အခန်း ၅၄၈
Vol. 37 Ch. 548
အခန်း (၅၄၈) - လိုက်လံ သတ်ဖြတ်ခြင်း (အပိုင်း ၂)
အမျိုးအမည် မသိနိုင်သော ပြိုင်ဘက်ကင်း သိုင်းပညာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်ကို ထားလိုက်ပါတော့။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် သာမန်လူတို့ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် အစွမ်းထက်လှသော သိုင်းပညာများကို သူက မည်သို့များ ပိုင်ဆိုင်ထားရသနည်း။
ပါးရည်နပ်ရည်ရှိပြီး အကွက်ချ ကြံစည်ရာတွင် ကျွမ်းကျင်လှသော ညသခင် ပင်လျှင် ဆုမို နှင့် အတွင်းအား ချင်း ယှဉ်ပြိုင်ရမည် ဟူသော လုံးဝ မမျှော်လင့်ထားသည့် အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်လိုက်ရသောအခါ သတိလက်လွတ် ဖြစ်သွားခဲ့ရသည်။
ယခုအခါ ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း မှ နည်းစနစ်များ အားလုံးကို ထုတ်ဖော် ပြသလိုက်ပြီ ဖြစ်ရာ သူသည် အခြား ကိစ္စရပ်များကို ထည့်သွင်း စဉ်းစားနေရန် အချိန်မရှိတော့ချေ။
သူ၏ အစွမ်းအစ အပြည့်အဝကို ဆုမို အား ပြသပေးရန်သာ သူ ဆန္ဒရှိတော့၏။
'မင်းလို ကောင်လေးက ငါ့ကို အံတုရဲတယ်ပေါ့လေ။ ငါ့ရဲ့ တကယ့် အစွမ်းကို ပြရတာပေါ့'
ညသခင် က ဒေါသတကြီး ကြိတ်တွေးလိုက်၏။
သို့သော် ထို နက်ရှိုင်းလှသော အတွင်းအား လှိုင်းလုံးကြီးကို ရှေ့သို့ တွန်းထုတ်လိုက်ချိန်တွင်... ၎င်းသည် သူတို့ နှစ်ဦး၏ အားပြိုင်မှု အလယ်ဗဟို၌ တုံ့ခနဲ ရပ်တန့်သွားတော့သည်။
ဆုမို သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော် သိုင်းလောက ထဲကို စတင် ဝင်ရောက်လာကတည်းက ကျွန်တော်နဲ့ ဒီလိုမျိုး ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်တာ ညသခင်.. ခင်ဗျား ပထမဆုံးပဲ"
“ဝေါင်း”
နောက်တစ်ခဏတွင်... နဂါးဟောက်သံကြီး တစ်ခု ဆုမို ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။
သူ၏ ကိုယ်ပေါ်ရှိ ရွှေခေါင်းလောင်းကြီး ၏ အရိပ်သည် အဆက်မပြတ် တုန်ခါသွားပြီး နဂါး ပုံသဏ္ဌာန် ချီ စွမ်းအင် အချို့သည် သူ၏ နောက်ကျောမှ ဝုန်းခနဲ ပျံတက်လာကာ ခရမ်းရောင် အလင်းတန်းများဖြင့် စူးရှစွာ တောက်ပနေသည်။
ဤစွမ်းအားများက သူ့ကို လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် ဆုမို ၏ ခြေအောက်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သော တုန်ခါမှုကြီး ထွက်ပေါ်လာတော့၏။
ကြေမွ ပျက်စီးသွားသော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော သူ၏ သိုင်းပညာများသည်၊ ယနေ့မှသာ ၎င်းတို့၏ တကယ့် ပုံစံအစစ်အမှန်ကို အနည်းငယ် ထုတ်ဖော် ပြသလိုက်ခြင်း ပင်။
ဖုန်မှုန့်များ လေထဲသို့ လွင့်စင်သွားပြီး ပတ်ဝန်းကျင်တွင် စုပုံနေသော အရိုးများမှာ မျက်တောင်တစ်ခတ်အတွင်း ဖရိုဖရဲ လွင့်မျောသွားကြ၏။
အတွင်းအား များ လှည့်ပတ်သွားသည်နှင့် တစ်ပြိုင်နက် ညသခင် သည် သူ၏ ကိုယ်ပိုင် အတွင်းအား များ ပြိုင်ဘက်ထံမှ ပြန်လည် ကန်ထွက်လာသည်ကို ခံစားလိုက်ရရုံသာမက သူ၏ သွေးကြောစီးဆင်းမှု လမ်းကြောင်း တစ်လျှောက် ပြောင်းပြန် ဆန်တက်လာသည်ကိုပါ တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။
'ဘာ... ဘာဖြစ်သွားတာလဲ။ ငါ့ရဲ့ အတွင်းအား တွေက ငါ့ကို ပြန်တိုက်ခိုက်နေတာလား'
ညသခင် ၏ ရင်တွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
သူ၏ လက်မောင်းပေါ်ရှိ အင်္ကျီလက်များမှာ အစိတ်စိတ်အမွှာမွှာ စုတ်ပြဲသွားပြီး နောက်တစ်ခဏတွင် သူ၏ လက်မောင်းများက ဆက်လက်၍ ကြံ့ကြံ့ခံနိုင်စွမ်း မရှိတော့ချေ။
သူသည် လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကားလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ဘဲ ဆုမို အား အတင်းအကြပ် ထိုးဖောက် ဝင်ရောက်ခွင့် ပြုလိုက်ရတော့၏။ မိုးခြိမ်းသံအလား ကျယ်လောင်သော အသံကြီးနှင့်အတူ...
ဆုမို ၏ လက်ဝါးနှစ်ချက် သည် လေဟာနယ်ကို ခွင်းလျက် ညသခင် ၏ ဝမ်းဗိုက်နှင့် ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ရိုက်ချလိုက်တော့သည်။
ဆုတ်ဖြဲခံလိုက်ရသော အသံကြီး တစ်ခု ပဲ့တင်ထပ်သွားပြီး ဆုမို သည် ညသခင် ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ဖောက်ထွင်း ဖြတ်သန်းသွားသည်။
သို့သော် နောက်သို့ လှည့်ကြည့်လိုက်သောအခါ... မြေပြင်ပေါ်သို့ လဲကျသွားသော လူသားအရေခွံ နှစ်ခုကိုသာ သူ တွေ့လိုက်ရ၏။
"ဟင်..."
'အရေခွံ လဲသွားတာလား။ တကယ့်ကို ကောက်ကျစ်တဲ့ လူပဲ'
ဆုမို မျက်မှောင်ကြုတ်လိုက်၏။
ဆုမို ရုတ်တရက် မော့ကြည့်လိုက်ရာ သူ ဝင်လာခဲ့သော တံခါးဝ အတွင်းသို့ အရိပ်တစ်ခု ရောနှော ဝင်ရောက်သွားပြီး အလင်းတန်း တစ်ခုအလား လှေကားထစ်များပေါ်သို့ လျင်မြန်စွာ ပြေးတက်သွားသည်ကို တွေ့လိုက်ရသည်။
“ခင်ဗျားကို ဒီတိုင်း ထွက်ပြေးခွင့် ပြုလိုက်ရမလား”
ဇီယန်ဂိုဏ်း အတွင်း၌ လီကျန်းယွမ် နှင့်အတူ လျှို့ဝှက် ဆွေးနွေးခဲ့ကြကတည်းက ညသခင် ၏ တကယ့် ပစ်မှတ်မှာ ချီမေတောအုပ် ဖြစ်လာနိုင်ကြောင်း သူတို့ သိထားခဲ့ကြ၏။
ဝမ်လျန် အိမ်တော် အတွင်းရှိ အခြေအနေများကို စိတ်ဝင်စားသည့်အပြင် တုန်းချန်နယ်မြေ တွင် မုန်တိုင်းများ ဖန်တီးနေသော ညသခင် ကိုပါ ဖမ်းဆီးရန် ဆုမို ရည်ရွယ်ထားခဲ့သည်။
ထို့ကြောင့် လီကျန်းယွမ် က ဆုမို အား လက်ဝါးတစ်ချက် ပေးပို့ရန် တောင်းဆိုခဲ့သည့် အဖြစ်အပျက် ပေါ်ပေါက်လာခဲ့ခြင်း ပင်။
သို့သော် ဇီယန်နတ်ဘုရား လက်ဝါး မှာ အလွန်တရာ ဆန်းကြယ်လွန်းလှပြီး အကယ်၍ ညသခင် သာ ထိုလက်ဝါးချက်ကို အပြည့်အဝ ခံလိုက်ရပါက ပွဲချင်းပြီး မသေလျှင်တောင်မှ သူ၏ သွေးကြောများ အားလုံး အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားမည်မှာ သေချာလှ၏။
သို့သော် ယခုလို အရေးကြီးသည့် အလှည့်အပြောင်းမှာ ပြိုင်ဘက်က အရိပ်ကို ခွဲထုတ်သော နည်းစနစ်မျိုးကို သုံးပြီး သူ၏ လက်ဝါးအောက်မှ လွတ်မြောက်သွားနိုင်လိမ့်မည်ဟု ဘယ်သူကများ ကြိုတင် ခန့်မှန်းထားနိုင်မည်လဲ။
ချက်ချင်းပင် ဆုမိုသည် မည်သည့် တွေးတောမှုမျှ မရှိတော့ဘဲ သူ၏ ခန္ဓာကိုယ်မှာ လေပြင်းမုန်တိုင်း အလား လျင်မြန်စွာဖြင့် လှေကားထစ်များပေါ်သို့ လိုက်လံ ဖမ်းဆီးတော့၏။
ညသခင် ၏ ကိုယ်ဖော့ပညာ မှာ ယခုခေတ်ကာလတွင် ပြိုင်ဘက်ကင်းလှပြီး အလွန်တရာ အားကြီးသော ပြိုင်ဘက်က အနောက်မှ ဖိကပ် လိုက်လာသဖြင့် သူသည် ခဏလေးမျှပင် မရပ်နားရဲတော့ချေ။
သူတို့ နှစ်ဦးသား၊ တစ်ယောက်က အရှေ့မှ တစ်ယောက်က အနောက်မှ လေပြင်းများအလား လျင်မြန်စွာ ရွေ့လျားနေကြသည်။
အောက်သို့ ဆင်းလာစဉ်က အချိန်အတန်ကြာ ယူခဲ့ရသော်လည်း ယခု အပေါ်သို့ ပြေးတက်နေကြချိန်တွင်မူ မျက်တောင်တစ်ခတ်အတွင်း အဆုံးသတ်သို့ ရောက်ရှိသွားကြတော့၏။
ဤနေရာနှင့် ပတ်သက်၍ ညသခင် ၏ သိကျွမ်းမှုမှာ ဆုမို ထက် သာလွန်ကြောင်း ထင်ရှားလှသည်။
ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အရိပ်နှစ်ခု ကွဲထွက်သွားတော့၏။
တစ်ချိန်တည်းမှာပင် ယန္တရား ကို အသက်သွင်းလိုက်ရာ ဂီယာများ ချိတ်ဆက် လည်ပတ်သွားသော အသံများ ထွက်ပေါ်လာပြီး လှေကား တစ်ခုလုံး အပေါ်သို့ စတင် မြင့်တက်လာသည်။
သို့သော် နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ ရင်တွင်း၌ ကြက်သီးထမတတ် တုန်လှုပ်သွားရ၏။
ဤအရိပ်နှစ်ခုကို ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း မှ ဆန်းကြယ်လှသော သိုင်းပညာကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်ပြီး ၎င်းတို့ တစ်ခုစီ၏ စွမ်းအားမှာ သူ၏ တကယ့် အစွမ်းအစထက် တစ်ဆင့်သာ နိမ့်ကျသည်။
လောလောဆယ်တွင် ၎င်းတို့သည် ဆုမို အား လက်ဝါး အနည်းငယ် ဖလှယ်ရုံမျှသာ ဟန့်တားထားနိုင်စွမ်း ရှိပေလိမ့်မည်။
ထို့ပြင် ဆုမို က ထိုအရိပ်တွေကို ချက်ချင်းပင် အပိုင်းပိုင်း အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုက်လေသည်။
ဤအရိပ်နှစ်ခုတွင် အသုံးပြုထားသော လူသားအရေခွံ များမှာ သာမန် မဟုတ်ချေ။
တစ်ခုမှာ ကောင်းကင်ဗုဒ္ဓ ကျောင်းတော် မှ လာခြင်း ဖြစ်၏။
ကောင်းကင်ဗုဒ္ဓ ကျောင်းတော် မှ ဆရာတော်ကြီးများသည် ‘ကောင်းကင်ဗုဒ္ဓ ရွှေခန္ဓာ ကျင့်စဉ်' အမည်ရသော ပြိုင်ဘက်ကင်း သိုင်းပညာ တစ်ရပ်ကို ပိုင်ဆိုင်ထားကြသည်။
အပြည့်အဝ တတ်မြောက်သွားပါက ဗုဒ္ဓ ၏ ရွှေခန္ဓာအလား မခွင်းနိုင်သော အစွမ်းကို ရရှိစေ၏။
သို့သော် ရှေးယခင် ကတည်းက ၎င်းကို အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်သူမှာ အလွန်တရာ ရှားပါးလှ၏။
ဤ အရေခွံ၏ မူလ ပိုင်ရှင်မှာ ထိုသိုင်းပညာကို သတ္တမမြောက် အဆင့်အထိ ကျင့်ကြံထားနိုင်သော ပညာရှင် တစ်ဦး ပင်။
ထိုကဲ့သို့သော လူသားအရေခွံ မျိုးမှာ လောကတွင် အမှန်တကယ် ရှားပါးလှသည်။
အခြား တစ်ခုမှာမူ ထူးဆန်းသော ဇာစ်မြစ် ရှိပြီး ငါးတစ်ကောင်အလား ချော်ကျိသော သိုင်းပညာကို ကျင့်ကြံထားသူ ဖြစ်၏။
ဖမ်းဆုပ်ရန် အလွန် ခက်ခဲပြီး ချောကျိကျိ နိုင်လှသဖြင့် ညသခင် ပင်လျှင် ဤလူကို ဖမ်းဆီးရန် အားထုတ်မှု အတော်များများ ပြုလုပ်ခဲ့ရသည်။
လျှို့ဝှက် နည်းစနစ်များကို အသုံးပြုကာ သူသည် ဤအရေခွံ နှစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းတို့၏ ပင်ကို စွမ်းရည်များကို အပြစ်ဆိုစရာ မရှိလောက်အောင် အပြည့်အဝ ထိန်းသိမ်းထားနိုင်ခဲ့၏။
သို့တိုင်အောင် ၎င်းတို့သည် ဆုမို ၏ ပြိုင်ဘက် လုံးဝ မဖြစ်ခဲ့ချေ။
သူ၏ လက်ချက်ဖြင့် ပေါ့ပေါ့ပါးပါး ဆုတ်ဖြဲခံလိုက်ရပြီး အပိုင်းအစများအဖြစ် မြေပြင်ပေါ်သို့ ပြန့်ကျဲ ကျဆင်းသွားတော့သည်။
ထိုအခိုက်အတန့်၌ ညသခင် သည် ကြောက်မက်ဖွယ် ကောင်းလှသော ပြိုင်ဘက် တစ်ဦး၏ လက်ချက်ဖြင့် လမ်းဆုံးသို့ တွန်းပို့ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ရင်ထဲတွင် ဤအခြေအနေကို အနည်းငယ် ရယ်စရာကောင်းသည်ဟုပင် ခံစားလိုက်ရ၏။
'ငါက မိစ္ဆာလမ်းစဉ် ရဲ့ နာမည်ကျော် ပညာရှင်ကြီး တစ်ယောက်လေ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် လုံးလုံး သိုင်းလောက တစ်ခုလုံးကို လွှမ်းမိုးထားခဲ့တာ... ငါ့ကို ဘယ်သူကများ ရင်ဆိုင်ရဲလို့လဲ။ အခုတော့ ဇီယန်ဂိုဏ်း က တပည့်လေး တစ်ယောက်ရဲ့ အသည်းအသန် လိုက်လံ သတ်ဖြတ်တာကို ခံနေရတယ်... ကောင်းကင်ကို တက်ဖို့ လမ်းမရှိ၊ မြေကြီးထဲ ဝင်ဖို့ တံခါးမရှိ ဖြစ်နေပြီ။ ဒါက ဘယ်လို ယုတ္တိမျိုးလဲ'
ဆုမို သည် ရန်လိုသော အဟုန်ဖြင့် ထပ်မံ ချဉ်းကပ်လာသည်ကို မြင်သောအခါ ညသခင် သည် သွားကို တင်းတင်းကြိတ်လိုက်ပြီး သူ၏ ခြေအောက်မှ အရိပ်နှစ်ခုကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် သူသည် ရန်သူကို သတ်ဖြတ်ရန် မရည်ရွယ်တော့ဘဲ ဆုမို ကို ခေတ္တမျှ ဟန့်တားထားနိုင်ရန်သာ ရည်ရွယ်တော့၏။
သို့သော် ဆုမို သည် ဘယ်လို လူစားမျိုးနည်း။
အရိပ်နှစ်ခု လက်ဆန့်တန်းလာသည်နှင့် တစ်ပြိုင်နက် ညသခင် ၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း ဖောက်ထွင်း သိမြင်သွားပြီး ညသခင် ၏ အကြံအစည်များကို အောင်မြင်ခွင့် လုံးဝ မပေးတော့ချေ။
လှုပ်ရှားမှု လျှပ်တစ်ပြက်လေး အတွင်းမှာပင် သူသည် အရိပ်နှစ်ခု ကြားမှ ဖောက်ထွက်သွားခဲ့တော့၏။
ထိုအရိပ်များက ဆုမို ၏ ခြေကျင်းဝတ်များကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်ကြသော်လည်း ခြေတစ်ချက် ကန်လိုက်ရုံဖြင့် အဝေးသို့ လွင့်စင်သွားကြတော့၏။
နောက်တစ်ခဏတွင်... ဆုမို ၏ ဇီယန် နတ်ဘုရား လက်ဝါး သည် ညသခင် ၏ အနီးသို့ ရောက်ရှိနေချေပြီ။
"ငါက မင်းကို တကယ်ပဲ ကြောက်နေတယ်လို့ ထင်နေတာလား”
--