← Chapters

အခန်း ၅၅၄

Vol. 37 Ch. 554

အခန်း ၅၅၄

Vol. 37 Ch. 554

အခန်း (၅၅၄) - ကောင်းကင်နှင့် မြေကြီးကို လှည့်စား ဖလှယ်ခြင်း (အပိုင်း ၂)

မိစ္ဆာဂိုဏ်းမှ လူယုတ်မာတစ်စုက ရည်ရွယ်ချက် တစ်ခုအတွက် ကိုယ်ကျိုးစွန့် အသေခံနေကြတာက နည်းနည်း ရယ်စရာမကောင်းဘူးလား။

သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ယနေ့တွင် ထွက်ပြေးလွတ်မြောက်ရန် မည်သည့် မျှော်လင့်ချက်မှ မရှိတော့ကြောင်း ကျန်ရှိနေသူများ အားလုံး သဘောပေါက်သွားကြ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့သည် ထိုနေရာ၌ပင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြတော့သည်။ အလွန် ဆူညံနေခဲ့သော လျိုယင်မြို့ မှာ ခဏလေးအတွင်းမှာပင် သုသာန်တစပြင်အလား တိတ်ဆိတ်သွားခဲ့တော့၏။

ဆုမို ၏ သွေးကြောပိတ်ဆို့ခြင်းကို ခံထားရပြီး မြေပြင်ပေါ်တွင် ပစ်ချခံထားရသူ တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ သတ်သေချင်သော်ငြားလည်း ခြေလက်များ အားအင်ကုန်ခမ်းနေသဖြင့် ဘာတစ်ခုမှ လုပ်၍မရချေ။ သူသည် ကိုယ်တွင်းရှိ အဆိပ်ပြင်းကို တိတ်တဆိတ် လှုံ့ဆော်ကာ အသက်အဆုံးရှုံးခံရန် ကြိုးပမ်းသော်လည်း မည်သည့် အာနိသင်မျှ မပြသပေ။

'ဒီကောင် ငါ့ကို အတင်း ကျွေးလိုက်တဲ့ ဆေးလုံးက... အဆိပ်ဖြေဆေးလား.. သောက်ကျိုးနည်း... ငါ သေခွင့်တောင် မရှိတော့ဘူးလား’

သူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်သွားပြီး ရင်ထဲမှ ကြိတ်ဆဲလိုက်မိသည်။

တကယ့်ကို အထီးကျန် ဆန်လွန်းလှ၏။

မော့ကြည့်လိုက်သောအခါ ဆုမို သည် သူ၏ အနီးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူသည် ခါးသီးစွာ ပြုံးလိုက်သည်။

"မင်း လုပ်ချင်တဲ့ နည်းလမ်း ဘာပဲဖြစ်ဖြစ် လုပ်သာလုပ်တော့။ ငါ့ဆီက စကားတစ်ခွန်း ပိုထွက်လာခဲ့ရင်၊ ငါ့ကို မင်းရဲ့ ခွေးကျွန် အဖြစ်သာ သတ်မှတ်လိုက်ပါတော့"

ဆုမို က သက်ပြင်းချလိုက်၏။

"တကယ်ပဲ အဲဒီလောက် တန်လို့လား။ မင်းတို့ ထာဝရညတောင်ကြား က လူတွေက အပြစ်မဲ့သူတွေကို သတ်ဖြတ် နှိပ်စက်ပြီး အကုသိုလ်တွေ အများကြီး ကျူးလွန်ခဲ့တာပဲ..ညသခင် ကလည်း သနားကြင်နာတတ်တဲ့သူ လုံးဝ မဟုတ်ပါဘူး။ သူက မင်းတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ တကယ် ထိုက်တန်လို့လား"

"မင်းက ဘာသိလို့လဲ.."

ထိုလူက ဆုမို ကို မော့ကြည့်ပြီး ကျယ်လောင်စွာ ပြောင်လှောင် ရယ်လိုက်၏။

"စာကလေး တစ်ကောင်က လင်းယုန်ငှက် ရဲ့ ရည်မှန်းချက်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ.. ငါ့ရဲ့ သခင်ကြီးက..."

ညသခင် သေဆုံးသွားပြီ ဆိုသည်ကို ရုတ်တရက် သတိရသွားပြီး သူသည် ချက်ချင်းပင် ငိုကြွေး မြည်တမ်းတော့သည်။

"ငါ့သခင်ကြီး ရဲ့ ရည်မှန်းချက် ကြီးမားပုံတွေကို မင်း ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ... မင်း တကယ့် မိစ္ဆာကောင် ပဲ...."

"..."

'ဟင်... ဘာယုတ္တိလဲ။ ထာဝရညတောင်ကြား က မိစ္ဆာကောင်က ငါ့ကို မိစ္ဆာကောင် လို့ ပြန်ခေါ်နေတယ်ပေါ့။ လောကကြီး ပြောင်းပြန် လန်နေပြီလား'

ဆုမို မှာ ဆွံ့အသွားရသည်။

တကယ့်ကို အဓိပ္ပာယ်မဲ့လွန်းလှ၏။

ဆုမို မှာ မှင်သက်အံ့ဩသွားရလေသည်။

"မိုအာ..."

ထိုအချိန်တွင် သွမ့်ဆုန် နှင့် အခြားသူများလည်း ရောက်ရှိလာကြ၏။

သူက ဆုမို ကို ကြည့်လိုက်၏။

"သူနဲ့ စကားတွေ အများကြီး ပြောနေစရာ မလိုပါဘူး။ သူ သေချင်တယ် ဆိုရင်လည်း ပေးသေလိုက်ပါ"

ထိုအခါ ဆုမို က ခေါင်းခါလိုက်၏။

"ကျွန်တော်တို့ အားလုံး ထာဝရညတောင်ကြား အကြောင်း သိကြပေမဲ့... တကယ့် တည်နေရာ အတိအကျကိုရော ဆရာဦးလေး သွမ့် သိပါသလား"

"ဒါက..."

သွမ့်ဆုန် မှာ လန့်ဖျတ်သွားပြီး ခေါင်းကို အလိုအလျောက် ကုတ်မလို ဖြစ်သွားသော်လည်း လက်ရှိ အခြေအနေနှင့် မသင့်တော်မှန်း သိလိုက်သဖြင့် တည်ကြည်စွာ ပြန်ဖြေ၏။

"ထာဝရညတောင်ကြား ရဲ့ အရပ်မျက်နှာ ကိုတော့ ငါတို့ သိကြပေမယ့် တိကျတဲ့ နေရာကိုတော့ ဘယ်သူမှ မမြင်ဖူးကြဘူး"

"မိစ္ဆာလမ်းစဉ် ဂိုဏ်းသုံးဂိုဏ်းက ထျန်းချူမြို့ ရဲ့ အရှေ့ဘက်ကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားပြီး ထျန်းချူမြို့ အပြင်ဘက်ကို ဘာမှ ပေးမဖြတ်ဘူးလေ။ ငါတို့လည်း အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီပဲ... အသေးစိတ်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ"

သို့သော် ဤအချိန်တွင် ပြောပြရန် မသင့်တော်သော အချို့ကိစ္စများကိုမူ သွမ့်ဆုန် သည် ဆုမို အား မပြောပြခဲ့ချေ။

အမှန်တကယ်တော့ လွန်ခဲ့သော နှစ်များစွာ ကတည်းက ဖြောင့်မတ်သော ဂိုဏ်းများသည် မိစ္ဆာဂိုဏ်း များ၏ နယ်မြေများသို့ လျှို့ဝှက် သူလျှိုများ စေလွှတ်ခဲ့ဖူး၏။ မိစ္ဆာလမ်းစဉ် မှ လူယုတ်မာများအဖြစ် ရုပ်ဖျောက်ကာ သတင်းအချက်အလက်များ ရယူရန် မျှော်လင့်ခဲ့ကြ၏။ ထိုဂိုဏ်းသုံးဂိုဏ်း ၏ ဌာနချုပ်များအထိ ထိုးဖောက် ဝင်ရောက်နိုင်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ မိစ္ဆာဂိုဏ်း ၏ လုပ်ရပ်များမှာ ဖြောင့်မတ်သော လမ်းစဉ်နှင့် လုံးဝ ကွဲပြားခြားနားနေခြင်း ပင်။ စေလွှတ်လိုက်သော တပည့်များသည် မိစ္ဆာကောင်များနှင့် မဝင်ဆံ့နိုင်လောက်အောင် ဖြောင့်မတ်လွန်းနေသဖြင့် အလွယ်တကူ ဖော်ထုတ်ခံရကာ သူရဲကောင်းပီသစွာ အသက်စွန့်သွားခဲ့ရသည်။ သို့မဟုတ်ပါကလည်း... မိစ္ဆာလမ်းစဉ် သို့ လုံးလုံးလျားလျား ကူးပြောင်းသွားပြီး ဖြောင့်မတ်သော ဂိုဏ်းများ၏ သတင်းအချက်အလက် အမြောက်အမြားကို ပြန်လည် ရောင်းစားသွားကြ၏။

၎င်းမှာ တကယ့်ကို မမျှော်လင့်ထားသော အခြေအနေဆိုးကြီး ပင်။ ထို့ကြောင့် ဤသို့သော သူလျှို စေလွှတ်သည့် ကိစ္စများမှာ ဂိုဏ်းတိုင်းက လုပ်ဆောင်ခဲ့ကြသော်ငြားလည်း ရလဒ်များမှာ အလွန် ဆိုးရွားခဲ့သဖြင့် ဤအခြေအနေတွင် ထုတ်ဖော် ပြောဆိုရန် အနည်းငယ် မသင့်တော်ပေ။

ဆုမို က ခေါင်းညိတ်လိုက်သည်

"ဟုတ်ပါတယ်။ ထာဝရညတောင်ကြား ရဲ့ တည်နေရာကို ကျွန်တော်တို့ အတိအကျ မသိဘူး"

"ဒီနေ့ ညသခင် ကို သတ်နိုင်ခဲ့ရင်တောင်၊ ထာဝရညတောင်ကြား ကို အမြစ်ပြတ် မချေမှုန်းနိုင်သရွေ့... မကြာခင်မှာ ဒုတိယ ညသခင်၊ တတိယ ညသခင် တွေ ထွက်ပေါ်လာဦးမှာပဲ..."

"တုန်းဟွမ်နယ်မြေ မှာ ဒီ ကင်ဆာဆဲလ် ကြီးကို ဆက်ပြီး အမြစ်တွယ်ခွင့် ပေးထားလို့ မဖြစ်ဘူး။ လုံးဝ အမြစ်ပြတ် ရှင်းလင်းပစ်ရမယ်"

သွမ့်ဆုန် နှင့် အခြားသူများက ဆုမို ၏ စကားကို သဘောတူ ထောက်ခံကာ ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။

ယခု ဤအသက်ရှင်ကျန်ရစ်သူထံမှ ထာဝရညတောင်ကြား ၏ တည်နေရာကို အတင်းအကျပ် ဖော်ထုတ်ရမည်။ ညသခင် သေဆုံးသွားချိန်ကို အခွင့်ကောင်းယူ၍ ပူးပေါင်း တိုက်ခိုက်ခြင်းက တကယ့်ကို အကောင်းဆုံး နည်းဗျူဟာ ပင် ဖြစ်၏။

သို့သော် တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု မှ ထိုအဖွဲ့ဝင် က ကျယ်လောင်စွာ ရယ်လိုက်၏။

"မင်းတို့က ထာဝရညတောင်ကြား ရဲ့ နေရာကို သိချင်တယ်ပေါ့။ ဟားဟားဟား... တကယ့်ကို ရယ်စရာပဲ။ ထာဝရညတောင်ကြား ရဲ့ တည်နေရာ ဆိုတာ အမြင့်ဆုံး လျှို့ဝှက်ချက် ကွ"

"ဒီနေ့ လောကကြီးမှာ သခင်ကြီး ကလွဲရင် 'လမ်းပြ' ကပဲ သိတယ်"

"ငါတို့ ဝင်ထွက်သွားလာရင်တောင် လမ်းပြ ကပဲ အမြဲ လိုက်ပို့ပေးရတာ။ မင်းတို့ရဲ့ အစွမ်းအစနဲ့ဆိုရင် လမ်းပြ ကိုတောင် ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ထာဝရညတောင်ကြား ကို ရှာဖို့ ဆိုတာ ဝေလာဝေးပဲ.."

"..."

ဆုမို နှင့် အခြားသူများ အားလုံး မှင်သက်အံ့ဩသွားကြသည်။

ထာဝရညတောင်ကြား တွင် သည်လို လျှို့ဝှက်ချက်မျိုး ရှိနေသည်လား။

'လမ်းပြ တဲ့လား... ကြည့်ရတာ ဒီကောင်တွေရဲ့ ဌာနချုပ်က ဝင်္ကပါ ဒါမှမဟုတ် ကြီးမားတဲ့ ၀င်္ကပါ တစ်ခုခုရဲ့ အလယ်မှာ ရှိနေတာ ဖြစ်ရမယ်'

သူသည် သွမ့်ဆုန် ကို အလိုအလျောက် လှမ်းကြည့်လိုက်ရာ သွမ့်ဆုန် မှာလည်း ဇဝေဇဝါ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

မျက်မမြင် တစ်ယောက်ကို လမ်းမေးနေသလို ဖြစ်နေကြောင်း ဆုမို နားလည်လိုက်၏။ လက်ရှိ အခြေအနေအရ၊ ဖြောင့်မတ်သော ဂိုဏ်းများ၏ ထာဝရညတောင်ကြား အပေါ် သိရှိနားလည်မှုမှာ... ထာဝရညတောင်ကြား က သူတို့ကို မြင်ခွင့်ပေးထားသလောက်သာ ရှိပုံ ရ၏။

အနက်ရှိုင်းဆုံး အပိုင်းတွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကိုမူ သူတို့ လုံးဝ သိရှိကြဟန် မတူချေ။

ဆုမို ၏ မျက်ခုံးများ ကြုတ်သွားပြီး သူ၏ ဦးနှောက်ထဲတွင် ဖြစ်နိုင်ခြေ တစ်ခုပြီးတစ်ခုကို အကြမ်းဖျင်း ပုံဖော် တွက်ဆနေတော့သည်။

သို့သော် ဤအခိုက်အတန့်၌ အလွန်အကျွံ တွေးတောနေရန် အချိန်မရှိသဖြင့် သူသည် သွမ့်ဆုန် အား ချက်ချင်း ပြောလိုက်၏။

"ဒီလူကို သေချာ စောင့်ကြပ်ထားရမယ်။ လုံးဝ ပေါ့ဆလို့ မရဘူး"

"စိတ်ချပါ"

သွမ့်ဆုန် က ခေါင်းညိတ်လိုက်ပြီးနောက် လုယွမ်ထံ အကြည့် ပို့လိုက်သည်။

ထိုပခါ လုယွမ် က ချက်ချင်းပင် "ကျွန်တော် ကိုယ်တိုင် စောင့်ကြပ်ထားပါ့မယ်" ဟု အာမခံလာ၏။

"ကျေးဇူးတင်ပါတယ် ဆရာဦးလေး"

ဆုမို သည် လုယွမ် ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ မသိသော်ငြားလည်း လုယွမ်သည် သွမ့်ဆုန် ထက် ငယ်ရွယ်ပြီး သုံးဆယ့်နှစ်ဆက်မြောက် တပည့်မျိုး မဖြစ်နိုင်ကြောင်း တွက်ဆမိသဖြင့် လုယွမ်အား ဆရာဦးလေး ဟု ရိုသေစွာ ခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။

လုယွမ် မှာ ချက်ချင်း အလွန် ဝမ်းသာသွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။

"မိုအာ... အားနာစရာ မလိုပါဘူး။ ဒီနေ့ မင်းက တုန်းချန်နယ်မြေ ဂိုဏ်းတွေအတွက် ကြီးမားတဲ့ ကုသိုလ်ကို ပြုခဲ့တာပဲ"

"တုန်းချန်နယ်မြေ တစ်ခုလုံးကို ဒီသတင်း ပျံ့သွားတာနဲ့... ငါတို့ ဇီယန်ဂိုဏ်း က တပည့်တွေ အားလုံး ဂုဏ်ယူဝင့်ကြွားရတော့မှာပဲ"

အခြား ဂိုဏ်းများမှ တပည့်များက ဤစကားကို ကြားသောအခါ ဆွံ့အသွားကြသော်လည်း ဆုမို ၏ နည်းဗျူဟာများကိုမူ အမှန်တကယ် လေးစားသွားကြသည်။

ညသခင် ကို သွေးအန် သေဆုံးသွားသည်အထိ ရိုက်သတ်နိုင်ခဲ့ခြင်းမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

သူတို့ စကားပြောဆိုနေကြစဉ်မှာပင် ဆရာတော်ဟုန်ယွင် နှင့် အခြားသူများလည်း နှုတ်ဆက်ရန် ရောက်ရှိလာကြပါသည်။

ဆုမို သည် ဤအခွင့်အရေးကို ယူ၍ ဆရာတော်ဟုန်ယွင် အား တုန်းချန်နယ်မြေ ဂိုဏ်းသားများနှင့် မိတ်ဆက်ပေးလိုက်ပြီး ထျန်းချူမြို့ အပြင်ဘက်တွင် ကျောင်းတော် တည်ဆောက်မည့် ဆရာတော်၏ အစီအစဉ်ကိုပါ တစ်ပါတည်း ပြောပြလိုက်တော့၏။

--

All Chapters