အခန်း ၅၅၁
Vol. 37 Ch. 551
အခန်း (၅၅၁) - လမ်းမရှည်ပေါ်တွင် ပေကျံသွားသော သွေးများ.. (အပိုင်း ၂)
ဆုမို မှာ ခေတ္တမျှ ဆွံ့အသွားသော်လည်း မျက်လုံးများကို အနည်းငယ် ကစားလိုက်ပြီးနောက် စကားစလိုက်၏။
"ဒီလိုလုပ်ရင်ကော... ကျွန်တော်က ခင်ဗျားကို နောက်ထပ် အမှန်တရား တစ်ခု အကြောင်း ပြောပြမယ်လေ"
"ဘာ အမှန်တရားလဲ"
သူတို့ နှစ်ဦးသား ကိုယ်ဖော့ပညာ များကို အသုံးပြု၍ အသည်းအသန် ပြေးလွှားနေကြသော်ငြားလည်း သူတို့၏ စကားပြောဆိုမှုများမှာ အေးအေးလူလူပင် ဖြစ်နေပြီး အရှိန်အဟုန်ကို အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိချေ။
ဤအခွင့်အရေးကို ဆုပ်ကိုင်၍ ဆုမို က ပြောလိုက်၏။
"ညသခင် ရဲ့ အကွက်ချ ကြံစည်မှု အားလုံးကို အမှန်တကယ်တော့ ကျွန်တော် အကုန်လုံး ဖောက်ထွင်း သိမြင်ပြီးပြီဗျ"
"ယနေ့မှာ ညသခင် အနေနဲ့ ကောင်းကင်ဘုံ အထိ တက်ပြေးနိုင်စွမ်း ရှိတယ် ဆိုဦးတော့.. တုန်းဟွမ်နယ်မြေ ကြီး တစ်ခုလုံးကို မွှေနှောက်ဖို့ ဆိုတာ တကယ့်ကို ခဲယဉ်းသွားပါပြီ.... အခုပဲ လက်လျှော့ အရှုံးပေးလိုက်တာ မကောင်းဘူးလား။ အကယ်၍များ ခေါင်းဆောင် ဆု ဖြစ်တဲ့ ကျွန်တော်က ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ် ဆိုရင်၊ ခင်ဗျားရဲ့ လက်ကျန် ဘဝသက်တမ်းကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားလို့ ရတာပေါ့... ဘယ်လို သဘောရလဲ"
"အဓိပ္ပာယ်မရှိတဲ့ စကားတွေ...."
ညသခင် က ဒေါသတကြီး ဟစ်အော်လိုက်သည်။
"အကယ်၍ မင်းသာ တကယ် သိထားခဲ့တယ် ဆိုရင်..."
သို့သော် သူ၏ စကားများမှာ ထိုနေရာတွင်ပင် တုံ့ခနဲ ရပ်တန့်သွားတော့၏။
အကြောင်းရင်းမှာ ရိုးရှင်းလှသည်။
အကယ်၍ ဆုမို သာ အရာအားလုံးကို သိရှိထားခဲ့မည် ဆိုပါက ယခုကဲ့သို့ စကားမျိုးကို မည်သို့များ ပြောဆိုနေမည်နည်း။
သူ စကားများများ ပြောလေလေ၊ သူ၏ သိရှိထားမှုမှာ ကန့်သတ်ချက် ရှိနေကြောင်း ပို၍ ထင်ရှားလေလေ ဖြစ်သွားမည် မဟုတ်ပါလော။
'ဒီကောင်... ငါ့ဆီကနေ အမှန်တရားတွေကို နှုတ်စိုက်ပြီး ထုတ်ယူချင်နေတာပဲ..' ညသခင် ချက်ချင်း သဘောပေါက်သွားသည်။
ယခုအခါ ညသခင် မှာ ဒေါသမီးများ လောင်ကျွမ်းနေပြီး မစဉ်းစားဘဲ စကားပြောလုနီးပါး ဖြစ်သွားခဲ့သော်လည်း သူ၏ စကားလုံးများကို အချိန်မီ ပြန်လည် မြိုချနိုင်ခဲ့၏။
ဆုမို ကမူ အားရပါးရ ကျယ်လောင်စွာ ရယ်လိုက်တော့သည်။
"ခင်ဗျားကိုယ် ခင်ဗျားလည်း ပြန်ကြည့်ပါဦးဗျာ.. ယုံကြည်သင့်တာကိုကျတော့ မယုံကြည်ဘဲ မယုံကြည်သင့်တာကိုကျတော့ အတင်းအကြပ် ယုံကြည်ချင်နေတယ်"
"အကယ်၍ ခင်ဗျား ဒီတစ်ခေါက် ကောင်းကင်ဘုံ အထိ လွတ်မြောက်သွားနိုင်တယ် ဆိုရင်တောင်... ညသခင်၊ ကျွန်တော် မေးပါရစေဦး... နောင်တစ်ချိန်ကျရင် ကျွန်တော်နဲ့ ရန်သူအဖြစ် ရင်ဆိုင်ရဲပါ့မလား"
"... ဘယ်သူက မင်းကို ရန်သူ လုပ်ချင်နေလို့လဲ"
ညသခင် မှာ ဒေါသကြောင့် ရူးသွပ်လုမတတ် ဖြစ်သွားရ၏။
'မင်းက ငါ့ကို ရန်သူလုပ်ချင်နေတာလား၊ ငါကပဲ မင်းကို ရန်သူလုပ်ချင်နေတာလား.. ငါ့ရဲ့ အစီအစဉ်တိုင်းကို နှောင့်ယှက်ဖျက်ဆီးနေတာ မင်းပဲလေ..'
အစမှ အဆုံးတိုင်အောင် သူ၏ အစီအစဉ်များ အားလုံးမှာ ဆုမို ၏ လက်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရသည်။
သူသည် မြစ်ကမ်းဘေး ရေပေါ်ခံတပ် ကို သူ၏ အကွက်ချမှု အဆင့်တစ်ခု အနေဖြင့် အသုံးချချင်ခဲ့သည်။ သို့သော် ဆုမို က ဖော်ထုတ် ဖျက်ဆီးပစ်ခဲ့၏။
သူသည် ထျန်းချူ ဓားသိုင်း နှီးနှောပွဲ ကို အခွင့်ကောင်းယူ၍ ချီမေတောအုပ် ရှိ ဝမ်လျန်အိမ်တော် ကို လျှို့ဝှက် ပစ်မှတ်ထားကာ မြေအောက်တွင် ပုန်းအောင်းနေသူကို ရှာဖွေချင်ခဲ့သည်။
သို့တိုင်အောင် ဆုမို က ထိုနေရာသို့ အရင်ရောက်ရှိသွားခဲ့ပြီး သူကိုယ်တိုင်အတွက် ချန်ထားရစ်ခဲ့သော 'ယင်ယန် အင်မော်တယ် အမိန့်တော်' ကိုပင် လုယူသွားခဲ့တော့၏။
လုပ်ရပ်တိုင်းသည် ဆုမို နှင့် မည်သို့မျှ မသက်ဆိုင်ခဲ့ချေ။
သို့သော် သူ၏ အစီအစဉ်များကို ဆက်တိုက် ဖျက်ဆီးခဲ့ပြီး သူ့အား ယခုကဲ့သို့ ကျရှုံးမှု လမ်းကြောင်းပေါ်သို့ တွန်းပို့ခဲ့သူမှာ ဆုမို သာလျှင် ဖြစ်သည်။
ယခုအခါ ဆုမို က ဤမျှ ဒေါသထွက်စရာ ကောင်းသော စကားများကို ပြောဆိုရဲသေးသည်ကို ကြည့်လျှင်... တကယ့်ကို အမုန်းပွားစရာ စိတ်ပျက်စရာ ကောင်းလွန်းလှ၏။
"ညသခင် က ဖြောင့်မတ်သော လမ်းစဉ် ရဲ့ ရန်သူဆိုမှတော့.. သဘာဝကျကျပဲ ကျွန်တော့်ရဲ့ ရန်သူလည်း ဖြစ်တာပေါ့ဗျာ"
"ကျွန်တော်ကိုယ် ကျွန်တော် ဖြောင့်မတ်တည်ကြည်တဲ့ သူရဲကောင်းကြီးပါ လို့ မကြွားဝံ့ပေမယ့် ခင်ဗျားတို့လို မိစ္ဆာကောင် တွေ ရည်ရွယ်ချက် အထမြောက်
သွားတာကိုတော့ ခွင့်မပြုနိုင်ဘူး"
"အကယ်၍ ညသခင် ကသာ အမှောင်ကို စွန့်လွှတ်ပြီး အလင်းဆီကို ကူးပြောင်းလာမယ် ဆိုရင်... ခင်ဗျားရဲ့ အရည်အချင်းနဲ့ ဉာဏ်ပညာ အရဆိုရင် နာမည်ကောင်း တစ်ခု ရလာဖို့ဆိုတာ မခဲယဉ်းပါဘူး"
စကားပြောနေစဉ်မှာပင် ဆုမို ၏ လက်ချောင်းခတ် သိုင်းပညာ များမှာ အနားပေးခြင်း မရှိဘဲ ဆက်တိုက် ထွက်ပေါ်နေတော့သည်။
'ဝှစ်.. ဝှစ်.. ဝှစ်..'
လေဟာနယ်ကို ခွင်းလျက် ထွက်ပေါ်လာသော အားပြင်းသည့် တိုက်ခိုက်မှုများက ညသခင် ကို အသက်ရှူပေါက်ပင် မပေးချေ။
သူတို့ နှစ်ဦး အပြန်အလှန် စကားပြောဆိုနေကြရင်း ချီမေတောအုပ် အတွင်းသို့ ဝင်ရောက်လာခဲ့သော်လည်း ညသခင် ၏ အာရုံလွင့်ပါးနေသော တုံ့ပြန် စကားပြောဆိုမှုများကြောင့် ဆုမို အား သူ့ကို ခြေရာခံ မလွတ်သွားစေရန် အခွင့်အရေး ရသွားစေခဲ့၏။
အခြားတစ်ဖက်တွင်မူ... မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသော ညသခင် သည် လွတ်မြောက်ရန်အတွက် ချီမေတောအုပ် အတွင်းရှိ ဝင်္ကပါလမ်းများနှင့် အသံလွှင့်ပညာ များကို အသုံးပြုရန် လုံးဝ မေ့လျော့နေခဲ့တော့သည်။
သူ၏ ခေါင်းထဲတွင် ဆုမို ပြောဆိုခဲ့သော စကားများနှင့် သူ၏ ဆုံးရှုံးမှု၊ အမြတ်အစွန်း များသာ ပြည့်နှက်နေပြီး ဆုမို က သူ့ကို အနောက်မှ နေ၍ သည်းကြီးမည်းကြီး လိုက်လံ သတ်ဖြတ်နေသဖြင့် ကောင်းကင်ကို တက်ရန် လမ်းမရှိ၊ မြေကြီးထဲ ဝင်ရန် တံခါးမရှိ ဖြစ်နေရ၏။
ထိုအခိုက်အတန့်၌ သူသည် အလွန်တရာ စိတ်ဒုက္ခရောက်နေရသည်။
ယခု ဆုမို ၏ စကားများကို ကြားသောအခါ သူသည် မသိစိတ်၏ စေ့ဆော်မှုအရ ချက်ချင်း တုံ့ပြန်လိုက်၏။
"တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ... မင်းကိုယ်မင်း ဖြောင့်မတ်တဲ့ လမ်းစဉ် က လူတစ်ယောက်ပါလို့ ဂုဏ်ယူနေသေးတာလား"
"မင်းနဲ့ ယှဉ်လိုက်ရင် ယူချွမ်ဂိုဏ်းချုပ် ဆိုတာ ရွှံ့နွံထဲက ပေါ်ထွက်လာတဲ့ အစွန်းအထင်း ကင်းစင်လှတဲ့ ကြာပန်းလေး တစ်ပွင့်လိုပဲ၊ လူအ တစ်ယောက်လို ရိုးသား ဖြူစင်လွန်းနေသေးတယ်"
"ငါ့အမြင်ကို ပြောရရင်တော့ ခေါင်းဆောင် ဆု... မင်းကသာ အလင်းကို စွန့်လွှတ်ပြီး အမှောင်ကို ကူးပြောင်းလာသင့်တယ်။ ငါ့ရဲ့ ထာဝရညတောင်ကြား ထဲကို ဝင်လိုက်စမ်းပါ"
"မင်းကို ထာဝရညတောင်ကြား ရဲ့ ပြိုင်ဘက်ကင်း သိုင်းပညာ တွေ အကုန်လုံး သင်ပေးရုံတင် မကဘူး၊ မင်းကို 'ဒုတိယ တောင်ကြားသခင်' အဖြစ်ပါ ခန့်အပ်ပေးမယ်။ နှစ်တစ်ရာ ကြာသွားတဲ့အခါ ဒီအင်ပါယာ ကြီး တစ်ခုလုံးက မင်းရဲ့ လက်ထဲကို အပြည့်အဝ ရောက်လာလိမ့်မယ်... ဘယ်လိုလဲ.."
"ကောင်းပြီလေ... သဘောတူတယ်.. ဒီလို အခွင့်အရေးမျိုး ပေးတဲ့အတွက် ညသခင် ကို ကျေးဇူးတင်ပါတယ်.. ကဲ... အခု ညသခင် ခဏလောက် ရပ်ပေးပါဦး၊ တုန်းဟွမ်နယ်မြေကြီးကို ဘယ်လို သိမ်းပိုက်ကြမလဲဆိုတာကို သေချာ ဆွေးနွေးကြတာပေါ့.."
ဆုမို သည် သည်ကိစ္စက သူ၏ မူလ ရည်ရွယ်ချက် ဖြစ်ခဲ့သည့်အလား၊ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်လည် တုံ့ပြန်လိုက်၏။
"..."
ညသခင် မှာ ခေတ္တမျှ စကားပြောထွက်ရန်ပင် ခက်ခဲသွားရလေတော့သည်။
'ညသခင် ခဏလောက် ရပ်ပေးပါဦး' ဟူသော စကားစု တစ်ခုတည်းမှလွဲ၍ ဤစကားပြောဆိုမှု တစ်ခုလုံးတွင် ယုံကြည်ရမည့် စကားလုံး တစ်လုံးမျှပင် မပါဝင်ကြောင်း သူ ကောင်းစွာ သိရှိနေသည်။
'ဒီကောင်က တကယ့် မြေခွေးပါးစပ်ပဲ။ လုံးဝ ယုံလို့ မရဘူး..'
ထိုအခိုက်အတန့်၌ ညသခင် သည် သူတို့ ချီမေတောအုပ် ကို ဖြတ်သန်းလာခဲ့ပြီးပြီ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။
တောအုပ်ထဲမှ ထွက်ပေါ်လာချိန်တွင်မူ သူသည် ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေချေပြီ။
"ဆုမို... တကယ့်ကို စဉ်းလဲပြီး နတ်ဆိုး တစ်ကောင်လို ယုတ်မာတဲ့ ကောင်စုတ်လေး"
လမ်းတစ်လျှောက်လုံး သူတို့၏ စကားပြောဆိုမှုများနှင့် ဆုမို ၏ အနားမပေးသော လိုက်လံ သတ်ဖြတ်မှုများမှာ... သူ့ကို အာရုံလွှဲရန်နှင့် ချီမေတောအုပ် ၏ မြေမျက်နှာသွင်ပြင်ကို အသုံးပြု၍ ထွက်ပြေးခြင်းမှ တားဆီးရန် သက်သက်သာ ဖြစ်ကြောင်း သဘောပေါက်သွားတော့၏။
လမ်းတစ်လျှောက်လုံး သူ့ကို စကားတွေ လာပြော၊ အဓိပ္ပာယ်မရှိသော စကားတွေနှင့် သူ့ကို ဒေါသထွက်အောင် ဆွပေးနေခဲ့တာ အားလုံးက ထောင်ချောက်တွေချည်းပင်..။
ယခု တောအုပ်ထဲမှ ထွက်လာပြီးနောက်မှသာ အရာအားလုံးကို သူ ရှင်းလင်းစွာ မြင်သာသွားတော့သည်။
နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ့တွင် နောက်ထပ် အခွင့်အရေး မရှိတော့ကြောင်း နားလည်လိုက်၏။
ဆုမို က သူ့ကို ချီမေတောအုပ် ထဲသို့ ပြန်ဝင်ခွင့် ပေးပါတော့မည်လော။
"ညသခင် က ဘာဖြစ်လို့ ကျွန်တော့်ကို အဆက်မပြတ် ချီးကျူးနေရတာလဲဗျာ"
"ကျွန်တော်က ဉာဏ်ပညာ နည်းပါးလှတဲ့ လူငယ်လေး တစ်ယောက်ပါ... ဒီလို ချီးကျူးခံရဖို့ တကယ့်ကို မထိုက်တန်ပါဘူး"
သူတို့သည် ဤမျှ ခရီးဝေး အထိ ပြေးလွှားလာခဲ့ကြသော်လည်း ကျယ်လောင်စွာ စကားပြောဆိုနိုင်စွမ်း ရှိနေသေးသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ ကိုယ်တွင်း အသက်ရှူသံများမှာ အနည်းငယ်မျှပင် လျော့ကျသွားခြင်း မရှိသေးကြောင်း ထင်ရှားလှ၏။
ဤအချက်က ဆုမို ကိုလည်း တိတ်တဆိတ် အံ့အားသင့်သွားစေသည်။
'ဒီ ညသခင် ရဲ့ သိုင်းပညာက တကယ့်ကို ကြောက်စရာ ကောင်းလောက်အောင် နက်ရှိုင်းတာပဲ။ ဒီလောက် ပြေးလာတာတောင် အားမလျော့သေးဘူး..'
ဆုမို ရင်ထဲမှ အကဲဖြတ်လိုက်၏။
ယခုအချိန်အထိ သူတို့သည် နှစ်ကြိမ်တိုင်တိုင် လက်ရည် ဖလှယ်ခဲ့ကြပြီး ဖြစ်သည်။
ပထမ အကြိမ်တွင် ညသခင် သည် အတုနှင့် အစစ် ရောနှောနေသော တိုက်ခိုက်မှုများကို အသုံးပြုခဲ့ပြီး လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် အရိပ်မိစ္ဆာပညာ ကို အသုံးပြု၍ အမှောင်ထဲတွင် ပုန်းအောင်းကာ ချုံခို တိုက်ခိုက်ခဲ့၏။
ဒုတိယ အကြိမ်တွင် ဆုမို က ခွန်အား ကုန်ခန်းသွားဟန် ဆောင်ကာ ညသခင် ကို ထောင်ချောက် အတွင်းသို့ ဆွဲသွင်းခဲ့သည်။
ညသခင် ၏ အနီးသို့ ရောက်ရှိသွားခဲ့သော်ငြားလည်း အရိပ်မိစ္ဆာပညာ ကြောင့် သူ ရှောင်တိမ်းသွားခြင်းကို ခံခဲ့ရပြန်၏။
သို့သော်... ဒုတိယ အကြိမ် အားပြိုင်မှုက ညသခင် အပေါ် ပြင်းထန်သော သက်ရောက်မှု တစ်ခု ဖြစ်စေခဲ့ကြောင်း ဆုမို ကောင်းစွာ သိရှိထားသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုသက်ရောက်မှုက ညသခင် အား ပြင်းထန်သော ဒဏ်ရာရရှိစေပြီး ရပ်တန့်သွားစေရန် လုံလောက်မှု မရှိခဲ့ခြင်း ပင်။
ယခု ဤနေရာအထိ လိုက်လံ သတ်ဖြတ်လာခဲ့ပြီးနောက် တတိယအကြိမ် အသေအလဲ ရင်ဆိုင်ရမည့် အခွင့်အရေး…။
ဤအခွင့်အရေးကို ဆုပ်ကိုင်၍ ညသခင် ကို သေချာပေါက် ဖမ်းဆီးရမည်၊ သို့မဟုတ် အနည်းဆုံး နေရာမှာတင် သတ်ပစ်နိုင်ရမည်။
မဟုတ်ပါက တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ရင်း အပြန်အလှန် နည်းဗျူဟာများကို နားလည် သဘောပေါက်နေပြီ ဖြစ်သော ဤအခြေအနေတွင်.. ယခု သူ့ကို အပြတ်မရှင်းနိုင်ပါက... ညသခင် သည် ကောင်းကင်ဘုံ အထိ ထွက်ပြေး လွတ်မြောက်သွားနိုင်မည့် အခွင့်အရေး အမှန်တကယ် ရှိနေလေသည်။
--