← Chapters

အခန်း ၁၀၂၁

Vol. 69 Ch. 1021

အခန်း ၁၀၂၁

Vol. 69 Ch. 1021

အခန်း ၁၀၂၁ - ကိုယ်ပိုင်တပ်မကြီးတစ်ခု ထောင်လိုက်ပါ့လား

တပ်မ ၁၉၂၊ တပ်ရင်း၄၀၄၏ ခံစစ်ကြောင်း...

လူငယ်တစ်စုသည် သေသပ်ဖြောင့်တန်းစွာ တန်းစီထားပြီး လေ့ကျင့်ရေးလုပ်ရှားမှုများကို တစ်ညီတစ်ညာတည်း လုပ်ဆောင်နေကြလေသည်။

"ရှီနိုခယ်.. မင်းရဲ့ကျားပျံတပ်ဖွဲ့က ဘာတွေလုပ်နေကြတာလဲ.."

သူတို့၏တပ်ရင်းကို လာလေ့လာကြသည့် အနီးအနားရှိ တပ်ရင်းခေါင်းဆောင်များကပင် လာမေးကုန်ကြလေပြီ။

"မနက်ခင်းသွေးပူလေ့ကျင့်ခန်း လုပ်နေကြတာ"

ရှီနိုခယ်က ပြန်ဖြေလိုက်၏။

"မုန့်လောင်ကတော့ ဒါကို 'မနက်စောစော အကြောလျှော့လေ့ကျင့်ခန်း'လို့ ခေါ်တယ်တဲ့.. သူတို့ရဲ့ နေ့စဉ်လေ့ကျင့်ရေးအစီအစဉ်ထဲမှာ ဒါလည်းပါတယ်ဆိုပဲ"

သူ့စကားအဆုံးတွင် ပြင်းထန်လှသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။ သို့သော် ဤမုန်တိုင်းမှာ လေစီးကြောင်းများကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ စွမ်းအင်စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ကြွယ်ဝလှသော စကြဝဠာမူလစွမ်းအင်များမှာ အရည်ဖြစ်လုနီးပါးအခြေအနေသို့ ပြောင်းလဲသွားပြီး ကျားပျံတပ်ဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းက ကြွယ်ဝလှသော ထိုစွမ်းအင်များကို လောဘတကြီး စုပ်ယူနေကြ၏။

"ဒီစကြဝဠာမူလစွမ်းအင်က ငါတို့ဆီကထက်တောင် အဆတစ်ထောင်လောက် ပိုများနေပါလား"

သိုင်းပညာရှင်များဆိုသည်မှာ ဗီဇအလွှာများ၏ ကန့်သတ်ချက်များကို ရှာဖွေကြသူများဖြစ်ပြီး ဤကန့်သတ်ချက်ကို စကြဝဠာမူလစွမ်းအင်ကတစ်ဆင့် သူတို့၏ဗီဇများနှင့် ဆဲလ်များကို ပိုမိုသန်စွမ်းအောင် ပြုပြင်ခြင်းဖြင့် ရရှိနိုင်ပေသည်။

လက်ရှိတွင် စကြဝဠာတစ်ခွင်လုံး၌ လူသိရှင်ကြား ရရှိနိုင်သည့် တစ်ခုတည်းသော လေ့ကျင့်ရေး သင်ခန်းစာများမှာ စကြဝဠာသိုင်းပညာအသင်းမှသာ ဖြစ်ချေသည်။

သာမန်အခြေအနေအောက်တွင် စကြဝဠာမူလစွမ်းအင်ကို လူ့ခန္ဓာကိုယ်က တိုက်ရိုက်စုပ်ယူ၍ မရနိုင်ချေ။ စွမ်းအင်ကို အချို့နည်းလမ်းများ အသုံးပြု၍ အသွင်ပြောင်းလဲရမည်ဖြစ်ပြီး ထိုနည်းလမ်းများကို သိုင်းပညာလောကရှိ အတွင်းအားကျင့်စဉ်များ သို့မဟုတ် စိတ်ကူးယဉ်ကမ္ဘာများရှိ ကျင့်စဉ်နည်းလမ်းများအဖြစ် သိထားကြသည်။ စကြဝဠာမျိုးနွယ်စုများတွင်မူ ဤနည်းလမ်းကို အခြေခံကျင့်စဉ်များဟု အမည်ပေးထားကြ၏။

စကြဝဠာသိုင်းပညာအသင်းမှ တရားဝင်ထုတ်ပြန်ထားသော အခြေခံကျင့်စဉ်များမှာ အခြေခံအကျဆုံးပင်။ အစွမ်းထက်သည့် အချို့သက်ရှိများမှာ ဉာဏ်အလင်းပွင့်လာပြီးနောက် ဤအခြေခံလေ့ကျင့်ရေးနည်းလမ်းများကို ပြုပြင်မွမ်းမံပြီး အဆင့်မြှင့်တင်ထားကြလေရာ ကျင့်ကြံရေးအရှိန်အဟုန်ကို အဆပေါင်းများစွာ တိုးတက်လာစေနိုင်သည်။

ဤကဲ့သို့သော အခြေခံကျင့်စဉ်များကို အမျိုးအစားခွဲခြားထားခြင်းမှာ စကြဝဠာတစ်ခွင်ရှိ သိုင်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် ဟန်ချက်မညီမှုများကို ဖြစ်ပေါ်စေသည်။

ဤလူများအနေနှင့် အဆင့်ခြောက်သက်ရှိ အဆင့်အတန်းသို့ ရောက်ရှိလာခြင်းမှာ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် ပါရမီတို့ကြောင့်သာမက သူတို့သင်ယူခဲ့သော အခြေခံကျင့်စဉ်များက အခြားသူများနှင့် နှိုင်းယှဉ်ပါက ပိုအဆင့်မြင့်နေခြင်းကြောင့်လည်း ပါသည်။ သို့သော် ယခုအချိန်အထိ စကြဝဠာမူလစွမ်းအင်ကို ဤမျှအထိ စုပ်ယူနိုင်သော အခြေခံကျင့်စဉ်မျိုးကို မည်သူမှ မမြင်တွေ့ဖူးပါချေ။

"ဒါက သူတို့ ကျားပျံတပ်ဖွဲ့ သင်ယူနေတဲ့ အခြေခံကျင့်စဉ်လား"

"ငါတို့ထက် အဆပေါင်းထောင်ချီ မြန်ဆန်တဲ့နှုန်းနဲ့ သိုင်းပညာကို လေ့ကျင့်နေကြတာကိုး.. အားကျဖို့ကောင်းလိုက်တာ"

"အခုမှပဲ သူတို့ ဘာလို့ ဒီလောက်တောင် ပုံမှန်မဟုတ်ရတာလဲဆိုတာကို ငါ နားလည်သွားပြီ.. သူတို့ရဲ့ အရှိန်အဝါတွေကိုကြည့်ရတာတော့ ဘယ်သူကမှ စကြဝဠာအသက်နှစ်ဆယ်ထက် မကျော်သေးတဲ့ပုံပဲ... ဟုတ်တယ်မလား"

"ပထမလေ့ကျင့်ခန်းက အကြောလျှော့တာ။ ဒုတိယတစ်ခုက ရင်ဘတ်နဲ့ ပခုံးလှုပ်ရှားမှု။ တတိယတစ်ခုကတော့ ခန္ဓာကိုယ်ဘေးတိုက် လှုပ်ရှားမှု... အရမ်းအံ့သြဖို့ကောင်းတဲ့ အခြေခံကျင့်စဉ်ပဲ"

"ငါ သူတို့ရဲ့ လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြည့်တာ ဘာလို့ ဘာရလဒ်မှမထွက်တာလဲ"

"ငတုံး... သူတို့ရဲ့လှုပ်ရှားမှုတွေကို လိုက်ကူးရုံနဲ့ သင်ယူလို့ရမယ်ဆိုရင် ဒါကို အဆင့်မြင့်အခြေခံကျင့်စဉ်တွေလို့ သတ်မှတ်ပါ့မလားဟ"

"သူတို့တွေ ငါတို့ကို သင်ပေးမယ်ဆိုရင် ကောင်းမှာပဲ"

"ငါတို့ လုပ်နိုင်တုန်းလေး သူတို့ရဲ့စွမ်းအင်တွေကို အခွင့်ကောင်းယူပြီး အမြန်စုပ်ယူကြရအောင်"

"ဟုတ်တယ်... ဟုတ်တယ်... ဒီလိုမျိုးစုစည်းနေတဲ့ စွမ်းအင်တွေနဲ့ဆိုရင် နာရီပိုင်းလောက် လေ့ကျင့်တာကတောင် ငါတို့တွေ နှစ်ပေါင်းများစွာ လေ့ကျင့်တာနဲ့ အတူတူလောက်ပဲ"

...

အမှန်ပင်။ ကျန်းမုန့်လောင်တို့တစ်သိုက်မှာ မနက်ခင်းလေ့ကျင့်ခန်းများကို အမှန်တကယ် လုပ်ဆောင်နေကြသော်လည်း တစ်ချိန်တည်းမှာပင် အချို့က ထိပ်တန်းအဆင့် အတွင်းအားကျင့်စဉ်များကို လည်ပတ်နေကြပြီး အချို့ကမူ ကောင်းကင်ဘုံအဆင့်ကျင့်စဉ်များ သို့မဟုတ် လျှို့ဝှက်ကျင့်စဉ်များကို လည်ပတ်နေကြကြောင်း ထိုလူများ မသိကြချေ။ ဤသည်မှာ သူတို့၏ လျှို့ဝှက်ချက်ပင်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းမုန့်လောင်နှင့် အခြားသူများမှာ သူတို့၏ မနက်ခင်းလေ့ကျင့်ခန်းများကို အဆုံးသတ်လိုက်ကြသော်လည်း အနားရှိ စကြဝဠာမူလစွမ်းအင်များမှာ ထူးထူးခြားခြားသိပ်သည်းနေဆဲဖြစ်လေရာ ၄၀၄တပ်ဖွဲ့တစ်ခုလုံးသာမက ပတ်ဝန်းကျင်တပ်ဖွဲ့များရှိ စစ်သည်တော်များပင် အနီးအနားတွင် အခြေခံကျင့်စဉ်များကို စတင်လေ့ကျင့်လာကြ၏။

"မုန့်လောင်... ဗိုလ်ချုပ်ကြီးက မင်းကို တွေ့ချင်နေတယ်"

"ဟင်.. ဗိုလ်ချုပ်ကြီးက ကျွန်တော့်ကို တွေ့ချင်တာလား"

ယခင်တစ်ခေါက်က သူတို့၏ တပ်မမှူးက သူ့ကိုတွေ့ချင်လိမ့်မည်ဟု ရှီနိုခယ်ပြောခဲ့ဖူးကြောင်း ကျန်းမုန့်လောင် မှတ်မိနေပေသည်။ ယခုမူ သူ့အနေနှင့် တပ်မမှူးကိုကျော်၍ ဗိုလ်ချုပ်ကြီးကို တိုက်ရိုက်သွားရောက်တွေ့ဆုံရမည့်ပုံပင်။

"မင်းက ဒီလောက်တောင် ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ထားတာဆိုတော့ အံ့သြစရာတော့ မဟုတ်ပါဘူး"

ရှီနိုခယ်က ရယ်မောလိုက်လေသည်။

"လာ... မင်းကို ငါ ခေါ်သွားပေးမယ်"

...

ရှီနိုခယ်၏ လမ်းညွှန်မှုအောက်တွင် သူတို့နှစ်ယောက်သား စကြဝဠာအမှတ်၇၏ ကမ္ဘာခြားစစ်မြေပြင်ဌာနချုပ်သို့ ရောက်လာကြသည်။

ဗိုလ်ချုပ်နေထိုင်ရာနေရာမှာ ဧရာမရဲတိုက်ကြီးတစ်ခုနှင့် ဆင်တူပြီး ပတ်ပတ်လည်ရှိ အစောင့်များအားလုံးမှာ အဆင့်ရှစ်သက်ရှိစစ်သည်တော်များ ဖြစ်ကြသည်။ အချိန်အများစုတွင် ဗိုလ်ချုပ်ကြီးသည် ဤနေရာ၌ ရှိမနေတတ်ချေ။ သူ့ဖြစ်တည်မှုမှာ အဓိကအားဖြင့် အခြားမျိုးနွယ်စုများ၏ အဆင့်ကိုးသက်ရှိများကို ဟန့်တားခြိမ်းခြောက်ရန်သာ ဖြစ်လေသည်။

ရဲတိုက်၏ အတွင်းပိုင်းမှာ အလွန်ခမ်းနားထည်ဝါလှသည်။ ဤရဲတိုက်က စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတစ်ခု ဖြစ်သော်လည်း အဆင့်မြင့် မျိုးနွယ်စုတစ်ခုမှ တော်ဝင်မှူးမတ်တစ်ယောက်၏ နေအိမ်နှင့် ပိုတူနေပေသည်။

"ဗိုလ်ချုပ်... ကျွန်တော် မုန့်လောင်ကို ခေါ်လာခဲ့ပါပြီ"

"မင်း သွားလို့ရပြီ"

"ဟုတ်ကဲ့ပါ"

"မင်းကို ငါ အပြင်ကနေ စောင့်နေမယ်"

ရှီနိုခယ်က ကျန်းမုန့်လောင်ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ပြီး ထွက်သွားလေသည်။

"ထိုင်ပါဦး"

အခန်းထဲတွင် ထွားကြိုင်းလှသော လူတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် ခမ်းနားသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခြင်းမရှိဘဲ ရိုးရှင်းသော အဖြူရောင်တာအိုကျင့်ကြံသူဝတ်ရုံကိုသာ ဝတ်ဆင်ထား၏။

"ငါ့နာမည်က လော့ကျစ်... မင်းက ကျန်းမုန့်လောင် ဟုတ်တယ်မလား"

"ဟုတ်ပါတယ်"

"မင်း တော်တယ်"

ဗိုလ်ချုပ်ကြီး၏ အရှိန်အဝါကား ကျန်းမုန့်လောင် ပေါ်သို့ ဖြတ်သန်းသွားသည်။

"စကြဝဠာအသက်၁၈နှစ်၊ အဆင့်ခြောက်အခြေခံ သက်ရှိ.. သာမန်လူတစ်ယောက်ဆိုရင် ငါ အိပ်မက်မက်နေတယ်လို့ပဲ ထင်မိမှာ.. ဒါပေမဲ့ မင်းက ကျန်းခိုင်ရဲ့မျိုးဆက်ဖြစ်နေတော့ ငါ သိပ်မအံ့သြမိဘူး"

"ဗိုလ်ချုပ်လော့ကျစ်... ခင်ဗျားက ကျွန်တော့်ရဲ့ ဘိုးဘေးကို သိတာလား"

"ဟားဟားဟား... သိရုံတင် ဘယ်ကမလဲ.. သူက အရင်တုန်းက ဒီစစ်မြေပြင်မှာ နှစ်ပေါင်းရာချီပြီး အချိန်ဖြုန်းခဲ့တာလေ"

"တကယ်လား"

စကြဝဠာမျိုးနွယ်စုတွင် ကျန်းခိုင်သည် ဒဏ္ဍာရီလာ ပုံပြင်တစ်ခုကို ချန်ရစ်ခဲ့ကြောင်းကိုသာ ကျန်းမုန့်လောင် သိထားသည်။ သူ့ဖြစ်တည်မှုက ဤနေရာအထိ ရောက်လိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။

"မင်းကတော့ သိချင်မှ သိလိမ့်မယ်.. ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ငါတို့ စကြဝဠာအမှတ်၇အတွက် ဒီနေရာမှာ အသက်ရှင်သန်ဖို့ သိပ်ခက်ခဲခဲ့တယ်.. ငါတို့တွေ ကျူးကျော်ခံရလုနီးပါး အခြေအနေတောင် ရောက်ခဲ့တာ.. ဒါပေမဲ့ အဲ့ဒီအချိန်မှာ မင်းရဲ့ဘိုးဘေး ရောက်လာခဲ့တယ်.. သူက အိမ်နီးချင်းမျိုးနွယ်စုခုနစ်ခုကနေ အဆင့်ကိုးသက်ရှိကိုးယောက်ကို သတ်ဖြတ်ခဲ့လို့သာ ငါတို့ အသက်ရှူနိုင်ဖို့အတွက် အဖိုးတန်အချိန်တွေကို ရခဲ့တာ.. အခုတော့ ငါတို့ ဒီမှာ အခိုင်အမာရပ်တည်နိုင်ပြီ"

"မိုက်သားပဲ။ ကျွန်တော်က သူ မိန်းမပိုးဖို့လောက်ပဲ သိတယ်လို့ ထင်နေတာ"

ကျန်းမုန့်လောင်က နောက်ပြောင်လိုက်လေသည်။

"အဲ့ဒီအချိန်ကာလတွေက စကြဝဠာ အမှတ်၇အတွက် အအေးချမ်းဆုံးအချိန်တွေပဲ.. သူ ထွက်သွားပြီးတဲ့နောက်မှာ အိမ်နီးချင်းမျိုးနွယ်စုတွေက အကြိမ်ကြိမ်စမ်းသပ်ကြည့်ပြီး သူ မရှိတော့ဘူးဆိုတာ သေချာသွားတဲ့အခါ ငါတို့ကို ပြန်ကျူးကျော်လာကြတယ်.. အခုတော့ ငါတို့ရဲ့ အင်အားတွေက တစ်ဖန် ပြန်ချည့်နဲ့လာပြီ.. သူ အခု ဘယ်မှာရှိလဲဆိုတာ မင်းသိလား"

"တောင်းပန်ပါတယ်... ကျွန်တော် တကယ်မသိတာပါ"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်သည်။ သူ့မိဘများ ဘယ်မှာရှိသည်ကိုပင် သူ မသိချေ။ တစ်ခါမှမတွေ့ဖူးသော ထိုဘိုးဘေးဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

"ဟူး"

လော့ကျစ်လည်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ စကြဝဠာအမှတ်၇၏ နေ့ရက်များမှာ တစ်နေ့တစ်ခြား ပိုမိုခက်ခဲလာလေပြီ။

"မင်းက ကျားပျံတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး တလောတုန်းက စကြဝဠာအမှတ်၃၇နဲ့ စကြဝဠာ အမှတ်၃၈တို့ရဲ့ အခြေစိုက်စခန်းမြို့တော်၂၃ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ငါ ကြားတယ်"

"ဟုတ်ပါတယ်"

ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်သည်။

"သူတို့ရဲ့ ၉၁၁အခြေစိုက်စခန်းက ကျွန်တော်တို့တပ်မကို လာကျူးကျော်ခဲ့တာလေ.. အဲဒါကို ဒီတိုင်း လွှတ်ထားပေးဖို့ မဖြစ်နိုင်ဘူး.. ဒါကြောင့် အနီးအနားက တပ်ဖွဲ့တွေကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်တာ"

"ငါ့မှာ အကြံတစ်ခုရှိတယ်"

လော့ကျစ်က ပြောလိုက်သည်။

"စကြဝဠာအမှတ်၇ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ငါတို့စကြဝဠာအတွက် အကျိုးပြုဖို့ မင်း ဆန္ဒရှိရဲ့လား"

"သိပ်ရှိတာပေါ့"

ဤသည်မှာ ကမ္ဘာခြားစစ်မြေပြင်သို့ ကျန်းမုန့်လောင် လာရောက်ရခြင်း၏ ရည်ရွယ်ချက်ပင်။ သေချာပေါက်ပင်။ သူ အကျိုးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဤသည်မှာ ဒုတိယဦးစားပေးသာ ဖြစ်ပြီး အဓိကရည်မှန်းချက်မှာ ခွန်အားအမှတ်အချို့ ရရှိရန်ပင်။

"အရမ်းကောင်းတယ်... အခု ငါ မင်းကို တပ်မ၁၀၀၈၉ရဲ့ တပ်မှူးအဖြစ် ခန့်အပ်လိုက်ပြီ။ မင်းအတွက် စစ်ကူတစ်သုတ်ကို ငါ စည်းရုံးပေးမယ်.. မင်းအနေနဲ့ အမြန်ဆုံး သူတို့ကို လုံလောက်တဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ထည့်သွင်းပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်.. မင်း ဆန္ဒရှိရဲ့လား"

"ကျွန်တော့်ကို တပ်မှူးအဖြစ်ခန့်မယ် ဟုတ်လား"

ကျန်းမုန့်လောင်၏ မျက်လုံးများ အရောင်လက်သွားလေသည်။ ဤအဆိုပြုချက်မှာ အလားအလာ ရှိပေသည်။

ထိုသို့ဆိုလျှင် သူသည် ပိုမိုလွတ်လပ်စွာ လှုပ်ရှားခွင့် ရှိနိုင်ရုံသာမက ဤလူသစ်များထံမှ ထူးချွန်သော စစ်သည်တော်တစ်သုတ်ကိုလည်း ပြုစုပျိုးထောင်ပေးနိုင်မည်။ ဤနည်းအားဖြင့် ခြိမ်းခြောက်ရေးရမှတ်နှင့် ကျော်စောမှုရမှတ်နှစ်မျိုးစလုံးကို လျှပ်စီးလက်သည့်အလား အမြန်နှုန်းဖြင့် ရရှိနိုင်မည်ဖြစ်၏။

"ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက်နှစ်ခု ရှိတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ပြောပါ"

"ကျွန်တော် အမြင့်ဆုံးအာဏာကို လိုချင်တယ်.. တိုက်ပွဲအားလုံးကို သတင်းပို့ဖို့ မလိုအပ်ဘဲ ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲချင်တယ်"

"သဘောတူတယ်"

ဤသည်မှာ တကယ်တမ်းတွင် လော့ကျစ်၏ လောင်းကြေးထပ်မှုတစ်ခုပင် ဖြစ်သည်။ အကယ်၍ ကျန်းမုန့်လောင်သည် သူ့ဘိုးဘေးကဲ့သို့ အခြားသူများထက် အမှန်တကယ် သာလွန်နေမည်ဆိုပါက သူသည် ကျားပျံတပ်ဖွဲ့နှင့် နှိုင်းယှဉ်နိုင်သော စစ်သည်တော်အမြောက်အမြားကို ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်။

အဖွဲ့ဝင်တိုင်းမှာ အဆင့်ခုနစ်သက်ရှိများ၏ အထွတ်အထိပ်တွင်ရှိသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားမည်။ သို့မဟုတ် ထိုထက်ပင် ပိုမိုမြင့်မားကာ ဤကမ္ဘာခြားစစ်မြေပြင်တွင် မိုးကြိုးနှင့် လျှပ်စီးများကို ကိုင်စွဲထားနိုင်မည့် တပ်ဖွဲ့တစ်ခုကို မြင်ယောင်ကြည့်လိုက်ပါလေ။

"ဒုတိယတောင်းဆိုချက်က... ကျွန်တော် တပ်မ၁၀၀၈၉ဆိုတဲ့ နာမည်ကို မလိုချင်ဘူး.. အဲ့ဒါကို IPX-001လို့ ပြောင်းပေးပါ"

"ဘာဖြစ်လို့လဲ"

"ကျွန်တော်တို့မျိုးနွယ်စုမှာ ဒါက တပ်ဖွဲ့နာမည် နံပါတ်တွေရဲ့ စံသတ်မှတ်ချက်ပုံစံပဲ.. ပြီးတော့ ဒါက ကျွန်တော်အကြိုက်ဆုံး တပ်ဖွဲ့နာမည်မို့လို့ပါ"

*****************

All Chapters