အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း (၃၂၄)
မြူခိုးများ (၂)
ချန်ဇီကျိန်း သည် အဖုံးကို ဖွင့်လိုက်ပြီး အမျိုးသမီး၏ ကွဲအက်နေသော နှုတ်ခမ်းများဆီသို့ ရေသန့်ဘူးကို တေ့ပေးကာ ပြောလိုက်လေသည်။
"ရော့... ရေနည်းနည်း သောက်လိုက်နော်..."
အမျိုးသမီးက ထပ်မံ၍ ခေါင်းခါယမ်းကာ ရေသန့်ဘူးကို တွန်းဖယ်လိုက်ပြီး သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ချောင်းဆိုးခြင်းကို အောင့်ထားရန် ကြိုးစားခဲ့သော်လည်း သူမ၏ အားထုတ်မှုမှာ အချည်းနှီးသာ ဖြစ်ခဲ့လေ၏။
အဆက်မပြတ် ချောင်းဆိုးနေမှုကြောင့် သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာခဲ့လေတော့ သည်။ တစ်စက္ကန့်အကြာတွင် သူမသည် ရုတ်တရက် သွေးများ အန်ချလိုက်လေသည်။
"အဟွတ်..."
သူမ၏ ပိန်လှီနေသော လက်ချောင်းများကြားမှ သွေးများ စိမ့်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ချန်ဇီကျိန်း သည် မှင်တက်သွားခဲ့လေ၏။ သူ ဘာလုပ်ရမည်ကို မစဉ်းစားနိုင်မီမှာပင်၊ အမျိုးသမီးမှာ သတိလစ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် လဲကျသွားခဲ့လေတော့သည်။
"ဘုန်း... "
သူမ၏ လက်မှာ မျက်နှာဘေးသို့ အားပျော့စွာ ကျဆင်းသွားသောအခါ၊ သွေးများထဲတွင် ထူးဆန်းသော အရာတစ်ခု ရောနှောနေခဲ့သည်ကို ချန်ဇီကျိန်း သတိထားမိလိုက်လေသည်။
ကြောက်ရွံ့နေသော်ငြားလည်း သူသည် အားတင်းကာ ရှေ့သို့ တိုးသွားခဲ့လေသည်။ ထိုအရာကို ရှင်းလင်း စွာ မြင်လိုက်ရသောအခါ သူသည် အလွန်အမင်း အံ့အားသင့်သွားပြီး ကြောက်ရွံ့မှုကြောင့် တောင့်တင်း သွားခဲ့လေတော့သည်။
သတိပြန်ဝင်လာသောအခါ ချန်ဇီကျိန်း သည် မြေပြင်ပေါ်သို့ ကျနေသော ကြိုးကို အလျင်အမြန် ဆွဲယူ လိုက်ပြီး တုန်ယင်နေသော လက်များဖြင့် အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆွဲလိုက်လေတော့၏။
ကြိုး၏ အခြားတစ်ဖက်မှ တုံ့ပြန်မှုကို ခံစားမိသည်နှင့် ချန်ဇီကျိန်း က အော်ဟစ်လိုက်လေသည်။
"နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးထားကြ... မြူခိုးတွေက လူတွေကို သေစေနိုင်တယ်..."
သူ၏ သတိပေးချက်ကို အကြိမ်အနည်းငယ် ထပ်မံပြောဆိုပြီးနောက် ချန်ဇီကျိန်း သည် ကြိုးကို လွှတ် ကာ အမျိုးသမီးကို စစ်ဆေးကြည့်လိုက်လေ၏။ မည်သည့် အသက်ရှူသံ သို့မဟုတ် သွေးခုန်နှုန်းကိုမျှ မတွေ့ရတော့သဖြင့်၊ သူသည် မြေပြင်ပေါ်သို့ ခွေကျသွားကာ သူမကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိ လေတော့သည်။
တစ်ချိန်တည်းမှာပင် ကျွင်းချန် စစ်အခြေစိုက်စခန်း ရုံးအဆောက်အအုံ၏ အစည်းအဝေးခန်းထဲ၌ ရွှီချီဖန် နှင့် အခြားသော အဆင့်မြင့် အရာရှိများသည် အရေးပေါ် အစည်းအဝေးတစ်ခုကို ပြုလုပ်နေ ခဲ့ကြလေသည်။
သူတို့၏ အရှေ့ဘက်တွင် အဖြူရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော အသက်နှစ်ဆယ်နှောင်းပိုင်း အရွယ် အမျိုးသားတစ်ဦးသည် လက်ပ်တော့ပ်ပေါ်တွင် စာရိုက်ရင်း ရပ်နေခဲ့၏။ ခဏအကြာတွင် သူက မော့ကြည့်ကာ ပြောလိုက်လေသည်။
"အားလုံးပဲ ပရိုဂျက်တာ မျက်နှာပြင်ကို ကြည့်ပေးကြပါခင်ဗျ..."
နံရံတွင် ချိတ်ဆွဲထားသော အဖြူရောင် ဖန်သားပြင်ပေါ်၌ ပြသထားသည့် အချက်အလက်များကို လက်ညှိုးထိုးပြရင်း ထိုအမျိုးသားက ရှင်းပြလိုက်လေသည်။
"ကမ္ဘာကြီးကို ဖုံးလွှမ်းနေတဲ့ ဒီအညိုရောင် တိမ်တိုက်တွေက မြူခိုးတွေပဲ ဖြစ်ပါတယ်… မြူခိုးတွေရဲ့ ဗဟိုချက်မှာ ရှိနေတဲ့ ဒီအမည်းရောင် အကွက်ကြီးကတော့ ဘာလဲဆိုတာတော့ ကျွန်တော်တို့ မသိရ သေးပါဘူး..."
"ကျွန်တော်တို့က မြူခိုးတွေနဲ့ အမည်းရောင် အကွက်ကြီးကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာစောင့်ကြည့်ခဲ့ ပေမဲ့… အခုအချိန်အထိ ကျွန်တော်တို့ သိရသလောက်ကတော့ မြူခိုးတွေက ပြင်းထန်တဲ့ အဆုတ်ရောဂါ ကို ဖြစ်စေနိုင်တယ် ဆိုတာပါပဲ… အမည်းရောင် အကွက်ကြီးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာ ဘာ အဖြေမှ မရှိသေးပါဘူး..."
သူ၏ စကားများ ပြီးဆုံးသွားသောအခါ အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေသည်။
စက္ကန့်အနည်းငယ် အကြာတွင် ရွှီချီဖန် က မေးလိုက်၏။
"ပရော်ဖက်ဆာတု… မြူခိုးတွေ ဘယ်အချိန် ပျောက်ကွယ်သွားမလဲ ဆိုတာ ခန့်မှန်းလို့ ရနိုင်မလား..."
တုယွီကျိ က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ဖန်သားပြင်မှာ ပြောင်းလဲသွားလေသည်။ သူသည် ရွှီချီဖန် ဘက်သို့ လှည့်ကာ ပြန်ဖြေလိုက်လေ၏။
"မြူခိုးတွေရဲ့ အရှိန်နဲ့ ပျံ့နှံ့နေတဲ့ ဧရိယာအပေါ် မူတည်ပြီး တွက်ချက်ရရင်တော့ အနည်းဆုံး လဝက် လောက်တော့ ကြာလိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်..."
ထိုစကားကို ကြားသောအခါ တုကျောက်ယီ က မေးလိုက်လေသည်။
"လူတွေကို အဆုတ်ရောဂါ ဖြစ်စေတာကလွဲလို့… အဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင်အပေါ် မြူခိုးတွေ ရဲ့ သက်ရောက်မှုတွေကိုရော ဖော်ထုတ်နိုင်ခဲ့ပြီလား..."
တုယွီကျိ သည် သူ့ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ဒီကိစ္စအတွက်ကတော့ ပရော်ဖက်ဆာယဲ့ ကို ရှင်းပြခိုင်းတာ ပိုကောင်းပါလိမ့်မယ်..."
ယဲ့ကျွင်းခိုင် က မတ်တပ်ရပ်ကာ အခန်းထဲရှိ လူအားလုံးကို ကြည့်၍ ပြောလေသည်။
"မြူခိုးတွေထဲမှာ အက်ဆစ်မိုးနဲ့ ဆင်တူတဲ့ ပါဝင်ပစ္စည်းတွေ ပါနေပြီး… ပိုမို မြင့်မားတဲ့ တိုက်စားနိုင်စွမ်း ရှိပါတယ်… လူတွေအပေါ် တိုက်စားနိုင်တဲ့ အာနိသင် ရှိပေမဲ့၊ အဆောက်အအုံတွေကိုတော့ ကြီးကြီး မားမား ထိခိုက်ပျက်စီးစေမှာ မဟုတ်ပါဘူး….ဒါပေမဲ့ မြေဆီလွှာနဲ့ လေထု အပါအဝင် ပတ်ဝန်းကျင်ကို တော့ ပြင်းပြင်းထန်ထန် ထိခိုက်စေပါလိမ့်မယ်..."
သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် တုကျောက်ယီ က မေးလိုက်လေ၏။
"ပရော်ဖက်ဆာယဲ့… ခင်ဗျားတို့ရဲ့ ရူပဗေဒနှင့် သိပ္ပံ သုတေသနဌာန အနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့ထားပြီလား..."
ယဲ့ကျွင်းခိုင် က ခေါင်းခါပြလိုက်လေသည်။
"ကျွန်တော်တို့ မြူခိုးရဲ့ နမူနာကို ကောက်ယူနိုင်ခြင်း မရှိသေးသလို၊ ဗဟိုချက်မှာ ရှိနေတဲ့ အမည်းရောင် အကွက်ကြီးက ဘာလဲဆိုတာကိုလည်း မဆုံးဖြတ်နိုင်သေးပါဘူး… နမူနာ မရှိဘဲနဲ့ ကျွန်တော်တို့ သေချာ တဲ့ သုတေသနကို မလုပ်နိုင်သေးဘူးလေ..."
"ဒါဆိုရင်… ဒီမြူခိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေရော ရှိပြီလား..." ဟု အဆင့်မြင့် အရာရှိ တစ်ဦးက မေးလိုက်လေ၏။
ယဲ့ကျွင်းခိုင် သည် သူမကို ကြည့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဒီမြူခိုးက အက်ဆစ်မိုးနဲ့ ဆင်တူပေမဲ့ အလွယ်တကူ ထိတွေ့တာ ဒါမှမဟုတ် တားဆီးတာမျိုး လုပ်လို့မ ရပါဘူး… ကျွန်တော်တို့ လုပ်နိုင်တာက လူတွေကို ရှူရှိုက်မိခြင်းကနေကာကွယ်ပေးဖို့နဲ့ လေဝင်လေ ထွက် စနစ်တွေကို လုံခြုံအောင် ပိတ်ဆို့ထားဖို့ပဲ ဖြစ်ပါတယ်..."
သူ ပြောပြီးသွားသောအခါ လူတိုင်း၏ မျက်နှာထားများမှာ မှောင်မိုက်သွားကြလေ၏။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက်၊ ရွှီချီဖန် သည် တုကျောက်ယီ ကို ကြည့်ကာ မေးလိုက်လေ သည်။
"တပ်ကြပ်တု… အသက်ရှူစက်ပါတဲ့ နှာခေါင်းစည်းတွေကို ရှာဖွေဖို့ အဖွဲ့တစ်ဖွဲ့ လွှတ်ပေးနိုင်မလား..."
တုကျောက်ယီ သည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလေ၏။
"အခုအချိန်မှာ အမြင်အာရုံက အရမ်း ဆိုးရွားနေပါတယ်… ပစ္စည်းတွေ ရှာဖို့ လူတွေကို အပြင်လွှတ်တာ က သူတို့ကို သေတွင်းထဲ ပို့လိုက်တာနဲ့ အတူတူပါပဲ..."
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူက ထပ်ဖြည့်ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်၊ တပ်ကြပ်ရွှီ…အခုလို အခြေအနေမျိုးမှာ ကျွန်တော့် လူတွေကို အပြင်လွှတ်မှာ မဟုတ်ပါဘူး… ခင်ဗျား အသက်ရှူစက်ပါတဲ့ နှာခေါင်းစည်းတွေကို လိုချင်ရင်တော့ မြူခိုးတွေ ပါးသွား ပြီး အမြင်အာရုံ ကောင်းလာတဲ့အထိ ကျွန်တော်တို့ စောင့်ရပါလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ရွှီချီဖန် သည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီး ခါးသီးစွာ တွေးလိုက်မိလေ၏။
*မြူခိုးတွေ ပါးသွားတဲ့အထိ စောင့်ရမယ်ဟုတ်လား… ဒါက ဘာမှမလုပ်ဘဲ ထိုင်စောင့်နေတာနဲ့ အတူတူ ပဲ မဟုတ်ဘူးလား...*
သူ၏ ဒေါသထွက်နေမှုကို သတိထားမိလိုက်သဖြင့် တုကျောက်ယီ က ပြောလိုက်လေသည်။
"တပ်ကြပ်ရွှီ၊ ခင်ဗျားက အသက်ရှူစက်ပါတဲ့ နှာခေါင်းစည်းတွေကို ရှာဖို့ ဒီလောက်တောင် စိတ်အား ထက်သန်နေမှတော့ ကျွန်တော့် လူတွေကို တောင်းဆိုမယ့်အစား ခင်ဗျားရဲ့ ကိုယ်ပိုင် လူတွေကို ဘာလို့ မလွှတ်တာလဲ..."
အခြေစိုက်စခန်း၏ လုံခြုံရေးအတွက်သာ တာဝန်ယူရသော တုကျောက်ယီ နှင့် မတူဘဲ၊ ရွှီချီဖန် သည် ကျွင်းချန် စစ်အခြေစိုက်စခန်း ၏ ကဏ္ဍပေါင်းစုံကို ကြီးကြပ်ကွပ်ကဲရခြင်းဖြစ်လေ၏။ အင်အား အကန့် အသတ်ဖြင့်သာ ရှိသောကြောင့်၊ လူတိုင်းအတွက် လုံလောက်သော အစားအစာနှင့် ရေ ရှိစေရန် သေချာ စေရင်း အခြေစိုက်စခန်းကို စီမံခန့်ခွဲရသည်မှာ လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။
တုကျောက်ယီ ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ အခြားသော အဆင့်မြင့် အရာရှိများက သူ့ကို တိတ်တဆိတ် ကျိန်ဆဲလိုက်ကြလေသည်။
တပ်ကြပ်ကြီး နှစ်ဦးစလုံးသည် ရာထူးတူညီသော်လည်း ရွှီချီဖန် နှင့် မတူဘဲ၊ တုကျောက်ယီ သည် သူ၏ ကိုယ်ပိုင် တပ်ဖွဲ့များအတွက် စစ်သားများ စုဆောင်းခြင်းနှင့် ပစ္စည်းများ သိုလှောင်ခြင်းတို့ဖြင့်သာ နေ့ရက်များကို ကုန်ဆုံးစေခဲ့လေ၏။ သူသည် ပထမတပ်မတော် မှ စုဆောင်းထားသော ပစ္စည်းများကို အရှက်မရှိ ယူဆောင်တတ်သော်လည်း ပစ္စည်းများ ရှာဖွေရာတွင်မူ မည်သည့်အခါမျှ ပါဝင်ကူညီခဲ့ခြင်း မရှိခဲ့ပေ။
သူတို့၏ မကျေနပ်မှုများကို ခံစားမိသော်လည်း တုကျောက်ယီ က မသိဟန်ဆောင်နေခဲ့လေသည်။
ဤသည်ကို မြင်သောအခါ ရွှီချီဖန် က သက်ပြင်းချကာ ပြောလိုက်၏။
"ကောင်းပြီလေ… အသက်ရှူစက်ပါတဲ့ နှာခေါင်းစည်းတွေ ရဖို့ ကျွန်တော် နည်းလမ်း ရှာကြည့်ပါ့မယ်..."
သူသည် ရွှယ်ဝန်ကျယ် ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ပရော်ဖက်ဆာရွှယ်… ခင်ဗျားရဲ့ သုတေသန တိုးတက်မှုက ဘယ်လိုနေပြီလဲ..."
ရွှယ်ဝန်ကျယ် က တည်ငြိမ်စွာ ပြန်ဖြေလေ၏။
"ပရော်ဖက်ဆာဟွာ ရဲ့ အကူအညီကြောင့် စွမ်းအားတွေကို တက်ကြွစွာ အသုံးပြုခြင်းဖြင့် ပိုမို တိုးတက် လာနိုင်တာကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်… ဒါ့ပြင် လူငယ်တွေ…အထူးသဖြင့် ကလေးတွေနဲ့ အသက် နှစ်ဆယ်နဲ့ သုံးဆယ် အရွယ်တွေဟာ အသက် လေးဆယ်ကျော်သူတွေနဲ့ နှိုင်းယှဉ်ရင် စွမ်းအား တွေ နိုးထလာဖို့ အလားအလာ ပိုများပါတယ်..."
"စွမ်းအားရှင်တွေ အတွက် စွမ်းအင် ပြန်လည်ပြည့်ဖြိုးမှုကို အရှိန်မြှင့်တင်ပေးနိုင်မယ့် ဆေးရည် တစ်မျိုး ကိုလည်း ကျွန်တော်တို့ ဖော်စပ်နိုင်ခဲ့ပါတယ်… ဒါပေမဲ့လည်း ဒီဆေးရည်ကို တစ်နေ့ တစ်ကြိမ်ပဲ အသုံး ပြုနိုင်ပြီး၊ သူ့ရဲ့ အာနိသင်က နာရီဝက်ပဲ ခံပါလိမ့်မယ်… ဆေးရည်ကို အသက်ကယ် ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုနိုင်ပေမဲ့၊ စွမ်းအားရှင်ရဲ့ အဆင့်တက်ဖို့ အရှိန်မြှင့်တင်ရာမှာတော့ သိပ်ပြီး အထောက်အကူ မပြု နိုင်ပါဘူး..."