အခန်း ၄၉၀
Vol. 46 Ch. 490
အခန်း (၆၉၀) - သူတော်စင်အဆင့် နတ်ဘုရားစွမ်းရည်၊ ကောင်းကင်ယံမှ နေမင်းနှင့် ပင်လယ်မျိုးနွယ်စုအပေါ် ကျရောက်လာသော ဖိအား
“စီနီယာ စိတ်ချပါ ... နတ်ဘုရားမျိုးနွယ်စုက နေရာအနှံ့မှာ သောင်းကျန်းနေတော့ ... ကျွန်တော်တို့ ကျင့်ကြံသူတွေအနေနဲ့ အစွမ်းကုန် တိုက်ခိုက်ရမှာပေါ့”
ယဲ့ဖုန်း၏ မျက်နှာမှာ တည်ကြည်လေးနက်နေသည်။ သူ၏ စကားများမှာ အနည်းငယ် ပိုနေသည်ဟု သူကိုယ်တိုင် ခံစားရသော်လည်း ... ‘ငှက်သိုက်မှောက်နေမှတော့ ဥတွေလည်း ကွဲရမှာပဲ’ ဟု သူ တွေးလိုက်မိ၏။ မိမိ၏ ဂိုဏ်းကို ကာကွယ်ရန်အတွက် သူ လှုပ်ရှားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိချေ။
“မင်း ဒီလို ပြောနိုင်တာကို မြင်ရတော့ ငါ စိတ်အေးရပါပြီ”
ကျောင်းယန် ရှေးဟောင်းသူတော်စင်က ကျေနပ်စွာ ခေါင်းညိတ်ရင်း လက်မအရွယ်အစားရှိသော နေမင်းငယ်လေးတစ်ခုကို ထုတ်ယူလိုက်၏။
“ဒါကတော့ ငါကိုယ်တိုင် ဖန်တီးထားတဲ့ ‘ထိပ်တည့်တည့်က တောက်လောင်တဲ့နေ’ ဆိုတဲ့ နတ်ဘုရားစွမ်းရည်ပဲ။ မင်း ဒါကို သိမြင်နားလည်နိုင်မလားဆိုတာကတော့ မင်းရဲ့ ရေစက်အပေါ်မှာပဲ မူတည်လိမ့်မယ်”
သူတော်စင် တစ်ဦးကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရားစွမ်းရည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ယဲ့ဖုန်းမှာ အလွန် ဝမ်းသာသွားသည်။ သူသည် ထိုအရာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ လက်ခံလိုက်၏။ မင်းသမီးယွီကျူးကမူ မနာလိုသော အကြည့်ဖြင့် ကြည့်နေသည်။
“ဒီ ‘ထိပ်တည့်တည့်က တောက်လောင်တဲ့နေ’ က သူတော်စင်အဆင့် နတ်ဘုရားစွမ်းရည် တစ်ခုပဲ။ တပည့် ... မင်းအနေနဲ့ ဒါကို ကျင့်ကြံဖို့ဆိုရင် အရင်ဆုံး တပိုင်း သူတော်စင် အဆင့်ကို ရောက်ဖို့ လိုအပ်တယ်။ တပိုင်း သူတော်စင် အောက်ကလူတွေ ဒါကို သင်ယူလို့ မရဘူး” ဟု ရှေးဟောင်းသူတော်စင်က မှာကြားလိုက်၏။
“တပည့် နားလည်ပါပြီ”
မင်းသမီးယွီကျူးက ခေါင်းညိတ်၍ ခွန်းတုံ့ပြန်လိုက်၏။ ယဲ့ဖုန်းနှင့် ရှေးဟောင်းသူတော်စင်တို့မှာ အချိန်အတော်ကြာအောင် ဆက်လက် စကားပြောဆိုခဲ့ကြသည်။
“ကဲ ... မင်းတို့ ပြန်လို့ ရပါပြီ”
ရှေးဟောင်းသူတော်စင်က လက်ဝှေ့ယမ်းလိုက်၏။
ထိုအခိုက်..ဟင်းလင်းပြင်မှာ ပြဲဟသွား၏။
ယဲ့ဖုန်းနှင့် မင်းသမီးယွီကျူးတို့မှာ ထူးဆန်းသော စွမ်းအားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရကာ ကျောင်းယန်မြို့တော်ရှိ မြင့်မြတ်သော ကျောင်းတော်အတွင်းသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
“ထိပ်တည့်တည့်က တောက်လောင်တဲ့နေ ပါလား”
ယဲ့ဖုန်း၏ လက်ထဲရှိ နေမင်းငယ်လေးကို မြင်လိုက်ရသောအခါ ကျောင်းယန် မြို့စားမင်းမှာ အလွန် ထိတ်လန့်သွားပြီး ပါးစပ်ထဲရှိ လက်ဖက်ရည်များကိုပင် ထွေးထုတ်လိုက်မိသည်။
တပိုင်း သူတော်စင် တစ်ဦးအနေဖြင့် သူသည် ဤနတ်ဘုရားစွမ်းရည်အကြောင်းကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။ သူသည်လည်း ကျောင်းယန် ရှေးဟောင်းသူတော်စင်ထံမှ သင်ကြားမှုကို ရရှိခဲ့ဖူးသူ ဖြစ်သည်။ သို့သော် သူ၏ ပါရမီမှာ အကန့်အသတ် ရှိနေသဖြင့် ဤစွမ်းရည်ကို အနည်းငယ်မျှသာ တတ်မြောက်ခဲ့ပြီး အာနိသင်မှာလည်း များစွာ မရှိခဲ့ချေ။
“ဪ ... မြို့စားမင်းက ဒီစွမ်းရည်အကြောင်း သိတာလား”
ယဲ့ဖုန်းက လှမ်း၍ မေးမြန်းလိုက်၏။
“သေချာပေါက် သိတာပေါ့။ ခင်ဗျားကို ဖုံးကွယ်မထားပါဘူး ... ကျွန်တော်လည်း ဒီစွမ်းရည်ကို ကျင့်ကြံခဲ့တာပါ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာကတော့ ... သူ့ရဲ့ အနှစ်သာရကို ကျွန်တော် နားမလည်ခဲ့တာပဲ”
မြို့စားမင်းက သက်ပြင်းချရင်း ဖွင့်ဟလိုက်၏။
“ကြည့်ရတာ ဒီစွမ်းရည်က ကျင့်ကြံဖို့ မလွယ်ဘူး ထင်တယ်နော်”
ထိုအခါ ယဲ့ဖုန်းက တီးတိုး ရေရွတ်လိုက်မိ၏။
“ခက်တာတင် မဟုတ်ဘူး ... ကောင်းကင်ပေါ် တက်ရသလိုပဲ ခဲယဉ်းတာ။ ဒါပေမဲ့ ဒီစွမ်းရည်မှာ ခွန်အား အကန့်အသတ် ဆိုတာ မရှိပါဘူး။ အကယ်၍သာ တစ်စုံတစ်ယောက်က ဒါကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်မယ်ဆိုရင် ... နေမင်းရဲ့ စွမ်းအားတွေကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဆိုကြတယ်”
မြို့စားမင်းက အရေးကြီးသော သတင်းအချက်အလက် တစ်ခုကို ထပ်လောင်း ပြောပြလိုက်၏။
“တကယ်လား”
ယဲ့ဖုန်း အံ့ဩသွားရသည်။
“ဒါက ကျောင်းယန် ရှေးဟောင်းသူတော်စင် ကိုယ်တိုင် ပြောခဲ့တာပါ။ ဒါပေမဲ့ သူကိုယ်တိုင်တောင်မှ ‘နေမင်း ဆယ်စင်း’ အဆင့်အထိပဲ ကျင့်ကြံနိုင်သေးတာ။ နေမင်းရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုပဲ အသုံးချနိုင်သေးပြီး အပြည့်အဝတော့ မထိန်းချုပ်နိုင်သေးဘူး”
‘ဪ ... အဲဒီလိုလား ... ’
ယဲ့ဖုန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။
‘ကြည့်ရတာ ကျောင်းယန် ရှေးဟောင်းသူတော်စင်ကလည်း ပြောသလောက်တော့ မဟုတ်သေးဘူးပေါ့’
“ဒါတွေ ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျွန်တော် ဂိုဏ်းကို ပြန်ပြီး ကျင့်ကြံလိုက်ပါဦးမယ်”
ယဲ့ဖုန်းက သူတို့ နှစ်ဦးကို ခေါင်းညိတ်နှုတ်ဆက်ကာ ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ ပျောက်ကွယ်သွားတော့သည်။
မင်းသမီးယွီကျူးလည်း ကျောင်းတော်အတွင်းမှ ထွက်ခွာသွားလေ၏။
---
မြူခိုးဂိုဏ်းဝယ်၊
ယဲ့ဖုန်းသည် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး၏ အထက်ရှိ ကျွန်းလေးပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူသည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူ၏ လက်ဝါးပေါ်ရှိ နေမင်းငယ်လေးကို ချေမွလိုက်၏။
“ဝုန်း”
နေမင်း၏ အဆုံးမဲ့ စွမ်းအားများမှာ ပေါက်ကွဲထွက်လာတော့သည်။ ရှေးဟောင်း မှော်စာလုံးပေါင်းများစွာ လေထဲတွင် ပြည့်နှက်သွား၏။ ၎င်းမှာ အလွန်ပင် နက်ရှိုင်းလှပေသည်။ ယဲ့ဖုန်းကဲ့သို့ သိမြင်နားလည်မှု အားကောင်းသူပင်လျှင် ခက်ခဲမှုကို ခံစားလိုက်ရသဖြင့် သူ၏ ဂုဏ်သတင်းရမှတ်များကို အသုံးပြုကာ အကူအညီ ရယူလိုက်ရသည်။
“ကောင်းကင်နဲ့ မြေကြီးကို လက်နက်သွန်းဖိုအဖြစ် ထားမည်၊ မိမိကိုယ်ကို မီးအဖြစ် ထားမည်၊ မီးလျှံတွေက အရပ်မျက်နှာ အနှံ့မှာ တောက်လောင်နေလိမ့်မည်၊ ကောင်းကင်ဘုံကို ပြုံးပြီး အံတုမည်”
ယဲ့ဖုန်းသည် ရှေးကျပြီး ခန့်ညားလှသော အသံကြီး တစ်ခုကို ကြားလိုက်ရသည်။ သူသည် ထိုအသံအတွင်းသို့ စိတ်အာရုံကို နှစ်မြှုပ်လိုက်ပြီး စတင် သိမြင်လာတော့၏။
ယဲ့ဖုန်း၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်း တောက်လောင်လာကာ
ကောင်းကင်သို့ မြင့်တက်သွားသည်။
သူ၏ ကိုယ်ပေါ်မှ ရွှေရောင် မီးလျှံများမှာ ပိုမို ကြီးထွားလာ၏။
၎င်းသည် သူ၏ သိမြင်နားလည်မှု ပိုမို နက်ရှိုင်းလာခြင်းကို ပြသနေခြင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ယဲ့ဖုန်းသည် တောက်ပလှသော ဧရာမ မီးလုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားတော့၏။
“ဒုတ်”
နှလုံးခုန်သံ တစ်ခုပမာ ပြင်းထန်သော အသံ တစ်ခု ပေါ်ထွက်လာသည်။
၎င်းက မိုင်ပေါင်း သောင်းချီအထိ ပြန့်နှံ့သွားကာ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်တော့၏။
“ဟိုမှာ ကြည့်စမ်း ... ကောင်းကင်မှာ နေမင်း တစ်စင်း ပေါ်လာပြီ”
“ဒါ ဘာတွေ ဖြစ်နေတာလဲ”
ရေပေါ်ဖြူမြို့တော်၊ နတ်ဘုရားလေဓားမြို့၊ သုံးဌာနမြို့ နှင့် အနီးနားရှိ မြို့များမှ သက်ရှိအားလုံးမှာ မြူခိုးဂိုဏ်း၏ အထက် ကောင်းကင်ယံကို မော့ကြည့်လိုက်ကြသည်။ ထိုနေ့တွင် တောင်ပိုင်းမြစ်ဝှမ်းနယ်မြေ၏ အထက်တွင် နေမင်း အသစ် တစ်စင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်၏။ သန်းပေါင်းများစွာသော သက်ရှိများမှာ အကြီးအကျယ် တုန်လှုပ်သွားကြရသည်။
“ဒုတ်”
ဒုတိယအကြိမ် နှလုံးခုန်သံကို ကြားလိုက်ရပြန်သည်။
ထိုနေမင်းမှာ ဆယ်ဆခန့် ပိုမို ကြီးထွားလာသည်။
ပို၍ပင် တောက်ပလာတော့၏။
“ဒုတ် ဒုတ် ဒုတ်”
ထိုပြင်းထန်လှသော အသံကြီးများမှာ ကိုးကြိမ်တိုင်တိုင် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်မှ နေမင်းမှာလည်း ဧရာမ ပုံစံကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။
မိုင်ပေါင်း သောင်းချီကို လင်းထိန်သွားစေတော့၏။
*
ကျောင်းယန်မြို့တော်၌..
“ဒုတ်”
ကျောင်းယန် မြို့စားမင်းသည် သူ၏ ရှေ့မှ မှန်အတွင်းရှိ မြူခိုးဂိုဏ်း အထက် ကောင်းကင်ယံကို ကြည့်ရင်း ပါးစပ်ထဲရှိ လက်ဖက်ရည်များကို ထပ်မံ၍ ထွေးထုတ်လိုက်မိပြန်သည်။
“ဒါ ... ဒါက ‘ကောင်းကင်ယံက နေမင်း’ အဆင့်ပဲ။ ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျောင်းယန် နယ်မြေဝယ်..
ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ ကိုယ်ပွားသည် တစ်ခုခုကို ခံစားမိသဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ မြူခိုးဂိုဏ်းရှိ မြင်ကွင်းကို ကြည့်လိုက်မိ၏။
“ဘာ”
“ယဲ့ဖုန်း ဒီကလေးက ... ‘ကောင်းကင်ယံက နေမင်း’ အဆင့်ကို ဒီလောက် မြန်မြန် ရောက်သွားတာလား။ ကြောက်စရာ ကောင်းလိုက်တာ ... တကယ်ကို ကြောက်စရာ ကောင်းတာပဲ”
“ဒုတ်”
ရုတ်တရက် ဆယ်ကြိမ်မြောက် နှလုံးခုန်သံ ထွက်ပေါ်လာသည်။
မြူခိုးဂိုဏ်း၏ ကောင်းကင်ယံထက်တွင်..
ပေါ်ထွက်လာသော နေမင်းမှာ ပေပေါင်း တစ်သိန်းအထိ ကြီးထွားသွားပြီး စစ်မှန်သော နေမင်းကြီး တစ်စင်းပမာ ပတ်ဝန်းကျင် မိုင်ပေါင်း များစွာကို လင်းထိန်သွားစေတော့၏။
“နေမင်း ဆယ်စင်း”
“ဒီကလေးက လူမှ ဟုတ်ရဲ့လား”
“အချိန်လေး ခဏအတွင်းမှာပဲ နေမင်းရဲ့ စွမ်းအားတွေကို သူက သန့်စင်နိုင်သွားတာလား”
ကျောင်းယန် ရှေးဟောင်းသူတော်စင်မှာ ဆွံ့အသွားရသည်။
‘ယဲ့ဖုန်းက ပထမဆုံးအကြိမ် ကျင့်ကြံတာတင် ဒီအဆင့်ကို ရောက်သွားတာလား။ ငါနဲ့ သူနဲ့ကြားမှာ ဘယ်သူက တကယ်တမ်း ဒီစွမ်းရည်ကို ဖန်တီးခဲ့တာလဲ’
ထူးဆန်းသော အတွေး တစ်ခုပင် ရှေးဟောင်းသူတော်စင်၏ စိတ်ထဲတွင် ပေါ်လာမိတော့၏။
“ထိပ်တည့်တည့်က တောက်လောင်တဲ့နေ... နေမင်းရဲ့ စွမ်းအားတွေ ... စုစည်းစမ်း”
မြူခိုးဂိုဏ်း၏ အထက်တွင်..
ယဲ့ဖုန်း၏ အာဏာပါသော အသံကြီးမှာ ပေပေါင်း တစ်သိန်းရှိသော နေမင်းကြီးအတွင်းမှ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ထိုနေမင်းကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ဖျော့တော့သော ရွှေရောင် စွမ်းအားအဖြစ် ပြောင်းလဲကာ ယဲ့ဖုန်း၏ လက်ဝါးပေါ်သို့ ကျဆင်းလာတော့၏။
၎င်းသည် လှည့်ပတ်နေရင်း နောက်ဆုံးတွင် နေမင်းငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် နားမလည်နိုင်သော လျှို့ဝှက် မှော်စာလုံးများဖြင့် ပြည့်နှက်နေ၏။
“ဒါ ဂိုဏ်းချုပ်ယဲ့ပဲ”
“သူက နေမင်းငယ်လေးကိုတောင် စုစည်းနိုင်တာလား။ သူက အဆတစ်ရာ ကြီးထွားနေတဲ့ လနီကို အံတုဖို့ ကြိုးစားနေတာလား မသိဘူး”
ကျင့်ကြံသူ အားလုံးမှာ တုန်လှုပ်နေကြသည်။
ယုံကြည်မှုစွမ်းအားများမှာ အဆက်မပြတ် စီးဝင်လာသည်။ ယဲ့ဖုန်းသည် မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ မျက်ဝန်းများမှာ တောက်လောင်နေသော နေမင်းများပမာ ရှိနေသဖြင့် အလွန် ကြောက်စရာ ကောင်းလှပေသည်။
“ဝုန်း”
သူ၏ မျက်လုံးအိမ်များမှ နေ၍ စူးရှတောက်ပလှသော ရွှေရောင် အလင်းတန်း နှစ်ခု ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင်ကို ထိုးဖောက်လိုက်၏။ ၎င်းသည် ရှန်ကျိုးတိုက်ကြီး၏ အမိုးအကာကို အလွယ်တကူ ဆွဲဖြဲကာ ကြာယယ်တာရာ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာသို့ ရောက်ရှိသွားတော့သည်။
မရေမတွက်နိုင်သော ကြယ်ပေါင်းများစွာမှာ ထိုအလင်းတန်းများကြောင့် တောက်လောင်သွားပြီး ချက်ချင်း ပေါက်ကွဲကုန်ကြ၏။ ထိုတိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် ကြာယယ်တာရာ ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
သို့သော် ယဲ့ဖုန်း၏ လက်ဝါးပေါ်မှ နေမင်းငယ်လေး ပျောက်ကွယ်သွားသည်နှင့် သူ၏ မျက်လုံးများမှ ကြောက်မက်ဖွယ် အလင်းတန်းများမှာလည်း ကွယ်ပျောက်သွား၏။
‘နေမင်းရဲ့ စွမ်းအားကို တစ်ကြိမ် သုံးရင် ဆယ်စက္ကန့်ပဲ ခံတာလား ... ’
ယဲ့ဖုန်း၏ ရွှေရောင် မီးလျှံ မျက်ဝန်းများမှာ မူလပုံစံသို့ ဖြည်းညှင်းစွာ ပြန်လည် ပြောင်းလဲသွားတော့သည်။ သူသည် ခေါင်းငုံ့ကာ သူ၏ ဗလာဖြစ်နေသော လက်ဝါးကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်မိ၏။
ယဲ့ဖုန်းသည် ‘ထိပ်တည့်တည့်က တောက်လောင်တဲ့နေ’ နတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်သွားခဲ့၏။ သူ အာရုံစိုက်လိုက်သည်နှင့် နေမင်း၏ စွမ်းအားများကို သန့်စင်နိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှု စွမ်းအားများကို ထုတ်လွှတ်နိုင်မည် ဖြစ်၏။
ယဲ့ဖုန်းသည် ဤစွမ်းရည်ကို ကျွမ်းကျင်သွားမှုကြောင့် တစ်ကမ္ဘာလုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်ကို မသိလိုက်ပေ။ သူသည် ဝိညာဉ်တည်ငြိမ် မျိုးဆက်သစ်ပင်ကြီး အထက်ရှိ ကျွန်းလေးပေါ်သို့ ပြန်လည် ဆင်းသက်ကာ ဆက်လက် ကျင့်ကြံနေလေ၏။
လောလောဆယ်တွင် သူသည် ‘နေမင်း ဆယ်စင်း’ အဆင့်ကိုသာ ရောက်ရှိသေးခြင်း ဖြစ်သော်လည်း ... ဒါက ‘ထိပ်တည့်တည့်က တောက်လောင်တဲ့နေ’ ၏ အဆုံးသတ် မဟုတ်သေးပေ။
‘ငါ ပိုပြီး ထိုးဖောက်နိုင်သေးတယ်’
ယဲ့ဖုန်း စိတ်ထဲတွင် ဆုံးဖြတ်လိုက်၏။
---
တောင်ပိုင်း ပင်လယ်ပြင်။
ကမ်းခြေမှ မိုင်ပေါင်း တစ်သန်း ဝေးသော ပင်လယ်နတ်ဘုရားကျွန်း၌မူ..
“မှန်တယ် ... အဲဒီလို လုပ်စမ်း”
မြေခွေး တာ့ဟုန်သည် ခါးထောက်ကာ ရပ်နေရင်း နန်ယန်မြို့မှ ငှားရမ်းလာသော ကျင့်ကြံသူများကို ညွှန်ကြားနေသည်။ သူမသည် လူပေါင်း တစ်သိန်းခန့် နေထိုင်နိုင်သော မြို့ကြီး တစ်မြို့ကို တည်ဆောက်ရန် စေခိုင်းနေခြင်း ဖြစ်၏။
ခွေး အားဟာသည် တည်ဆောက်ပြီးခါနီး ဖြစ်နေသော မြို့ကြီးကို ကြည့်ကာ မေးလိုက်သည်။
“အစ်မကြီး ... ကျွန်တော်တို့ရဲ့ တာဝန်က ပြီးတော့မှာ မဟုတ်လား”
“ပြီးခါနီးပါပြီ”
မြေခွေး တာ့ဟုန်က ခေါင်းညိတ်၍ အတည်ပြုလိုက်၏။
သူမသည် ဂိုဏ်းကို ပြန်ရန် အသင့်ဖြစ်နေသဖြင့် အလွန် ပျော်ရွှင်နေသည်။ သို့သော်လည်း ကောင်းကင်ယံမှ အဆတစ်ရာ ကြီးထွားနေသော လနီကြီးကို မော့ကြည့်ရင်း မြေခွေး တာ့ဟုန်မှာ စိတ်မသက်မသာ ဖြစ်နေမိ၏။
ရေမှော်ပင်များ ပေါများလှသော ဤပင်လယ်ပြင်တွင် လနီ၏ စွမ်းအားများကြောင့် ရေမှော်ပင် အမြောက်အမြားမှာ မိစ္ဆာများအဖြစ် ပြောင်းလဲကုန်ကြသည်။ ၎င်းတို့သည် ပင်လယ်ရှိ သက်ရှိများကို လိုက်လံ သတ်ဖြတ်နေကြသဖြင့် ကြီးမားသော ပရမ်းပတာမှုများ ဖြစ်ပေါ်နေတော့သည်။ ဤကိစ္စကြောင့် ပင်လယ်မျိုးနွယ်စုများမှာ ကြီးမားသော ဖိအားများကို ခံစားနေကြရ၏။
*
ပင်လယ်ရှစ်စင်း နတ်ဆိုး မျိုးနွယ်စု၏ နန်းတော်ဝယ်..
နတ်ဘုရား ပင်လယ်နဂါး ဧကရီနှင့် လင်ယွဲ့တို့မှာ နန်းတော်စင်္ကြံတစ်လျှောက် ဘေးချင်းယှဉ် လျှောက်လှမ်းရင်း ပင်လယ်မျိုးနွယ်စုအတွင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
“လနီကြီး ဆင်းသက်လာပြီးကတည်းက ရှန်ကျိုးတိုက်ကြီးဟာ လနီခေတ်ကာလ ထဲကို ရောက်သွားခဲ့ပြီ။ ကျွန်မတို့ ပင်လယ်ပြင်က အပင်မိစ္ဆာတွေလည်း သောင်းကျန်းနေကြတော့ ပင်လယ်မျိုးနွယ်စု အားလုံးအတွက် တကယ့်ကို ဖိအားတွေ ဖြစ်လာတာပဲ”
လင်ယွဲ့က ပြောဆိုလိုက်၏။
“ဧကရီ ... နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲဟင်”
နတ်ဘုရား ပင်လယ်နဂါး ဧကရီက စိုးရိမ်တကြီး မေးမြန်းလိုက်တော့၏။
--