← Chapters

အခန်း ၅၄၉

Vol. 37 Ch. 549

အခန်း ၅၄၉

Vol. 37 Ch. 549

အခန်း (၅၄၉) - လိုက်လံ သတ်ဖြတ်ခြင်း (အပိုင်း ၃)

သို့သော် ထောင့်အကွေ့ တစ်ခုတွင် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ လူရိပ်သည် အမှောင်ထုထဲသို့ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

ဆုမို မှာ မှင်သက်အံ့ဩသွားရသည်။

“ခင်ဗျားက တကယ် မကြောက်ဘူး ဆို...”

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူသည် ခြေလှမ်းများကို တုံ့ခနဲ ရပ်တန့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ခရမ်းရောင် အလင်းတန်းများ ရုတ်ချည်း ပေါက်ကွဲထွက်လာတော့၏။

'အမှောင်ကို အသုံးချပြီး ထွက်ပြေးချင်တာလား။ ငါ့ရဲ့ ယန်ချီ တွေက မင်းရဲ့ အမှောင်ထုကို လောင်ကျွမ်းပစ်မယ်'

ဆုမို က ရင်ထဲမှ ကြုံးဝါးလိုက်၏။

ညသခင် ၏ ‘အလင်းကို စွန့်ခွာ၍ အမှောင်သို့ ဝင်ရောက်ခြင်း’ သိုင်းကွက်သည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော အမှောင်ထု အပေါ်တွင် လုံးဝ မှီခိုနေရခြင်း ပင်။

ဆုမို သည် သူ၏ သန့်စင်လှသော ယန်အတွင်းအား များကို အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်ရာ မည်းနက်နေသော စင်္ကြံလမ်းလေးမှာ ရုတ်တရက် ခရမ်းရောင် နေမင်းကြီး တစ်စင်း ထပ်မံ ပေါ်ပေါက်လာသည့်အလား လင်းထိန်သွားလေတော့သည်။

ဤအခြေအနေက ညသခင် အား ချက်ချင်းပင် ပုန်းအောင်းစရာ နေရာမရှိအောင် ဖန်တီးပေးလိုက်၏။

သူသည် ရှေ့သို့ တစ်ဟုန်ထိုး ခုန်ပျံသွားပြီး ဆုမို ဆီသို့ တည့်တည့်မတ်မတ် လက်ဝါးတစ်ချက် ရိုက်ချလာတော့သည်။

“လာစမ်းပါ”

ဆုမို က သူ့ကို ကြောက်နေလိမ့်မည်ဟု ထင်နေသလော။

သို့သော် ဤ အကဲစမ်းသည့် လက်ဝါးရိုက်ချက်များ ကြားတွင်.. ဆုမို အသုံးပြုလိုက်သော သိုင်းကွက်မှာ ‘မဟာနေမင်း ဖြန့်ကျက် လက်ဝါး’ ပင် ဖြစ်သည်။

'မင်းက ထွက်ပြေးဖို့ပဲ စိတ်ကူးနေတာမလား။ ငါ့ရဲ့ ဒီလက်ကွက်တွေက မင်းကို အသေအချာ ဖမ်းချုပ်ထားလိမ့်မယ်' ဆုမို က တွက်ဆထားလိုက်၏။

မဟာနေမင်း ဖြန့်ကျက် လက်ဝါးသည် အပေါ်ယံ ကြည့်လျှင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပြီး တင်းကျပ်စွာ ပိတ်ဆို့ထားသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင်မူ တုံးအဟန်ဆောင်ကာ ဉာဏ်ပညာကို ဖုံးကွယ်ထားခြင်း ပင်။

ညသခင် သည် လွတ်မြောက်ရေး တစ်ခုတည်းကိုသာ အာရုံစိုက်နေရာ ဆုမို နှင့် မည်သို့များ အသေအလဲ ရင်ဆိုင် တိုက်ခိုက်နိုင်ပါမည်နည်း။

ဆုမို ကိုယ်တိုင်လည်း ဤအချက်ကို ကောင်းစွာ သဘောပေါက်ထားသည်။ အကယ်၍ သူသာ ‘ဇီယန် နတ်ဘုရား လက်ဝါး’ သို့မဟုတ် ‘နေမင်း သုံးစင်း နှလုံး ကြေမွလက်ဝါး’ ကဲ့သို့သော သိုင်းကွက်များကို အမှန်တကယ် အသုံးပြုခဲ့မည် ဆိုပါက သိုင်းကွက် အနည်းငယ် အတွင်း၌ အချိန်ဆွဲခံရမည်မှာ သေချာပြီး အဆုံးသတ်တွင် ညသခင် မှာ လွတ်မြောက်သွားမည်။

ထိုအစား ‘မဟာနေမင်း ဖြန့်ကျက် လက်ဝါး’ ၏ တစ်ခုနှင့်တစ်ခု ဆက်စပ် ယှက်နွှယ်နေသော သိုင်းကွက်များကို အသုံးပြုခြင်းက ညသခင် အား လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်အောင် ဖန်တီးပေးလိုက်ခြင်း ပင်။

သို့သော် ဆုမို သည် ညသခင် ၏ သိုင်းပညာကို အနည်းငယ် အထင်သေးမိသွားခဲ့သည်။

သူသည် ‘ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း’ ကို မှီခိုထားပြီး ဆုမို ထက် တစ်ဆင့်ခန့်သာ နိမ့်ကျသော အတွင်းအား ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

ထို့ပြင် သိုင်းကွက်များ၏ သိမ်မွေ့ နက်နဲမှုများနှင့် ပတ်သက်လာလျှင် သူသည် လောကတွင် လက်ချိုးရေတွက်၍ ရနိုင်သော အထွတ်အထိပ် ပညာရှင်ကြီးများထဲမှ တစ်ဦး ဖြစ်သည်။

လက်ဝါးချင်း အားပြိုင်မှုများ ကြားတွင်.. သူ၏ ပါးနပ်မှုနှင့် အခြေအနေ အရပ်ရပ်အပေါ် တုံ့ပြန်နိုင်စွမ်းမှာ အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံလှ၏။ ဆုမို သည် ဇီယန် နတ်ဘုရား လက်ဝါး ကို လက်လျှော့လိုက်ကြောင်း မြင်သည်နှင့် တစ်ပြိုင်နက် သူသည် သူ၏ လက်ဝါးကို ချက်ချင်းပင် လက်သည်းကုတ်သည့် ဟန်သို့ ပြောင်းလဲလိုက်တော့သည်။

လက်ချောင်းများကို တစ်ချက် ခတ်လိုက်သည်နှင့် အလွှာလိုက် ထူထပ်နေသော အမှောင်စွမ်းအင်များ ဖြာထွက်သွားပြီး လက်တစ်ချက် ဆုပ်ကိုင်လိုက်ရုံဖြင့် အချိန်တိုလေး အတွင်းမှာပင် ဆုမို ၏ အပြောင်းအလဲပေါင်း ဒါဇင်ချီကို အလွယ်တကူ ချေဖျက်ပစ်လိုက်၏။

ဤနေရာရှိ စင်္ကြံလမ်းမှာ အလွန်တရာ ကျဉ်းမြောင်းလှသဖြင့် သူတို့၏ သိုင်းကွက်များ အပြည့်အဝ ထုတ်ဖော်နိုင်စွမ်းကို များစွာ ကန့်သတ်ထားသည်။

ယခု ဤ ကျဉ်းမြောင်းသော နေရာလေး အတွင်းတွင်.. သူတို့ နှစ်ဦးစလုံးသည် မိမိတို့ တတ်မြောက်ထားသမျှသော သိုင်းပညာများကို အစွမ်းကုန် ထုတ်ဖော် ပြသနေကြပြီး သိုင်းကွက် တိုင်းသည် ပြောင်မြောက်လှသော အစွမ်းအစများကို အသီးသီး သက်သေပြနေကြ၏။

သို့သော် ဤသို့သော အားပြိုင်မှုမျိုးက ညသခင် အတွက် အခြေအနေ ဆိုးဝါးစေသည်။

သူ၏ သိုင်းပညာဖြင့်ဆိုလျှင် မျက်နှာချင်းဆိုင် ထိပ်တိုက် ရင်ဆိုင်ရမည် ဆိုပါက သူသည် ဆုမို ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။

ယခုအခါ ဆုမို ၏ သိုင်းကွက် တိုင်းကို မလွှဲမရှောင်သာ တန်ပြန် ခုခံနေရပြီး လက်ဝါးချင်း ထိတွေ့သွားတိုင်း ဆုမို ၏ သန့်စင်လှသော ယန်အတွင်းအား ၏ ပူပြင်းလောင်ကျွမ်းနေသော ဒဏ်ကို ပြင်းထန်စွာ ခံစားနေရတော့၏။

ထို့မျှမကသေး... ဆုမို ၏ ခန္ဓာကိုယ်မှာ သံမဏိအလား မာကျော တောင့်တင်းနေ၏။

မဟာနေမင်း ဖြန့်ကျက် လက်ဝါး သည် ညသခင် ၏ အမြင်တွင် အသေးအမွှား လှည့်ကွက်များမျှသာ ဖြစ်ကောင်း ဖြစ်နိုင်သော်ငြားလည်း ဆုမို ကိုယ်တိုင် ထုတ်ဖော် အသုံးပြုလိုက်သော အခါတွင်မူ အလွန်တရာ အင်အားကြီးမားပြီး ဖိအားပေးနိုင်စွမ်း ရှိသည်။

ညသခင် သည် ဆုမို ၏ အားနည်းချက်ကို မြင်တွေ့၍ ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့သော အကြိမ်များတွင်ပင် တိုက်ခိုက်မှု အောင်မြင်ပြီးနောက် တန်ပြန် သက်ရောက်လာသော စွမ်းအားကြောင့် သူ၏ လက်ချောင်းများ အနည်းငယ် နာကျင်သွားခြင်းမှ လွဲ၍ ဆုမို အား ခြစ်ရာလေး တစ်ချက်မျှပင် ရအောင် မလုပ်နိုင်ခဲ့ချေ။

'ဒီကောင်က ဘယ်လို သံမဏိ ကိုယ်ထည်မျိုးကို ပိုင်ဆိုင်ထားတာလဲ။ ငါ့ရဲ့ တိုက်ခိုက်မှုတွေက သူ့အတွက် ယားတောင် မယားဘူး ဖြစ်နေတယ်'

ညသခင် သည် သေဆုံးခါနီးတွင် ယူချွမ်ဂိုဏ်းချုပ် ခံစားခဲ့ရသော အကူအညီမဲ့မှုမျိုးကို အတိအကျ ခံစားလိုက်ရသည်။

ဘယ်လို... ဘယ်လို လုပ်ပြီး ဒီကောင့်ကို အနိုင်ယူရမှာလဲ။

သတိလက်လွတ် ဖြစ်သွားသော မျက်တောင်တစ်ခတ်လေး အတွင်းမှာပင် ဆုမို ၏ လက်သည်းကုတ်ချက် သည် ညသခင် ၏ လက်မောင်း ကာကွယ်မှုများကို ဖောက်ထွင်းသွားပြီး သူ၏ လည်ပင်းဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်လာတော့၏။

သေချာပေါက် ဖမ်းဆုပ်မိတော့မည်ဟု ထင်ရသော အခိုက်အတန့်လေး တွင်... သူတို့ နှစ်ဦးစလုံးသည် ခြေအောက်မှ တုန်ခါမှုကြီး တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

လှေကားထစ်များမှာ အပေါ်ဆုံး ထပ်သို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

နှစ်ခါ ပြန်မတွေးတော့ဘဲ ညသခင် သည် သူ၏ ခြေအောက်မှနေ၍ အရိပ် တစ်ခုကို လျှပ်တစ်ပြက် ဖန်တီး ပစ်လွှတ်လိုက်ရာ ဆုမို ၏ ဖမ်းဆုပ်ချက်မှာ ထိုအရိပ်ကိုသာ ဖောက်ထွင်းသွားသည်။

တစ်ချိန်တည်းမှာပင် ညသခင် အစစ်မှာ ခန်းမဆောင် ဆီသို့ ဝုန်းခနဲ ခုန်ပျံသွားပြီး မျက်တောင်တစ်ခတ်အတွင်း အတွင်းသို့ ရောက်ရှိသွားတော့၏။

ဆုမို သည် လူသားအရေခွံ ကို လက်တွင် ကိုင်ဆောင်လျက် စင်္ကြံလမ်း အတွင်းမှ ထွက်ပေါ်လာချိန်တွင်... ညသခင် သည် တစ္ဆေတစ်ရာ ရုပ်တု များ၏ အရှေ့တွင် မတ်တတ်ရပ်လျက်၊ သူ့ဘက်သို့ လှည့်ကာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူ၏ လက်များသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ရုပ်တု ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ရိုက်နှိပ်လိုက်တော့၏။

"သောက်ကျိုးနည်း..."

ဆုမို ပင်လျှင် ဤလှုပ်ရှားမှုကို လုံးဝ ကြိုတင် ခန့်မှန်းမထားနိုင်ချေ။

'ဒီကောင်က ငါ့ကို အသေခံ ထောင်ချောက် ထဲ ဆွဲသွင်းသွားတာပဲ။ အရမ်း ပါးနပ်လွန်းတယ်' ဆုမို ကျိန်ဆဲလိုက်မိသည်။

နောက်သို့ ပြန်ကြည့်လိုက်သောအခါ တစ္ဆေတစ်ရာ ရုပ်တု များသည် ရုတ်တရက် လှည့်ပတ်သွားကြသော်လည်း အားလုံးက အရပ်မျက်နှာ တစ်ခုတည်းဆီသို့ ဦးတည်သွားကြခြင်း မဟုတ်ချေ။

ရုပ်တုများ၏ ဦးတည်ရာများမှာ ခန်းမကြီး၏ ထောင့်ပေါင်းစုံကို အပြည့်အဝ လွှမ်းခြုံထားဟန် ရှိ၏။

မကြာမီမှာပင် တဝီဝီ မြည်ဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ရုပ်တုများ၏ ပါးစပ်များ အတွင်းမှနေ၍ သေးသွယ်ပြီး ထက်မြက်လှသော သံမဏိအပ် များသည် မိုးရွာချသကဲ့သို့ တစ်ဟုန်ထိုး ပစ်လွှတ် ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။

တစ္ဆေတစ်ရာ ရုပ်တု ၏ အရှေ့တည့်တည့်တွင် ရပ်နေသော ညသခင် မှာ အဓိက ပစ်မှတ်ကြီး ဖြစ်နေသည်။

သို့သော် သံမဏိအပ် များ တစ်ဟုန်ထိုး ဝင်ရောက်လာချိန်တွင်... သူသည် ထိုနေရာတွင် အရိပ်အယောင်မျှပင် မရှိတော့ချေ။

သူ၏ နေရာတွင် လူသားအရေခွံ တစ်ခုသာ ကျန်ရစ်ခဲ့၏။

ဆုမို သည် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ခေါင်းလောင်းထိုးသံကြီး တစ်ခု သူ၏ ပတ်လည်တွင် ပဲ့တင်ထပ်သွားသည်။ ရွှေခေါင်းလောင်း အကာအကွယ်ကြီး တစ်ခု ဝုန်းခနဲ ကျဆင်းလာပြီး ဝင်ရောက်လာသမျှသော သံမဏိအပ် များကို အပြည့်အဝ ကာကွယ် ပိတ်ဆို့လိုက်တော့၏။

ထို့နောက် သူသည် ခြေတစ်ချက် ဆောင့်ကာ လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး 'ဘုန်း' ခနဲ မြည်သံကြီးနှင့်အတူ အမိုးကို ဖောက်ထွက်ကာ အမှောင်ထု အတွင်းသို့ ဝုန်းခနဲ ခုန်ပျံသွားသည်။

အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ ချီမေတောအုပ် ၏ အရပ်မျက်နှာဆီသို့ ထွက်ပြေးနေသော အနက်ရောင် လူရိပ်တစ်ခုကို သူ တွေ့လိုက်ရ၏။

ယခုအချိန်အထိ အသည်းအသန် လိုက်လံ သတ်ဖြတ်လာခဲ့ပြီးမှ အကယ်၍ ညသခင် သာ ချီမေတောအုပ် အတွင်းသို့ လွတ်မြောက်သွားခဲ့မည် ဆိုပါက ထိုနေရာ၏ မြေမျက်နှာသွင်ပြင်ကို သူ၏ ကျွမ်းကျင်မှုများနှင့် ပေါင်းစပ်လိုက်လျှင်...

ယနေ့တွင် သူ့ကို သတ်ဖြတ်ရန် သို့မဟုတ် ဖမ်းဆီးရန်မှာ ဆုမို အတွက် တကယ့်ကို ခက်ခဲသွားပေလိမ့်မည်။

ချက်ချင်းပင် သူသည် ကျယ်လောင်စွာ ဟစ်အော်လိုက်တော့သည်။

"ညသခင်... သတ္တိရှိရင် ဆက်မပြေးနဲ့ ရပ်လိုက်စမ်း"

ထိုသို့ ပြောဆိုပြီးသည်နှင့် သူသည် လေထဲသို့ ခုန်ပျံလိုက်ရာ ခရမ်းရောင် အလင်းတန်း တစ်ခု လျှပ်တစ်ပြက် တောက်ပသွားပြီး လီကျန်းယွမ် ထံမှ သင်ယူထားခဲ့သော ‘ခရမ်းရောင်ချီ အရှေ့ဘက်မှ လာခြင်း’ သိုင်းကွက်ကို သူ အသုံးပြုလိုက်ကြောင်း ထင်ရှားစွာ ပြသလိုက်၏။

ဤသိုင်းကွက်မှာ ကိုယ်ဖော့ပညာ တစ်ခု ဖြစ်ပြီး ခရီးသွားလာရန်အတွက် ထူးခြားသော အစွမ်းအစများ မပါဝင်ချေ။

သို့သော် ဤအခိုက်အတန့်၊ လေလယ်တွင် ဤ ကိုယ်ဖော့ပညာ ကို အသုံးပြုလိုက်ခြင်းက သူ့ကို အိမ်တော် ၏ ခြံစည်းရိုး နံရံဆီသို့ တည့်တည့်မတ်မတ် ပို့ဆောင်ပေးလိုက်သည်။

နောက်ထပ် ခြေတစ်ချက် ခပ်ဖွဖွ နင်းလိုက်ပြီးနောက် သူသည် နတ်ဘုရားရွှေ့ပြောင်းခြင်း ခြေလှမ်း ကို အသုံးပြုကာ ညသခင် ရှိရာဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့၏။

ဝမ်လျန် အိမ်တော် အတွင်းတွင် ယူချွမ်ဂိုဏ်း ၏ တပည့်များ ကျန်ရှိနေသေးသော်လည်း ဤ ဖရိုဖရဲ အင်အားစုများမှာ ထာဝရညတောင်ကြား မှ လူများ၏ အပြတ်အသတ် ချေမှုန်းမှုကို ခံထားရပြီး ဖြစ်သည်။

ထို့ပြင် ဤနေရာတွင် ထာဝရညတောင်ကြား မှ လူများ သိပ်ပြီး များများစားစား မရှိတော့ချေ။

လူ ဒါဇင် အနည်းငယ်မျှဖြင့် ၎င်းတို့သည် ဝမ်လျန် အိမ်တော် ကို မွှေနှောက် ရှာဖွေနေကြခြင်း ပင်။

ယခု အထက် ကောင်းကင်ယံဆီမှ "ညသခင်... သတ္တိရှိရင် ဆက်မပြေးနဲ့ ရပ်လိုက်စမ်း" ဟူသော ဆုမို ၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ ၎င်းတို့ အားလုံး မှင်သက်အံ့ဩ အံ့အားသင့်သွားကြ၏။

‘ဘယ်သူကများ သေရမှာ မကြောက်ဘဲ ဒီလောက်တောင် ရဲတင်းနေရတာလဲ။ အဲဒီ စကားတွေရဲ့ အဓိပ္ပာယ်က ဘာလဲ။ သခင်ကြီး က ထွက်ပြေးနေရတယ် ဆိုတဲ့ သဘောလား’

သူတို့၏ ရင်ထဲတွင် မယုံကြည်နိုင်စွာ တွေးလိုက်မိကြသည်။

တုန်းဟွမ်နယ်မြေ တစ်ခုလုံးတွင်.. ဂိုဏ်းကြီး ခုနစ်ဂိုဏ်း မှ ဂိုဏ်းချုပ်ကြီးများ ပင်လျှင် ဤသို့သော စကားမျိုးကို မပြောရဲကြချေ။

ပြီးတော့... ဝမ်လျန် အိမ်တော် ထဲမှာ ဘယ်သူကများ ဒီလို လုပ်ရဲမှာလဲ။

သို့သော် မော့ကြည့်လိုက်သောအခါ... ညအမှောင်ထု၏ ဖုံးကွယ်မှုအောက်တွင် ညသခင် တစ်ယောက် အရှက်တကွဲ အကျိုးနည်းဖြင့် အသည်းအသန် ထွက်ပြေးနေရသည်ကို သူတို့ တကယ်ပင် မျက်ဝါးထင်ထင် တွေ့လိုက်ရပြီး တစ်စုံတစ်ယောက်ကလည်း သူ၏ အနောက်မှနေ၍ သည်းကြီးမည်းကြီး လိုက်လံ သတ်ဖြတ်နေကြောင်း တွေ့လိုက်ရတော့၏။

နှစ်ဦးစလုံးမှာ လေထဲတွင် လွင့်မျောနေသော အလင်းတန်းများအလား ရွေ့လျားနေကြပြီး ပြိုင်ဘက်ကင်းလှသော ကိုယ်ဖော့ပညာ များကို အသီးသီး ထုတ်ဖော် ပြသနေကြသည်။

သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် နှစ်ဦးစလုံး သူတို့၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားကြတော့သည်။

ဒါပေမဲ့ အဲဒီ တိုတောင်းလှတဲ့ အခိုက်အတန့်လေး အတွင်းမှာပင် ထိုနေရာရှိ လူတိုင်းသည် ညသခင် ၏ ဖရိုဖရဲ ထွက်ပြေးနေရပုံကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီး

ဆုမို ၏။ မားမားမတ်မတ် လွှမ်းမိုးထားနိုင်စွမ်း ကိုပါ တွေ့မြင်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ခရမ်းရောင် အလင်းတန်းများ လျှပ်တစ်ပြက် တောက်ပနေပြီး ကောင်းကင် တစ်ခုလုံးကို ဝါးမြိုတော့မည့် မိစ္ဆာမီးတောက်များ အလား ပြင်းထန်စွာ လောင်ကျွမ်းနေ၏။

ဒီ မိစ္ဆာကောင် က ဘယ်ကများ ထွက်လာတာလဲ။

ညသခင် ကိုတောင် အသက်လု ထွက်ပြေးရအောင် ဘယ်သူကများ လုပ်နိုင်မှာလဲ။

ထာဝရညတောင်ကြား မှ တပည့်များသည် အမြန် မတ်တတ်ရပ်လိုက်ကြပြီး လိုက်လံ ဖမ်းဆီးမှုတွင် ပါဝင်ကာ ရန်သူကို ဟန့်တားရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် အဝေးဆီမှ ညသခင် ၏ အသံကို သူတို့ ကြားလိုက်ရတော့၏။

"ဒီနေရာကနေ ချက်ချင်း ထွက်သွားကြ... ပြီးတော့ တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု ကိုပါ ပြန်ခေါ်ခဲ့။ မင်းတို့ရဲ့ ပုံစံကို လုံးဝ ထုတ်မပြကြနဲ့"

ယခုအချိန်တွင် ဆုမို ဆိုသည်မှာ မည်သူဖြစ်ကြောင်းကို သူ သဘာဝကျကျပင် သိရှိနေခဲ့ပြီ ဖြစ်သည်။

ဆုမို ဤနေရာသို့ ရောက်နေပြီ ဆိုမှတော့.. ယခင်က အကွက်ချ ကြံစည်ထားခဲ့သမျှသော အစီအစဉ်များ အားလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ပြီ ဖြစ်ကြောင်း သေချာလှ၏။

ဝမ်လျန် အိမ်တော် ကို သိမ်းပိုက်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

ချက်ချင်း ထွက်ခွာသွားခြင်းကသာ အကောင်းဆုံး ပင်။

ထိုစကားများကို ပြောဆိုပြီးနောက် ညသခင်သည် အနောက်သို့ လှည့်ကာ ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်၏။

"မင်းက လျိုယင်မြို့ ရဲ့ ကံကြမ္မာကို တကယ်ပဲ ဂရုမစိုက်တော့ဘူးလားကွ”

--

All Chapters