အခန်း ၁၀၂၂
Vol. 69 Ch. 1022
အခန်း ၁၀၂၂ - မင်းတို့ကို ကမ္ဘာသစ်ရဲ့ဘုရင်တွေ ဖြစ်လာအောင် ငါ လုပ်ပေးနိုင်တယ်
"ကောင်းပြီ... မုန့်လောင်.,. အခုချိန်ကစပြီး မင်းကို IPX-001တပ်မရဲ့ တပ်မှူးအဖြစ် ငါ ခန့်အပ်လိုက်တယ်"
လော့ကျစ်က ပြောလိုက်သည်။
"မင်းပြောခဲ့တဲ့ စည်းကမ်းချက်တွေကို ငါ သဘောတူနိုင်ပေမဲ့ ငါ့ဘက်ကလည်း တောင်းဆိုချက်တစ်ခု ရှိတယ်"
"ဗိုလ်ချုပ် ပြောပါ"
"မင်းသိတဲ့အတိုင်းပဲ... မကြာသေးခင်က ငါတို့ စကြဝဠာအမှတ်၇က သိပ်ကြမ်းတမ်းတဲ့ တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရတော့ လူအင်အား အထူးသဖြင့် အဆင့်မြင့်အရာရှိတွေအများကြီး ဆုံးရှုံးခဲ့ရတယ်.. တခြားတပ်မတွေဆီကနေ မင်းဆီကို ပြောင်းရွှေ့ပေးဖို့ ငါ့မှာ အပိုလူမရှိသလို အသစ်စုဆောင်းထားတဲ့ တပ်သားသစ်တွေကိုလည်း လက်ရှိရှိနေတဲ့ တပ်မတွေဆီကိုပဲ ဖြည့်တင်းပေးဖို့ လိုအပ်နေတယ်"
"အဲ့ဒါက ပြဿနာမရှိပါဘူး.. သူတို့ကို ကျွန်တော်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးလို့ ရပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို လူတစ်ယောက်မှ မပေးဘဲတော့ မနေဘူးမလား"
"ဒါပေါ့"
လော့ကျစ်က ပြန်ဖြေလိုက်သည်။
"ဒီတစ်ခေါက် တပ်သားသစ်တွေထဲကနေ အဆင့်ငါးအထွတ်အထိပ်သက်ရှိ စစ်သည်တော်တစ်ဘီလီယံ မင်းကိုပေးမယ်.. ဒါက မင်းအတွက် ငါ အကောင်းဆုံး လုပ်ပေးနိုင်တဲ့အရာပဲ"
"တစ်ဘီလီယံ"
ကျန်းမုန့်လောင်အနေနှင့် လော့ကျစ်က ဤမျှအထိ ရက်ရောလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ပုံမှန်အားဖြင့် တပ်မတစ်ခုတွင် တပ်ခွဲရာဂဏန်းခန့် ပါဝင်လေ့ရှိပြီး တပ်ခွဲတစ်ခုစီ၌ စစ်သည်တော် သန်းအနည်းငယ်မှ သန်းဆယ်ဂဏန်းအထိ ရှိတတ်ပေသည်။ စစ်သည်တော်တစ်ဘီလီယံဆိုသည်မှာ အသေးစားတပ်မကြီးတစ်ခုစာနှင့် ညီမျှပေ၏။
သေချာပေါက်ပင်။ ယခုလက်ရှိအချိန်တွင် ဤပုဂ္ဂိုလ်များကို သာမန်အမြောက်စာများအဖြစ်သာ သတ်မှတ်ထားကြခြင်းဖြစ်၏။
အသစ်ဖွဲ့စည်းလိုက်သော တပ်မကြီးတစ်ခုအတွက် လူအင်အားအမြောက်အမြား ရရှိခြင်းမှာ ကျန်းမုန့်လောင်၏ မျှော်မှန်းချက်ထက် များစွာကျော်လွန်နေပေသည်။
"မင်းကို ငါ ပြောစရာတစ်ခုရှိသေးတယ်"
လော့ကျစ်က ပြောလိုက်သည်။
"လူအင်အားပြတ်လပ်မှုကြောင့် မင်းရဲ့တပ်မအတွက်ပေးမယ့် လူတစ်ဘီလီယံက 'အရင် စမ်းသပ်မှုတွေမှာ အင်အားနဲ့ အမြန်နှုန်း အမှတ်ပေးစနစ်၁၀၀မှတ် ပြည့်ရမယ်'ဆိုတဲ့ ငါတို့ရဲ့ တင်းကျပ်တဲ့ စုဆောင်းရေးစံနှုန်းတွေနဲ့အညီ ရွေးချယ်ထားတာမျိုးတော့ မဟုတ်ဘူး"
"ဒါပေမဲ့ အရပ်ပုတဲ့သူတွေထဲကနေ အရပ်အရှည်ဆုံးသူတွေကိုတော့ ငါတို့ ကြိုးစားပြီး ရှာဖွေပေးထားပါတယ်.. ဒါကြောင့် လူတိုင်းရဲ့ အမှတ်တွေက ၆၀ကနေ ၉၉မှတ်ကြားမှာ ရှိလိမ့်မယ်.. ဒါကို မင်း လက်ခံနိုင်ပါ့မလား"
"လက်ခံနိုင်ပါတယ်"
လော့ကျစ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ သူသည် ကျန်းမုန့်လောင်၏ မျက်နှာထက်၌ မတုန်မလှုပ်သော ယုံကြည်ချက် တစ်မျိုးကို မြင်တွေ့လိုက်ရသည်။ သူ့ကို အမြောက်စာတစ်သုတ် ပေးသည်ဖြစ်စေ၊ အထက်တန်းလွှာစစ်သည်တော်များ ပေးသည်ဖြစ်စေ သူ့အနေအထားမှာ ဘာမှကွာခြားသွားမည် မဟုတ်လေဟန်ပင်
"လာမယ့်အချိန်တွေမှာ မင်းရဲ့ IPX-001တပ်မကြီးအတွက် ဘယ်လိုတိုက်ခိုက်ရေးတာဝန်မှ ရှိလာမှာမဟုတ်ဘူး.. မင်း ခုနလေးတင် သိမ်းပိုက်ခဲ့တဲ့ အခြေစိုက်စခန်းမြို့တော်တွေကို တပ်စွဲဖို့အတွက် ငါတို့ရဲ့ အင်အားအကြီးဆုံးတပ်မကြီးကို တာဝန်ပေးလိုက်မယ်.. မင်းအနေနဲ့ကတော့ နောက်တန်းမှာ ဒီတပ်ဖွဲ့ကို လေ့ကျင့်ပေးဖို့နဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို အမြန်ဆုံးဖွဲ့စည်းတည်ဆောက်ဖို့ပဲ အာရုံစိုက်သင့်တယ်"
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်.. ကျွန်တော် တာဝန်ကျေပွန်အောင် ဆောင်ရွက်ပါ့မယ်"
...
နာရီအနည်းငယ်ကြာအောင် စကားစမြည် ပြောဆိုပြီးနောက် နောက်ဆုံးတွင် ကျန်းမုန့်လောင်လည်း လော့ကျစ်၏ အခန်းထဲမှ ထွက်လာခဲ့သည်။
"ကျောင်းအုပ်ကြီး... ဘာတွေဆွေးနွေးခဲ့ကြတာလဲ.. ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ချက်ချင်း ပြေးလာကြသည်။
"ဟုတ်တယ် မုန့်လောင်... ငါလည်း အရမ်းသိချင်နေပြီ.. ငါတို့ကို မျှဝေပေးလို့ရမယ့် သတင်းကောင်းများ ရှိလား"
ရှီနိုခယ်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
"သိပ်အများကြီးတော့ မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဗိုလ်ချုပ်က တပ်မအသစ်တစ်ခု ဖွဲ့စည်းချင်နေတာ.. ပြီးတော့ ကျွန်တော့်ကို အဲဒီတပ်မရဲ့ တပ်မှူးအဖြစ် ခန့်အပ်လိုက်တယ်"
"ဝိုး..မိုက်တယ်ဟေ့"
"ကျောင်းအုပ်ကြီး... ကျွန်တော့်ကိုပါ ခေါ်သွားပြီး တပ်မှူးနေရာလေးတစ်ခုလောက် ပေးပါ"
"ကျောင်းအုပ်ကြီး... ဒီတပ်မရဲ့ နာမည်က ဘာလဲ"
"နာမည် ဟုတ်လား.. မင်းက စစ်တပ်အကြောင်း နားမလည်တာ သိသာလွန်းတယ်.. စစ်တပ်မှာ နာမည်လို့ မခေါ်ဘူး.. တပ်ဖွဲ့နာမည်လို့ ခေါ်တာ"
စစ်ဘက်ဆိုင်ရာ မိသားစုမှ ဆင်းသက်လာသူတစ်ဦးက ပြောလိုက်သည်။
"အေးပါကွာ... မင်းပဲ အကုန်သိ အကုန်တတ်ပါ"
လူအချို့ကမူ မျက်စောင်းထိုးလိုက်ကြ၏။
"ဘယ်လိုတပ်ဖွဲ့နာမည်မျိုးလဲ.. ဒီလိုတပ်ဖွဲ့နာမည်မျိုးကို အရင်က တစ်ခုလားပဲ ကြားဖူးတယ်"
"ငါတို့တပ်မရဲ့နာမည်က IPX-001တဲ့"
"??"
"ဝိုး?"
"ကျောင်းအုပ်ကြီးနဲ့ တကယ်လိုက်ဖက်တာပဲ"
"တော်တော် ကြွားချင်နေတယ်... တပ်မ၄၀၄လို့ အပြောင်းခံရမှာ မကြောက်ဘူးလား"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ဤအကြောင်းအရာကိုသာ ပြောမည်ဆိုလျှင် သူတို့အားလုံးမှာ မျက်လုံးပြူးမတတ်ပင် တက်ကြွလာကြတော့သည်။
"ညစ်ညမ်းလိုက်တာ"
"ရယ်စရာကောင်းတဲ့ ကောင်တွေ"
"ဟင်း... ယောက်ျားတွေများ"
ဤသည်မှာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသူများ၏ တုံ့ပြန်မှုပင်။
ရှီနိုခယ် : "???"
တပ်ဖွဲ့အမည်မှာ ထူးဆန်းနေပုံရသော်လည်း ဤနာမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အဘယ်ကြောင့် လူတိုင်း ဤမျှစိတ်လှုပ်ရှားသွားကြသလဲဆိုသည်ကို သူ ပိုသိချင်နေမိသည်။ဤနာမည်တွင် ထူးခြားသော အဓိပ္ပာယ်တစ်ခုခုများ ရှိနေသလား။
...
ရက်အနည်းငယ်ကြာအောင် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် မူလတပ်မ၄၀၄သည် ယခင်အခြေစိုက်စခန်းမှတစ်ဆင့် မကြာသေးခင်က ကျန်းမုန့်လောင်သိမ်းပိုက်ခဲ့သော အခြေစိုက်စခန်းမြို့တော်၂၀ခန့်သို့ ပြောင်းရွှေ့သွားခဲ့သည်။
တပ်မ၄၀၄သည် စကြဝဠာအမှတ်၇တွင် အင်အားအကြီးမားဆုံး တပ်မကြီးဖြစ်ပြီး သူတို့၏ တပ်မှူးမှာ အဆင့်ရှစ်အထွတ်အထိပ်သက်ရှိ ဖြစ်ပေသည်။ ထိုတပ်မကြီးထဲတွင် တပ်မစုစုပေါင်း ၂၇၀ခန့်ရှိပြီး တပ်မတစ်ခုစီတွင် အဖွဲ့ဝင်၁၅သန်းကျော်စီ ပါဝင်ကာ တပ်ရင်းတစ်ခုစီ၌ အဆင့်ခုနစ်သက်ရှိအယောက်နှစ်ဆယ်ကျော်နှင့် အဆင့်ခြောက်သက်ရှိ သုံးထောင်ကျော်ခန့် ရှိပေသည်။
ဤအခြေစိုက်စခန်းမြို့တော်များမှာ အနာဂတ်တွင် စကြဝဠာအမှတ်၇အတွက် စကြဝဠာအမှတ်၃၇နှင့် စကြဝဠာအမှတ်၃၈တို့၏ တပ်မတော်များကို ခုခံရန် သို့မဟုတ် တန်ပြန်တိုက်ခိုက်ရန်အတွက် သိသာထင်ရှားသော စစ်ရေးတန်ဖိုးများ ရှိနေသဖြင့် တပ်မများကို ထိုနေရာတွင် တပ်စွဲထားခြင်းမှာ အသင့်တော်ဆုံးပင်။
တတိယနေ့တွင် လော့ကျစ် ကျန်းမုန့်လောင်ကို ကတိပေးထားသော လူအယောက်တစ်ဘီလီယံမှာ ဌာနချုပ်တွင် အခြေခံလေ့ကျင့်မှုများ ခံယူပြီးနောက် သူတို့၏ IPX-637တပ်မကြီး၏ တပ်စခန်းဆီသို့ ပို့ဆောင်ခံရလေသည်။
"စိတ်လှုပ်ရှားနေတာလား.. ကျောင်းအုပ်ကြီး"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများအားလုံးလည်း တက်ကြွလန်းဆန်းနေကြသည်။ သူတို့သည် တိုက်ပွဲဝင်နိုင်စွမ်း ရှိကြသော်လည်း တပ်ဖွဲ့များကို ဦးဆောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းမှာ သူတို့အတွက်လည်း ပထမဆုံးအကြိမ်ပင်။
စစ်တပ်နှင့်ပတ်သက်၍ သူတို့ အများဆုံးထိတွေ့ဖူးသည်မှာ အထက်တန်းကျောင်းနှင့် ကောလိပ်များရှိ စစ်ရေးပြလေ့ကျင့်မှုများသာ ဖြစ်ပေသည်။
"စိတ်လှုပ်ရှားစရာ ဘာရှိလို့လဲ... ဒါက သိပ်အရေးကြီးတဲ့ကိစ္စမှ မဟုတ်တာ"
ကျန်းမုန့်လောင်က ပြောလိုက်၏။ ဟွာရှားနိုင်ငံတွင် လက်နက်များတီထွင်စဉ်က သူသည် ပုံမှန်တပ်ဖွဲ့များနှင့်အတူ စစ်ရေးပြပွဲများတွင် ပါဝင်ခဲ့ဖူးသည်။ လူအင်အားနည်းပါးသည်မှလွဲ၍ အတူတူပင်။
လူအင်အားတစ်ဘီလီယံ ပါဝင်သော တပ်ဖွဲ့တစ်ခုမှာ ဟွာရှားနိုင်ငံ၏ စုစုပေါင်းလူဦးရေနီးပါးခန့် ရှိနေပေသည်။
ထိုစစ်သည်တော်တစ်ဘီလီယံသည် တပ်မကြီး၏ အခြေစိုက်စခန်းရှိ စစ်ဘက်ဆိုင်ရာနယ်မြေအတွင်း သေသပ်စွာ တန်းစီရပ်နေကြသည်။
တိတိကျကျပြောရလျှင် ကမ္ဘာခြားစစ်မြေပြင် အကြောင်း သိရှိသွားချိန်တွင် သူတို့ထဲမှ ၉၀ရာခိုင်နှုန်းကျော်သည် နုတ်ထွက်လိုစိတ်များ ဖြစ်သွားကြ၏။ သူတို့သည် ကြီးမားလှသော အငြိမ်းစားခံစားခွင့်များကြောင့် ဆွဲဆောင်ခံခဲ့ရသော်လည်း ဤမျှအန္တရာယ်များသော နေရာကို ရင်ဆိုင်ရမည်ဟု သိလိုက်ရသောအခါ သူတို့၏ နှလုံးသားများပင် အေးခဲသွားခဲ့ရသည်။
နှစ်ငါးရာတာဝန်ထမ်းဆောင်မှု သက်တမ်းအတွင်း အဆင့်ငါးအထွတ်အထိပ် သက်ရှိများအတွက် အသက်ရှင်ကျန်ရစ်နိုင်ခြေမှာ ၀.၂၅ရာခိုင်နှုန်းထက်ပင် နည်းပါးပေသည်။ ဆိုလိုသည်မှာ အယောက်တစ်ဘီလီယံအနက် အများဆုံး၂.၅သန်းခန့်သာ အသက်ရှင်ကျန်ရစ်နိုင်မည်ဖြစ်ပြီး ကံဆိုးမည်ဆိုပါက တစ်သန်းမျှသာ အသက်ရှင်ကျန်ရစ်ခြင်းမှာလည်း ပုံမှန်ကိစ္စတစ်ခုအလား ဖြစ်နေပေသည်။
သူတို့သည် အသစ်ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခုကို ဝင်ရောက်ရမည်ဟုပင် ကြားသိထားသည်။ ထို့ပြင် တပ်ဖွဲ့၏ ဖွဲ့စည်းပုံမှာလည်း အပြည့်အစုံ မရှိသေးချေ။
တပ်သားသစ်များ သီးသန့်ပါဝင်သော တပ်ဖွဲ့တစ်ခုအနေနှင့် တိုက်ပွဲဝင်ရမည်ဆိုသည်မှာ အမြောက်စာများထဲမှ အမြောက်စာများပင် ဖြစ်မနေဘူးလား။
သူတို့သည် ထိုနေရာတွင် မတ်တတ်ရပ်နေကြသော်လည်း သူတို့၏ နှလုံးသားများမှာမူ စိုးရိမ်တကြီးဖြင့် တုန်လှုပ်နေကြပေသည်။
"သူတို့ ရောက်လာပြီ"
ခမ်းနားထည်ဝါသော စတားဂေဇာအာကာသယာဉ်တစ်စီးသည် လေ့ကျင့်ရေးကွင်းပေါ်သို့ ဆင်းသက်လာပြီး ယာဉ်ထဲက လူငယ်တစ်စု ထွက်ပေါ်လာသည်။
"အရမ်းငယ်လွန်းတယ် မဟုတ်လား"
"သူတို့က ဒီတပ်မရဲ့ခေါင်းဆောင်တွေများ ဖြစ်နေမလား"
"နောက်နေတာမှမဟုတ်တာ.. ဒါကစစ်ပွဲကွ... ကစားစရာမဟုတ်ဘူး"
"ငါတို့တော့ သွားပါပြီ... အနှစ်ငါးရာကို မေ့ထားလိုက်တော့..ငါးနှစ်တောင် အသက်ရှင်ဖို့ မလွယ်လောက်ဘူး..ဒီလောက်ငယ်တဲ့ လူငယ်တွေက စစ်ပွဲမှာ ဘယ်လောက်များ စွမ်းဆောင်နိုင်မှာလဲ"
"အားလုံး တိတ်တိတ်နေစမ်း"
ကျန်းမုန့်လောင်သည် ဆူညံပွက်လောရိုက်နေသော လေ့ကျင့်ရေးကွင်းကို မြင်သော်လည်း အံ့အားသင့်မသွားချေ။ အဘယ်ကြောင့်ဆိုသော် ဟွာရှားနိုင်ငံ၏ စစ်တပ်တွင်သာဆိုလျှင် ဤကဲ့သို့သော လူငယ်တစ်စုသည် အဆက်အသွယ်များကို အသုံးပြုထားသော စစ်ဘက်ဆိုင်ရာမိသားစုအချို့မှ မျိုးဆက်များအဖြစ် သတ်မှတ်ခံရမည်မှာ သေချာနေသောကြောင့်ပင်။
"ငါတို့ကိုယ်ငါတို့ အရင်မိတ်ဆက်ကြတာပေါ့.. ငါက IPX-001တပ်မရဲ့တပ်မှူး ကျန်းမုန့်လောင်ပဲ"
"ကျန်းမုန့်လောင်... ရီထျန်းဂိုဏ်းက ကျန်းမုန့်လောင်လား.. သူလား"
"သူက ဘာလို့ ဒီကိုရောက်လာတာလဲ.. ပြီးတော့ တပ်မှူးအနေနဲ့လား"
"မင်း သူ့ကို သိလို့လား"
"ဟေ့ကောင်... မင်းက ရီထျန်းဂိုဏ်းကိုတောင် မသိဘူးလား.. 2Gခေတ်မှာ ကျန်ခဲ့တာလား"
"အရင်လတွေတုန်းက သူက အဆင့်ငါးသက်ရှိပဲ ရှိသေးတယ် မဟုတ်လား.. အခုတော့ အဆင့်ခြောက်သက်ရှိတောင် ဖြစ်နေပြီပေါ့"
"ပြီးတော့ သူ့ဘေးနားက လူတွေလည်း ရီထျန်းဂိုဏ်းကပဲ မဟုတ်လား"
"လအနည်းငယ်အတွင်းမှာ လူရာပေါင်းများစွာက အဆင့်ငါးသက်ရှိကနေ အဆင့်ခြောက်သက်ရှိကို ရောက်သွားကြတယ်ပေါ့။ သူတို့ ဘယ်လိုလုပ်လိုက်ကြတာလဲ"
ကျန်းမုန့်လောင်၏ မိတ်ဆက်စကားက လေ့ကျင့်ရေးကွင်းကို ပို၍ပင် ဆူညံသွားစေခဲ့သည်။
"အခုအချိန်မှာ မင်းတို့ အရမ်းစိုးရိမ်ပူပန်နေကြမယ်ဆိုတာ ငါ သိပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ငါ့လို အဆင့်ခြောက်သက်ရှိလူငယ်တစ်ယောက်က ဘာလို့ စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်နိုင်ရတာလဲဆိုတာကို မင်းတို့ တွေးနေကြလိမ့်မယ်"
မည်သူမှ စကားမပြောကြချေ။ ကျန်းမုန့်လောင်သည် အလွန်အစွမ်းထက်ပြီး လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံရာဇဝင် ရှိကြောင်း အချို့က သိရှိထားကြသော်လည်း ဤနေရာတွင်မူ ကိုယ်ပိုင်စွမ်းအားကသာ အရေးပါပြီး နောက်ခံအဆက်အသွယ်များကို အသုံးချ၍ မရနိုင်ချေ။
"ငါ မင်းတို့ကို ပြောချင်တာက... ငါ့ရဲ့တပ်မထဲကို ဝင်ရောက်ခွင့်ရတာ မင်းတို့ အရမ်းကံကောင်းတယ်ဆိုတာပဲ"
ကျန်းမုန့်လောင်က အခိုင်အမာပြောလိုက်၏။
"ငါ.. ကျန်းမုန့်လောင်က မင်းတို့ကို ဒီကမ္ဘာသစ်ရဲ့ ဘုရင်တွေ ဖြစ်လာအောင် ဦးဆောင်ပေးမယ်။ IPX-001တပ်မကြီးက ကမ္ဘာခြားစစ်မြေပြင်မှာ အကြောက်ရဆုံးတပ်မကြီး ဖြစ်လာစေရမယ်"
******************