အခန်း ၃၂၉
Vol. 33 Ch. 329
အခန်း (၃၂၉)
ကျွန်မတို့ စကားပြောဖို့ လိုတယ်
လုံယု၏ မေးခွန်းကို ကြားသောအခါ ရှီရွှမ်းက ပြန်လည်ဖြေခဲ့လေ၏။
"ပြဿနာမရှိပါဘူး... အခုချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်..."
"ကောင်းပြီ... အခုလောလောဆယ်တော့ မင်းတို့ အနားယူပြီး အင်အားဖြည့်ထားကြဦး... ဒီေ ကင်း လှည့်တာကို ငါပဲ တာဝန်ယူလိုက်မယ်..."
လုံယုက ပြောလိုက်လေသည်။
"ဟုတ်ကဲ့... ခေါင်းဆောင်..."
အခြားသူများက ပြန်လည်ဖြေကြားပြီးနောက် လူစုခွဲသွားခဲ့ကြလေသည်။
သူတို့ ထွက်သွားကြစဉ် ယောင်ရန်သည် လုံယု၏လက်ကို အသာအယာ ဆွဲလိုက်ပြီး ပြောလိုက်လေ သည်။
"အာယု... ကျွန်မတို့ စကားပြောဖို့ လိုမယ်ထင်တယ်..."
လုံယု ခေတ္တရပ်တန့်ကာ သူမကို ကြည့်ပြီး မေးလိုက်၏။
"ဘာဖြစ်လို့လဲ..."
ယောင်ရန်သည် သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးမှ ပြောလိုက်လေသည်။
"ရှင် ကျွန်မကို စိတ်ပူနေတာ သိပါတယ်... ဒါပေမဲ့ ရှင်က ကျွန်မနားမှာ အမြဲရှိနေပေးလို့ ဒါမှမဟုတ် ကျွန်မကို အမြဲကာကွယ်ပေးလို့ မရဘူးလေ... ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်... ကျွန်မ မပျော့ညံ့ပါဘူး..."
လုံယုသည် သူမကို ကြည့်နေသော်လည်း ဘာမှပြန်မပြောပေ။
သူ၏ ခေါင်းမာသော အမူအရာကို ကြည့်ပြီး ယောင်ရန်က သက်ပြင်းချကာ ဆက်ပြောလိုက်၏။
"သေတ္တာတော် ကြောင့် ကျွန်မရဲ့ မှတ်ဉာဏ်အချို့ ပျောက်ဆုံးသွားတာကို သိပါတယ်... ရှင် ဘာလို့ အခုလို ပြုမူနေရတာလဲဆိုတာကိုလည်း ကျွန်မ အပြည့်အဝ နားမလည်သေးဘူး... ဒါပေမဲ့ ကျွန်မ သိစေချင်တာက... ကျွန်မ ဖန်လုံအိမ်ထဲက အပင်လေးတစ်ပင်လို အကာအကွယ်အောက်မှာပဲ မနေ ချင်ဘူး..."
"ကျွန်မ ရှင့်ဘေးမှာ ရပ်တည်ပြီး ရှင့်နဲ့အတူ တိုက်ပွဲဝင်ချင်တယ်... ရှင့်ကိုလည်း ကာကွယ်ပေးချင် တယ်... အကယ်၍ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရမယ့် အချိန်ရောက်လာရင် ရှင့်အနေနဲ့ ကျွန်မရဲ့ ဆုံးဖြတ် ချက်ကို နားလည်ပေးပြီး ထောက်ခံပေးဖို့ မျှော်လင့်ပါတယ်... အာယု... ဒီကမ္ဘာကြီးမှာ ရှင့်အနေနဲ့ ကျွန်မရဲ့ အသက် ဒါမှမဟုတ် တခြားသူတွေရဲ့ အသက်အတွက် တာဝန်ယူစရာ မလိုဘူးဆိုတာကို ရှင် နားလည်ထားရမယ်..."
သူမ၏ စိတ်ရင်းကို ပြောပြပြီးနောက် ယောင်ရန်သည် သူ့အနားသို့ တိုးသွားကာ ပါးပြင်ကို နမ်းလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်၏။
"ရှင် အသေအချာ စဉ်းစားပြီးရင် ကျွန်မဆီ လာခဲ့ပါ..."
ထို့နောက် သူမသည် သူ၏လက်ကို လွှတ်လိုက်ပြီး အစည်းအဝေးခန်းမထဲမှ ထွက်ခွာသွားခဲ့လေသည်။
တိတ်ဆိတ်နေသော အစည်းအဝေးခန်းမအတွင်း လုံယုသည် လက်သီးကို တင်းတင်းဆုပ်ကာ အကြာ ကြီး ရပ်နေမိလေ၏။ နောက်ဆုံးတွင် သူ လှုပ်ရှားလိုက်သည့် အချိန်၌ ညဉ့်နက်နေပြီ ဖြစ်သည်။
သူသည် လက်နက်များကို ဆွဲယူ၍ အပြင်သို့ ထွက်လာကာ ယောင်ရန်၏ စကားများကို စဉ်းစားရင်း မျိုးရိုးဗီဇပြောင်း ဘီလူးများကို သတ်ဖြတ်နေလေတော့သည်။
တစ်ဖက်တွင်မူ ယောင်ရန်သည် သူမ၏ နေရာလွတ်အတွင်း အလုပ်များကို အဆုံးသတ်ကာ ရေချိုး လိုက်လေသည်။ ဓားဒဏ်ခံအင်္ကျီကို ဝတ်ဆင်ပြီးနောက် နေရာလွတ်ထဲမှ ထွက်လာခဲ့လေ၏။
သူမ၏ အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် သူမ၏ ဓားရှည်ကို ဆွဲယူ၍ အပြင်သိုေ ထွက်လာခဲ့လေသည်။ ညစာစားချိန် ရောက်နေပြီဖြစ်ကြောင်း သတိပြုမိသဖြင့် ထမင်းစားခန်းသိုေ သွားခဲ့သော်လည်း လုံယုကို မတွေ့ရပေ။
သူမသည် ကျားရှန်း အနားသို့ ချဉ်းကပ်ကာ မေးလိုက်၏။
"မမကျားရှန်း... အာယုကို တွေ့မိသေးလား..."
ကျားရှန်းသည် ရှီရွှမ်းနှင့် ဟွမ်ချန်တို့ကို တစ်ချက်ကြည့်ပြီးနောက် ပြန်ဖြေလိုက်လေသည်။
"ခေါင်းဆောင်က အပြင်မှာ မျိုးရိုးဗီဇပြောင်း ဘီလူးတွေကို သွားသတ်နေတယ်လေ..."
ထိုစကားကို ကြားသောအခါ ယောင်ရန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"ဟုတ်ကဲ့... ဒါဆိုရင် ကျွန်မလည်း ဘီလူးတွေကို သွားသတ်လိုက်ဦးမယ်..."
သူမ ထမင်းစားခန်းမှ ထွက်သွားသည်ကို ကြည့်ရင်း ကျားရှန်းက ရှီရွှမ်းကို တံတောင်နှင့် အသာတို့လိုက် လေသည်။
"အာရွှမ်း... ခေါင်းဆောင်နဲ့ ယောင်ရန်တို့ကြားမှာ တစ်ခုခု ဖြစ်နေတယ်လို့ နင် မထင်ဘူးလား..."
သူမက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
ရှီရွှမ်းက သူမကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ငါလည်း မသေချာဘူး... ဘာလို့ မေးတာလဲ..."
ကျားရှန်းက ခေါင်းခါပြရင်း ပြောလေသည်။
"မသိဘူးလေ... သူတို့နှစ်ယောက် အတူတူရှိမနေတာက တစ်မျိုးကြီးပဲလို့ ခံစားရလို့ပါ..."
"ငါတို့ သူတို့ကို ကူညီပေးသင့်လား..."
ဟွမ်ချန်က ခေတ္တအကြာတွင် မေးလိုက်၏။
ရှီရွှမ်းက သူ့ကိုကြည့်ကာ ပြန်ပြောလိုက်လေသည်။
"ဒါ သူတို့ ချစ်သူနှစ်ယောက်ရဲ့ ကိစ္စလေ... ငါတို့က ဘာလို့ ဝင်ပါရမှာလဲ..."
ထိုစကားကို ကြားသောအခါ ဟွမ်ချန်က ပုခုံးတွန့်ပြလိုက်ပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ ညစာကို ဆက်လက် သုံးဆောင်နေတော့သည်။
အပြင်သို့ မထွက်မီ ယောင်ရန်သည် စောင့်ကြည့်ရေးကင်မရာများကို စစ်ဆေးရန် ထိန်းချုပ်ခန်းသို့ ဝင်ခဲ့ လေသည်။ လုံယုသည် အဓိကဝင်ပေါက်တွင် အဆင်ပြေပြေ ရှိနေသည်ကို မြင်သောအခါ ဘီလူးများစွာ စုဝေးနေသည့် နောက်ဖေးပေါက်ကို ရှင်းလင်းရန် သူမ ဆုံးဖြတ်လိုက်လေသည်။
သူမ၏ ချစ်သူသည် ဘာအမူအရာမှမရှိဘဲ ဘီလူးများကို သတ်ဖြတ်နေသည်ကို မြင်သောအခါ သူမ သက်ပြင်းချလိုက်မိလေသည်။ ထို့နောက် အဓိကဝင်ပေါက်သို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။ သူ အဆင်ပြေရဲ့လားဆိုသည်ကို အရင်ဆုံး မြင်တွေ့ရမှသာ သူမ စိတ်အေးနိုင်မည် ဖြစ်ချေသည်။
အပြင်သို့ မထွက်မီ ယောင်ရန်သည် ညကြည့်မှန်ပြောင်းနှင့် အသက်ရှူနှာခေါင်းစည်းကို တပ်ဆင်လိုက် လေ၏။ အားလုံးအဆင်သင့် ဖြစ်သောအခါ တံခါးဖွင့်သည့် ခလုတ်ကို နှိပ်လိုက်လေသည်။
တံခါးဖွင့်သံကြောင့် လုံယု သတိပြုမိသွားခဲ့လေ၏။ နောက်ထပ် ဘီလူးတစ်ကောင်ကို ခုတ်ပိုင်းပြီး နောက် သူ လှည့်ကြည့်လိုက်ရာ သူမ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရလေသည်။ အကြောင်းရင်း တစ်ခုခုကြောင့် ယခုအချိန်တွင် သူ၏ ချစ်သူကို မြင်လိုက်ရခြင်းက သူ့အား စိတ်လှုပ်ရှားသွားစေခဲ့၏။
သူမ ပြောခဲ့သော စကားများကို သူ နာရီပေါင်းများစွာ ပြန်လည်စဉ်းစားခဲ့ပြီးနောက် သူမ၏ ရှုထောင့်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူမကို အမြဲတမ်း သူ၏ဘေးတွင်သာ ချည်နှောင်ထားပြီး နုနယ်သူတစ်ဦးကဲ့သို့ ဆက်ဆံ၍ မရနိုင်ပေ။
သူမ ဒုက္ခရောက်မည်ကို စဉ်းစားမိရုံနှင့် သူ နာကျင်ရသော်လည်း သူမ ပြောသည်မှာ မှန်ပေသည်။ သူမ ပိုမိုသန်မာလာရန်အတွက် ကိုယ်ပိုင်နေရာ လိုအပ်ပြီး၊ သူတို့နှစ်ဦးသည် အဆင့်အတန်းတူညီသော လက်တွဲဖော်များအဖြစ် အတူတကွ ရှိနေရမည် ဖြစ်သည်။
ယောင်ရန် သူ၏အနားသို့ ရောက်လာသောအခါ သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်၏။ သူမသည် ဘာစကားမှ မပြောဘဲ အသက်ရှူနှာခေါင်းစည်းနှင့် ညကြည့်မှန်ပြောင်း တစ်စုံကို သူ့အား ကမ်းပေးလိုက်လေသည်။
လုံယု မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ သူမက ပြောလိုက်၏။
"ဒါတွေကို ဝတ်ထားလိုက်... မြူနှင်းတွေက အဆိပ်ရှိတယ်..."
သူမ စိတ်မဆိုးတော့ဟု ထင်ရသဖြင့် လုံယု စိတ်သက်သာရာရသွားကာ ညကြည့်မှန်ပြောင်းနှင့် အသက် ရှူနှာခေါင်းစည်းကို နာခံစွာ ဝတ်ဆင်လိုက်လေသည်။ အားလုံးပြီးစီးသွားသောအခါ သူက တုံ့ဆိုင်းစွာ ဖြင့် တိုးတိုးလေး မေးလိုက်၏။
"ရန်ရန်... မင်း... ငါ့ကို စိတ်မဆိုးဘူးလား..."
ယောင်ရန်သည် ဇဝေဇဝါ ဖြစ်သွားပြီးနောက်၊ သူသည် အစည်းအဝေးခန်းမတွင် ပြောခဲ့သော စကား များကို ဆိုလိုခြင်းဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။
သူမက ခေါင်းခါပြရင်း ပြန်ပြောလိုက်လေ၏။
"ကျွန်မ စိတ်မဆိုးပါဘူး... ကျွန်မ ဘာဖြစ်ချင်လဲဆိုတာကို ရှင့်ကို သိစေချင်ရုံတင်ပါ... အာယု... ကျွန်မ ရှင့်ကိုရော ကျွန်မတို့ သူငယ်ချင်းတွေကိုရော ကာကွယ်ပေးချင်တယ်... အဲဒီလိုလုပ်နိုင်ဖို့ ကျွန်မ ပိုပြီး သန်မာလာဖို့ လိုအပ်တယ်..."
ညကြည့်မှန်ပြောင်းကြောင့် လုံယုသည် သူမ၏ မျက်ဝန်းထဲမှ ပြတ်သားမှုကို မမြင်ရသော်လည်း သူမ ၏ လေသံက ထိုအချက်ကို ရှင်းလင်းစွာ ဖော်ပြနေ၏။ သူ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက် ဆုံးတွင် ခေါင်းညိမ့်ပြလိုက်လေသည်။
သူသည် သက်ပြင်းချကာ တိုးညင်းစွာ ပြောလိုက်လေ၏။
"ကောင်းပြီ... ငါ မင်းရဲ့ စကားကို နားထောင်ပါ့မယ်..."
ယောင်ရန်သည် သူ၏ စကားကြောင့် ပြုံးလိုက်မိလေသည်။
"ကျေးဇူးတင်ပါတယ်... အာယု..."
လုံယုသည် သူမကို ကြည့်ကာ လေးနက်စွာ ထပ်ပြောလိုက်၏။
"ဒါပေမဲ့ ကိုယ့်ကို တစ်ခုတော့ ကတိပေးပါ... ဘယ်လို ဆုံးဖြတ်ချက်မျိုးကိုမဆို မချခင် ကိုယ့်ရဲ့ ခံစား ချက်ကို အရင် ထည့်တွက်ပေးပါ... အကယ်၍ မင်းသာ သေဆုံးသွားခဲ့ရင် ကိုယ်လည်း မင်းနောက်ကို လိုက်ခဲ့မှာပဲ... မှတ်ထားပါ ရန်ရန်... မင်းရဲ့ အသက်က မင်းတစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး..."
ယောင်ရန်သည် သူ၏ စကားကြောင့် ခေတ္တမျှ မှင်တက်သွားသော်လည်း၊ မျိုးရိုးဗီဇပြောင်း ဘီလူး တစ်ကောင်က သူတို့ကို တိုက်ခိုက်လာသောအခါ လက်တွေ့လောကသို့ လျင်မြန်စွာ ပြန်ရောက်လာ ခဲ့လေတော့၏။
သူမသည် ဗီဇစိတ်အတိုင်း တုံ့ပြန်လိုက်ပြီး သူမ၏ သစ်စွမ်းအင်ကို အသုံးပြုကာ နွယ်ပင်တစ်ပင်ကို ဖန်တီး၍ ဘီလူးကို ဖက်ထုပ်တစ်ခုကဲ့သို့ တင်းကျပ်စွာ တုပ်နှောင်လိုက်လေသည်။ ယောင်ရန် သူမ၏ ဓားရှည်ကို မထုတ်ရသေးခင်မှာပင် လုံယုက လေစွမ်းအင် ဓားသွားများဖြင့် မျိုးရိုးဗီဇပြောင်း ဘီလူးကို အပိုင်းပိုင်း ပိုင်းဖြတ်ကာ ၎င်း၏ အမြုတေကိုပါ ချေမှုန်းပစ်လိုက်တော့သည်။
မည်းနက်ပြီး စေးကပ်သော အရည်များနှင့် အသားစများ မြေပြင်ပေါ်သို့ လွင့်စင်သွားစဉ် လုံယုက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်လေ၏။
"ငါတို့ နှာခေါင်းစည်းတွေ တပ်ထားရတာ နှမြောဖို့ကောင်းလိုက်တာ..."
သူ ဆိုလိုသည်ကို နားလည်သွားသောအခါ ယောင်ရန်မှာ ပြောစရာ စကားမဲ့သွားရလေသည်။ သူမသည သူ၏ လက်မောင်းကို အသာအယာ ရိုက်လိုက်ပြီး မျက်စောင်းထိုးကာ ပြောလိုက်လေ၏။
"ရှင် ဒီလို လူမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး..."
"ဘယ်လို လူမျိုးလဲ... ဟင်..."
လုံယုက မျက်ခုံးပင့်ကာ မေးလိုက်လေသည်။