← Chapters

အခန်း ၅၄၇

Vol. 37 Ch. 547

အခန်း ၅၄၇

Vol. 37 Ch. 547

အခန်း (၅၄၇) - လိုက်လံ သတ်ဖြတ်ခြင်း

“ဘုန်း.. ဘုန်း”

လက်ဝါးချင်း ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် လေပြင်းများ ရုတ်တရက် ဝုန်းခနဲ သောင်းကျန်းသွားတော့သည်။

ပြင်းထန်သော မြည်ဟည်းသံများ၊ ပေါက်ကွဲသံများ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးတွင် ဆက်တိုက် ထွက်ပေါ်လာ၏။

ပထမဆုံး မြေဇာပင် ဖြစ်သွားရသည်မှာ သူတို့ ပတ်လည်ရှိ အရိုးတောင်ကြီးပင် ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း ဦးခေါင်းခွံများနှင့် အရိုးများမှာ မိုးရွာချသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့လွင့်စင်သွားပြီး ကြီးမားကျယ်ပြန့်သော ဧရိယာတစ်ခုလုံး ချက်ချင်း ရှင်းလင်းသွားတော့သည်။

မြေပြင်ပေါ်ရှိ အရိုးများမှာ ထိုလူနှစ်ဦး၏ အတွင်းအား ကြောင့် အမှုန့်အမွှားများအဖြစ် ကြေမွ ပျက်စီးသွားသည်။

ခြေစုံရပ်လိုက်ပြီးနောက် သူတို့၏ ခြေအောက်တွင် ကြက်ခြေခတ် ယှက်နွှယ်နေသော သွေးမြောင်း များစွာကို တွေ့လိုက်ရ၏။

ဆုမို အရင်က ခန့်မှန်းခဲ့သလိုပင် မြေပြင်မှာ ရွှမ်ကျီတောင်ကြား အတွင်းရှိ ချိုင့်ဝှမ်းနက်ကြီးနှင့် အတိအကျ ဆင်တူနေ၏။

သွေးမြောင်း များသည် ထိုနေရာရှိ လူများကို သွေးကျွန် များအဖြစ် သန့်စင်ရန် ရည်ရွယ်ချက်ဖြင့် ယှက်နွှယ် ဖောက်လုပ်ထားခြင်း ဖြစ်၏။

သို့သော် အဆုံးတိုင်အောင် သူတို့ မအောင်မြင်ခဲ့ကြချေ။

ထိုအစား ဤနေရာသည် အရိုးများဖြင့် အထပ်ထပ် ဖုံးလွှမ်းခံရပြီး မူလအသွင်အပြင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ယခုမူ ဆုမို နှင့် ညသခင် တို့၏ အားပြိုင်မှုမှ ထွက်ပေါ်လာသော လေပြင်းများကြောင့် ဖယ်ရှားခံလိုက်ရပြီး ညသခင်၏ အသွင်အပြင် အစစ်အမှန် လုံးဝ ပေါ်လွင်လာခဲ့တော့၏။

သို့သော် ဆုမို အနည်းငယ် အံ့အားသင့်သွားရသည်။

ညသခင် ၏ အတွင်းအား မှာ အမှန်တကယ်ပင် နက်ရှိုင်းလှပြီး နက်ရှိုင်းရုံသာမက အလွန်တရာ ပါးနပ်ကာ ထူးဆန်းလှ၏။

လက်ဝါးချင်း ရိုက်ခတ်မှုများ ကြားတွင်.. ဆုမို ပေးပို့လိုက်သော အတွင်းအား များသည် ညသခင် ၏ အတွင်းအား ကြောင့် အရည်ပျော်သွားသကဲ့သို့ တစ်စတစ်စ ပျောက်ကွယ်သွားကြောင်း ဆုမို တွေ့ရှိလိုက်ရသည်။

'ဒီလောက် ဆန်းကြယ်တဲ့ အသွင်ပြောင်း သိုင်းပညာ က ဘယ်ကများ ရောက်လာတာလဲ။ ငါ့ရဲ့ အင်အားတွေကို ရေခဲလို အရည်ပျော်သွားအောင် လုပ်နိုင်တယ်ပေါ့လေ'

ဆုမို ရင်ထဲမှ အံ့ဩစွာ ရေရွတ်လိုက်မိ၏။

သို့သော် သူ မသိခဲ့သည်မှာ ဤအရာသည် ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း မှ ပြိုင်ဘက်ကင်း သိုင်းပညာ ပင် ဖြစ်သည်။

ဤသိုင်းပညာသည် နေ့နှင့် ည အချိန်ကာလများနှင့် တိုက်ရိုက် ဆက်စပ်နေပေ၏။

သန်းခေါင်ယံ အချိန်တွင် ၎င်းသည် အစွမ်းအထက်ဆုံး ဖြစ်သည်။

ဤအချိန်တွင် အမျိုးမျိုးသော ဆန်းကြယ်သည့် နည်းစနစ်များကို ထုတ်ဖော် အသုံးပြုနိုင်၏။

သို့သော် နေ့ခင်းဘက်တွင် အသုံးပြုပါက သိုင်းပညာ၏ အာနိသင်မှာ များစွာ လျော့ကျသွားတတ်သည်။

သို့ရာတွင်.. နေ့ခင်းဘက် ဖြစ်နေလျှင်တောင်မှ အမှောင်ခန်း အတွင်း၌ ဆိုပါက အခြေအနေ တစ်မျိုး ပြောင်းသွားပေမည်။

ညနေခင်းလောက် အားမစိုက်ရဘဲ မလွယ်ကူသော်ငြားလည်း သိုင်းပညာ၏ စွမ်းအားမှာ နှစ်ဆခန့် မြင့်တက်လာဆဲ ဖြစ်၏။

ယခုအချိန်မှာ သန်းခေါင်ယံ မဟုတ်တော့သော်လည်း မနက် သုံးနာရီခန့် ရှိနေပြီ ဖြစ်သည်။

ထို့အပြင် မြေအောက်၏ နက်ရှိုင်းသော အမှောင်ထုကြောင့်၊ ညသခင် ၏ ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း သည် ကြီးမားသော အကျိုးသက်ရောက်မှုများကို ထုတ်ဖော်နိုင်စွမ်း ရှိနေ၏။

ဆုမို ထံမှ ဝင်ရောက်လာသော အတွင်းအား များကို တိုက်ရိုက် စုပ်ယူလိုက်ခြင်း မဟုတ်ဘဲ ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း အတွင်းရှိ ‘နေရောင်ကင်းမဲ့ အမှောင်ထု’ ဟူသော သိုင်းကွက်ဖြင့် အလွှာလိုက် အဆင့်ဆင့် ရွှေ့ပြောင်းကာ ပတ်ဝန်းကျင်ရှိ အမှောင်ထုထဲသို့ အားလုံးကို လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ရာ မည်သည့် လှိုင်းဂယက်မျှ ထကြွရန် ခဲယဉ်းသွားစေတော့သည်။

ထို့ကြောင့် ဤအခိုက်အတန့်၌ ဆုမို ၏ လက်ဝါးချက် အပြည့်အဝက ညသခင် အပေါ် သက်ရောက်နိုင်မှုမှာ မူလစွမ်းအား၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။

ဤအချက်က ဆုမိုကို အလွန်တရာ အထင်ကြီးသွားစေပြီး သူက လေးစားစွာ ခေါင်းညိတ်လိုက်၏။

"ခင်ဗျားက ညသခင် ဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်ပါတယ်။ ဘယ်လောက်တောင် နက်ရှိုင်းတဲ့ အတွင်းအား ကြီးလဲဗျာ"

ထိုစကားကို ကြားသောအခါ ညသခင် မှာ စိတ်ပျက်ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားပြီး ဒေါသကြောင့် သေလုမတတ် ပင် ဖြစ်သွားရသည်။

'မင်းက ငါ့ကို ဝေဖန် အကဲဖြတ်ရလောက်အောင် ဘာကောင်မို့လို့လဲ။ သောက်ရူးလေး'

ညသခင် ၏ ရင်တွင်း၌ ဒေါသမီးတောက်များ ဟုန်းဟုန်းတောက် လောင်ကျွမ်းသွား၏။

အရင်က သူသည် ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း မှ အရိပ်မိစ္ဆာပညာ ကို အသုံးပြု၍ သူ၏ ပုံသဏ္ဌာန်ကို ဖုံးကွယ်ခဲ့စဉ်က ဆုမို က သူ့ကို အကြီးအကျယ် လှောင်ပြောင်ခဲ့သည်။

အခြားအရာများကို ဘေးဖယ်ထားလိုက်ဦး... "ခင်ဗျားက သိုင်းလောက ရဲ့ စီနီယာ တစ်ယောက်၊ ဂိုဏ်းချုပ်ကြီး တစ်ယောက် ဖြစ်ပြီးတော့.. ကျွန်တော်လို မျိုးဆက်သစ် လူငယ်တစ်ယောက်ကို အခုလို လုပ်တာလား" ဟူသော စကားစုလေးက ညသခင် ၏ နှလုံးသားကို တည့်တည့်မတ်မတ် ထိုးစိုက်သွားခဲ့ခြင်း ပင်။

သို့သော် သူသည် သူ၏ ခံစားချက်များကို အမြဲတစေ ကောင်းစွာ ထိန်းချုပ်နိုင်သူ ဖြစ်၏။ အထူးသဖြင့် ဆုမို သည် အလေးအနက်ထား ရင်ဆိုင်ရမည့် ပြိုင်ဘက်တစ်ဦး ဖြစ်နေသောကြောင့်တည်း။

ထို့ကြောင့် ထိုစကားကို ကြားရချိန်တွင် ညသခင်သည် မည်သည့် အားနည်းချက်ကိုမျှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။

သို့သော် ယခု လက်ဝါးချင်း အားပြိုင်နေချိန်တွင်.. နောက်ထပ် မှတ်ချက်စကား တစ်ခု ထွက်လာပြန်တော့၏။

ညသခင် ဆိုသည်မှာ ဘယ်လို လူစားမျိုးနည်း။

ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း ကို ယခင်က မရှိခဲ့ဖူးသော အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံထားသူ ဖြစ်၏။

ဂိုဏ်းကြီး ခုနစ်ဂိုဏ်း ၏ ဂိုဏ်းချုပ်ကြီးများကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ခဲ့ပြီး အနာအဆာကင်းစွာ နှစ်ကြိမ်တိုင်တိုင် ဆုတ်ခွာနိုင်ခဲ့ကာ လီကျန်းယွမ် ကိုပင် တစ်ဦးချင်း တိုက်ခိုက်ရာတွင် ဘာမှ မထူးဆန်းဟု သတ်မှတ်ထားသူ ပင်။

ယခုတော့ ဤနေရာတွင် လီကျန်းယွမ် ၏ တပည့် ဖြစ်သူထံမှ သူ၏ အတွင်းအား ကို ချီးကျူးခံနေရသည် ဟုတ်လား။

တကယ့်ကို ဒေါသထွက်စရာ ကောင်းလွန်းလှ၏။

ချက်ချင်းပင် ညသခင် သည် သူ၏ ရပ်တည်ဟန်ကို ပြောင်းလဲလိုက်ပြီး အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ရာ သူ၏ နောက်ကျောမှ အရိပ်တစ်ခု ကွဲထွက်သွားတော့၏။

ဤအရိပ်သည် ရုတ်တရက် ပေါ်ထွက်လာပြီး ငြိမ်သက်မနေချေ။

ကိုယ်ကို တစ်ချက် လှည့်ပတ်လိုက်သည်နှင့် ဆုမို ၏ ဘေးဘက်သို့ လက်ဝါးတစ်ချက်ဖြင့် တစ်ဟုန်ထိုး တိုက်ခိုက်လာသည်။

"ဟင်..."

ဆုမို မှာ လန့်ဖျတ်သွားပြီးနောက် ‘ဘုန်း’ ခနဲ မြည်ဟိန်းသံကြီး နှင့်အတူ ဧရာမ ခေါင်းလောင်းကြီး ၏ အသံကြီး သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတော့၏။

ထို့နောက် ရွှေရောင် ရှေးဟောင်း ခေါင်းလောင်းကြီး ၏ အရိပ် တစ်ခုသည် ဆုမို အား ရုတ်ချည်း လွှမ်းခြုံသွားသည်။

ထိုအရိပ်၏ လက်ဝါးချက်မှာလည်း အလွန်တရာ အစွမ်းထက်ပြီး လေးလံလှကာ ညသခင် ကိုယ်တိုင်၏ တိုက်ခိုက်မှုထက် လျော့နည်းဟန် မတူချေ။

သို့သော် ၎င်းသည် လူသားအရေခွံ တစ်ခု သက်သက်သာ ဖြစ်ကြောင်း ဆုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

ယခင်က ညသခင် အသုံးပြုခဲ့သော အရိပ်မိစ္ဆာပညာ ထက် ၎င်း အသုံးပြုနိုင်သော အတွင်းအား မှာ အဆပေါင်းများစွာ သာလွန်နေခြင်းသာ ဖြစ်သည်။

သို့သော် ဤမျှနှင့် မပြီးသေးချေ။

ရုတ်တရက် ညသခင် ၏ နောက်ကျောမှ နောက်ထပ် အရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့၏။

စုစုပေါင်း ခြောက်ခု တိတိ ဖြစ်သည်။

လက်သီးဖြင့် ထိုးနှက်သူက ထိုးနှက်၊ လက်ညှိုးဖြင့် ထိုးဖောက်သူက ထိုးဖောက်ဖြင့် အားလုံးက ဆုမို ထံသို့ တစ်ဟုန်ထိုး တိုက်ခိုက်လာကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ ဆုမို သည်လည်း အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး နောက်တစ်ခဏတွင် သူ၏ ပတ်လည်ရှိ ရွှေခေါင်းလောင်းကြီး မှာ ပိုမို ခိုင်မာ တောင့်တင်းလာတော့၏။

ဤ ပေါင်းစပ်လာသော အရိပ်များက လက်သီးများ၊ လက်ဝါးများဖြင့် မည်မျှပင် ပြင်းထန်စွာ တိုက်ခိုက်စေကာမူ ဆုမို အား ဆံချည် တစ်မျှင်စာမျှပင် ဒုက္ခမပေးနိုင်ခဲ့ချေ။

"အော်... ဒါက ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း ဆိုတာလား"

ဆုမို သည် ညသခင် ကို မော့ကြည့်လိုက်သည်။

ဤအခိုက်အတန့်၌ ညသခင် သည် မည်သည့် စီနီယာ အသွင်အပြင်ကိုမျှ မထိန်းသိမ်းနိုင်တော့ဘဲ ဓားသွားအလား ထက်မြက်သော သူ၏ နှုတ်ခမ်းများ ပွင့်ဟသွားပြီး ကျယ်လောင်စွာ ဟစ်အော်လိုက်တော့၏။

"သေစမ်း"

ထိုစကားလုံး အဆုံးတွင်.. ကြောက်မက်ဖွယ် ကောင်းလှသော အတွင်းအား လှိုင်းလုံးကြီး တစ်ခု ရုတ်တရက် သူ့ထံသို့ ဖိချိတ် ဝင်ရောက်လာတော့သည်။

ယခုအချိန်အထိ ညသခင် သည် သူ၏ အစွမ်းအစ အပြည့်အဝကို ထုတ်မသုံးသေးကြောင်း ထင်ရှားလှ၏။

လင်းယုန်ငှက် ပင်လျှင် ယုန်ငယ်လေးကို ဖမ်းရာတွင် အစွမ်းကုန် အသုံးပြုတတ်သည် ဟု ဆိုရိုးစကား ရှိသော်ငြားလည်း သိုင်းလောကသားများမှာမူ တစ်ဦးထက်တစ်ဦး ပိုမို ပါးရည်နပ်ရည် ရှိကြသည်။

ပြိုင်ဘက်၏ အခြေခံ အစွမ်းအစကို နားမလည်မီ အစွမ်းအစ အပြည့်အဝကို ရမ်းသမ်း အသုံးပြုလိုက်ပါက ရလဒ်မှာ လှပမည် မဟုတ်ချေ။

ဆုမို သည် ယခုလေးတင် ဤနည်းဗျူဟာကို အသုံးပြု၍ ညသခင် ကို လှည့်စားခဲ့ပြီး သူ၌ နည်းလမ်း ကုန်သွားပြီဟု ညသခင် ကို ထင်မှတ်စေခဲ့သော်လည်း တကယ်တမ်းတွင်မူ ၎င်းမှာ ကြီးမားသော ချုံခိုတိုက်ခိုက်မှုကြီး တစ်ခု ဖြစ်နေခဲ့၏။

တကယ်တမ်း ဆိုရလျှင် အလွယ်တကူ ယုံကြည်တတ်သော ညသခင် ကိုလည်း အပြစ်တင်၍ မရနိုင်ချေ။

မည်သို့ပင်ဆိုစေ ယုတ္တိဗေဒ အရ တွေးကြည့်မည် ဆိုပါက ဆုမို သည် မိခင်ဝမ်းဗိုက် ထဲကတည်းက သိုင်းပညာကို စတင် သင်ယူခဲ့သည် ဆိုဦးတော့.. လက်ဝါးတစ်ချက်တည်းဖြင့် ဤမျှလောက် စွမ်းအားမျိုး ရရှိရန်မှာ အဆက်မပြတ် ရရှိလာသော ထူးကဲသည့် ကံတရားများကြောင့်သာ ဖြစ်နိုင်ပေလိမ့်မည်။

'မင်းလို ကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နေရတာလဲ။ မဖြစ်နိုင်ဘူး'

ညသခင် က သူ့ကိုယ်သူ ငြင်းဆန်နေဆဲပင်။

ဆုမို၏ ကိုယ်ပေါ်တွင် အရာအားလုံးထက် သာလွန်သော ‘စနစ်’ တစ်ခု ရှိနေသေးကြောင်းကို ဘယ်သူကများ ထင်မှတ်ထားခဲ့မည်နည်း။

--

All Chapters