အခန်း ၅၅၀
Vol. 37 Ch. 550
အခန်း (၅၅၀) - လမ်းမရှည်ပေါ်တွင် ပေကျံသွားသော သွေးများ
ဤနေရာအထိ အပြန်အလှန် လုံးထွေး သတ်ဖြတ်လာခဲ့ပြီးနောက် ဆုမို သည် သူ၏ ကျောဘက်ရှိ ဓားသေတ္တာကြီး နှင့်အတူ ‘ဇီယန် နတ်ဘုရား လက်ဝါး’ ကို ထပ်မံ ထုတ်ဖော် ပြသလိုက်၏။
အလွန်တရာ ပါးရည်နပ်ရည် ရှိလှသော ညသခင် ကို ထားလိုက်ပါတော့.. အနည်းငယ် ဉာဏ်နှေးသော သူတစ်ဦး ပင်လျှင် ယခုအချိန်တွင် ဆုမို ၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာ ကို သေချာပေါက် ရိပ်မိနေလောက်ပြီ ဖြစ်၏။
ထို့ပြင် မြစ်ကြောင်း တစ်လျှောက်ရှိ ညသခင် ၏ ကြိုတင် အကွက်ချထားမှု များမှာလည်း ဆုမို ၏ လက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ရသည် မဟုတ်ပါလော။
‘ကောင်းကင်စမ်းရေ ဓားဆယ့်နှစ်လက်’ ကိစ္စကလည်း ဆုမို နှင့် အမြဲတစေ ယှက်နွှယ်နေပြီး ရှင်းပြ၍ပင် မရနိုင်အောင် ရှုပ်ထွေးနေခဲ့၏။
ယမန်နေ့ညကမှ ကောင်းကင်စမ်းရေ ဓားဆယ့်နှစ်လက် နှင့် ပတ်သက်သော သတင်းစကား တစ်ခုကို သူ လက်ခံရရှိခဲ့ပြီး ထိုသတင်းတွင် ဆုမို သည် ဤကိစ္စနှင့် ပတ်သက်၍ ဘာတစ်ခုကိုမျှ မသိရှိကြောင်း ဆိုထားသည်။
ထိုအခါမှသာ သူသည် စိတ်အေးလက်အေးဖြင့် ချီမေတောအုပ် သို့ လာရောက်ခဲ့ခြင်း ဖြစ်၏။
တကယ်တမ်းတွင်မူ ညသခင် အတွက် ဆုမို သည် ဤကိစ္စကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အရေးမကြီးလှချေ။
ဘယ်လိုပဲဖြစ်ဖြစ်... ဆုမို ဆိုသည့်
သာမန် ဂိုဏ်းသားလေး တစ်ယောက်ကို ညသခင် က ဘယ်တုန်းကများ အရေးတယူ ဂရုစိုက်ခဲ့ဖူးသနည်း။
ပြဿနာမှာ ဆုမို သိသွားသည်နှင့် တစ်ပြိုင်နက် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း ကလည်း သေချာပေါက် သတိထားမိသွားမည် ဖြစ်သည်။
ထိုသို့ဖြစ်လျှင် မိမိ ကြိုးပမ်း အားထုတ်ခဲ့သမျှ အရာအားလုံးက အခြားသူများအတွက် အချောင်သက်သက် လမ်းခင်းပေးလိုက်သလို ဖြစ်သွားနိုင်၏။
သည်အချက်ကိုမူ ညသခင် လုံးဝ လက်မခံနိုင်ချေ။
ထို့ကြောင့် ယမန်နေ့ညက ဤစာကို ရရှိချိန်တွင်.. ညသခင် သည် သူ၏ အစီအစဉ်များ အောင်မြင်သွားပြီဟု ခံစားခဲ့ရသည်။
သို့သော် ယခုတော့... ဆုမို က ဝမ်လျန် အိမ်တော် ထဲမှာ သူ့ကို အသင့် စောင့်နေခဲ့သည်တဲ့လား။
ပို၍ မမျှော်လင့်ထားသည်မှာ ဆုမို ၏ သိုင်းပညာများက ဤမျှ အားကြီးသော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိနေခြင်း ပင်။
'ငါ့ရဲ့ ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း ကို အားကိုးနေရက်နဲ့တောင်... ဒီကောင့်ကို မယှဉ်နိုင်သေးဘူးလား'
ညသခင် ၏ ရင်တွင်း၌ မကျေမနပ် ဒေါသများ ပေါက်ကွဲထွက်နေသည်။
ထို့ကြောင့် သူသည် ချီမေတောအုပ် ကို ပစ်မှတ်ထားနေကြောင်း ဆုမို သိလျက်နှင့် အဘယ်ကြောင့် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း နှင့် ဆက်သွယ်ခြင်း မပြုခဲ့သနည်း ဆိုသည်ကို သူ ကောင်းစွာ သဘောပေါက်သွားတော့၏။
ဆုမို ၏ သိုင်းပညာ အဆင့်အတန်း ဖြင့်ဆိုလျှင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း နှင့် ပူးပေါင်းရန် လုံးဝ မလိုအပ်တော့ချေ။
ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် ချီမေတောအုပ် ရှိ အပြောင်းအလဲများမှာ လုံးဝ ကျရှုံးသွားပြီဟု မှတ်ယူနိုင်သည်။
သို့သော် ညသခင် သည် ကျရှုံးမှုများ အပေါ်တွင် နောင်တရ ပူဆွေးနေတတ်သူမျိုး လုံးဝ မဟုတ်ချေ။
ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရချိန်တွင်.. သူ၏ ပထမဆုံး အတွေးမှာ သူ၏ ကိုယ်ပိုင် အင်အားစုများကို မည်သို့ ကာကွယ်ရမည် နှင့် လွတ်မြောက်ရန် နည်းလမ်းကို မည်သို့ ရှာဖွေရမည် ဟူ၍သာ ဖြစ်သည်။
ထို့ကြောင့် သူသည် ရဲရင့်ပြတ်သားစွာပင် မေးခွန်းထုတ်လိုက်၏။
"မင်းက လျိုယင်မြို့ ရဲ့ အသက်နဲ့ သေခြင်းတရား ကို တကယ်ပဲ ဂရုမစိုက်တော့ဘူးလားကွ"
ဆုမို သည် ဇီယန်ဂိုဏ်း ၏ တပည့်တစ်ဦး ဖြစ်နေသရွေ့၊ လျိုယင်မြို့ အတွင်းရှိ ဇီယန်ဂိုဏ်း တပည့်များ၏ ကံကြမ္မာကို သူ လုံးဝ လျစ်လျူရှုထား၍ မရနိုင်ချေ။
သို့သော် ဆုမို ထံမှ ထွက်ပေါ်လာသော တုံ့ပြန်မှုမှာ စကားလုံးများ မဟုတ်ဘဲ လျှပ်တစ်ပြက် ထွက်ပေါ်လာသော 'လက်ချောင်းခတ် သိုင်းပညာ' ပင် ဖြစ်သည်။
“ဝှစ်..ဝှစ်.. ဝှစ်”
ပြင်းထန်လှသော လေပြင်းများ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ညသခင် သည် ရှောင်တိမ်းရန် အလျင်အမြန် ခုန်ပျံလိုက်ရတော့၏။
ဤအခိုက်အတန့်၌ ဆုမို ၏ အဖြေစကားသည် ညသခင် ၏ နားထဲသို့ ရောက်ရှိလာသည်။
"လျိုယင်မြို့ အတွက်က ကိုယ်ပိုင် စီစဉ်ထားတာတွေ ရှိပြီးသားပါ ညသခင်။ ခင်ဗျား အနေနဲ့ ပူပန်ပေးနေစရာ မလိုပါဘူး... ခင်ဗျားရဲ့ ကိုယ်ပိုင် ခေါင်းအတွက်သာ ခင်ဗျား ပူပန်လိုက်ပါ"
"..."
'မင်းကို သေချာပေါက် သတ်ပစ်မယ်'
ညသခင် သည် အသည်းအသန် ထွက်ပြေးနေရင်းကပင် ရင်တွင်းမှ ကြိတ်၍ အငြိုးတကြီး ကျိန်တွယ်လိုက်၏။
လှုပ်ရှားမှု လျှပ်တစ်ပြက် အတွင်းမှာပင် သူသည် 'အလင်းကို စွန့်ခွာ၍ အမှောင်သို့ ဝင်ရောက်ခြင်း' သိုင်းကွက်ကို ထပ်မံ အသုံးပြုကာ အမှောင်ထု အတွင်းသို့ ဝုန်းခနဲ ပြေးဝင်သွားတော့သည်
ဤနေရာသည် နက်ရှိုင်းသော မြေအောက်လှိုဏ်ဂူ နှင့် မတူဘဲ ကြယ်ရောင်လမင်းရောင် အောက်တွင် အတော်လေး လင်းထိန်နေ၏။
မှောင်မိုက်သော နေရာများတွင်သာ အစွမ်းအစ အပြည့်အဝ ထုတ်ဖော်နိုင်သော ညသခင် ၏ 'ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း' သည် ဤသို့သော အခြေအနေများအောက်တွင် အခြားသူများကို ရင်ဆိုင်ရာ၌ အသုံးဝင်ကောင်း ဝင်နိုင်သော်ငြားလည်း ဆုမို အား ခေတ္တခဏမျှသာ ဟန့်တားထားနိုင်စွမ်း ရှိပေလိမ့်မည်။
သို့သော် ကောင်းသည့် အချက်တစ်ခုမှာ ဤနေရာသည် ကျယ်ဝန်းလွန်းလှပေသည်။ ညသခင် လွတ်မြောက်ရန်အတွက် ထို ခေတ္တခဏ ဆိုသော အချိန်လေးက လုံလောက်လှ၏။
ထို့ပြင် ဆုမို ၏ ဇီယန်ဂိုဏ်း အတွင်းအား များမှာ အလွန်တရာ အစွမ်းထက်လှသည် မှန်သော်ငြားလည်း အဆုံးသတ်တွင်မူ တကယ့် နေမင်းကြီး တော့ မဟုတ်ချေ။
ခရမ်းရောင် အလင်းတန်း ဆိုသည်မှာ အတွင်းအား ၏ ပြင်ပ သရုပ်ဖော်မှု တစ်ခုသာ ဖြစ်ပြီး တကယ်တမ်း အလင်းပေးရန်အတွက် ရည်ရွယ်ထားခြင်း မဟုတ်ပေ။
ဤအခြေအနေများအောက်တွင်.. မြေအောက်လှိုဏ်ဂူ အတွင်းကလောက် ထိရောက်မှု ရှိမည် မဟုတ်သည်မှာ သေချာလှ၏။
ဤသို့ တွေးတောနေစဉ်မှာပင် သူ၏ နှလုံးသားထဲတွင် ရုတ်တရက် အေးစက်သွားရသည်။
ညသခင်သည် အပေါ်သို့ ရုတ်ချည်း ခုန်တက်လိုက်ရာ 'ဘုန်း... ဘုန်း... ဘုန်း...' ဟူသော ဆက်တိုက် မြည်ဟိန်းသံ သုံးချက်ကို ကြားလိုက်ရပြီး သူ၏ နောက်ကျောဘက်ရှိ သစ်ပင်ပေါ်တွင် အဆုံးမရှိသော အပေါက်ကြီး သုံးပေါက် ပေါ်လာသည်ကို တွေ့လိုက်ရတော့၏။
'တိုက်ဆိုင်မှု များလား...'
ညသခင် သည် ရုတ်တရက် သဘောပေါက်သွားပြီး ခဏလေးမျှပင် မရပ်နားရဲတော့ချေ။
နေရာအကြိမ်ကြိမ် ပြောင်းရွှေ့ပြီးနောက် ဆုမို ကို ထပ်မံ လှမ်းကြည့်လိုက်သောအခါ... သူသည် လက်နှစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်းကာ သစ်ရွက်များကို ဖရိုဖရဲ လွင့်စင်သွားအောင် ခတ်ထုတ်နေသည်ကိုသာ တွေ့လိုက်ရ၏။
"ဒါက..."
ညသခင် သည် အေးစက်စက် စောင့်ကြည့်နေရင်း၊ ဆုမို ၏ နက်ရှိုင်းလှသော အတွင်းအား များကြောင့် အလွန်တရာ အံ့အားသင့်နေမိသည်။
လက်ချောင်းခတ် သိုင်းကွက်မှာ ဆန်းကြယ်ပြီး နက်နဲလှကာ ထုတ်လွှတ်လိုက်သော အတွင်းအား သက်သက်ဖြင့်ပင် လုံလောက်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထို့မျှမကသေး... ၎င်းမှာ အဆုံးအစ မရှိသည့်အလား အဆက်မပြတ် ထွက်ပေါ်နေခြင်း ပင်။
သူ၏ အတွင်းအား နက်ရှိုင်းမှု အတိုင်းအတာမှာ အထင်းသား ပေါ်လွင်နေ၏။
သို့သော် ညသခင် ၏ စိတ်ထဲတွင် အတွေးနှစ်ခုကြား လွန်ဆွဲနေတော့၏။
ဤအခွင့်အရေးကို ယူပြီး လှည့်ထွက် ထွက်ပြေးသင့်သလား... ဒါမှမဟုတ် ဆုမို နဲ့ နောက်တစ်ကြိမ် အသေအလဲ ရင်ဆိုင် တိုက်ခိုက်သင့်သလား။
တရားသဖြင့် ပြောရလျှင် ယနေ့တွင် ညသခင် သည် သူ၏ ရှုံးနိမ့်မှုကို ဝန်ခံထားပြီး ဖြစ်၏။ အစွမ်းအစချင်း မယှဉ်နိုင်ပါက ထပ်ပြောစရာ ဘာမှ မရှိတော့ချေ။
သို့သော် ဆုမို က သူ့ကို အလွန်အမင်း စော်ကားလွန်းလှသည်။
အထူးသဖြင့် စောစောက ပြောသွားခဲ့သော "ခင်ဗျားရဲ့ ကိုယ်ပိုင် ခေါင်းအတွက်သာ ခင်ဗျား ပူပန်လိုက်ပါ" ဟူသော စကားစု... သူ သိုင်းလောက သို့ ဝင်ရောက်လာကတည်းက ဘယ်သူကများ သူ့ကို ဒီလို စကားမျိုး ပြောရဲခဲ့ဖူးသလဲ။
ဒါက သူ၏ ဘဝတွင် ပြိုင်ဘက်ကင်းသော ကြီးမားသည့် အရှက်ခွဲခံရမှုကြီး ပင်။
သူ.. ဘယ်လိုလုပ်ပြီး သည်အတိုင်း လှည့်ထွက်သွားနိုင်မည်လဲ။
‘ဒါပေမဲ့... ဒီ ဆုမို က...
သူက တကယ့်ကို လှည့်ကွက်တွေနဲ့ ပြည့်နှက်နေတာပဲ။ သူ့ရဲ့ သိုင်းပညာတွေက ခန့်မှန်းရခက်လောက်အောင် နက်ရှိုင်းလွန်းတဲ့အပြင်၊ ဒီလောက်တောင် ကောက်ကျစ်တဲ့ အကြံအစည်တွေ ရှိနေသေးတယ်လား။
ပါးရည်နပ်ရည် ရှိပြီး ကောက်ကျစ်စဉ်းစားတတ်တဲ့ ဒီကောင်က... ဖြောင့်မတ်တဲ့ လမ်းစဉ်က လူတစ်ယောက်နဲ့ရော နည်းနည်းလေးများ တူလို့လား။
အခု သူ ဟန်ဆောင်နေတာ မဟုတ်ဘူး ဆိုတာကို ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ။
တကယ်တော့ ငါ့ရဲ့ လှုပ်ရှားမှုတွေကို ဖောက်ထွင်း သိမြင်နေပြီး ငါ ထောင်ချောက်ထဲ ဝင်လာမယ့် အချိန်ကိုပဲ စောင့်နေတာများလား’
အတွေးများ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် နောက်ဆုံးတွင် ညသခင် ဆုံးဖြတ်ချက် ချလိုက်ပြီး နှစ်ခါ ပြန်မတွေးတော့ဘဲ လှည့်ကာ ထွက်ပြေးတော့၏။
သို့သော် သူ လှုပ်ရှားရန် အသင့်ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် အနောက်ဘက်ဆီမှ လေပြင်းများ တစ်ဟုန်ထိုး တိုးဝင်လာသော အသံကို ကြားလိုက်ရသည်။
ရမ်းသမ်းပြီး တိုက်ခိုက်နေခဲ့သော ထို ဆုမို သည် သူ၏ အနီးသို့ ရောက်ရှိနေချေပြီ။
ထိုအခိုက်အတန့်၌ ညသခင် မှာ အကြီးအကျယ် ထိတ်လန့်သွားပြီး ဒေါသတကြီး ကျိန်ဆဲလိုက်တော့၏။
"ဆု မျိုးရိုး... မင်းက တကယ့်ကို အရှက်မရှိတဲ့ ကောင်ပဲ"
"..."
'ဒီလူ ဘာတွေ လာပြောနေတာလဲ'
ဆုမို မှာ ဇဝေဇဝါ ဖြစ်သွားရသည်။
တိုက်ပွဲ စတင်ကတည်းက ၎င်းမှာ သိုင်းပညာနှင့် ဉာဏ်ပညာ နှစ်ခုစလုံးကို အသုံးပြု၍ ယှဉ်ပြိုင်နေရခြင်း ဖြစ်၏။
အချီ အနည်းငယ် နောက်ကျသွားသူမှာ သဘာဝကျကျပင် အရိုက်ခံရမည်သာတည်း။
သူက အမှန်တကယ်ပင် ကောက်ကျစ်စဉ်းစားတတ်သော ဉာဏ်ပညာ ရှိသည် မှန်သော်ငြားလည်း ညသခင်... ခင်ဗျားကရော တကယ်ပဲ အဲဒီလောက် အပြစ်ကင်းစင်နေလို့လား။
ဒီလို အပြစ်တင်တာမျိုးက ဘာအဓိပ္ပာယ်များ ရှိလို့လဲ။
ချက်ချင်းပင် ဆုမိုသည် အားရပါးရ ရယ်မောလိုက်၏။
"ညသခင် ရဲ့ ချီးကျူးစကားတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ.. ကျွန်တော် ဆုမို က ဒီလို ချီးကျူးခံရဖို့ မထိုက်တန်ပါဘူး... ကျွန်တော်တို့ ဒီနေရာမှာပဲ ရပ်ပြီး အစကနေ ပြန်ဆွေးနွေးကြရင် ဘယ်လိုလဲ"
"အကယ်၍ ငါက မင်းကို ထပ်ယုံမိမယ် ဆိုရင်တော့... အခု ချက်ချင်းပဲ သိုင်းလောက ကနေ နှုတ်ထွက်လိုက်မယ်"
ညသခင် က သွားကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။
"ဘာလို့ ဒီလောက်တောင် အလေးအနက် ထားနေရတာလဲဗျာ.. ညသခင် က တကယ်ပဲ ဒီလောက်တောင် သဘောထား သေးသိမ်ပြီး ဒီလို နောက်ပြောင်တဲ့ စကားတွေကိုတောင် ပြောရက်တာလား။ ခင်ဗျားက လမ်းပေါ်က ကလေးတွေလောက်တောင် ရင့်ကျက်မှု မရှိဘူး ဆိုတဲ့ သဘောလား”
--