အခန်း ၅၅၅
Vol. 37 Ch. 555
အခန်း (၅၅၅) - ကောင်းကင်ကိုခိုးယူ၍ နေမင်းနှင့်ဖလှယ်ခြင်း (အပိုင်း ၃)
ဆုမို၏ စကားကို ကြားလိုက်ရသောအခါ ထိုသူမှာ ဆရာတော်ဟုန်ယွင် ကိုယ်တိုင် ဖြစ်ကြောင်း အားလုံး သဘောပေါက်သွားကြသည်။
ချက်ချင်းပင် သူတို့သည် တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြ၏။
မူလက ယနေ့ညတွင် မြို့တံခါးကို ဖွင့်ထားခြင်းမှာ ထာဝရညတောင်ကြား မှ လူများကို ထောင်ချောက်ဆင် ဖမ်းဆီးရန် ဖြစ်၏။ လူအင်အား အသာစီး ရနေသည် မှန်သော်ငြားလည်း အရိပ်တမန် များ၏ အရေအတွက်မှာ များပြားလွန်းလှပြီး အားလုံးက ပညာရှင်များချည်း ဖြစ်နေသည့်အပြင်၊ တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု ၏ ခန့်မှန်းရခက်သော နက်နဲမှုများလည်း ပါဝင်နေသေးသည်။
နှစ်ဖက် အင်အားကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက တကယ့်ကို သီသီလေး ကပ်လွဲကာ ဤ မိစ္ဆာကောင်များကို ထွက်ပြေး လွတ်မြောက်ခွင့် ပြုလိုက်ရမည့် အနေအထား ပင်။
ဆရာတော်ဟုန်ယွင် နှင့် အခြားသူများ ရောက်ရှိလာခြင်းမှာ အလွန်တရာ အချိန်ကိုက် ဖြစ်သွားခဲ့၏။ ထာဝရညတောင်ကြား မှ မိစ္ဆာကောင်များ ထွက်ပြေးရန် ပြင်နေသည်ကို မြင်သည်နှင့် သူတို့က ချက်ချင်းပင် ဝင်ရောက် တားဆီး ပိတ်ဆို့လိုက်ကြခြင်း ဖြစ်သည်။
အသေအလဲ တိုက်ခိုက်နေကြစဉ်အတွင်း အမည်နာမများကို မိတ်ဆက်ရန် အချိန်မရခဲ့သော်လည်း ကြမ်းကြုတ်သော အသွင်အပြင် ရှိသည့် ဤ ဘုန်းတော်ကြီးများကို အလွယ်တကူ အထင်သေး၍ မရကြောင်း အားလုံးက ကောင်းစွာ သိရှိထားခဲ့ကြ၏။
ယခင်ကတည်းက မှန်းဆထားခဲ့မှုများ ရှိခဲ့ပြီး ယခုမှသာ အတည်ပြုနိုင်ခဲ့ခြင်း ပင်။
ယနေ့ည ဆရာတော်ဟုန်ယွင် တို့က ရန်သူများကို ပူးပေါင်း တိုက်ခိုက်ပေးခဲ့ခြင်းနှင့် ဆုမို ၏ ကြီးမားလှသော ဂုဏ်သတင်း ကျော်ဇောမှုတို့ ပေါင်းစပ်သွားသောအခါ အရာအားလုံးသည် သဘာဝကျကျပင် နေရာတကျ ဖြစ်သွားတော့သည်။
ခေတ္တမျှ စနစ်တကျ ပြန်လည် စုဖွဲ့ပြီးနောက် သူတို့သည် ချီမေတောအုပ် သို့ ထိုးဖောက် ဝင်ရောက် တိုက်ခိုက်ရန် ဆုမို ၏ နောက်သို့ လိုက်ပါသွားကြ၏။
သို့သော် လမ်းခရီး တစ်လျှောက်တွင် ဝေဇီယီ သည် ဆုမိုကို လှမ်းကြည့်ရင်း၊ သူ၏ မျက်နှာအမူအရာ၌ တစ်ခုခု ထူးဆန်းနေသည်ဟု အမြဲတစေ ခံစားနေရသည်။
'သူ့ပုံစံက ဘာဖြစ်နေတာလဲ။ ညသခင် ကို သတ်လိုက်နိုင်ပြီ ဆိုပေမဲ့... သူ့စိတ်ထဲမှာ ကြီးမားတဲ့ သံသယ တစ်ခုခု လေးလံစွာ ဖိစီးနေသလိုပဲ'
ဝေဇီယီ ရင်ထဲမှ ဇဝေဇဝါ တွေးတောနေမိသည်။
...
...
မော် အချိန် (အရုဏ်တက်ချိန်) တွင်.. ချင်းရှို့တောင် ၏ အရှေ့ဘက်၌ အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်သည် လေထုကို ခွင်းလျက် ဒရောသောပါး ခုန်ပျံ ပြေးလွှားနေလေ၏။
ထိုသူသည် ယခုလေးတင် ဖြတ်သန်းလာခဲ့သော ချင်းရှို့တောင် မြို့ရိုး ဆီသို့ အနောက်သို့ မကြာခဏ လှည့်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်း တစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်လိုက်တော့၏။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ယာယီ အနားယူရန် လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေလိုက်သည်။
ခြေစုံရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခြေအောက်ရှိ မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွား၏။
သူ၏ မျက်ခုံးများ အနည်းငယ် ကြုတ်သွားပြီး လက်ကို မြှောက်ကာ မျက်နှာပေါ်ရှိ ရွှေကြိုးကွပ် အနက်ရောင် မျက်နှာဖုံး ကို ဆွဲခွာလိုက်ရာ... မုတ်ဆိတ်မွေး ကင်းစင်ပြီး ဖြူရော်နေသော မျက်နှာတစ်ခု ပေါ်ထွက်လာ၏။
ဓားသွားအလား ထက်မြက်သော သူ၏ နှုတ်ခမ်းများ ပွင့်ဟသွားပြီး ရုတ်တရက် သွေးစိမ်းရှင်ရှင်များ အန်ကျလာတော့သည်။
သွေးများမှာ နီရဲ တောက်ပနေပြီး မြင်ရက်စရာ မရှိအောင် ဖြစ်နေ၏။ ၎င်းမှာ ရိုးရိုး ကိုယ်တွင်းဒဏ်ရာ ကြောင့် မဟုတ်ဘဲ သူ၏ ကိုယ်တွင်း၌ အဆက်မပြတ် ပေါက်ကွဲဖြစ်ပေါ်နေသော ဒဏ်ရာသစ် များကြောင့် ပင်။
ဤမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားရ၏။
သူသည် အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ချက်ချင်း တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ လက်နှစ်ဖက်ကို ပူးကပ်လိုက်၊ ခွာလိုက် လုပ်ရင်း သူ၏ အတွင်းသက်စောင့်ချီ များကို အရှိန်အဟုန်ဖြင့် လှည့်ပတ်လိုက်တော့သည်။
ချီ စွမ်းအင်များကို ရင်ဘတ်ဆီသို့ ဆွဲတင်လိုက်ပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး နောက်ထပ် သွေးတစ်ပွက်ကို ထပ်မံ အန်ချလိုက်ရပြန်၏။
'သောက်ကျိုးနည်း... ဒါက ဘယ်လို လက်သီးသိုင်း မျိုးလဲ။ ငါ့ရဲ့ ကိုယ်တွင်းအင်္ဂါ ငါးပါးလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲကုန်ပြီ....'
ဤသူမှာ အခြားမဟုတ်... ညသခင် ပင် ဖြစ်လေတော့သည်..။
လျိုယင်မြို့ အထိ အသည်းအသန် ထွက်ပြေး လွတ်မြောက်လာကတည်းက မိမိကိုယ်ကိုယ် ကယ်တင်ရန် နည်းဗျူဟာမှာ သူ၏ မျက်စိရှေ့မှောက်တွင်ပင် ရှိနေကြောင်း သူ သဘောပေါက်ခဲ့၏။
သူ ကျင့်ကြံထားသော ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း သည် သာမန်လူတို့ နားလည်နိုင်စွမ်း မရှိလောက်အောင် အလွန်တရာ ဆန်းကြယ် နက်နဲလှသည်။
၎င်းအတွင်း၌ ရေတွက်၍ မရနိုင်သော လျှို့ဝှက် နည်းစနစ်များစွာ ပါဝင်၏။
အထူးသဖြင့် “ကောင်းကင်ကိုခိုးယူ၍ နေမင်းနှင့်ဖလှယ်ခြင်း” သိုင်းကွက်သည် သေမင်းတံခါးဝမှ အသက်ရှင် လွတ်မြောက်ရန်အတွက် အကောင်းဆုံးသော နည်းလမ်း ပင်။
ယခင်က ဤသိုင်းကွက်ကို အသုံးပြုရာတွင် သူ သုံးခဲ့သော အရိပ်မှာ လှည့်စားမှု သက်သက်သာ ဖြစ်သည်။
သူသည် လူသားအရေခွံ အရိပ်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ် အစစ်အမှန် နှင့် နေရာဖလှယ်ခဲ့ပြီး ဆုမို ၏ လက်အောက်မှ နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့၏။
သို့သော် ဤတစ်ကြိမ်တွင်မူ အရှေ့တွင် ယူချွမ်ဂိုဏ်း မှ တပည့်များ ရှိနေသဖြင့် သူ အစားထိုး အသုံးပြုခဲ့သူမှာ အရိပ်တမန် များထဲမှ တစ်ဦး ဖြစ်၏။
ဆုမို ၏ နှိမ်နင်း ဖျက်ဆီးပစ်နိုင်သော လက်သီးချက်များ သူ၏ ကိုယ်ပေါ်သို့ ကျဆင်းလာပြီး ဖုန်မှုန့်များ လေထဲသို့ လွင့်စင်သွားသော အချိန်သည်၊ ဤသိုင်းကွက်ကို အသုံးပြုရန် အကောင်းဆုံး အခိုက်အတန့် ပင် ဖြစ်ခဲ့သည်။
ဤသိုင်းကွက်ကို အကောင်အထည် ဖော်ပြီးနောက် သူသည် ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း ကို အသုံးပြုကာ သူ၏ ပတ်လည်ရှိ အရိပ်များ အားလုံးကို ထို အရိပ်တမန် ၏ ကိုယ်ပေါ်သို့ လွှဲပြောင်းပေးလိုက်၏။
၎င်းက ထို အရိပ်တမန် ကို ကာကွယ်ရန် လက်ကို မြှောက်ထားသည့် ဟန်ဆောင်မှု တစ်ခုကို အတင်းအကျပ် ဖန်တီးပေးလိုက်ခြင်း ပင်။
နောက်ဆုံးတွင်.. ထို အရိပ်တမန် မှာ ဆုမို ၏ လက်သီး တစ်ချက်တည်းဖြင့်ပင် အမှုန့်ကြိတ် ချေမှုန်းခံလိုက်ရသည်။
‘ညသခင်’ သေဆုံးသွားခြင်းက တုန်းချန်နယ်မြေ ဂိုဏ်းများမှ တပည့်များကို အလွန်အမင်း ဝမ်းသာလုံးဆို့ သွားစေမည်မှာ သေချာကြောင်း သူ ကြိုတင် တွက်ဆထားခဲ့၏။
ထိုအချိန်တွင် အားလုံး မှင်သက်အံ့ဩသွားမည့် အခိုက်အတန့် တိုလေး တစ်ခု သေချာပေါက် ပေါ်ပေါက်လာမည် ဖြစ်သည်။
ဆုမို ပင်လျှင် ဤကိစ္စ၏ ထူးဆန်းမှုကို ချက်ချင်း ရိပ်မိနိုင်မည် မဟုတ်ချေ။
၎င်းမှာ သူ ထွက်ပြေး လွတ်မြောက်ရန်အတွက် ပြီးပြည့်စုံသော အခွင့်အရေးကြီး ပင်။
ထို့ကြောင့်... သူသည် အမိန့်ကို ကြိုတင် ပေးထားခဲ့ခြင်း ဖြစ်၏။
အရိပ်တမန် များကို အရင်ဆုံး ထွက်ပြေးရန်နှင့် နောက်သို့ လုံးဝ လှည့်မကြည့်ရန် သူ အမိန့်ပေးခဲ့သည်။
အရိပ်တမန် များစွာ ဖရိုဖရဲ ပြန့်ကျဲ ထွက်ပြေးသွားခြင်းက တုန်းချန်နယ်မြေ ဂိုဏ်းများမှ တပည့်များကို သေချာပေါက် ဇဝေဇဝါ ဖြစ်စေပြီး အာရုံများ နောက်ရှုပ်သွားစေမည် ဖြစ်သည်။
ထို့နောက် တစ္ဆေအရိပ် ဂိုဏ်းခွဲ ခုနစ်ခု ကို တိုက်ခိုက်ရင်း ဆုတ်ခွာစေခဲ့ခြင်းမှာလည်း ဆုမို နှင့် အခြားသူများကို အချိန်ဆွဲ ဟန့်တားထားရန် တိကျစွာ ရည်ရွယ်ခဲ့ခြင်း ပင်။
ဤအရာများ အားလုံးအတွက်၊ အရိပ်တမန် များ ဖောက်ထွက် လွတ်မြောက်နိုင်ရန် သေချာစေရေး အလို့ငှာ ဆုမို ၏ လက်ဝါးချက်ကိုပင် တမင်တကာ အခံရပ်ရန် သူ ဝန်မလေးခဲ့ချေ။
ဆုမို ၏ လက်ဝါးချက်ကို ရင်ဆိုင်ရချိန်တွင်.. ဆုမိုက အစွမ်းအစ အပြည့်အဝကို အသုံးမပြုကြောင်း သူ သိရှိထားပြီး ထိုတိုက်ခိုက်မှုကို တိုက်ရိုက် ခံယူလိုက်ခြင်းက ကြီးမားသော ဒဏ်ရာကို ရရှိစေသော်ငြားလည်း ‘နေရောင်ကင်းမဲ့ အမှောင်ထု’ သိုင်းကွက်၏ ကျေးဇူးကြောင့် သေစေနိုင်လောက်သည့် အထိတော့ မဆိုးရွားခဲ့ပေ။
ဆုမို သည် နောက်ပိုင်းတွင် သံသယများ ဖြစ်လာလျှင်တောင်မှ ၎င်းတို့ကို သေချာပေါက် အတည်ပြုနိုင်မည် မဟုတ်ချေ။
ပါဝင်ပတ်သက်နေသော နည်းဗျူဟာများမှာ အလွန်တရာ ရှုပ်ထွေးပြီး ဖော်ပြ၍ မရနိုင်လောက်အောင် အန္တရာယ် များလှ၏။
သို့သော်လည်း ဆုမို သည် သူ့ကို အနားမပေးဘဲ အသည်းအသန် လိုက်လံ သတ်ဖြတ်နေခဲ့ရာ အန္တရာယ် မည်မျှပင် ကြီးမားပါစေ အသက်ရှင် လွတ်မြောက်ရန် အခွင့်အရေး တစ်ခုအတွက် သူ လောင်းကြေးထပ်ရမည် သာတည်း။
နောက်ဆုံးတွင်.. ညသခင်သည် ထို သေးငယ်လှသော အသက်ရှင်ရေး အခွင့်အရေးလေးကို ဆုပ်ကိုင်နိုင်ခဲ့တော့သည်။
သို့သော် ယခုအခါ... သူ ရရှိထားသော ကိုယ်တွင်းဒဏ်ရာ များက ညသခင် ကို ပြင်းထန်သော ဒုက္ခဆင်းရဲများ ပေးစွမ်းနေတော့၏။
ဆုမို ၏ ခုနစ်ပါးဒဏ်ရာ လက်သီး သည် ကိုယ်တွင်း အရေးကြီး အင်္ဂါများကို တိုက်ရိုက် ပစ်မှတ်ထားပြီး မတူညီသော လက်သီးစွမ်းအား ခုနစ်မျိုးက သူ၏ ခန္ဓာကိုယ်ကို အကြင်နာကင်းမဲ့စွာ ထိုးဖောက် ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် ‘နေရောင်ကင်းမဲ့ အမှောင်ထု’ သိုင်းကွက်ကို အသုံးပြု၍ ခုနစ်ပါးဒဏ်ရာ လက်သီး ၏ စွမ်းအားများကို အမှောင်ထုထဲသို့ တတ်နိုင်သမျှ လွှဲပြောင်းပေး
ခဲ့သော်ငြားလည်း
မြောက်မြားစွာသော ထိုးနှက်ချက်များ၏ စုစည်းလာသော ဒဏ်ကိုတော့ သူ လုံးဝ ကြံ့ကြံ့မခံနိုင်ခဲ့ချေ။
ယခုအခါ သူ၏ ကိုယ်တွင်း အင်္ဂါများ ပျက်စီးမှုမှာ ဆေးဝါးများဖြင့် ကုသ၍ မရနိုင်လောက်အောင် ဆိုးရွားနေချေပြီ။
ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် လေကို ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ရင်ဘတ်၊ လက်မောင်းများနှင့် ခါး ပေါ်ရှိ အရေးကြီးသော သွေးကြောပေါက် များကို လက်ချောင်းများဖြင့် ဆက်တိုက် ဖိနှိပ်လိုက်သည်။
လက်ချောင်း တစ်ချက် ဖိနှိပ်လိုက်တိုင်း၊ သူ၏ မျက်နှာမှာ ပို၍ ဖြူရော်သွားတော့၏။
နောက်ဆုံးတွင် သက်ဆိုင်ရာ သွေးကြောပေါက် ငါးခု ကို ဖိနှိပ်ပြီးနောက် သူသည် သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်။
နောက်ဆုံးတော့လည်း အဆက်မပြတ် ထွက်ကျနေသော သွေးများကို သူ ရပ်တန့်နိုင်ခဲ့တော့၏။
သို့သော် သူ၏ အခြေအနေကို ငုံ့ကြည့်လိုက်မိသောအခါ ခါးသီးစွာ ပြုံးလိုက်မိသည်။
'ဆယ်စုနှစ်ပေါင်းများစွာ သွေးချွေးသွန်းပြီး ကျင့်ကြံခဲ့ရတာ... နောက်ဆုံးတော့ ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း ရဲ့ အဋ္ဌမမြောက် အဆင့် ကို ငါ တီထွင်နိုင်ခဲ့ပြီ...'
'ဒါပေမဲ့... တိုက်ပွဲ တစ်ပွဲတည်းနဲ့တင် အရာအားလုံးက လုံးဝနီးပါး ပျက်စီးသွားရပြီ'
'ဆုမို... ဆုမို......'
သူ၏ မျက်ဝန်းများတွင် မုန်းတီး နာကြည်းမှုများ မီးတောက်အလား ဝုန်းခနဲ တောက်လောင်သွားတော့သည်။
ထာဝရညတောင်ကြား ၏ ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း သည် မူလက အဆင့် ခုနစ်ဆင့် သာ ရှိခဲ့လေသည်။
ညသခင် သည် သူကိုယ်တိုင်ပင် ပါရမီရှင် တစ်ဦး ဖြစ်ရာ သတ္တမမြောက် အဆင့် ၏ အထွတ်အထိပ်သို့ အစောကြီး ကတည်းက တတ်မြောက်ထားခဲ့ပြီး ဖြစ်ကာ ဤသိုင်းပညာကို ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ဒသမမြောက် အဆင့် အထိ တိုးချဲ့လိုကြောင်း ကောလာဟလများပင် ရှိခဲ့၏။
သို့သော် ပြောသလောက် မလွယ်ကူ ဆိုသည့် စကားအတိုင်း ပင်။
နှစ်များစွာ ကြာလာသည်နှင့်အမျှ၊ ညသခင် ၏ ပါရမီစွမ်းရည်များနှင့် ပြိုင်ဘက်ကင်း သိုင်းပညာ များစွာကို စုဆောင်းကာ အခြား နည်းစနစ်များကို လှေကားထစ်များအဖြစ် အသုံးပြုခဲ့သော်ငြားလည်း သူသည် အဋ္ဌမမြောက် အဆင့် ကိုသာ ဖန်တီးနိုင်ခဲ့၏။
သို့တိုင်အောင် ဤ ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း ၏ အဋ္ဌမမြောက် အဆင့် ဖြင့် သူသည် သူ့ကိုယ်သူ တုန်းဟွမ်နယ်မြေ ၏ အထွတ်အထိပ် သိုင်းပညာရှင် ဖြစ်လာနိုင်ခြေ ရှိသည်ဟု ယုံကြည်ထားခဲ့သည်။
‘ဒါပေမဲ့ ဒီနေ့မှာ ဆုမို နဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်သူကများ ထင်မှတ်ထားခဲ့မှာလဲ။
ဒီလောက် ငယ်ရွယ်တဲ့ လူငယ်လေး တစ်ယောက်က... ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်တဲ့ သိုင်းပညာတွေကို ပိုင်ဆိုင်ထားတယ်တဲ့လား..’
ယခုအခါ သူ၏ ကိုယ်တွင်းဒဏ်ရာ များမှာ အလွန်တရာ ဆိုးရွားနေပြီး သူ၏ အရေးကြီးသော ကိုယ်တွင်းအင်္ဂါများမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲလုနီးပါး ဖြစ်နေချေပြီ။
သူသည် ဆင်းရဲဒုက္ခ ခံကာ ကျင့်ကြံထားခဲ့သော ဝူကျိုး နတ်မိစ္ဆာ မှတ်တမ်း ကို အသုံးပြု၍ ခန္ဓာကိုယ် တည်ငြိမ်မှုကို မနည်း ထိန်းသိမ်းထားရ၏။
သို့သော် ဤအခြေအနေက သူ့အား အတွင်းအား များကို ယာယီ အသုံးပြု၍ မရနိုင်အောင် ဖန်တီးပေးလိုက်တော့၏။
ထို့ပြင် ၎င်းမှာ ရေရှည် ဖြေရှင်းနည်း တစ်ခု မဟုတ်ချေ။
အတွင်းအား ဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားခြင်းမှာ ယာယီ သက်သာရာ ရစေရုံ သက်သက်သာ ဖြစ်ပြီး ကိုယ်တွင်းဒဏ်ရာ များမှာ ဆက်လက် ရှိနေဆဲ ဖြစ်ကာ အကယ်၍ အချိန်မီ ကုသမှု ခံယူရန် ထာဝရညတောင်ကြား သို့ ပြန်မရောက်နိုင်ပါက ဆက်လက် အချိန်ဆွဲနေခြင်းက သေခြင်းတရား ဆီသို့သာ တည့်တည့်မတ်မတ် ဦးတည်သွားစေမည် ဖြစ်သည်။
ပြီးတော့ သူသာ အတွင်းအား များကို ရမ်းသမ်း အသုံးပြုလိုက်မည် ဆိုပါက... အနည်းငယ်မျှ ဆိုလျှင် ခံနိုင်ရည် ရှိကောင်း ရှိနိုင်သော်ငြားလည်း အလွန်အကျွံ ဖြစ်သွားပါက... သူ၏ ဒဏ်ရာများကို သေချာပေါက် ပြန်လည် ဖောက်ထွက်လာစေမည် သာတည်း။
ဒဏ်ရာများ ပြန်လည် ဖောက်ထွက်လာသည်နှင့် တစ်ပြိုင်နက် ဆူနာမီ လှိုင်းလုံးကြီး တစ်ခုက သူ့ကို ဝါးမြိုသွားသကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားနိုင်၏။
မိစ္ဆာဂိုဏ်းချုပ်ကြီး တစ်ယောက် အနေဖြင့်... မမျှော်လင့်ဘဲ ဤမျှ သနားစရာ ကောင်းသော အခြေအနေဆိုးကြီးထဲသို့ ကျရောက်သွားရခြင်းအတွက် သူ ဘယ်လိုလုပ်ပြီး နာကြည်း မုန်းတီးမှု မရှိဘဲ နေနိုင်မည်နည်း။
သို့သော် သူသည် လက်သီးကို တင်းတင်းဆုပ်ကာ လေကို ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဒေါသတရား၏ လွှမ်းမိုး ချေမှုန်းခံရခြင်းကို လုံးဝ ခွင့်မပြုခဲ့ချေ။
ယခုအချိန်တွင် သူ၏ ဆင်ခြင်တုံတရား ကို လက်လွှတ်လိုက်ပါက မြေမြှုပ်စရာ နေရာပင် ရှိတော့မည် မဟုတ်ကြောင်းကို ယခင်ကထက် ပို၍ သူ ကောင်းစွာ နားလည်နေသည်။
'အခု အရေးအကြီးဆုံး ပြဿနာက... ငါ ထွက်ပြေးဖို့အတွက် သေချင်ယောင် ဆောင်ခဲ့တာကို ဆုမို ရိပ်မိသွားသလား ဆိုတာပဲ...'
ညသခင်..ထိုသို့ တွေးလိုက်မိ၏။
အကယ်၍ ဆုမို သာ သတိမထားမိခဲ့ပါက သူ၏ နောက်ထပ် လှုပ်ရှားမှုများမှာ ပိုမို လွယ်ကူသွားပေလိမ့်မည်။
သူ၏ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာသည်နှင့် တစ်ပြိုင်နက် ယခုထက် ပိုမို ကြီးမားသော အောင်မြင်မှုများကိုပင် သူ ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေမည်။
သို့သော် ဆုမို သာ သိနေခဲ့မည် ဆိုပါက... သူသည် လုံးဝ ကွဲပြားခြားနားသော ချဉ်းကပ်မှု တစ်ခုကို လိုအပ်ပေလိမ့်မည်။
ထို့ကြောင့် ဆုမို မည်မျှအထိ သိထားသနည်း ဆိုသည်ကို နောက်ထပ် အကဲစမ်း စစ်ဆေးရန် လိုအပ်၏။
သို့သော် ဤ စဉ်းစားတွက်ချက်မှုများ အားလုံးကို ထာဝရညတောင်ကြား သို့ ပြန်ရောက်သည့် အချိန်အထိ စောင့်ဆိုင်းရမည်သာ။
သူသည် လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး မသိစိတ်အလျောက် ကိုယ်ဖော့ပညာ ကို အသုံးပြုရန် ပြင်လိုက်သော်လည်း ခြေလှမ်းအစတွင်ပင် သတိပြန်ဝင်လာ၏။ သက်ပြင်းချကာ... တောင်တန်းများကြားတွင် သာမန်လူ တစ်ယောက်အလား ခြေလျင် လျှောက်လှမ်းရတော့သည်။
တစ်ခါတစ်ရံတွင် သူ၏ ဝတ်ရုံများမှာ ဆူးချုံများနှင့် သစ်ကိုင်းများကြောင့် ဆုတ်ပြဲသွားပြီး သွေးစစ များ ပေကျံသွားရ၏။
အထီးကျန် ဆန်လှသော သက်ပြင်းချသံ ရှည်ကြီးများသည် တိတ်ဆိတ်သော ညယံတွင် လွင့်မျောသွားပြီး... ချိုင့်ဝှမ်း တစ်ခုလုံးကို စိတ်ပျက်အားငယ်မှုများဖြင့် ဖုံးလွှမ်းသွားစေတော့သည်။
--