အခန်း ၅၅၃
Vol. 37 Ch. 553
အခန်း (၅၅၃) - ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်ခြင်း
"သခင်ကြီး"
ထာဝရညတောင်ကြား မှ တပည့်များ၏ ကြေကွဲဖွယ် ဟစ်အော်သံကြီးများ တပြိုင်နက်တည်း ထွက်ပေါ်လာသော်လည်း သူတို့၏ လှုပ်ရှားမှုများမှာမူ အနည်းငယ်မျှ နှေးကွေးမသွားပေ။
ညသခင် က သူတို့ကို ချက်ချင်း ဆုတ်ခွာရန် အမိန့်ပေးထားခဲ့ပြီး မည်သည့် အကြောင်းကြောင့်မျှ နောက်လှည့်မကြည့်ရန် တင်းကျပ်စွာ တားမြစ်ထားခဲ့သည် မဟုတ်ပါလော။
ယခုအခါ ညသခင် ကို သွေးမိုး သွေးပေါက်များအဖြစ် ရိုက်နှက် ချေမှုန်းခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည့်တိုင်၊ သူတို့မှာ ခေတ္တမျှပင် မရပ်တန့်ရဲကြတော့ချေ။
လှည့်စားမှု အထပ်ထပ် ကြားတွင်.. မျက်တောင်တစ်ခတ် အတွင်းမှာပင် အရိပ်တမန် အတော်များများမှာ အမှောင်ထုထဲသို့ ထွက်ပြေး လွတ်မြောက်သွားကြတော့၏။
ဆုမို သည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ခုန်ဆင်းလိုက်ပြီးနောက် သူ၏ လက်ခုံကို မသိစိတ်အလျောက် ငုံ့ကြည့်လိုက်ရာ မျက်မှောင် အနည်းငယ် ကြုတ်သွားတော့သည်။
ရုတ်တရက် သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ကျယ်လောင်စွာ ဟစ်အော်လိုက်၏။
"တစ်ယောက်မှ အလွတ်မခံနဲ့...."
ဖြောင့်မတ်သော လမ်းစဉ် မှ တပည့်များက အဆက်မပြတ် ခေါင်းညိတ်လိုက်ကြပြီး လုံးဝ အံ့အားသင့်ခြင်း မရှိကြချေ။
'ဒီလောက် ကြမ်းကြုတ်တဲ့ လူကြမ်းကြီးက ညသခင် ကိုတောင် သွေးအန် သေဆုံးသွားအောင် ရိုက်နှက်နိုင်တာပဲ... ရန်သူတွေကို အမြစ်ပြတ် ရှင်းလင်းချင်တာ လုံးဝ မဆန်းပါဘူး'
သူတို့ ရင်ထဲမှ တွေးလိုက်ကြသည်။
သို့သော် ညသခင် သွေးမှုန်များအဖြစ် ပြောင်းလဲသွားသော မြင်ကွင်းမှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။
ထိုမြင်ကွင်းကြောင့် ထိုနေရာရှိ ဖြောင့်မတ်သော လမ်းစဉ် မှ တပည့်များမှာ ခေတ္တမျှ လှုပ်ရှားရန်ပင် မေ့လျော့သွားကြသည် အထိပင်။
သူတို့၏ ရင်ဘတ်ပေါ်တွင် နှစ်ပေါင်းများစွာ ဖိစီးနေသော တောင်ကြီးတစ်တောင် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကြက်သေ သေနေကြ၏။
ဆုမို ၏ စကားကို ကြားပြီးနောက် သူတို့ သတိပြန်ဝင်လာချိန်တွင်မူ အချိန်နှောင်းသွားခဲ့တော့သည်။
အမှောင်ထု အတွင်းရှိ ထာဝရညတောင်ကြား မှ လူများ၏ ကိုယ်ဖော့ပညာ မှာ တကယ့်ကို ပြိုင်ဘက်ကင်းလှ၏။
သူတို့၏ အရေအတွက်မှာ များပြားလှပြီး အနည်းငယ်မျှသော အစိတ်အပိုင်းလေး ပင်လျှင် ရာဂဏန်းကျော် ရှိနေသည်။ သူတို့၏ ခုန်ပျံ လှုပ်ရှားမှုများ ကြားတွင် အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးနေသော အရိပ်များအဖြစ် ပြောင်းလဲသွား
ကြတော့၏။
လူတိုင်း ခေတ္တမျှ ကြက်သေ သေနေသော အခိုက်အတန့်လေး အတွင်းမှာပင် ဒါဇင်ပေါင်းများစွာသော သူများမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။
သူတို့သည် ချက်ချင်းပင် လိုက်လံ ဖမ်းဆီးကြသော်လည်း ကျန်ရှိနေသူများကို တားဆီးနိုင်စွမ်း မရှိခဲ့ကြချေ။
သူတို့ အားမထုတ်ခဲ့၍ မဟုတ်ဘဲ ပြိုင်ဘက်များက အလွန် လျင်မြန်လွန်းပြီး အရေအတွက် အလွန် များပြားလွန်းသောကြောင့်သာ။
ရန်သူများထက် အင်အား သာလွန်နေသော်ငြားလည်း သူတို့၏ ကိုယ်ဖော့ပညာ မှာ ထာဝရညတောင်ကြား မှ လူများကို လုံးဝ မယှဉ်နိုင်ချေ။ အထူးသဖြင့် ထိုသူများ အားလုံးမှာ ပထမတန်းစား အရိပ်တမန် များ ဖြစ်နေသောကြောင့် ပို၍ပင် ဆိုးရွားလှ၏။
လေလယ်တွင် ခုန်ပျံနေရင်း ဆုမို သည် လူအနည်းငယ်ကို အမီလိုက်နိုင်ခဲ့ပြီး ပေါ့ပေါ့ပါးပါးပင် နေရာမှာတင် သတ်ဖြတ်ပစ်လိုက်သော်လည်း ထိုမျှသာ ဖြစ်၏။
ယခုအချိန်တွင် ဤ ညအမှောင် အရိပ်များကို လိုက်လံ ဖမ်းဆီးရန် ကြိုးစားခြင်းမှာ ကောင်းကင်သို့ တက်လှမ်းရန် ကြိုးစားခြင်းထက်ပင် ခက်ခဲနေချေပြီ။
သူ၏ မျက်ခုံးများ တင်းကျပ်စွာ ကြုတ်သွားပြီး ထိုနေရာရှိ ထာဝရညတောင်ကြား မှ လူများကို လှမ်းကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။
ဆက်လက်၍ အလွန်အကျွံ တွေးတော မနေတော့ဘဲ သူသည် လူအုပ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားပြီး သည်းကြီးမည်းကြီး သတ်ဖြတ်တော့သည်။
ဝိုင်းရံ ပိတ်ဆို့မှုကြီး ပြန်လည် ပိတ်ကျသွားပြီး ထာဝရညတောင်ကြား မှ တပည့်များကလည်း အပြင်းအထန် ပြန်လည် ခုခံကြ၏။
ညသခင် သေဆုံးသွားပြီ ဆိုသော မျှော်လင့်ချက် ကင်းမဲ့မှု ကြားတွင်.. သူတို့၏ တိုက်ခိုက်လိုစိတ်များမှာ ခေတ္တမျှ ပြင်းထန်သွားပြီးနောက် လုံးဝ အငွေ့ပျံ ပျောက်ကွယ်သွား၏။
တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု မှ လူများသာလျှင် အသည်းအသန် ဆက်လက် ခုခံနေကြသေးသည်။
ဆုမို သည် လှမ်းကြည့်လိုက်ရာ သွမ့်ဆုန် တစ်ယောက်တည်း ပြိုင်ဘက်ကို အပြင်းအထန် ဖိအားပေး တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။
အရိပ်များမှာ မြင်သာသော ရုပ်လုံးများအဖြစ် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ထာဝရညတောင်ကြား ၏ သိုင်းပညာများတွင် အားနည်းချက်များ ပေါ်လာလေသည်။
လူတွေ ကိုယ်တိုင်ကပင် အားနည်းချက်များ ဖြစ်နေကြခြင်း ပင်။
အခြား အရိပ်တမန် များမှာ ဖြောင့်မတ်သော လမ်းစဉ်မှ ပညာရှင်များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရလျှင်ခံရ၊ သို့မဟုတ် ဖိနှိပ် ချေမှုန်းခံနေကြရ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့သည် သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ကုန်ကြတော့၏။
ထို့ပြင် ဒဏ်ရာရသူများထဲတွင်လည်း အသက်ရှင် ကျန်ရစ်သူ ဆိုသည်မှာ သိပ်မရှိတော့ချေ။ မိစ္ဆာလမ်းစဉ် ပီပီ ထာဝရညတောင်ကြား မှ လူများသည် သူတို့ကိုယ်သူတို့ လွတ်လမ်း လုံးဝ မချန်ထားခဲ့ကြပေ။
မလာရောက်မီက အောင်ပွဲရမည်ဟု ယုံကြည်ထားခဲ့ကြသော်ငြားလည်း သူတို့သည် အဆိပ်များကို ကြိုတင် သောက်သုံးထားခဲ့ကြသည်။
အနည်းငယ်မျှသော သတိလက်လွတ် ဖြစ်မှုက သူတို့ ကိုယ်တွင်းရှိ အဆိပ်များကို ချက်ချင်း အသက်ဝင်သွားစေပြီး ရန်သူများ အနေဖြင့် သတင်းအချက်အလက် ထုတ်ယူရန် အခွင့်အရေး လုံးဝ မရနိုင်အောင် လုပ်ဆောင်ထားခြင်း ပင်။
ဤမြင်ကွင်းကို မြင်သောအခါ ဆုမို ၏ အကြည့်များက ဝေဇီယီ နှင့် တိုက်ခိုက်နေသော တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု မှ အဖွဲ့ဝင် တစ်ဦးထံသို့ ရောက်ရှိသွား၏။
ဝေဇီယီ သည် လန်ယွဲ့နန်းတော် မှ အမျိုးသမီး တစ်ဦးနှင့် အတူတကွ တိုက်ခိုက်နေခြင်း ဖြစ်ပြီး သူတို့ နှစ်ဦး၏ ဓားရှည်များမှာ ကောင်းကင်ယံကို လွှမ်းမိုးနေလေသည်။
သူတို့ ပြိုင်ဘက်ကို အနိုင်ယူတော့မည့် အချိန်လေးမှာပင်... ဆုမို သည် လျှပ်တစ်ပြက် ရောက်ရှိလာတော့၏။
မဟာနေမင်း ဖြန့်ကျက် လက်ဝါး ကို အသုံးပြုကာ သူသည် လက်ဆန့်တန်း၍ ဖမ်းဆုပ်လိုက်သည်။
ထို တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု မှ အဖွဲ့ဝင်မှာ အခြေအနေ ဆိုးဝါးနေပြီ ဖြစ်သည်ကို ထားလိုက်ပါတော့..၊ အကယ်၍ အခြေအနေ အပြည့်အဝ ကောင်းမွန်နေမည် ဆိုလျှင်တောင်မှ ဆုမို ၏ ဖမ်းဆုပ်မှုကို ရှောင်ရှားနိုင်ရန်မှာ ခဲယဉ်းလှပေလိမ့်မည်။
အရှိန်အဟုန်ဖြင့် တိုးဝင်သွားရာ သူ၏ လည်ပင်းမှာ ဆုမို ၏ လက်ထဲသို့ ရောက်ရှိသွားပြီး ဆုမို ဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားတော့၏။
ဝေဇီယီ ၏ မျက်နှာအမူအရာ မှာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။
"နင်... ဆုမို၊ နင်က ဘယ်လိုလုပ်ပြီး..."
'ဟွန့်... ဒီကောင် တမင် သက်သက် လာနှောင့်ယှက်တာပဲ။ ငါတို့ အနိုင်ရတော့မယ့် ဟာကို..'
ဝေဇီယီ ရင်ထဲမှ ဒေါသတကြီး ကြိတ်ဆဲလိုက်၏။
သူမ သည် ဤနေရာသို့ ရောက်ရှိလာရန် မည်မျှ ခက်ခဲခဲ့ကြောင်းနှင့် နောက်ဆုံးတွင် အင်အားကြီးသော ရန်သူကို အနိုင်ယူရတော့မည် ဖြစ်၍ မည်မျှ စိတ်လှုပ်ရှားနေခဲ့ကြောင်းများကို ဆုမို အား ခုန်ပေါက်ပြီး ကလေးကလား ရန်တွေ့တော့မလို့ ပင်။
ဤသို့ အရိုင်းအစိုင်းဆန်ဆန် ဝင်ရောက် နှောင့်ယှက်ခံလိုက်ရခြင်းမှာ တကယ့်ကို သည်းခံနိုင်စရာ မရှိအောင် ဒေါသထွက်ဖွယ် ကောင်းလွန်းလှ၏။
သို့သော် စကားပြောမလို့ အလုပ်တွင်.. သူမသည် သူမ၏ အေးစက်ပြီး ခံစားချက် ကင်းမဲ့သော ဇာတ်ကောင်စရိုက် ကို ထိန်းသိမ်းထားရမည် ဆိုသည်ကို ရုတ်တရက် သတိရသွားပြီး ကျန်ရှိနေသော စကားလုံးများကို အတင်းအကြပ် ပြန်လည် မျိုချလိုက်ရသည်။
သူမသည် ဆုမို ၏ ယုတ်မာမှုကို ရင်ထဲမှနေ၍သာ အဆက်မပြတ် ကျိန်ဆဲနေနိုင်တော့၏။
သူမ၏ ဘေးရှိ အနည်းငယ် အသက်ပိုကြီးသော လန်ယွဲ့နန်းတော် မှ အမျိုးသမီးက ဝေဇီယီ ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
ဝေဇီယီ တစ်ယောက်များ ယူချွမ်ဂိုဏ်း ၏ ခန္ဓာကိုယ် လုယူခြင်း ကျင့်စဉ် ကြောင့် နတ်ပူးခံရတာများလား ဟုပင် သူမ တွေးလိုက်မိသည်
ရုတ်တရက် အမူအကျင့်များ ပြောင်းလဲသွားခြင်းမှာ တကယ့်ကို နားလည်ရ ခက်လွန်းလှ၏။
ဆုမို သည် ဝေဇီယီ ကို ရှင်းပြနေရန် အချိန်မရှိတော့ချေ။ သူ၏ ဝတ်ရုံထဲသို့ လက်နှိုက်ကာ ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်ပြီး တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု မှ အဖွဲ့ဝင် ၏ ပါးစပ်ထဲသို့ အတင်းအကြပ် ထိုးထည့်လိုက်တော့သည်။
"မင်း ငါ့ကို ဘာကျွေးလိုက်တာလဲ"
တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု မှ အဖွဲ့ဝင် ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွား၏။ ဆုမို သူ့ကို အဆိပ်ကျွေးမည်ကို သူ မကြောက်ရွံ့ချေ။ ရန်သူ၏ လက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ရာ သေခြင်းတရားသာလျှင် တစ်ခုတည်းသော နိဂုံးချုပ် ပင်။
အဆိပ် ဆိုသည်မှာ သူ၏ မျှော်လင့်ချက်များနှင့် ကိုက်ညီနေပေလိမ့်မည်။
သို့သော် သူ မြိုချလိုက်မိသော အရာမှာ အဆိပ်အားလုံးကို ပြယ်စေနိုင်သော အဆိပ်ဖြေဆေး တစ်မျိုးမျိုးသာ ဖြစ်နေခဲ့မည် ဆိုပါက တကယ့်ကို ပြဿနာ တက်ပြီ ဖြစ်၏။
ဆုမို သည် သူ့ကို ဆက်လက် ဖြေကြားနေရန် အချိန်မပေးတော့ဘဲ သူ၏ သွေးကြောပေါက် တစ်ခုကို ဖိနှိပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဘေးသို့ လွှင့်ပစ်လိုက်ကာ အခြား တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု မှ အဖွဲ့ဝင် တစ်ဦးဆီသို့ ဆက်လက် တိုးဝင်သွားတော့၏။
ဤလူများ၏ သိုင်းပညာမှာ သဘာဝကျကျပင် အလွန်တရာ ပြောင်မြောက်လှသဖြင့် ယခုအချိန်အထိ အချို့မှာ အရှုံးမပေးဘဲ အသည်းအသန် ခုခံနေကြဆဲပင်။
ညသခင် မသေဆုံးမီ ပေးခဲ့သော နောက်ဆုံး အမိန့်မှာ... တိုက်ခိုက်ရင်း ဆုတ်ခွာရန်နှင့် အရိပ်တမန် များ လွတ်မြောက်ရန် အခွင့်အရေး ပိုမို ဖန်တီးပေးရန် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ခွန်အား လုံးဝ ကုန်ခန်းသွားသည်အထိ တိုက်ခိုက်ရမည် သာတည်း။
သို့သော် ဤအခိုက်အတန့်၌ ဆုမို ချဉ်းကပ်လာသည်ကို မြင်သောအခါ ဤ ဒုတိယမြောက် တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု မှ အဖွဲ့ဝင် သည် ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။
သူ၏ ကိုယ်တွင်းရှိ သေစေနိုင်သော အဆိပ်ကို အချိန်မီ မသက်ဝင်စေနိုင်တော့သဖြင့် သူသည် သူ၏ နဖူးကို လက်ဝါးဖြင့် တိုက်ရိုက် အားကုန် ရိုက်ခွဲလိုက်ပြီး ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
ဆုမို မှာ တုံ့ခနဲ ရပ်တန့်သွားပြီး ရေရွတ်လိုက်၏။
"အဲဒီလောက်ထိ လုပ်ဖို့ တကယ် လိုလို့လား…”
--