အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း (၂၆၈)
အန်းကော်မြို့စားထံမှ စိန်ခေါ်စာ
ယခင်က စစ်သူကြီးအိမ်တော်ဖြစ်ခဲ့သော အနောက်ပိုင်းလျန်သည် ယခုအခါတွင် ဖန်းဟန်၏ ယာယီဌာနချုပ် ဖြစ်လာခဲ့လေ၏။
မာထန်ကို ကွပ်မျက်လိုက်ခြင်းနှင့်အတူ အနောက်ပိုင်းလျန် သံချပ်ကာမြင်းတပ်၏ ဒဏ္ဍာရီမှာလည်း လုံးဝပျက်စီး သွားခဲ့ပြီး အနောက်ပိုင်းလျန်တစ်ခွင်လုံး၏ စစ်ရေးနှင့် နိုင်ငံရေးအာဏာတို့ကို ဖန်းဟန်၏ နဂါးအစွယ်တပ်မတော် က ညတွင်းချင်းပင် သိမ်းပိုက်လိုက်လေသည်။
ခန်းမအတွင်းရှိ လေထုမှာ တင်းကျပ်လျက်ရှိနေပေ၏။
ဖန်းဟန်သည် ပင်မထိုင်ခုံတွင် မြင့်မားစွာ ထိုင်နေပြီး သူ၏လက်ချောင်းများက စားပွဲပေါ်ရှိ စစ်ရေးအစီရင်ခံစာ ကို ပေါ့ပါးစွာ ခေါက်နေကာ သူ၏မျက်လုံးများမှာမူ တည်ငြိမ်၍ ဂရုမစိုက်သောဟန် ရှိနေလေသည်။
သူသည် သံချပ်ကာဝတ်စုံကိုပင် ဝတ်ဆင်ထားခြင်းမရှိဘဲ သာမန်အဝတ်အစားကိုသာ ဝတ်ဆင်ထားသော်လည်း အောက်ဘက်တွင် သံချပ်ကာအပြည့်အစုံ ဝတ်ဆင်ထားကြသော နျူအာနှင့် မာပေါ်ကော့တို့ကဲ့သို့ ကြမ်းတမ်း သည့် စစ်သူကြီးများပင် အသက်ပြင်းပြင်း မရှူဝံ့ပဲ ရှိနေခဲ့ကြချေသည်။
အားလုံး၏ အကြည့်များမှာ ဖန်းဟန်ထံသို့ စူးစိုက်နေကြပြီး သူတို့၏ အကြည့်များတွင် ကြောက်ရွံ့မှုနှင့် ရူးသွပ် မတတ် ကိုးကွယ်ယုံကြည်မှုတို့ ရောယှက်နေလေ၏။
လော့ဖုန်းတောင်စောင်း တိုက်ပွဲတွင် သူတို့၏အရှင်သခင်မှာ သူတို့မျက်စိရှေ့၌ပင် သေမျိုးတစ်ဦး မဟုတ်တော့ဘဲ လူသားများကြားတွင် လျှောက်လှမ်းနေသော နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပေသည်။
ထိုစဉ်မှာပင် ကိုယ်ရံတော်တစ်ဦး ကမန်းကတန်း ပြေးဝင်လာကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။
"အရှင်သခင်ထံ အစီရင်ခံပါတယ်...၊ လော့ကျင်းကနေ...၊ အန်းကော်မြို့စား စေလွှတ်လိုက်တဲ့ သံတမန် တံခါးဝ ကို ရောက်နေပါတယ်..."
*အန်းကော်မြို့စား ဆိုပါလား…*
ခန်းမတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ပြီး အားလုံး၏ အကြည့်များက ဖန်းဟန်ထံသို့ ရောက်ရှိသွားခဲ့ လေ၏။
နျူအာက အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"အရှင်သခင်...၊ အဲဒီအဘိုးကြီးက ကျွန်တော်တို့ကို ကြောက်သွားလို့ ငြိမ်းချမ်းရေးတောင်းဆိုဖို့ လူလွှတ်လိုက် တာ ဖြစ်ရပါမယ်..."
မာပေါ်ကော့မှာမူ ပို၍ သတိထားဟန်ရှိလေ၏။ သူက ခေါင်းခါရင်း ပြောလိုက်ပေသည်။
"ပြောရခက်တယ်... အန်းကော်မြို့စားက အင်အားကြီးသလို ကောက်ကျစ်စဉ်းလဲတယ်... အခုလို လာတာက ကြက်ဆီကို မြွေပါလာသလိုပဲ ရည်ရွယ်ချက်ကောင်း ရှိမှာတော့မဟုတ်ဘူး..."
ဖန်းဟန်သည် လက်ထဲမှ စစ်ရေးအစီရင်ခံစာကို ချလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာ ခဲ့လေသည်။
*ငြိမ်းချမ်းရေး တောင်းဆိုတယ် ဟုတ်လား…*
ထိုမြေခွေးအိုကြီးက ထိုမျှအထိ ရိုးအလိမ့်မည်ဟု သူ မယုံကြည်ပေ။ မာထန်သည် အန်းကော်မြို့စား ထုတ်သုံး လိုက်သော နယ်ရုပ်တစ်ခုသာဖြစ်ပြီး နယ်ရုပ်လေး အသုံးမဝင်တော့သည့်အခါ ကစားသူကိုယ်တိုင် ဝင်ရောက် လာရမည်မှာ သဘာဝပင် ဖြစ်လေသည်။
ဖန်းဟန်က တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။
"သူ့ကို ဝင်လာခိုင်းလိုက်..."
ခဏအကြာတွင် အရာရှိဦးထုပ်ကို ဆောင်းထားပြီး မုတ်ဆိတ်မရှိသော ဖြူဖျော့ဖျော့ မိန်းမစိုးတစ်ဦးကို နဂါး အစွယ်တပ်မတော် စစ်သည်များက ဖိတ်ခေါ်၍ ခေါ်ဆောင်လာခဲ့ကြလေသည်။
ထိုမိန်းမစိုးသည် ခေါင်းကိုမော့ထားရာ မေးစေ့မှာ ကောင်းကင်သို့ပင် ထိုးမိုးနေတော့မတတ် ဖြစ်နေလေ၏။ သူ သည် သာမန်အဝတ်အစားဖြင့် အထက်တွင်ထိုင်နေသော ဖန်းဟန်ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး နှုတ်ခမ်း တွင် ဖုံးကွယ်ထားခြင်းမရှိသော အထင်အမြင်သေးမှုများကို ပြသလျက် စူးရှသောအသံဖြင့် အော်ဟစ်လိုက်လေ သည်။
"ရိုင်းလှချည်လား ဖန်းဟန်... ကောင်းကင်တမန်ရှေ့မှာ ဘာလို့ ဒူးမထောက်တာလဲ..."
သူ စကားပြော၍ပင် မဆုံးသေးခင်မှာပင် အရိုးထဲထိ စိမ့်ဝင်သွားစေမည့် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် များက ခန်းမတစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့လေသည်။
ထိုစဉ် ဓားဆွဲထုတ်လိုက်သော အသံကျယ်ကြီး ထွက်ပေါ်လာခဲ့လေ၏။
လူတစ်ရပ်ထက်ပင် ရှည်လျားသော နျူအာ၏ သံမဏိဓားကြီးမှာ ချက်ချင်းပင် ဆွဲထုတ်ခြင်းခံလိုက်ရလေသည်။ သူ၏ ခေါင်းလောင်းကဲ့သို့ ကြီးမားသော မျက်လုံးကြီးများဖြင့် မိန်းမစိုးကို စိုက်ကြည့်လိုက်ပြီး တံတွေးများ မျက်နှာပေါ်သို့ လွင့်စင်မတတ် အော်ဟစ်လိုက်လေ၏။
"မင်းက ဘယ်က ခွေးကောင်မို့လို့ ငါတို့အရှင်သခင်ကို ဒူးထောက်ခိုင်းရဲတာလဲ... မယုံရင် မင်းကို တစ်ချက်တည်း နဲ့ နှစ်ပိုင်းပိုင်းပစ်မယ်..."
မိန်းမစိုးမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ခြေထောက်များပင် ယိုင်နဲ့သွားခဲ့ပြီး သူ၏မျက်နှာ ပေါ်ရှိ မောက်မာမှုများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။ သူက အထစ်ထစ်အငေ့ါငေ့ါဖြင့် ပြောလိုက်လေ၏။
"ငါ..ယ ငါက ကိုယ်စားလှယ်မင်းသားကို ကိုယ်စားပြုတဲ့ နန်းတော်ကိုယ်စားလှယ်တော်ပဲ... အန်းကော်မြို့စားကြီး က... မင်း... မင်း ငါ့ကို သတ်ရဲလို့လား... ဒါက နန်းတော်ကို ပုန်ကန်တာပဲ..."
ဖန်းဟန်က နောက်ဆုံးတွင် စကားပြောလိုက်လေသည်။ သူ၏အသံမှာ မကျယ်လောင်သော်လည်း ငြင်းဆန်၍မရ သော အာဏာစက်တစ်ခု ပါဝင်နေပေ၏။
"နန်းတော် ဟုတ်လား... လက်ရှိနန်းတော်က မင်းရဲ့သခင် အန်းကော်မြို့စားရဲ့ ကိုယ်ပိုင်ပိုင်နက်လား... ဒါမှမဟုတ် ဘုရင်မရဲ့ နန်းတော်လား... မိန်းမစိုးဂိုဏ်းက ခွေးတစ်ကောင်ဖြစ်တဲ့ မင်းက နန်းတော်ကို ကိုယ်စားပြုရဲ တယ်ပေါ့ လေ..."
မိန်းမစိုး၏ မျက်နှာမှာ ဖြူရော်သွားခဲ့လေ၏။ ဖန်းဟန်၏ စကားများက အားနည်းချက်ကို အတိအကျ ထိမှန်သွား ခဲ့သော်လည်း သူ ပြန်လည်မချေပဝံ့ခဲ့ချေ။
ဖန်းဟန်သည် လက်ကာပြလိုက်ပြီး နျူအာကို ဓားပြန်သိမ်းရန် အချက်ပြလိုက်လေသည်။ သူသည် အန်းကော် မြို့စား၏ နောက်ဆုံးစကားကို မကြားရသေးခင် ထိုသံတမန်ကို ကြောက်လန့်ပြီး မသေစေချင်သေးပေ။
တုန်ယင်နေသော မိန်းမစိုးသည် အဝါရောင်ပိုးသားလိပ်ကို ဖွင့်လိုက်ပြီး စူးရှသောအသံဖြင့် အသံထွက်ကာဖတ် လိုက်လေ၏။
"ကိုယ်စားလှယ်မင်းသား၏ အမိန့်တော်... သစ္စာဖောက် ဖန်းဟန်သည် ဧကရာဇ်၏ ကျေးဇူးတော်ကို မသိတတ် ဘဲ တပ်မတော်ကို စုဆောင်းကာ ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်..."
"လိုရင်းကိုပဲ ပြော..."
ဖန်းဟန်၏ ရိုးရှင်းသော စကားလုံးအနည်းငယ်မှာ ကြီးမားလှသော အလေးချိန်တစ်ခု ပါဝင်နေသည့်အလား မိန်းမစိုး၏ လည်ချောင်းထဲရှိ ကျန်နေသောစကားလုံးများကို တစ်ဆို့သွားစေခဲ့လေသည်။
ဖန်းဟန်၏ နှုတ်ခမ်းများက နောက်ပြောင်ဟန်ဖြင့် ကွေးတက်သွားခဲ့လေ၏။
"အန်းကော်မြို့စားဆိုတဲ့ အဲဒီခွေးအိုကြီးက မင်းကို ဘာတွေလာပြောခိုင်းတာလဲ... သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ခိုင်းတာလား..."
မိန်းမစိုးသည် ဖန်းဟန်၏ ကြီးမားလှသော အရှိန်အဝါကြောင့် လွှမ်းမိုးခံလိုက်ရသော်လည်း အန်းကော်မြို့စား၏ အမိန့်ကို သတိရသွားကာ သတ္တိမွေး၍ သူ၏နောက်ဆုံးစကားများကို အားကုန်သုံးကာ အော်ဟစ်လိုက်လေသည်။
"... ငါ့အရှင်သခင်က မင်းလို သစ္စာဖောက်ကို နောက်တစ်လကြာရင် ဟူလောင်ဂိတ်မှာ သေမင်းတမန် စိန်ခေါ်ပွဲ လုပ်ဖို့ စိန်ခေါ်လိုက်တယ်... လောကကြီးရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့် တိုက်ပွဲပဲ... မင်း လက်ခံရဲသလား..."
*စိန်ခေါ်ပွဲ ဆိုပါလား…*
ဤသည်မှာ လုံးဝ ငြိမ်းချမ်းရေးဆွေးနွေးခြင်း မဟုတ်ဘဲ တစ်လောကလုံးကို စစ်ကြေညာလိုက်ခြင်းပင် ဖြစ်ပေ သည်။
ခန်းမတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့လေ၏။
အားလုံးက အန်းကော်မြို့စား၏ ယုတ်မာသော ရည်ရွယ်ချက်များကို နားလည်သွားကြလေသည်။ ဤသည်မှာ တွက်ချက်ထားသော အကြံအစည်တစ်ခု ဖြစ်သည်မှာ ထင်ရှားလှပေ၏။
တရားမျှတမှုဟူသော အကြောင်းပြချက်ကို အသုံးပြု၍ သူက ဖန်းဟန်အား မတိုက်ခိုက်၍မရသော အခြေအနေ တစ်ခုသို့ တွန်းပို့လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ သူမတိုက်ခိုက်ပါက ဖန်းဟန်၏ ကောင်းကင်ဘုံက ရွေးချယ် ထားသူ ဟူသော ဂုဏ်သတင်းမှာ ကျဆင်းသွားမည်ဖြစ်ပြီး လောကကြီး၏ လှောင်ပြောင်စရာတစ်ခု ဖြစ်လာပေ လိမ့်မည်။
ဤတစ်လတာ ကာလသည် အန်းကော်မြို့စားအနေဖြင့် မဟာကျင်းတစ်နိုင်ငံလုံး၏ အင်အားကို စုစည်းရန် လုံလောက်သော အချိန်ဖြစ်ပြီး လောကတွင် အခိုင်မာဆုံးဖြစ်သည့် ဟူလောင်ဂိတ်၌ မည်သည့်တပ်မတော်ကို မဆို မြှုပ်နှံပစ်နိုင်လောက်သည့် ထောင်ချောက်တစ်ခုကို ဆင်ထားနိုင်ပေသည်။
အားလုံး၏ နှလုံးသားများမှာ လေးလံသွားခဲ့ပြီး ဖန်းဟန်အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြလေ၏။
သို့သော် ဖန်းဟန်၏ မျက်နှာပေါ်တွင် မည်သည့် လေးနက်မှုမျှ မတွေ့ရဘဲ ထိုက်တန်သော ပြိုင်ဘက်နှင့် တွေ့ဆုံ ရသည့် စိတ်လှုပ်ရှားမှုမျိုးသာ ရှိနေခဲ့ပုံရလေသည်။
သူသည် ဤနေ့ရက်ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်ပေသည်။
သူသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး လှေကားထစ်များကို တစ်ဆင့်ချင်းဆင်းကာ တုန်ယင်နေသော မိန်းမစိုး၏ အရှေ့တွင် ရပ်လိုက်လေ၏။
သူသည် ကိုယ်ကိုကိုင်းကာ မိန်းမစိုး၏ နားထဲသို့ နတ်ဆိုးတစ်ပါးကဲ့သို့သော အသံဖြင့် စကားလုံးတစ်လုံးချင်း စီကို ရှင်းလင်းစွာ တီးတိုးပြောလိုက်လေသည်။
"ပြန်သွားပြီး မင်းသခင်ကို ပြောလိုက်... ငါ သူ့ခေါင်းကို လိုချင်တယ်လို့..."
"ပြီးတော့ ငါ့အတွက် စကားလေးတစ်ခွန်းလောက် ပါးလိုက်ပါဦး..."
ဖန်းဟန်၏ အသံမှာ လှောင်ပြောင်မှုများ ရောနှောနေပြီး ပို၍ပင် တိုးဝင်သွားခဲ့လေ၏။
"လည်ပင်းကို ပြောင်နေအောင် ဆေးထားပြီး ဟူလောင်ဂိတ်မှာ စောင့်နေလိုက်...၊ ငါ လာယူမယ်လို့..."
မိန်းမစိုး၏ မျက်လုံးအိမ်များမှာ ချက်ချင်းပင် ကျုံ့ဝင်သွားခဲ့ပြီး အမြီးပိုင်းမှစ၍ ခေါင်းထိပ်အထိ အေးစိမ့်သွား သည်ကို ခံစားလိုက်ရလေသည်။ သူ အော်ဟစ်ချင်သော်လည်း ကြောက်ရွံ့မှုကြောင့် လည်ချောင်းမှာ တင်းကျပ် စွာ ပိတ်ဆို့နေသဖြင့် စကားတစ်ခွန်းမျှပင် ထွက်မလာတော့ချေ။
ထိုချက်ချင်းမှာပင် သူ၏ခြေထောက်နှစ်ဖက်ကြားမှ ပူနွေးသော အရည်တစ်ချို့ စီးကျလာခဲ့ပြီး ဆိုးရွားလှသော အနံ့ဆိုးတစ်ခုက လေထုထဲသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့လေသည်။
သူသည် အလွန်အမင်း ကြောက်လန့်သွားသဖြင့် သေးပင် ပေါက်ချလိုက်မိခြင်ဖြစ်လေ၏။
ဖန်းဟန်သည် ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ထပ်မံကြည့်ရှုရန်ပင် ဂရုမစိုက်တော့ဘဲ နေရာသို့ ပြန်လည်လျှောက်သွားကာ ကျယ်လောင်သောအသံဖြင့် ပြောလိုက်လေသည်။
"ငါ့အမိန့်ကို ထုတ်ပြန်လိုက်... တပ်ဖွဲ့တွေအားလုံး ပြင်ဆင်ထားကြ...ပစ်မှတ်က ဟူလောင်ဂိတ်ပဲ..."
"ဟေး..."
ခန်းမအောက်ရှိ စစ်သူကြီးအားလုံးမှာ ဖန်းဟန်၏ မြင့်မားလှသော စိတ်ဓာတ်ကြောင့် စိတ်အားထက်သန်သွား ကြပြီး မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ကြလေတော့သည်။
“စစ်တိုက်မယ်… စစ်တိုက်မယ်… စစ်တိုက်မယ်…”
ယခုအခါ အရှင်သခင်က ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ရာ လက်အောက်ငယ်သားများဖြစ်သော သူတို့အနေဖြင့် လုပ်ရမည့်အရာမှာ ဓားများကို သွေးထားပြီး သူ၏ခြေရာနောက်သို့ လိုက်ကာ ဟူလောင်ဂိတ်ကို ဖြိုခွင်း၍ အန်းကော်မြို့စား၏ ခေါင်းကို ဖြတ်ယူရန်သာ ရှိတော့ပေသည်။