← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း (၂၆၃)

အနောက်ပိုင်းလျန် ပျက်စီးခြင်းနှင့် အော်ရိုဘိုရော့စ် အရိပ်အယောင်

“ဖတ်... ဖတ်... ဖတ်...”

နောက်ဆုံးထွက်ပေါ်လာသော သတ္တုဟိန်းဟောက်သံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီးနောက် လော့ဖုန်း တောင်စောင်း တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

ခြောက်ခြားဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်နေခဲ့ခြင်းဖြစ်ပေသည်။

ယမ်းနံ့၊ သွေးနံ့နှင့် စူးရှသော မီးခိုးနံ့တို့မှာ လေထုထဲတွင် ပြည့်နှက်နေပြီး နဂါးအစွယ်တပ်မတော်သားတိုင်း၏ နှာခေါင်းထဲသို့ အတင်းအဓမ္မ တိုးဝင်နေလေသည်။ ထွက်ပြေးနေရသော ရန်သူများအတွက်မူ ဤအရာမှာ ငရဲ ပြည်မှ ကန့်ကူဆံနံ့ဖြစ်သော်လည်း အောင်ပွဲခံသူများအတွက်မူ အမွှေးပျံ့ဆုံးသော အောင်ပွဲရနံ့ပင် ဖြစ်ပေသည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ တောင်ကြားတစ်ခုလုံးမှာ ဧရာမ အသားကြိတ်စက်ကြီးတစ်ခုသဖွယ် ဖြစ်နေခဲ့ချေသည်။

အကောင်းပကတိကျန်ရှိနေသော အလောင်းများ မရှိသလို ညည်းတွားနေသော ဒဏ်ရာရသူများလည်း မရှိဘဲ ပုံပျက်နေသော သံမဏိများ၊ ပြတ်တောက်နေသော ကလီစာများနှင့် ကျည်ဆန်မုန်တိုင်းကြောင့် ကြေမွနေသော သွေးနှင့် အသားများသာ ရှိနေခဲ့လေသည်။

တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းလှသော အနောက်ပိုင်းလျန် သံချပ်ကာမြင်းတပ်၏ ဂုဏ်သတင်းမှာ ယခု အခါ မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ညစ်ပတ်နေသော သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီဖြစ်၏။

အံ့ဖွယ်တမျှ အသက်ရှင်ကျန်ရစ်ခဲ့ကြသော အနောက်ပိုင်းလျန် မြင်းတပ်သားများမှာ လုံးဝ စိတ်ဓာတ်ကျဆင်း နေကြပြီ ဖြစ်ချေ၏။ သူတို့သည် လက်နက်များကို ပစ်ချကာ သွေးအိုင်များထဲတွင် ဒူးထောက်နေကြပြီး အချို့မှာ ငိုကြွေးနေကြကာ အချို့မှာမူ ရူးသွပ်စွာ ရယ်မောနေကြပြီး အများစုမှာမူ ဝိညာဉ်ကင်းမဲ့နေသည့်အလား အသက် မဲ့နေသော မျက်လုံးများဖြင့် ရှိနေကြလေသည်။

တောင်စောင်းပေါ်တွင်မူ မာထန်၏ ကိုယ်ရံတော်များသည် အကြောက်လွန်ကာ သေးထွက်ကျနေသော အနောက် ပိုင်းလျန် စစ်သေနာပတိကို မြေပြင်မှ မတင်နိုင်ရန် အလွန်အမင်း အားထုတ်နေရလေသည်။ ထို့နောက် သူသည် လွတ်မြောက်ရန်အတွက် ကမန်းကတန်း တွားသွား၍ထွက်ပြေးလေတော့သည်။

“သခင်ကြီး... မြန်မြန်လုပ်ပါ... အခုမသွားရင် နောက်ကျသွားပါလိမ့်မယ်...”

ကိုယ်ရံတော်တပ်မှူးက အက်ကွဲနေသောအသံဖြင့် အော်ဟစ်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မျက်ရည်နှင့် ချွေး များ ရောနှောလျက်ရှိနေလေသည်။

မာထန်သည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်ကဲ့သို့ တရွတ်တိုက်ဆွဲခေါ်ခြင်းခံနေရပြီး

“မိစ္ဆာ... သူက မိစ္ဆာပဲ... ငါတို့ သူ့ကို မနိုင်နိုင်ဘူး...” ဟု တတွတ်တွတ် ရေရွတ်နေခဲ့လေသည်။

သူ၏ ရည်မှန်းချက်၊ သူ၏ အင်ပါယာနှင့် သူ၏ ဂုဏ်ကျက်သရေအားလုံးမှာ ထိုငရဲဆန်သော အော်ဟစ်သံများ အောက်တွင် ဧရာမ ဟာသကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

တောင်ကြား၏ အခြားတစ်ဖက်တွင်မူ ဖန်းဟန်သည် သူ၏ မှန်ပြောင်းကို ချလိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

*လိုက်ဖမ်းမလို့လား...။ ဘာလို့ လိုက်ဖမ်းရမှာလဲ...*

သူသည် အောင်ပွဲတစ်ခုတည်းကိုသာ အလိုရှိခဲ့ခြင်း မဟုတ်ပေ။

“လိုက်ဖမ်းစရာ မလိုဘူး...”

သူသည် အနောက်ဘက်ရှိ သေမင်းတမန်အရိပ်မှာ သူ၏ ကိုယ်ပိုင်အရိပ်တစ်ခုသာ ဖြစ်နေသည့်အလား လှည့် ပင်မကြည့်ဘဲ ပြောလိုက်လေသည်။

“အကြောက်လွန်နေတဲ့ ခွေးတစ်ကောင်က သေနေတဲ့ ခွေးထက် ပိုကျယ်ကျယ်ဟောင်နိုင်သလို ပိုပြီးလည်း ခရီး ရောက်နိုင်တယ်...”

လေထုထဲတွင် အနည်းငယ် လှိုင်းထသွားပြီး ဇီယင်းသည် အရိပ်များထဲမှ ထွက်ပေါ်လာကာ ဒူးတစ်ဖက် ထောက် လိုက်လေ၏။

“သခင်ကြီး...”

“ဇီယင်း...”

ဖန်းဟန်၏ အသံမှာ အနည်းငယ်မျှပင် နွေးထွေးမှု ရှိမနေခဲ့ပေ...။

“မင်းရဲ့ တစ္ဆေအစွယ် တပ်ဖွဲ့ကိုခေါ်ပြီး သူတို့နောက်ကို ဝံပုလွေတစ်ကောင်လို လိုက်သွားလိုက်... မာထန်ကို မသတ်နဲ့... ဒါပေမယ့် သူ့ဘေးနားက လူတိုင်းကို အဆုံးမဲ့ကြောက်ရွံ့မှုတွေနဲ့ သေဆုံးသွားအောင် ငါလုပ်မယ်... လွတ်မြောက်သွားတဲ့ အနောက်ပိုင်းလျန် စစ်သားတိုင်းကို ငါ့နာမည်အတွက် သက်ရှိကြော်ငြာတွေ ဖြစ်လာ အောင် ငါလုပ်မယ်... ဒါမှ လျန်ကျိုးက လူတွေကို မိစ္ဆာရောက်လာပြီဆိုတာ သူတို့ ပြောပြနိုင်မှာပေါ့...”

“ဟုတ်ကဲ့ပါ သခင်ကြီး...”

ဇီယင်း၏ အသံတွင် စိတ်လှုပ်ရှားဖွယ် အေးစိမ့်မှုတစ်ခု ပါဝင်နေပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ညနေဆည်းဆာထဲ သို့ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့လေသည်။

မကြာမီမှာပင် အနောက်ပိုင်းလျန် မြေပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကြောင်နှင့်ကြွက် ကစားပွဲ တစ်ခု စတင်လာခဲ့လေတော့သည်။

ဇီယင်း၏ တစ္ဆေအစွယ် တပ်ဖွဲ့မှာ ညအချိန်တွင် သရဲတစ္ဆေများကဲ့သို့ပင် ဖြစ်လေသည်။ သူတို့သည် ရန်သူကို ဘယ်သောအခါမျှ ထိပ်တိုက်မရင်ဆိုင်ဘဲ အဝေးမှသာ လိုက်ပါသွားခဲ့ကြလေ၏။

တိတ်ဆိတ်လှသော ညသန်းခေါင်ယံအချိန်တွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော အနောက်ပိုင်းလျန် တပ် ပျက်များ အိပ်ပျော်သွားချိန်၌ မှောင်မိုက်နေသော နေရာမှ စူးရှသော သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး ကင်းစောင့်တစ်ဦးမှာ မျက်ခုံးနှစ်ခုကြားသို့ ကျည်ဆန်ထိမှန်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။

ထိတ်လန့်မှုများ ချက်ချင်းပင် ပျံ့နှံ့သွားသော်လည်း သူတို့ အပြင်သို့ ပြေးထွက်လာချိန်တွင် မည်သည့်တစ္ဆေကိုမျှ မတွေ့ရပေ။

သူတို့၏ သောက်ရေထဲသို့ ဝမ်းနုတ်ဆေးများ ခိုးထည့်ထားသဖြင့် အန်ခြင်းနှင့် ဝမ်းလျှောခြင်းများ အလွန်ဆိုးရွား စွာ ဖြစ်ပေါ်ကာ မြင်းကိုပင် မနည်းစီးနေကြရလေသည်။

သူတို့ အလွန်ခက်ခဲစွာ ရှာဖွေထားသော အစားအစာများမှာလည်း လမ်းလွဲလာသော မြားတစ်စင်းကြောင့် သူတို့ မျက်စိရှေ့မှာပင် ပြုတ်ကျသွားပြီး သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲထားသော စာရွက်တစ်ရွက်ကိုပါ မြင်တွေ့လိုက် ရလေသည်။ ထိုစာရွက်တွင်မူ “စစ်သူကြီးဖန်းထံမှ ဆုလာဘ်...” ဟု ရေးသားထားခဲ့လေ၏။

အရိုးတွင် တွယ်ကပ်နေသော ပိုးလောက်လမ်းများကဲ့သို့ မျှော်လင့်ချက်မဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က ဤစစ်ရှုံး စစ်သားများ၏ အာရုံကြောများကို နေ့ရောညပါ ကိုက်ဖြတ်စားသောက်နေခဲ့လေသည်။

အဆက်မပြတ် နှောင့်ယှက်ခံရမှုများနှင့် ပြည်တွင်းရေးပဋိပက္ခများကြောင့် သူတို့၏ အရေအတွက်မှာ လျော့နည်း လာခဲ့ရာ အစပိုင်းတွင် တစ်ထောင်ကျော်ရှိရာမှ ရက်အနည်းငယ်အတွင်း သုံးရာအောက်သို့ ကျဆင်းသွားခဲ့လေ သည်။

တစ်ချိန်တည်းမှာပင် ဖန်းဟန်၏ အဓိကတပ်မတော်မှာ စစ်တလင်းကို တည်ငြိမ်စွာဖြင့် ရှင်းလင်းနေခဲ့ကြလေ သည်။

“သခင်ကြီး... ကြည့်ပါဦး...”

စစ်သားတစ်ဦးက အနောက်ပိုင်းလျန် အရာရှိတစ်ဦး၏ အလောင်းမှ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဓားမြှောင် တစ်လက်ကို တွေ့ရှိခဲ့ပြီး သူ့ထံသို့ ဆက်သလိုက်လေသည်။

ဖန်းဟန်သည် ဓားမြှောင်ကို ယူလိုက်ပြီး ဓားသွားကို သူ၏ လက်ချောင်းဖြင့် ညင်သာစွာ ပွတ်ဆွဲကြည့်လိုက်လေ ၏။

“ဝီ...”

ရှင်းလင်းပြတ်သားသော အသံမှာ အချိန်အတန်ကြာသည်အထိ ပဲ့တင်ထပ်နေခဲ့ရာ ထိုသံမဏိ၏ အရည်အသွေး မှာ မဟာကျင်းမင်းဆက်၏ သတ္တုကျိုချက်ခြင်းအဆင့်ထက် များစွာ သာလွန်ကြောင်း သက်သေပြနေလျက်ရှိ လေသည်။

သို့သော် ဤသည်မှာ အဓိကအချက် မဟုတ်ပေ။

သူ၏ အကြည့်များက ဓားရိုးပေါ်သို့ ကျရောက်သွားခဲ့လေ၏။

ထိုနေရာတွင် အလွန်မှေးမှိန်သော ပုံစံတစ်မျိုးကို ထွင်းထုထားလေသည်။ မြွေတစ်ကောင်သည် ၎င်း၏အမြီးကို ပြန်လည်မျိုချနေသည့် ပုံစံပင် ဖြစ်ပေသည်။

“ဟက်...”

ဖန်းဟန်သည် အလွန်တိုးညင်းပြီး အေးစက်သော ရယ်မောသံတစ်ခုကို ပြုလုပ်လိုက်ရာ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် အလွန်နက်ရှိုင်းသွားခဲ့လေသည်။

သူသည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ပြီး ငါးများစွာကို ဖမ်းမိခဲ့ရာ နောက်ဆုံးတွင် ၎င်းတို့အနက်မှ တစ်ကောင် က ဤရေကန်နှင့် မသက်ဆိုင်သော အကြေးခွံများကို ထုတ်ဖော်ပြသလာခဲ့ခြင်းပင် ဖြစ်ပေသည်။

“သခင်ကြီး... နောက်တစ်ခု တွေ့ပါသေးတယ်...”

အခြားစစ်သားတစ်ဦးက အော်ရိုဘိုရော့စ် အမှတ်အသား ထွင်းထုထားသော ကြေးဝါတံဆိပ်ပြားတစ်ခုကို ဆက် သလိုက်လေသည်။

ဖန်းဟန်သည် အေးစက်နေသော အမှတ်တရပစ္စည်းကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်ရာ ရင်းနှီးနေသော တိုးတမ်အမှတ်အသားက သူ၏ လက်ဖဝါးပေါ်တွင် အေးစက်သော အမှတ်အသားတစ်ခု ချန်ရစ်ထားခဲ့သကဲ့သို့ ခံစားလိုက်ရလေသည်။

သူသည် ထိုအမည်ကို ချက်ချင်း ထုတ်မပြောခဲ့ဘဲ ခေါင်းကိုမော့လိုက်ကာ သူ၏ အကြည့်များက လော့ဖုန်း တောင်စောင်းပေါ်ရှိ အလောင်းတောင်များနှင့် သွေးပင်လယ်များကို ဖြတ်ကျော်လျက် အဝေးရှိ အနောက်ဘက် သို့ ကြည့်လိုက်လေ၏။

မာထန်...။ သူသည် ရှေ့တန်းသို့ တွန်းပို့ခံရသော နယ်ရုပ်တစ်ရုပ်၊ ကြိုးဆွဲခံနေရသော ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်ပေသည်။

ယခုမူကား သူသည် ထိုကြိုး၏ အစွန်းတစ်ဖက်ကို နောက်ဆုံးတွင် ဆုပ်ကိုင်မိသွားခဲ့လေပြီ။

“အော်ရိုဘိုရော့စ်...”

သူသည် ထိုအမည်ကို တီးတိုးရေရွတ်လိုက်လေ၏။ သူ၏ အသံမှာ မကျယ်လောင်သော်လည်း ပတ်ဝန်းကျင်ရှိ လေထုကိုပင် အေးခဲသွားစေသည့်အလား ဖြစ်နေခဲ့ပေတော့သည်။

[“အော်ရိုဘိုရော့စ်...” = အဆုံးမဲ့သံသရာ (အီဂျစ်ဒဏ္ဍာရီလာ သူ့အမြီးသူပြန်မြိုသည့်မြွေနဂါးအမှတ်အသား)]

All Chapters