အခန်း ၁၀၂၄
Vol. 69 Ch. 1024
အခန်း ၁၀၂၄ - အားအနည်းဆုံးလူတွေကို သွားပြိုင်ခိုင်းလိုက်
ကမ္ဘာခြားစစ်မြေပြင်တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်တာ ကုန်လွန်သွားခဲ့လေပြီ။ ကျားပျံတပ်ဖွဲ့၏ လွှမ်းမိုးရိုက်ခတ်မှုကြောင့် စကြဝဠာ အမှတ်၃၇နှင့် စကြဝဠာအမှတ်၃၈တို့ရှိ တပ်ဖွဲ့များမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားသောကြောင့်ပင်လားမသိ။ ဤတစ်နှစ်တာကာလအတွင်း မည်သည့်စစ်ရေးလှုပ်ရှားမှုမျိုးမျှ မရှိသလောက်ပင် ဖြစ်နေပေသည်။
သူတို့သာမက တစ်ချိန်က စကြဝဠာအမှတ်၇ကို ကျူးကျော်ရန် ကြိုးပမ်းခဲ့ဖူးသော အိမ်နီးချင်း မျိုးနွယ်စုများပင် ထိန်းထိန်းသိမ်းသိမ်းရှိလာကြသည်။ စကြဝဠာအမှတ်၇သည် တစ်နှစ်ပတ်လုံး ငြိမ်းချမ်းမှုကို ခံစားခဲ့ရပေသည်။
"မုန့်လောင်ရဲ့ IPX-001တပ်မရော ဘယ်လိုအခြေအနေရှိလဲ"
ကမ္ဘာခြားစစ်မြေပြင်၏ တာဝန်ခံတစ်ယောက်အနေနှင့် လော့ကျစ်သည် ကျန်းမုန့်လောင်၏တပ်ဖွဲ့များအတွက် အလွန်စိုးရိမ်ပူပန်နေသည်။
လော့ကျစ်၏ လက်အောက်ရှိ တပ်ရေးဗိုလ်ကမူ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေသော အပြုံးတစ်မျိုးကို ပြသလိုက်ပြီး ခေတ္တမျှ ဘာပြောရမှန်းမသိလောက်အောင် ဖြစ်သွားလေသည်။
"ဘာဖြစ်လို့လဲ"
တပ်ရေးဗိုလ်၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသောအခါ လော့ကျစ် အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"သူ ပြဿနာတွေထပ်ရှာပြန်ပြီလား"
"အဲ့လိုတော့လည်း မဟုတ်ပါဘူး"
တပ်ရေးဗိုလ်က ပြောလိုက်သည်။
"ဒါပေမဲ့ သူက ဒီစစ်မြေပြင်ကို ကစားစရာတစ်ခုလို သဘောထားနေတဲ့ပုံပဲ.. ဗိုလ်ချုပ်... ကျွန်တော် မေးပါဦးမယ်.. သူ့ကို တပ်မကြီးတစ်ခုလုံး အပ်နှံလိုက်တာက တကယ်ရော ပညာရှိရာကျတဲ့ ဆုံးဖြတ်ချက် ဟုတ်ပါ့မလား"
"အတိအကျပြောစမ်း.. သူ ဘာတွေလုပ်နေလို့လဲ"
"သူက ကြယ်တာရာဒင်္ဂါးတစ်သိန်း အကုန်အကျခံပြီး ကျွန်တော်တို့အခြေစိုက်စခန်းနားမှာ ဟင်းလင်းပြင်ခုန်ကူးပြောင်းရေးဂိတ်တစ်ခု တည်ဆောက်ထားတယ်.. အဲဒီဂိတ်က ကမ္ဘာလို့ခေါ်တဲ့ သူ့ဂြိုဟ်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ.. သူက နေ့လယ်ဘက်ဆိုရင် အခြေစိုက်စခန်းမှာနေပြီး ညဘက်ဆိုရင် အိမ်ပြန်တယ်.. ကမ္ဘာခြားစစ်မြေပြင်မှာ တစ်ရက်ကို စကြဝဠာနာရီရှစ်နာရီထက်ပိုပြီး မနေဘူး.. ပြီးတော့ စကြဝဠာရက်ငါးရက်ကြာရင် တစ်ခါ စကြဝဠာရက်နှစ်ရက်စာ အနားယူသေးတယ်.. သူ့လက်အောက်က တပ်မှူးတွေကအစ အတူတူပဲ"
"တပ်မှူးတွေလား"
လော့ကျစ်မှာ နားမလည်နိုင်တော့ချေ။
"ကျန်းမုန့်လောင်က စစ်မြေပြင်ကို လူအယောက်ခြောက်ရာခြောက်ဆယ့်ခြောက်ယောက် ခေါ်လာခဲ့ပြီး အဲ့ဒီခြောက်ရာခြောက်ဆယ့်ခြောက်ယောက်ကလည်း တစ်ယောက်ချင်းစီက တပ်မတစ်ခုစီကို ကွပ်ကဲကြတယ်.. အဲ့ဒါက ကျွန်တော်တို့အသုံးအနှုန်းအရဆို တပ်ရင်းတစ်ခုစာနဲ့ ညီမျှပါတယ်"
"သူက ဒီစစ်မြေပြင်စည်းကမ်းတွေကို မသိဘူးလား"
"သူ့ကိုသတိပေးဖို့ ကျွန်တော် လူလွှတ်ပြီးပါပြီ"
တပ်ရေးဗိုလ်က ခါးသက်သက်ပြုံးရင်း ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ သူက တစ်ရက်ကို ရှစ်နာရီ မနက်ကိုးနာရီကနေ ညနေငါးနာရီအထိ လုပ်ငန်းခွင်ဝင်ရမယ်.. စနေတနင်္ဂနွေပိတ်ရက်တွေ နားရမယ်လို့ အခိုင်အမာပြောနေတာဗျ.. အဲ့ဒါက သူတို့မျိုးနွယ်စုရဲ့ စံသတ်မှတ်ထားတဲ့ အလုပ်ချိန်မို့ အချိန်ပိုဆင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတစ်သက်လုံးမဖြစ်နိုင်ဘူးလို့ ပြောပါတယ်"
"ပြီးတော့ ဒီလုပ်ပိုင်ခွင့်ကို ဗိုလ်ချုပ်က သူ့ကို ပေးထားတာမို့ သဘောမတူတဲ့လူ ဗိုလ်ချုပ်ဆီကို သွားပြောဆိုပြီးလည်း ဇွတ်တရွတ် ပြောနေသေးတယ်"
"ဒီကောင်စုတ်လေးကတော့လေ"
လော့ကျစ်ခမျာ အကူအညီမဲ့ဟန်ဖြင့် ပြုံးလိုက်မိသည်။ သူသည် ကျန်းမုန့်လောင်၏ အပြုအမူကို အလွန်မကျေမနပ်ဖြစ်နေသော်လည်း အမှန်တကယ်ပင် ဘာမှမတတ်နိုင်ပါချေ။
သူသည် ကမ္ဘာခြားစစ်မြေပြင်၌ အမြင့်ဆုံး အာဏာကို ကိုင်စွဲထားသူ ဖြစ်နေသည်မှာ ထင်ရှားသော်လည်း သူ့တပ်မှူးများထဲမှ တစ်ဦးကိုပင် စီမံအုပ်ချုပ်ရန် မဝံ့မရဲဖြစ်နေရသည်။
"သူ့စစ်သားတွေကရော ဘယ်လိုနေလဲ.. သူ သူတို့ကို လေ့ကျင့်သင်ကြားပေးနေရဲ့လား"
"ဟုတ်ကဲ့"
တပ်ရေးဗိုလ်က ပြန်ဖြေလေသည်။
"ပထမဆုံးနေ့မှာ ကျန်းမုန့်လောင်က စစ်သားတွေအားလုံးကို စုရုံးပြီး မိန့်ခွန်းပြောခဲ့တာကလွဲရင် ကျန်တဲ့အချိန်တွေမှာ သူ့လက်အောက်ငယ်သားတွေ လေ့ကျင့်ပေးဖို့အတွက် သူတို့ကို တပ်ခွဲမှူးများအဖြစ် တာဝန်ပေးလိုက်ပါတယ်။ သူကိုယ်တိုင်ကတော့ အားယားနေတယ်လို့ ပြောဖို့ကလွဲပြီး တခြားဘယ်လိုနည်းနဲ့မှ ဖြည့်ပြောပေးလို့ မရနိုင်လောက်အောင်ပါပဲ ဗိုလ်ချုပ်"
"သူတို့ရဲ့ လေ့ကျင့်ရေးနည်းလမ်းတွေကို မင်း သိလား"
"မသိပါဘူး"
တပ်ရေးဗိုလ်က ဖြေလိုက်၏။
"သူတို့လေ့ကျင့်ရေးဆင်းရင် လုံးဝအလုံပိတ်ထားပြီး အပြင်လူတွေကို ဝင်ခွင့်မပြုထားဘူး...ဪ.. ဒါနဲ့ ပထမနှစ်ဝက်အတွင်းမှာ တပ်မမှူးက သူ့တပ်မှူးတွေကို ဦးဆောင်ပြီး ကျွန်တော်တို့ပတ်ဝန်းကျင်က ရန်သူ့မျိုးနွယ်စုတွေရဲ့ အခြေစိုက်စခန်းမြို့တော်တွေကို ခွင့်ပြုချက်မရှိဘဲ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်"
"သူ ဘာတွေလုပ်နေတာလဲ"
လော့ကျစ်ခမျာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"အရင်းအမြစ်တွေကို လုယက်နေတာလေ.. တခြားဘာရှိဦးမှာလဲ"
တပ်ရေးဗိုလ်မှာ ဆွံ့အသွားလေသည်။
"တပ်မှူး ပထမဆုံးတာဝန်စယူတုန်းက လေ့ကျင့်ရေးကိရိယာတွေ တည်ဆောက်ဖို့အတွက် သုံးမယ့် ပစ္စည်းတစ်သုတ်ကို ကျွန်တော်တို့ဌာနချုပ်ဆီမှာ လျှောက်ထားခဲ့တယ်.. ဒါပေမဲ့ သူ တောင်းဆိုခဲ့တဲ့ အမျိုးအစားတွေနဲ့ ပမာဏတွေက များလွန်းတော့ ခင်ဗျားသိတဲ့အတိုင်းပဲ... ဒီကမ္ဘာခြားစစ်မြေပြင်က သဘာဝအရ အရင်းအမြစ်ရှားပါးတဲ့နေရာလေ.. ကျွန်တော်တို့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက်တောင် မနည်းလုံလောက်အောင်လုပ်နေရတာဆိုတော့ သူ့အတွက် ပိုလျှံနေတဲ့ အရင်းအမြစ်တွေ ပေးနိုင်ဖို့ဆိုတာ ဝေလာဝေးပဲ"
"အဲဒါကြောင့် သူက သွားလုတာလား"
"ဟုတ်ပါတယ်"
တပ်ရေးဗိုလ်က ခေါင်းညိတ်ပြလိုက်သည်။
"အထက်က မထောက်ပံ့ပေးနိုင်ဘူးဆိုတော့ သူဘာသာသူ နည်းလမ်းရှာမယ်လို့ ပြောသွားပါတယ်.. ပြီးလည်းပြီးရော အခြေစိုက်စခန်းမြို့တော် ရာပေါင်းများစွာကို သူတစ်ယောက်တည်း သွားရောက်လုယက်ပြီး ပြောင်သလင်းခါသွားအောင် လုပ်ပစ်ခဲ့တာပါပဲ.. ပြီးတော့ သတင်းတစ်ခုတောင် ကျွန်တော် ကြားလိုက်မိသေးတယ်"
"ဘာသတင်းများ ကြားလိုက်တာလဲ"
"တပ်မှူးက စကြဝဠာအမှတ်၇၈ရဲ့ အခြေစိုက်စခန်းမြို့တော်ကို ရုတ်တရက်ဝင်တိုက်ခိုက်တုန်းက ဟိုဘက်က တပ်မမှူးကိုယ်တိုင်ပါ ဝင်ပါလာခဲ့တယ်တဲ့"
"ကြည့်ရတာ ကျန်းမုန့်လောင်က သူ့ဆီကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပုံပဲ"
လော့ကျစ်က ပြောလိုက်၏။ သို့မဟုတ်ပါက ယခုအချိန်တွင် သူ့ကို တွေ့မြင်နိုင်တော့မည် မဟုတ်ချေ။
"သူ လုံးဝထွက်မပြေးခဲ့ပါဘူး"
တပ်ရေးဗိုလ်က ပြောလိုက်သည်။
"သူတို့ ပြန်ရောက်လာချိန်မှာလည်း သနားစရာကောင်းတဲ့ အခြေအနေမျိုးလည်း ရှိမနေခဲ့ဘူးလို့ ကျွန်တော်ကြားတယ်.. ဆန့်ကျင်ဘက်အနေနဲ့ သူတို့က သန့်ရှင်းသပ်ရပ်နေပြီး တောက်ပနေခဲ့ကြတာဆိုပဲ.. ပြီးတော့ ကျွန်တော် နည်းနည်းဆက်စုံစမ်းကြည့်လိုက်တော့ ဟိုဘက်စကြဝဠာအမှတ်၇၈က ၂၉ခုမြောက် တပ်မကြီးတစ်ခုလုံး ပြန်ဆုတ်ခွာသွားကြတယ်တဲ့လေ"
"တပ်မကြီးတစ်ခုလုံး ဆုတ်ခွာသွားတယ်"
လော့ကျစ်ခမျာ အလွန်ရဲတင်းသော အတွေးတစ်ခုကို ရုတ်တရက်တွေးမိသွားသည်။
"ဒီကောင် သူတို့ရဲ့တပ်မမှူးကြီးကို အဆုံးစီရင်ပစ်လိုက်တာတော့ မဟုတ်ပါဘူးနော်"
ပုံမှန်အခြေအနေများအောက်တွင် တပ်မကြီးအဆင့်ရှိ တိုက်ပွဲစဉ်တစ်ခု ဆုတ်ခွာသွားပြီဆိုလျှင် အလွန်ကြီးမားသော အကြောင်းကိစ္စတစ်ခုခု ဖြစ်ပျက်သွားခဲ့ခြင်းကြောင့်သာ ဖြစ်ပေမည်။
"ပြောဖို့တော့ ခက်ပါတယ်"
တပ်ရေးဗိုလ်က ပြောလိုက်သည်။
"ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာ တပ်မှူးက ထပ်ထွက်မတိုက်တော့ဘူး.. သူ လိုအပ်တဲ့ပစ္စည်းတွေကို ပေါပေါများများ စုဆောင်းနိုင်သွားလို့လည်း ဖြစ်နိုင်ပါတယ်"
"သူ့ကို တကယ်အထင်သေးမိသွားတာပဲ"
လော့ကျစ် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။ သူ့ဘိုးဘေးက အထင်ကြီးချင်စရာကောင်းသလို ဤကျန်းမုန့်လောင်က ပို၍ပင် အထင်ကြီးချင်စရာကောင်းနေပေသည်။ အဆင့်ခြောက် သက်ရှိတစ်ယောက်က အဆင့်ရှစ်သက်ရှိတစ်ယောက်ကို မည်သို့ဖြုတ်ချနိုင်မည်ကို သူ နားမလည်နိုင်သော်လည်း ဤသည်မှာ သူ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်နေမည်ဆိုပါက လော့ကျစ်အနေဖြင့် သံသယဝင်မနေတော့ချေ။
"သူ တကယ်ဘာတွေလုပ်နိုင်လဲဆိုတာ ကြည့်ရမယ့်အချိန်ရောက်ပြီပဲ"
လော့ကျစ်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
"စကြဝဠာရက်သုံးရက်အတွင်း 'တပ်မကြီးများ ပြိုင်ပွဲ'တစ်ခု စီစဉ်လိုက်"
"စကြဝဠာရက်သုံးရက်.. ဒါက သိပ်မြန်လွန်းမနေဘူးလား"
တပ်ရေးဗိုလ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
တပ်သားသစ်များ ရှိလာတိုင်း စကြဝဠာအမှတ်၇၏ တပ်မကြီးများအားလုံးသည် ပြိုင်ပွဲတစ်ခု ကျင်းပလေ့ရှိပြီး တပ်မကြီးတစ်ခုစီမှ ကိုယ်စားလှယ်သုံးယောက်စီ စေလွှတ်၍ ယှဉ်ပြိုင်စေသည်။ တစ်ဖက်တွင် သူတို့၏ လေ့ကျင့်ရေး ရလဒ်များကို စစ်ဆေးအတည်ပြုရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ အတွင်းပိုင်းပြိုင်ဆိုင်မှုကို အားပေးရန်နှင့် စကြဝဠာအမှတ်၇၏ အလုံးစုံ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ဖြစ်ပေသည်။
တပ်မမှူးများသည် များသောအားဖြင့် မျက်နှာပန်းလှစေမည့် ဤကဲ့သို့သောပွဲများအတွက် သူတို့၏ တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးလေ့ရှိပြီး ထိပ်ဆုံးသုံးယောက်ကို ရွေးချယ်ကာ အချို့စွမ်းရည်များကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခြင်းမျိုးပင် ပြုလုပ်တတ်ကြသည်။
သို့သော် ပုံမှန်အားဖြင့် ဤကဲ့သို့သော ပြိုင်ပွဲများသည် စစ်မှုထမ်းပြီးနောက် စကြဝဠာနှစ် ဆယ်နှစ်အကြာမှသာ ကျင်းပလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရှည်လျားလှသော စကြဝဠာအချိန်ဇယားတွင် ထိုသို့သောအချိန်ကာလကပင် ခဏမျှသာ။ လက်တွေ့ကျကျပြောရလျှင် ဤအချိန်အတွင်း သူတို့၏ စွမ်းရည်အဆင့်များမှာ တိုးတက်လာခြင်း မရှိသလောက်ပင် ဖြစ်သောကြောင့်ပင်တည်း။
"တခြားလူတွေအတွက်တော့ ဒီအချိန်ကာလက တိုတောင်းနေနိုင်ပေမယ့် ကျန်းမုန့်လောင်အတွက်ကတော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်"
လော့ကျစ်က နက်နဲသော အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
"ဘာအမှားအယွင်းမှ မရှိဘူးဆိုရင်.. အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုကို ငါတို့ တွေ့ရနိုင်တယ်"
...
ပြိုင်ပွဲသတင်း ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် တပ်မများအားလုံး အလုပ်များသွားကြသည်။ လွန်ခဲ့သည့် တစ်နှစ်နီးပါးကာလအတွင်း တိုက်ခိုက်ရေးတာဝန်များ မရှိသလောက်ဖြစ်နေသဖြင့် တပ်ဖွဲ့တိုင်းသည် သူတို့၏စွမ်းအင်အများစုကို တပ်သားသစ်များအား လေ့ကျင့်ပေးရာတွင် မြှုပ်နှံထားခဲ့ကြပြီး တပ်မှူးများကလည်း သူတို့၏ စစ်သားများအပေါ် လွန်စွာ ယုံကြည်မှုရှိနေကြသည်။
တပ်မအသီးသီးအတွင်း ပြင်းထန်သော ရွေးချယ်မှုများကို ပြုလုပ်နေကြသည်။ ဤပြိုင်ပွဲတွင် ထိပ်ဆုံးယှဉ်ပြိုင်သူသုံးဦးအတွက် ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုနှင့် အရေးမပါသော ဆုကြေးငွေအချို့သာ ရရှိမည်ဖြစ်သော်လည်း မျက်နှာပန်းလှချင်သော တပ်မှူးများအတွက်မူ အလွန်အရေးပါလှပေသည်။ သူတို့သည် ဤပြိုင်ဆိုင်မှုကို အလွန်တရာ အလေးထားကြ၏။
ကောင်းမွန်သော အဆင့်တစ်ခုကို ရယူနိုင်ခြင်းမှာ အနာဂတ်တွင် တစ်တပ်လုံး၌ သူတို့၏တပ်မအဆင့်အတန်းကို သိသိသာသာ မြင့်တက်သွားစေမည်ဖြစ်သောကြောင့် အချို့ဆိုလျှင် ပြိုင်ပွဲဝင်များကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးရန်အတွက်ပင် အချိန်ယူခဲ့ကြသည်။
...
IPX-001တပ်မကြီး၏ ကွပ်ကဲရေးခန်းအတွင်းတွင် ကျန်းမုန့်လောင်သည် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများအားလုံးနှင့်အတူ စုဝေးလျက်ရှိ၏။
သူက ပြိုင်ပွဲအကြောင်းကြားစာကို ပေါ့ပေါ့ပါးပါး ချထားပြီး ပြောလိုက်သည်။
"တပ်မတွေကြား ပြိုင်ပွဲတစ်ခု ရှိတယ်.. သွားဖို့အတွက် လူနည်းနည်းလောက် ရွေးလိုက်ကြ"
"ကျောင်းအုပ်ကြီး... ဒါက ဘာအကျိုးရှိမှာမို့လို့လဲ"
"ဟုတ်ပါ့.. ပိုက်ဆံလည်းမရ။ ဆုလည်းမရ။ အဆင့်အတန်းမရှိတဲ့ ဂုဏ်သိက္ခာလေးတစ်ခုအတွက်နဲ့ ဘယ်သူကသွားမှာလဲ"
"ကျွန်တော်တို့ SRIO-012တပ်မက အခုချိန်မှာ လေ့ကျင့်ရေးမှာ အရမ်းစိတ်နှစ်ထားကြတာ.. သူတို့ကို သွားခိုင်းမယ်ဆိုရင်တောင် တစ်ရက်လောက် ပျက်သွားရင် တခြားသူတွေနောက် ကျန်ခဲ့မှာကြောက်လို့ သွားချင်ကြမှာတောင် မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"
"ဒါဆို ဘယ်လိုလုပ်ကြမလဲ.. လူတိုင်း သွားကြမှာကို ငါတို့က မသွားဘဲနေလို့ မရဘူးလေ.. ဒါက ငါတို့ IPX-001တပ်မကြီးရဲ့ အရည်အချင်းကို ပြသဖို့အတွက် အခွင့်အရေးတစ်ခုပဲ"
ထိုသို့ပြုလုပ်ခြင်းမှာ သူတို့အတွက် ကျော်စောမှုရမှတ်အချို့ ရရှိနိုင်မည်ဟု တွေးကာ ကျန်းမုန့်လောင်က မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"ဒီလိုလုပ်ရင်ရော"
ကျန်းမုန့်လောင်က အကြံပြုလိုက်သည်။
"မင်းတို့တပ်ဖွဲ့တွေထဲက အားအနည်းဆုံးလူတွေကို ရွေးထုတ်ပြီး သူတို့ကို အချင်းချင်းတိုက်ခိုက်ခိုင်းလိုက်.. စွမ်းရည်အနည်းဆုံးလူက ပြိုင်ပွဲကို သွားရမယ်.. လူတိုင်း ကိုယ့်အရည်အချင်းနဲ့ကိုယ်ဆိုတော့ ဘာမှညည်းညူစရာ မရှိတော့ဘူးပေါ့"
********************