက်များကို အကျင့်အတိုင်း ဖတ်ရှုလိုက်၏။ ထို့နောက် သူသည် နေရာတွင်ပင် မှင်သက် အံ့ဩသွားတော့၏။
'လွင့်မျော တောင်တန်း ဟုတ်လား'
ယဲ့ဖုန်း မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း ဘာပြောရမှန်း မသိတော့ချေ။
'စနစ် ... ဒါ ဘာတွေ ဖြစ်နေတာလဲ'
သူ စနစ်ကို မမေးဘဲ မနေနိုင်တော့ပေ။
'မြင်တဲ့အတိုင်းပဲလေ' စနစ်က တိုတိုတုတ်တုတ်ပင် ရှင်းပြလိုက်သော်လည်း အချက်အလက်များစွာ ပါဝင်နေသည်။
ယဲ့ဖုန်း ခဏမျှ စဉ်းစားလိုက်ရာ အခြေအနေကို သဘောပေါက်သွားတော့သည်။
'ကြည့်ရတာ လွင့်မျော တောင်တန်းထဲမှာ နတ်ဘုရားမျိုးနွယ်စုတွေ ပုန်းနေကြတာပဲ'
'ပြီးတော့ ငါ့မှာ ကောင်းကင်ကျောက်တိုင် ရှိနေတယ်။ အကယ်၍ ငါက လွင့်မျော တောင်တန်းဆီကို လမ်းဖွင့်လိုက်ရင် ... နတ်ဘုရားမျိုးနွယ်စုတွေကို လွှတ်ပေးလိုက်သလို ဖြစ်နေမှာ မဟုတ်လား'
'ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူး'
ယဲ့ဖုန်း ပို၍ စိုးရိမ်လာမိသည်။
“အားလုံးပဲ ... ဒီအရာကို ဖျက်ဆီးပစ်ကြစို့”
ရှောင်ချန်းထျန်းက ရုတ်တရက် အော်ဟစ်ကာ ရွှေနဂါးကြီးအဖြစ် ပြောင်းလဲလိုက်၏။ သူ၏ အမြီးကြီးဖြင့် လနီတံခါးကို ပြင်းထန်စွာ ရိုက်ချလိုက်ကာ ချေမှုန်းပစ်ရန် ကြိုးစားလိုက်၏။
'ဟူး ... ဒီကောင်ကတော့ ထပ်ပြီးတော့ သေမထူး ရှင်မထူး လုပ်ပြန်ပြီ' ယဲ့ဖုန်းသည် နောက်ကွယ်က ဖြစ်လာမည့် အရာကို မကြည့်ချင်သဖြင့် မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိသည်။
"ဝုန်း"
ရှောင်ချန်းထျန်း၏ အမြီးကြီးမှာ လနီတံခါး၏ အထက်သို့ ကျရောက်ခါနီးမှာပင် ... ပြင်းထန်လှသော လနီစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ အမြီးကို ဖြတ်တောက်ပစ်လိုက်၏။ ရှောင်ချန်းထျန်းမှာ အနောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။
“ဝါး ”
ရှောင်ချန်းထျန်း သွေးများစွာ အန်ထုတ်လိုက်ရပြီး မျက်နှာမှာလည်း ဖြူလျော့သွားတော့သည်။
“ဒီတံခါးမှာ ပြင်းထန်တဲ့ ပြန်ကန်အားတွေ ရှိနေတာပဲ။ သူ့ဘာသာသူ အလိုအလျောက် ကာကွယ်နေတာ။ ဘယ်သူပဲ တိုက်တိုက် ... အသတ်ခံရမှာပဲ” ဟု ကောင်းကင်အထွတ်အထိပ် တားမြစ်နယ်မြေမှ ဝူရွှမ်က တည်ကြည်စွာ ပြောလိုက်၏။
“အဟွတ် ... အဟွတ် ... ငါ စိတ်လောသွားမိတယ်” ရှောင်ချန်းထျန်းက သွေးများကို ထပ်မံ အန်ထုတ်ရင်း ပြတ်ထွက်သွားသော သူ၏ အမြီးကို အရှက်တကွဲ ပြန်ဆက်နေရရှာသည်။
“ဒီအရာက ကြယ်လေးပွင့် မြင့်မြတ်သည့် ဝိညာဉ်ရတနာ ပဲ။ သူ့မှာ ကိုယ်ပိုင် အကာအကွယ် ဝင်္ကပါ ရှိနေတာ။ မင်းက မစဉ်းစားဘဲ တိုက်ခိုက်တာဆိုတော့ ... သေချင်လို့လား” ယဲ့ဖုန်းက လက်ပိုက်ကာ ရယ်ရင်း ပြောလိုက်၏။
သူ၏ စကားကြောင့် နေရာတွင် ရှိနေသူ အားလုံး၏ အာရုံမှာ သူ၏ဆီသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
--