အခန်း ၅၄၃
Vol. 37 Ch. 543
အခန်း (၅၄၃) - လုံမင်ဂိုဏ်း စန်းကျင့် (အပိုင်း ၃)
[ငါသည် ကောင်းကင်နှင့် မြေကြီး၏ အစစ်အမှန် နားလည်မှုကို ရှာဖွေလျက်၊ လွတ်မြောက်ရာလမ်း မရှိသော ဤနေရာသို့ ဝင်ရောက်လာခဲ့သည်။]
[နေနှင့်လကို မမြင်ရဘဲ အရာခပ်သိမ်း မမွေးဖွားသေးသည့် အခြေအနေမျိုး ပင်။]
[အကယ်၍ အရာခပ်သိမ်း သေဆုံးနေပြီဟု ထင်ရလျှင် ငါသည် အသက်ရှင်လျက် ရှိနေ၏။]
[၎င်းမှာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း၏ အသွင်ပြောင်းလဲမှု ပင်။]
[ယူချွမ်ဂိုဏ်း က ငါ့ရဲ့ နည်းလမ်းတွေကို နားမလည်ဘဲ သွေးကျွန် ဆိုတဲ့ အသေးအမွှား အတတ်ပညာလေးနဲ့ ငါ့ကို ဒီနေရာမှာ ပိတ်လှောင်ဖို့ အချည်းနှီး ကြိုးစားနေကြတယ်။]
[တကယ့်ကို စိတ်ကူးယဉ် အိပ်မက် မက်နေကြတာပဲ။]
[ဒီ အဆုံးအစမရှိတဲ့ သွေးပင်လယ်ကြီးနဲ့အတူ ငါဟာ ယင်ယန် အစစ်အမှန် နည်းလမ်းကို တွေးတော ဆင်ခြင်နေခဲ့တယ်။]
[ဒါပေမဲ့ သက်ရှိတွေကို ပစ္စည်းတွေလို အာဟာရတွေလို အသုံးချပြီး ငါ့ရဲ့ စိတ်အခြေအနေ နဲ့ ဝိညာဉ်ကို နှောင့်ယှက်ဖို့ ကြိုးစားနေကြတယ်။]
[ဒီလုပ်ရပ်က ငါ့ရဲ့ ရည်ရွယ်ချက်တွေနဲ့ အတိအကျ ကိုက်ညီနေတယ် ဆိုတာကို သူတို့ နည်းနည်းလေးတောင် မသိကြရှာဘူး။]
[အခုဆိုရင် လူပေါင်း သောင်းချီ နီးပါးကို ဝါးမြိုပြီးတဲ့နောက် ဒီအချိန်အတောအတွင်းမှာ ငါ့ရဲ့ နားလည်သဘောပေါက်မှုက ပိုမို နက်ရှိုင်းလာခဲ့ပြီ... ဒါပေမဲ့ ငါ့ရဲ့ သိုင်းပညာကို ဘယ်နေရာမှာ အပြည့်အဝ ထုတ်ဖော်ပြသရမလဲ ဆိုတာကိုတော့ ငါ မသိသေးဘူး။]
[အကယ်၍ နောင်လာနောက်သား မျိုးဆက်တွေက ဒီ ‘ချန်ခွန်း အစစ်အမှန် နားလည်မှု’ ကို မြင်တွေ့ခွင့် ရခဲ့မယ်ဆိုရင်၊ သူတို့ကို ငါ့ရဲ့ တပည့်တွေအဖြစ် သတ်မှတ်လို့ ရပါတယ်။ ငါ့ဘဝရဲ့ လက်ကျန် အချိန်တွေမှာ တစ်ခုခုကိုတော့ သေချာပေါက် သက်သေပြရလိမ့်မယ်... အချိန်တန်ရင် ငါတို့ရဲ့ ရေစက်ကို ဆက်ကြတာပေါ့။]
“လူပေါင်း သောင်းချီ နီးပါးကို ဝါးမြိုပြီးတော့ ဟုတ်လား...”
ဆုမို၏ အကြည့်များက ထို စကားလုံးလေးလုံး အပေါ်သို့ ရောက်ရှိသွားသောအခါ သူသည် မနေနိုင်ဘဲ ထိတ်လန့်တုန်လှုပ်စွာ အသက်ရှူမှားသွားရတော့၏။
ဤစာသား အပိုဒ်ကို ကြည့်ရသည်မှာ... ဝမ်လျန် အိမ်တော် ၏ အောက်တွင် အကျဉ်းချခံထားရသူသည် ယူချွမ်ဂိုဏ်း ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ မဟုတ်ကြောင်း ထင်ရှားလှ၏။
ထိုအစား သူသည် အခြားသော အကြံအစည်များကို ရင်ဝယ်ပိုက်လျက်၊ ဤနေရာသို့ ကိုယ့်သဘောဆန္ဒအလျောက် ကျဆင်းလာခဲ့ခြင်း ဖြစ်ဟန်တူ၏။
သူ၏ ရည်ရွယ်ချက်မှာ ‘ချန်ခွန်း အစစ်အမှန် နားလည်မှု' ဆိုသော အရာကို သဘောပေါက် နားလည်ရန် ပင်။
သူသည် ယူချွမ်ဂိုဏ်း ၏ သွေးကျွန် များ ဖန်တီးရာတွင် အသုံးပြုသော နည်းလမ်းများကို အသုံးချကာ သွေးစိမ်းရှင်ရှင်များကို ၀င်္ကပါ အတွင်းသို့ ဆွဲသွင်းပြီး ၎င်းတို့ကို သန့်စင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ ကြိုးပမ်းအားထုတ်မှုများမှာ အပြည့်အဝ အောင်မြင်မှု မရခဲ့ချေ။
ဤအချိန်အတောအတွင်း နှစ်ပေါင်း မည်မျှ အလဟဿ ကုန်လွန်သွားခဲ့ပြီနည်း။
ယခုအချိန်အထိပင် ဤနေရာသို့ သွေးစိမ်းရှင်ရှင်များကို ညစဉ်ညတိုင်း ပို့ဆောင်ပေးနေဆဲ ဖြစ်၏။
သို့သော် သွေးကျွန် ဖန်တီးမှု၏ နောက်ကွယ်မှ လူရိပ်ကိုမူ မည်သည့် နေရာတွင်မျှ မတွေ့ရတော့ချေ။
ဆုမိုသည် သူ၏ ဘေးပတ်လည်ရှိ အဖြူရောင် အရိုးများကို ကြည့်လိုက်ရာ ခေတ္တမျှ သူ ဘာခံစားရမှန်းပင် မသိတော့အောင် ဖြစ်သွားရသည်။
ဤအရိုးများ ကြားတွင်... သွေးကျွန် များကို ဖန်တီးရန် ကြိုးစားခဲ့ကြသော ယူချွမ်ဂိုဏ်း မှ မိစ္ဆာကောင်များ လည်း ပါဝင်နိုင်၏။
သို့သော် ဂိုဏ်းမှ တမင်တကာ အစာအဖြစ် ကျွေးမွေးခံခဲ့ရသော သားကောင်များလည်း သေချာပေါက် ပါဝင်နေမည် ဖြစ်သည်။
ထိုအထဲတွင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း မှ ဖြောင့်မတ်တည်ကြည်သော သူရဲကောင်းများ လည်း ပါဝင်နိုင်သလို ဘာမှ မသိနားမလည်သော အပြစ်မဲ့ ပြည်သူများလည်း ပါဝင်နေနိုင်၏။
ဤ အဆုံးအစမရှိသော ငရဲခန်း အတွင်းသို့ ကျဆင်းလာပြီး အခြားသူများအတွက် အစာအာဟာရ ဖြစ်သွားရခြင်းမှာ... ၎င်းတို့၏ ကံကြမ္မာသည် တကယ့်ကို အလွန်တရာ ကြေကွဲဖွယ် ကောင်းလှပေသည်တကား။
ဆုမိုသည် သက်ပြင်းကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ အကြည့်များက လမ်းကြောင်း၏ အောက်ခြေဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
ထိုနေရာတွင် ထင်းလင်းစွာ ရေးထိုးထားသည်မှာ... မြွေခေါင်း ဓား ၏ ပုံသဏ္ဌာန် ပင်။
ထို့အပြင် ၎င်း၏ ဘေးတွင် နောက်ထပ် စာတစ်ကြောင်း ရှိနေသေး၏။
လုံမင်ဂိုဏ်း စန်းကျင့် တဲ့။
“လုံမင်ဂိုဏ်း စန်းကျင့်...”
ဆုမိုသည် ဤစကားလုံးများကို တိတ်ဆိတ်စွာ ပြန်လည် ရေရွတ်နေမိသော်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရပြန်၏။
“လုံမင်ဂိုဏ်း စန်းကျင့် က ကျင်းလုံ အသင်းနဲ့ ပတ်သက်နေတာလား”
[ကျောင်းလုံအသင်းကို ကျင်းလုံအသင်းဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။]
“သူက ဒီနေရာမှာ ကိုယ့်သဘောနဲ့ကိုယ် အကျဉ်းချခံနေခဲ့တာဆိုတော့.. ယူချွမ်ဂိုဏ်း က သူ ဘယ်သူလဲ ဆိုတာကို သိနေလို့လား”
“ဆရာအဘိုး ပြောခဲ့ဖူးတယ်... အဲဒီ နှစ်တွေတုန်းက သဲလွန်စတွေ အားလုံးက နောက်ဆုံးတော့ ချီမေတောအုပ် ဆီကိုပဲ ဦးတည်နေခဲ့တယ် ဆိုတာကိုး...”
“ဒါပေမဲ့ အခု ငါ မြင်နေရတာတွေက ငါ စိတ်ကူးယဉ်ထားခဲ့တာတွေနဲ့ နည်းနည်းတော့ ကွာခြားနေတယ်”
“ဆုထျန်းယန် က တကယ်ပဲ ဒီနေရာကို ရောက်လာခဲ့တာလား”
“အကယ်၍ သူ ရောက်လာခဲ့တယ် ဆိုရင်... ဒီလူကိုရော တွေ့ခဲ့ရသလား”
မေးခွန်းများ တစ်ခုပြီး တစ်ခု သူ၏ ခေါင်းထဲတွင် ပေါ်ပေါက်လာသော်လည်း ဤအခိုက်အတန့်၌ မည်သည့် အဖြေမှ မရှိသေးချေ။
ထို့ပြင် အရေးအကြီးဆုံး မေးခွန်းမှာ ထိုအရာများထဲတွင် မပါဝင်ပေ။
“ဒီလူက ဘယ်ကို ရောက်သွားတာလဲ”
သူသည် 'ချန်ခွန်း အစစ်အမှန် နားလည်မှု' ကို သဘောပေါက်ရန်အတွက် ဤနေရာတွင် ကိုယ့်သဘောဆန္ဒအလျောက် နေထိုင်ခဲ့သည် ဆိုမှတော့... ယခုအခါ အောင်မြင်မှု ရရှိသွားပြီး မြေပြင်ပေါ်သို့ လွတ်မြောက်သွားခဲ့ပြီလော။
သို့တည်းမဟုတ် သူ၏ လေ့လာစူးစမ်းမှုများကြောင့် သေဆုံးသွားခဲ့ပြီး ဤ စုပုံနေသော အရိုးများထဲမှ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီလော။
“နောက်တစ်ချက်ကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ မဟုတ်ရင် ယူချွမ်ဂိုဏ်း က သတိထားမိသွားမှာပေါ့...”
“ဒါပေမဲ့ ပထမ တစ်ချက်ကတော့... သူ တကယ်ပဲ ‘ချန်ခွန်း အစစ်အမှန် နားလည်မှု’ ကို သဘောပေါက်သွားခဲ့ပြီလား”
ဆုမိုသည် လောလောဆယ်တွင် အဖြေကို ရှာမတွေ့နိုင်သဖြင့် ထွက်ခွာရန်သာ လှည့်ထွက်လိုက်၏။
သို့သော် ထို 'ဂိုကစားကွက်' အနီးမှ ဖြတ်သွားချိန်တွင် သူ၏ မျက်ခုံးများ ထပ်မံ ကြုတ်သွားရပြန်သည်။
ဤ ဂိုကစားကွက် တွင် နက်နဲ ဆန်းကြယ်သော အရာတစ်ခုခု ရှိနေသည်ဟု သူ အမြဲတစေ ခံစားနေရသော်လည်း မည်သို့ ဖြေရှင်းရမည်ကိုမူ မသိခဲ့ချေ။
ရွှေ့ကွက်တစ်ခု လုပ်ရန် လွယ်ကူသော်ငြားလည်း ရလဒ်မှာမူ ဝေဝါးနေဆဲ ဖြစ်၏။
ထို့ကြောင့် ဆုမိုသည် ဘေးတွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း၊ မလွဲမသွေပင် အတွေးများထဲတွင် နစ်မျောသွားလေတော့သည်။
သူ၏ စိတ်စွမ်းအင်များကို အသုံးပြုနေစဉ်မှာပင်... ရုတ်တရက် ခြေသံများ နီးကပ်လာတော့၏။
ဆုမိုသည် ခေါင်းကို ဝုန်းခနဲ မော့လိုက်ပြီး တိတ်တဆိတ် ဘေးသို့ ရှောင်ထွက်ကာ အရိုးတောင်ပုံးကြီး တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းလိုက်၏။
သူ လာခဲ့သော လမ်းကြောင်းဆီမှ လူရိပ်တစ်ခု ချဉ်းကပ်လာသည်ကို သူ မြင်လိုက်ရ၏။
ထိုသူမှာ အနက်ရောင် ဝတ်စုံ အပြည့်ကို ဝတ်ဆင်ထားပြီး မျက်နှာ တစ်ဝက်ကို ဖုံးကွယ်ထားသော အနက်ရောင် ခေါင်းစွပ်ကို ဆောင်းထားကာ နူးညံ့သော မေးစေ့နှင့် ဓားသွားအလား ထက်မြက်သော နှုတ်ခမ်းများကိုသာ ဖော်ပြထားသည်။
ညသခင်။
ထိုအခါမှ ဆုမို သတိပြုမိသွားတော့သည်။
'ငါ ဒီ ဂိုကစားကွက် ကို ကြည့်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ'
‘ဒီ ဂိုကစားကွက် က တကယ့်ကို ထူးဆန်းတယ်... အဲဒါကို စိုက်ကြည့်နေမိလို့ အချိန်တွေကိုတောင် မေ့သွားခဲ့တာပဲ။
အကယ်၍များ ညသခင် ရောက်လာလို့ ငါ လန့်နိုးမသွားခဲ့ဘူး ဆိုရင်၊ ဒီနေရာမှာ ရက်ပိုင်း၊ ဒါမှမဟုတ် သီတင်းပတ်တွေ အထိတောင် ထိုင်နေမိတော့မလို့ပဲ။
ပြီးတော့ ဒီအချိန်အတောအတွင်းမှာ လှိုဏ်ဂူ ရဲ့ အမှောင်ထုကိုတောင် ငါ ကျင့်သားရနေခဲ့ပြီလေ။
အခု ညသခင် ဒီကို ရောက်နေပြီ ဆိုမှတော့.. ချီမေတောအုပ် ထဲက ရှုပ်ထွေးမှုတွေ အားလုံး အဆုံးသတ်သွားပြီ ထင်တယ်။
အချိန်ကိုက်ပဲ... တကယ့် အလုပ်ကို စရမယ့် အချိန်ရောက်ပြီ’
သို့သော် ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် ဆုမိုသည် အလောတကြီး ထွက်ခွာရန် မကြိုးစားတော့ချေ။ ညသခင် ကို ကြည့်ရင်း သူသည် မနေနိုင်ဘဲ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာတော့၏။
ဤသူသည် ပါးရည်နပ်ရည် ရှိပြီး အကွက်ချ ကြံစည်ရာတွင် အလွန် ကျွမ်းကျင်လှကာ ဆုမို သိုင်းလောက သို့ စတင် ဝင်ရောက်လာကတည်းက တွေ့ကြုံဖူးသမျှထဲတွင် ထိပ်တန်း အဆင့်ရှိသူ တစ်ဦး ပင်။
ခန့်မှန်းရ ခက်ခဲလှသော နည်းဗျူဟာများဖြင့် တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ချိတ်ဆက် ယှက်နွှယ်နေအောင် အကွက်ချတတ်သဖြင့် သူ့ကို ကာကွယ်ရန် အလွန်တရာ ခဲယဉ်းလှသည်။
သို့သော် သိချင်စရာကောင်းသည်မှာ... ဤ ဂိုကစားကွက် ကို ရင်ဆိုင်ရချိန်တွင် ဤသို့သော လူစားမျိုးက မည်သို့သော ရွှေ့ကွက်မျိုးကို အသုံးပြုမည်နည်း။
အမှောင်ထု အတွင်းရှိ ညသခင် ၏ မျက်ဝန်းများတွင် မည်သည့် ပြဿနာမျှ ရှိနေသည့် အရိပ်အယောင် မတွေ့ရချေ။
ဂိုကစားကွက် ကို မြင်သောအခါ သူသည်လည်း ဆုမို ကဲ့သို့ပင် ခေတ္တမျှ ရပ်တန့်သွားပြီးမှ သတိပြန်လည်လာတော့သည်။
သူသည် တိုးတိုးလေး ရေရွတ်လိုက်၏။
“ဒါက စမ်းသပ်မှု တစ်ခုလား။ နှစ်တွေ အများကြီး ကြာသွားတာတောင်မှ လျှို့ဝှက်ချက် တွေနဲ့ ကစားရတာကို သဘောကျနေတုန်းပဲလား”
ထိုသို့ ရေရွတ်နေရင်း၊ သူသည် လူ့ဦးခေါင်းခွံ တစ်ခုကို နှစ်ခါ ပြန်မတွေးတော့ဘဲ ကောက်ယူလိုက်ပြီး ဂိုကစားကွက် ပေါ်သို့ ဝုန်းခနဲ ပစ်တင်လိုက်၏။
၎င်းသည် အရေးပါသော နေရာတစ်ခုတွင် ကွက်တိ ကျဆင်းသွားတော့၏။
ဤလှုပ်ရှားမှုကြောင့် ဆုမို မျက်နှာမှာ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။ ရွေးချယ်လိုက်သော နေရာသည် ကစားကွက်ကို ပို၍ပင် ရှုပ်ထွေးပြီး ခန့်မှန်းရ ခက်ခဲသွားစေသောကြောင့် ပင်။
တိုက်ပွဲက သေချာပေါက် ပိုမို ပြင်းထန်လာတော့မည်။
သို့သော် နောက်တစ်ခဏတွင်.. ထိုနေရာရှိ ဦးခေါင်းခွံ သည် ရုတ်တရက် အက်ကွဲသွားပြီး ၎င်းအတွင်းမှ နောက်ထပ် လူ့ဦးခေါင်းခွံ တစ်ခု ဝုန်းခနဲ ပစ်လွှတ် ထွက်ပေါ်လာတော့၏။
ဤအရာသည် ညသခင် တင်လိုက်သော ဦးခေါင်းခွံ မဟုတ်ဘဲ ဂိုကစားကွက် ၏ အောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဆုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ဂိုကစားကွက် တွင် နောက်ထပ် ယန္တရား တစ်ခု အလုပ်လုပ်နေကြောင်း ထင်ရှားလှ၏။
ညသခင် က ထိုအရာကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်ချိန်တွင်ပင်... ဆုမိုသည် လက်ချောင်းကို ခပ်ဆတ်ဆတ် တစ်ချက် ခတ်ထုတ်လိုက်၏။
ဤမျှ မမျှော်လင့်ဘဲ တားဆီးခံလိုက်ရလေရာ ညသခင် ၏ အဆိုးရွားဆုံး အိပ်မက်များထဲတွင်ပင် ဤနေရာ၌ တစ်စုံတစ်ယောက်က သူ့ကို ဟန့်တားလိမ့်မည်ဟု သူ ထင်ထားခဲ့မည် မဟုတ်ချေ။
သတိလက်လွတ် ဖြစ်သွားသဖြင့် သူသည် အရိပ် နှစ်ခုအဖြစ် ကွဲထွက်သွားကာ အလျင်အမြန် နောက်ဆုတ်သွားပြီး အရိုးတောင် တစ်ခုပေါ်သို့ ဝုန်းခနဲ ခုန်တက်လိုက်သည်။
အောက်သို့ ငုံ့ကြည့်လိုက်ရာ... ထို ဦးခေါင်းခွံ မှာ ဆုမို ၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရတော့၏။
ဆုမိုသည် လူ့ဦးခေါင်းခွံ ကို သေချာစွာ စစ်ဆေးကြည့်ရာ ဦးခေါင်းခွံ အတွင်းပိုင်းတွင် တစ်ခုခု ဖုံးကွယ်ထားကြောင်း သတိပြုမိလိုက်၏။
သူသည် ၎င်းကို လက်ထဲသို့ ခါချလိုက်ရာ... လေးလံသော တံဆိပ်ပြား နှစ်ခု ထွက်ကျလာတော့၏။
တစ်ခုပေါ်တွင် ‘အသက်ရှင်ခြင်း’ ဟူသော စာလုံးကို ထွင်းထုထားပြီး အခြား တစ်ခုပေါ်တွင်မူ ‘သေဆုံးခြင်း’ဟူသော စာလုံးကို ထွင်းထုထားသည်။
“ယင်ယန် အင်မော်တယ် အမိန့်တော်တဲ့လား”
--