← Chapters

အခန်း ၁၀၂၅

Vol. 69 Ch. 1025

အခန်း ၁၀၂၅

Vol. 69 Ch. 1025

အခန်း ၁၀၂၅ - သူ့ကို စိတ်ငြိမ်သွားအောင် ငါလုပ်လိုက်မယ်

စကြဝဠာအချိန်သုံးရက်တာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ယခင်နှစ်များနည်းတူ စကြဝဠာအမှတ်၇ စစ်မြေပြင်၏ ပြိုင်ပွဲကို ဌာနချုပ်၏ လေ့ကျင့်ရေးကွင်းတွင် ကျင်းပခဲ့သည်။

စကြဝဠာအမှတ်၇တစ်ခုလုံးတွင် စစ်တပ်ပေါင်းနှစ်ထောင်ကျော်ရှိပြီး အခြားစကြဝဠာများမှ ကျူးကျော်ဝင်ရောက်မှုများကို ခုခံရန်အတွက် နေရာအသီးသီးတွင် တပ်စွဲထားသည်။ တပ်မှူးများအနေနှင့် ဤသို့တွေ့ဆုံခွင့်ရသည့် အခွင့်အရေးမှာ တစ်ကြိမ်သာ ရှိ၏။

ထိုနေ့က လေ့ကျင့်ရေးကွင်းမှာ တပ်မှူးပေါင်းနှစ်ထောင်ကျော် စုဝေးရောက်ရှိနေသဖြင့် အထူးစည်ကားသိုက်မြိုက်နေသည်။ ဤပြိုင်ပွဲတွင် ပြိုင်ဘက်များ ဖြစ်ကြသော်လည်း စစ်မြေပြင်တွင် တည်ဆောက်ထားသည့် သူတို့၏ ရဲဘော်ရဲဘက်စိတ်ဓာတ်မှာ အလွန်နက်ရှိုင်းလှသည်။

"ဟားဟားဟား.. အဘိုးကြီး မတွေ့ရတာကြာပြီနော်။ နောက်ဆုံးတွေ့ခဲ့တာ နှစ်ပေါင်းလေးငါးရာလောက် ရှိပြီမလား"

"ဟုတ်ပါရဲ့။ ငါတို့တပ်ဖွဲ့နှစ်ဖွဲ့ နောက်ဆုံးပူးပေါင်းတိုက်ခိုက်ခဲ့တုန်းက ထူးခြားတဲ့‌ အောင်ပွဲတစ်ပွဲ ရခဲ့တယ်လေ"

"ဒါကဘာလဲ။ အဲဒီလူတွေက မင်းတို့တပ်ဖွဲ့ထဲက ပြိုင်ပွဲဝင်တွေလား။ ငါထင်တာသာ မမှားရင် သူတို့က ဘစ်ဂီမျိုးနွယ်စုက မဟုတ်လား"

"မင်းက အမြင်စူးရှသားပဲ"

တပ်မှူးက ဂုဏ်ယူဝင့်ကြွားလေဟန်ဖြင့် ပြောလိုက်လေသည်။

"ဘစ်ဂီမျိုးနွယ်စုဆိုတာ စစ်သည်တော်မျိုးနွယ်စုဆိုပြီး နာမည်ကြီးတယ်။ အရွယ်ရောက်လာပြီဆိုရင် သူတို့မှာ အဆင့်လေးသက်ရှိတစ်ယောက်နဲ့ ညီမျှတဲ့ မျိုးရိုးဗီဇကို ပိုင်ဆိုင်ထားပြီးသား။ သူကတော့ နှစ်ပေါင်းထောင်ချီအတွင်း ဘစ်ဂီမျိုးနွယ်စုရဲ့ အတော်ဆုံးစစ်သည်တော်ပဲ"

"အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်။ ပြီးတော့ သက်တမ်းကလည်း နှစ်ပေါင်းနှစ်ထောင် မပြည့်သေးဘူးတဲ့လား"

အခြားတပ်မှူးတစ်ယောက်က မနာလိုဟန်ဖြင့် ပြောလိုက်လေသည်။

"မင်းတပ်ဖွဲ့ထဲမှာ ဒီလိုပါရမီရှင်တစ်ယောက်ရှိနေတာ မင်း ကံကောင်းတာပေါ့"

"မင်းတို့ ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ လူသစ်စုဆောင်းတုန်းက သူ့ခွန်အားနဲ့ အရှိန်နှုန်း စမ်းသပ်ချက်ပမာဏက ငါးရာတောင်ကျော်ခဲ့တာနော်။ သူ လူရွေးပွဲဝင်ဖြေတဲ့နေရာက ငါ့လက်အောက်ခံနယ်မြေဖြစ်နေတာ ကံကောင်းတာပဲ။ အဲဒါကြောင့်ပဲ ငါ သူ့ကို အထူးသီးသန့် ခေါ်ယူခဲ့တာ"

"မင်း ကြိုတင်ကြံစည်ထားတာ မဟုတ်လား။ ဒီရက်ပိုင်းလည်း သူ့ကို အထူးဂရုစိုက်ပေးထားသေးတယ်မဟုတ်လား"

"ဒီကောင်လေးက ပါရမီပါတယ်။ ငါ သူ့ကို တပည့်အဖြစ် လက်ခံထားတာလေ။ ငါ့ဆီမှာ သင်ယူနေတာ တစ်နှစ်နီးပါးရှိပြီ။ သူ့အချက်အလက်တွေ…"

ထိုတပ်မှူးက တီးတိုးပြောလိုက်ချေသည်။

"နှစ်ဆနီးပါးတိုးလာတယ်"

"ကျွတ် ကျွတ် ကျွတ်.. မင်းကတော့ တော်တော်ကြိုးစားနေတာပဲ။ မင်း တပည့်လက်ခံတယ်လို့ ငါ တစ်ခါမှမကြားဖူးဘူး"

"အဲဒါ မင်းကို ပြောရမှာ။ မင်းနောက်က ကောင်လေးက ယွမ်ချီမျိုးနွယ်စုကမဟုတ်လား။ သူ့တက်တူးတွေကိုကြည့်ပြီး ငါသိတယ်။ သူက အာကာသနိယာမကို အလိုလိုသိမြင်နိုင်စွမ်းရှိတဲ့လူလေ။ တကယ်လို့ သူသာ အဆင့်ရှစ်သက်ရှိအဖြစ် တိုးတက်နိုင်ရင် အနက်ရှိုင်းဆုံးအာကာသနိယာမတွေကို နားလည်သဘောပေါက်မှာ သေချာတယ်။ အဆင့်ငါးသက်ရှိအဆင့်မှာတောင် သူက အခြေခံတိုက်ခိုက်ရေးအတွက် အာကာသကို သုံးနိုင်နေပြီ"

"ဟားဟားဟား.. မင်း ငါ့ကို မိသွားပြီပဲ"

ထိုတပ်မှူးက သူ့အနောက်ရှိ အရေပြားပေါ်တွင် ခရမ်းရောင်အစင်းကြောင်းများ ပါရှိသော ထိုကောင်လေးကို ပုတ်ရင်း ပြောလိုက်လေသည်။

"သူ့အချက်အလက်တွေက မင်းကောင်လေးထက် မထူးချွန်ပေမဲ့ ရှုံးတော့ မရှုံးပါဘူး"

"ဟားဟားဟား.. ရော့ဘ်… မင်းတော့ ပြိုင်ဘက်ကောင်းတစ်ယောက်ရပြီဟေ့"

…

ရင်းနှီးကျွမ်းဝင်နေသော တပ်မှူးများက စကားစမြည်ပြောဆိုရင်း အခြားတပ်မှူးများ၏ ပြိုင်ပွဲဝင်များကိုလည်း စောင့်ကြည့်နေကြသည်။

"ဟင်.. အဆင့်ခြောက်သက်ရှိလား။ ဒါ ဘယ်သူ့လက်အောက်ငယ်သားလဲ။ ဒီပြိုင်ပွဲက တပ်သားသစ်တွေအတွက်လေ။ ဘယ်လိုလုပ်ပြီး အဆင့်ခြောက်သက်ရှိက ဒီကိုရောက်နေတာလဲ"

လေ့ကျင့်ရေးကွင်းထဲသို့ ဝင်လာသော အနက်ရောင်ဆံပင်ပိုင်ရှင် လူငယ်တစ်ယောက်ကို လူတစ်ယောက်က ရုတ်တရက်သတိထားမိလိုက်သည်။

သူသည် ဘောင်းဘီတို၊ အင်္ကျီလက်ပြတ်နှင့် ညှပ်ဖိနပ်တို့ကို ဝတ်ဆင်ထားပြီး ကျန်လူများနှင့် လုံးဝမအပ်စပ်ပါချေ။ သူ့နောက်တွင်လည်း လူငယ်သုံးယောက် လိုက်ပါလာသည်။ သူတို့၏အမူအရာမှာ မိဘနှစ်ပါးဆုံးပါးသွားသည့်အလား အလွန်မှိုင်တွေနေကြသည်။

"သူက ဘယ်သူ့လက်အောက်ငယ်သားမှ မဟုတ်ဘူး။ သူက IPX-001ရဲ့ နာမည်ကြီးတပ်မှူး ကျန်းမုန့်လောင်လေ။ မင်း မကြားဖူးဘူးလား"

"ဪ နောက်ခံကောင်းတဲ့လူလား"

ဇူဒါမျိုးနွယ်စု၏ ရတနာရှာဖွေမှုအပြီးတွင် ဘာတွေဖြစ်ခဲ့မှန်း တပ်မှူးအများစုက မသိကြပေ။ ကျန်းမုန့်လောင်သည် ရီထျန်းဂိုဏ်းဟုခေါ်သော အဖွဲ့အစည်းက ဆင်းသက်လာပြီး ထိုအဖွဲ့အစည်း၏နောက်ကွယ်တွင် အဆင့်ကိုးသက်ရှိတစ်ယောက်ရှိကြောင်းကိုသာ သိထားသည်။

"သူက နောက်ခံကောင်းရုံတင်မကဘူး။ တကယ်လည်း အရည်အချင်းရှိတယ်။ မင်း ကျားပျံတပ်ဖွဲ့အကြောင်း ကြားဖူးတယ်မလား။ အဲဒီတပ်ဖွဲ့ကို တည်ထောင်ခဲ့တာ သူပဲ"

"ဟမ့်.. ကျားပျံတပ်ဖွဲ့တဲ့။ အဆင့်ခြောက်သက်ရှိလေ။ အဲဒီအခြေစိုက်စခန်းမြို့တော်တွေကို သိမ်းပိုက်ဖို့ ဖြတ်လမ်းနည်းတစ်ခုခုသုံးခဲ့တာ ဖြစ်မှာပေါ့"

"မင်း မသိသေးဘူးနော်။ ငါ့လူတွေက ၉၁၂အခြေစိုက်စခန်းမြို့တော်အတွက် စစ်ကူပေးရတဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့တယ်လေ။ သူတို့တပ်ဖွဲ့က အဆင့်ခြောက်သက်ရှိအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ သက်စောင့်စွမ်းအင်တွေက တစ်သိန်းကျော်သွားတယ်တဲ့"

"ဒါက အဆင့်ခုနစ်သက်ရှိနဲ့ တူနေပြီမဟုတ်ဘူးလား။ သူတို့တွေက မကောင်းဆိုးဝါးတွေလား"

ထိုတပ်မှူးများ အဆင့်ခြောက်သက်ရှိအဆင့်သို့ ရောက်ရှိစဉ်က ထိုဂဏန်း၏ အစွန်းထွက်လေးပင် မရခဲ့ပေ။

"အဆင့်ခုနစ်သက်ရှိပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကွာ။ တပ်မှူးတစ်ယောက်ဆိုတာ အတိုက်အခိုက်တော်ရုံနဲ့ မပြီးဘူး။ တပ်ကိုလည်း လေ့ကျင့်ပေးရမယ်။ ဦးဆောင်ပေးရမယ်။ သူက ဒါတွေလုပ်နိုင်လို့လား"

"ဟုတ်တယ်။ အတွေ့အကြုံယူဖို့လာတဲ့ ကလေးစုတ်လေးပါကွာ။ ဒီလောက်အထိ အလေးအနက်ထားနောတလား။ အဲဒီစစ်သည်တော်တွေကို သူ့လက်ထဲမှာ အလကားဖြစ်အောင်လုပ်မယ့်အစား ငါတို့တပ်ထဲကို ပေါင်းထည့်လိုက်တာကမှ ပိုကောင်းဦးမယ်"

"ဟားဟား.. မင်းတို့ မသိပါဘူးကွာ။ သူတို့ရဲ့တပ်ဖွဲ့ထဲက လူတွေအကုန်လုံး ကြံ့ခိုင်မှုအမှတ်ခြောက်ဆယ်ကနေ ရှစ်ဆယ်ထက်မပိုတဲ့ ယာယီစစ်သားတွေတဲ့။ အမြောက်စာတွေထက်တောင် ပိုဆိုးသေးတယ်"

"ရယ်ရတယ်ဟေ့။ သူတို့သုံးယောက်က သေမင်းခံတွင်းဝကို ဆင်းတော့မယ့်ပုံတွေဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ သူတို့က ဘာမျိုးနွယ်စုတဲ့လဲ"

"တွေ့ပြီ။ ရိုနာမျိုးနွယ်စုတဲ့။ သူတို့က အရွယ်ရောက်လာရင် အဆင့်နှစ်သက်ရှိအဆင့်ကိုတောင် မနည်းတက်ရတာ။ ဒီလိုအသုံးမကျတဲ့ မျိုးနွယ်စုက အဆင့်ငါးအထွတ်အထိပ်သက်ရှိအဆင့်ကို ရောက်ရင်တောင်မှ အဲဒါနဲ့တင်ပြီးပြီ။ အဲဒီမျိုးနွယ်စုမှာ အဆင့်ငါးသက်ရှိနည်းနည်းပဲရှိတာမလား"

"ဒီပြိုင်ပွဲမှာ သူတို့ နောက်ဆုံးနေရာကိုပဲ မှန်းကြပုံပဲ"

…

ကျန်းမုန့်လောင် လျှောက်ဝင်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် သူ့အကြောင်း တီးတိုးပြောသံများနှင့် ဆူညံသွားသည်။

ကျားပျံတပ်ဖွဲ့က နာမည်ကြီးပါသော်ငြား ဤသို့အဆင့်မြင့်‌သော တပ်ဖွဲ့မျိုး ဘီလီယံပေါင်းများစွာ မဖန်တီးနိုင်သရွေ့တော့ တစ်ခုတည်းသော အထူးတပ်ဖွဲ့တစ်ခုမှာ စစ်မြေပြင်တစ်ခုလုံးအပေါ် သက်ရောက်မှုမရှိနိုင်ပေ။

အခြားတပ်မှူးများက ထိပ်တန်းစစ်သည်များကို ခေါ်လာကြသောငြား ကျန်းမုန့်လောင်ကတော့ ဘယ်လိုလူများကို ခေါ်လာလေသလဲ။ မှတ်တမ်းများကို မစစ်ဆေးကြည့်လျှင် သူတို့၏တပ်သားများက ဘယ်ကလာမှန်းတောင် သိကြမည်မဟုတ်ပေ။

သို့သော် ကျန်းမုန့်လောင်ကတော့ သူတို့၏လှောင်ပြောင်မှုများကို လုံးဝဂရုမစိုက်ပေ။ သူသည် အေးအေးလူလူရှိသောနေရာတစ်ခုကို ရှာပြီး ထိုင်လိုက်သည်။ ၁၀၀၄တပ်ဖွဲ့၏ တပ်မှူးကလွဲပြီး သူ့ကို စကားလာပြောမည့်လူ တစ်ယောက်မှမရှိပေ။

"မုန့်လောင်.. မတွေ့ရတာ တစ်နှစ်ကြာသွားပြီနော်"

ဟော့တန်တပ်ဖွဲ့၏တပ်မှူးက ကျန်းမုန့်လောင်နှင့် စကားပြောချင်သည့် တစ်ဦးတည်းသောလူဖြစ်၏။

"သူတို့က လူကြမ်းတွေလေ။ စစ်သည်တွေဆိုတော့ ဘွင်းဘွင်းပဲပြောတတ်ကြတယ်။ စိတ်ထဲမထားပါနဲ့"

"မင်းတို့တွေလည်း အရမ်းမတင်းမာကြပါနဲ့ကွာ။ ဒါက လေ့ကျင့်ရေးပွဲစဉ်ပါ။ အဆင်မပြေရင် လက်နက်ချလိုက်လို့ရတာပဲ။ တကယ်ဒဏ်ရာရမှာမှမဟုတ်တာ"

လူငယ်များက ကျန်းမုန့်လောင်နှင့် ဟော့တန်တပ်မှူးကို တစ်လှည့်စီ ကြည့်လိုက်ကြသည်။

"မင်းတို့ ကြားလိုက်လား။ ဒါက ပြိုင်ပွဲတစ်ခုသက်သက်ပါ။ ပွဲစဉ်အတွင်း ညှာတာပြီး သူများကို တကယ်ထိခိုက်အောင် မလုပ်ကြနဲ့။ သူတို့ လက်နက်ချရင် ထပ်မတိုက်နဲ့။ နားလည်လား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါတို့တပ်ဖွဲ့တွေကြားက သဟဇာတဖြစ်မှုကို မဖျက်ဆီးကြနဲ့"

"ဟုတ်ကဲ့ တပ်မှူး"

"ဪ.. ဒါဆို ဒါက ကျားပျံတပ်ဖွဲ့ရဲ့ နာမည်ကြီးတပ်မှူး PX-001တပ်မှူး ကျန်းမုန့်လောင်ပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်"

အနောက်မှ ရန်လိုသောအသံတစ်သံ ထွက်ပေါ်လာသည်။

"ဒါက ၂၉၃တပ်ဖွဲ့ရဲ့ တပ်မှူးယောင်ဇစ်လေ"

ဟော့တန်တပ်မှူးက တိုးတိုးလေး ကပ်ပြောလိုက်၏။

"သူတို့တပ်ဖွဲ့မှာ အရင်တုန်းက အရမ်းတော်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခု ရှိခဲ့ဖူးတယ်။ အရမ်းနာမည်ကြီးတာ။ ဒါပေမဲ့ မင်းရဲ့ကျားပျံတပ်ဖွဲ့ ပေါ်လာပြီးကတည်းက သူတို့ရဲ့နာမည်ဂုဏ်သတင်းလည်း ချက်ချင်းလွှမ်းမိုးခံလိုက်ရတော့တာပဲ"

"ပြီးတော့ မင်း တလောတုန်းက အနိုင်ယူလိုက်တဲ့ စကြဝဠာအမှတ်၇၈က တပ်ဖွဲ့လေ"

ဟော့တန်က ပြောလိုက်သည်။

"သူတို့တပ်ဖွဲ့က ဒီတပ်ဖွဲ့ဆီမှာ အကြီးအကျယ်ရှုံးဖူးတယ်။ တော်တော်အထိနာခဲ့တာ။ အခုတော့ လူတွေက သူ့ကို အသုံးမကျတဲ့တပ်မှူးလို့ ခေါ်နေကြတော့ သူလည်း မင်းအပေါ် တော်တော်အမြင်မကြည်ဖြစ်နေမှာပေါ့"

"ဒီပြိုင်ပွဲမှာ တပ်မှူးရဲ့ရည်မှန်းချက်က ဘာများလဲ။ နောက်ဆုံးနေရာလား။ ဒုတိယနောက်ဆုံးနေရာလား"

ယောင်ဇစ်က သူ့နောက်ရှိ လူသုံးယောက်ကို လက်ညှိုးထိုးပြလိုက်သည်။

ကျန်းမုန့်လောင်ကလည်း ပြုံးတုံ့တုံ့ဖြင့် မတ်တတ်ထရပ်လိုက်၏။

"ဪ ဒါဆို မင်းက အဲဒီအမှိုက်တပ်ဖွဲ့က အသုံးမကျတဲ့တပ်မှူးဆိုပြီး နာမည်ကြီးနေတဲ့ တပ်မှူးပေါ့။ ဂုဏ်ယူဖို့ကောင်းလိုက်တာ"

ယောင်ဇစ်၏မျက်နှာကား ဒေါသကြောင့် ရှုံ့မဲ့သွားသော်လည်း ချက်ချင်းပြန်ထိန်းလိုက်သည်။

"ပြိုင်ပွဲကွင်းထဲမှာလည်း မင်း ဒီလောက်မောက်မာနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။

"သူက ဘာဖြစ်နေတာလဲ"

ကျန်းမုန့်လောင်က ဟော့တန်ကို လှည့်ကြည့်ပြီး နားမလည်နိုင်လောက်အောင် ဖြစ်နေချေသည်။

"သူ ဘာလို့ ဒီလောက်အထိဒေါသထွက်နေတာလဲ"

"သူက စစ်ရူးတစ်ယောက်လေ။ အမြဲတမ်း ဒီလိုပဲ"

"ရပါတယ်။ ကျွန်တော် သူ့ကို စိတ်ငြိမ်သွားအောင် လုပ်ပေးမယ်"

ကျန်းမုန့်လောင်က သူ့နောက်ရှိ လူသုံးယောက်ကို ‌ပြောလိုက်၏။

"အဲဒီလူတွေကိုမှတ်ထား။ ခဏနေရင် စိတ်ကြိုက်သာတိုက်ကြတော့"

*******************

All Chapters