← Chapters

အခန်း ၁၀၂၆

Vol. 69 Ch. 1026

အခန်း ၁၀၂၆

Vol. 69 Ch. 1026

အခန်း ၁၀၂၆ - သူက ကျွန်တော်တို့အဖွဲ့က ထမင်းချက်လေ

"မုန့်လောင်… မင်း မဆင်မခြင်လုပ်လွန်းတယ်ကွာ"

ယောင်ဇစ်ထွက်သွားပြီးနောက် ဟော့တန်က စိုးရိမ်တကြီး သက်ပြင်းချရင်း ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲ။ သူက အဲဒီလောက်တောင်စွမ်းလို့လား"

ကျန်းမုန့်လောင်ကလည်း ရယ်မောလိုက်၏။

"အရမ်းစွမ်းတာပေါ့"

လော့တန်က ပြန်ပြောလိုက်၏။

"စကြဝဠာအမှတ်၇တစ်ခုလုံးမှာ တပ်ဖွဲ့၄၀၄က အင်အားအကြီးဆုံးဖြစ်နေရတဲ့ အကြောင်းအရင်းက သူတို့ရဲ့ထူးခြားတဲ့ စုပေါင်းအင်အားကြောင့်ပဲ။ လေ့ကျင့်ရေးကာလတစ်ခု ပြီးသွားတဲ့အခါ သူတို့ရဲ့တပ်သားသစ်တွေက ပျမ်းမျှရမှတ်နှစ်ရာကနေ သုံးရာအထိ ရနိုင်တယ်။ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကလည်း သာမန်တပ်ဖွဲ့တွေထက် သုံးဆယ်ရာခိုင်နှုန်းလောက် ပိုသန်မာတယ်လေ"

"ဒါဆို ယောင်ဇစ်ရဲ့ တပ်ဖွဲ့တွေကရော ဘယ်လိုလဲ"

"သူတို့က အထူးတပ်ဖွဲ့လေ့ကျင့်ရေးလမ်းကြောင်းကို သုံးတယ်လေ"

လော့တန်က ပြောလိုက်သည်။

"သူက ပုံမှန်ဆိုရင် ရွေးချယ်ထားတဲ့ တပ်ဖွဲ့နည်းနည်းလောက်ကိုပဲ အရင်းအမြစ်တွေအကုန်လုံး ပုံအောပစ်လိုက်တာ။ အဲဒါကြောင့် တချို့တိုက်ပွဲတွေမှာ သူက အဲဒီလိုအမြောက်စာတွေကို ရန်သူ့ကိုအာရုံလွှဲဖို့အတွက် အဓိကအင်အားစုအဖြစ် အသုံးချပြီး အထူးတပ်ဖွဲ့တွေက မထင်မှတ်ထားတဲ့ နေရာတွေကနေ တိုက်ခိုက်လေ့ရှိတယ်"

"အင်း.. နည်းနည်းတော့ပါးနပ်သားပဲ"

ကျန်းမုန့်လောင်လည်း‌ ခေါင်းတညိတ်ညိတ်လုပ်ရင်း ယောင်ဇစ်သည် အများစုကိုစွန့်ပစ်ကာ အထူးတပ်ဖွဲ့လမ်းကြောင်းကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း မှတ်ထားလိုက်သည်။

"ပြီးတော့ သူက စကြဝဠာထဲမှာ အရန်တပ်ဖွဲ့တစ်ခုကိုလည်း လျှို့ဝှက်တည်ထောင်ထားသေးတယ်။ ဒီတပ်သားသစ်တွေဆိုတာ သူ့စကြဝဠာအင်ပါအောက်က အင်အားစုတွေဆီက ရှာဖွေတွေ့ရှိထားတဲ့ ပါရမီရှင်တွေလေ။ အရန်တပ်ဖွဲ့ထဲမှာ ပြုစုပျိုးထောင်ထားတဲ့ သမ္ဘာရင့်ကမ္ဘာရင့်တွေပေါ့။ ငယ်ငယ်ကတည်းက စစ်မြေပြင်ရဲ့ ကြမ်းတမ်းမှုတွေကြားမှာ လေ့ကျင့်ပေးထားတာဆိုတော့ အရမ်းကြောက်ဖို့ကောင်းတယ်"

"ဟိုလူငယ်လေးကို ကြည့်လိုက်"

လော့တန်က ယောင်ဇစ်နောက်ရှိ အရပ်ရှည်ရှည် စစ်သည်တစ်ယောက်ကို လက်ညှိုးထိုးပြလေသည်။

"အေးစက်ဓားသွားမျိုးနွယ်စုက စစ်သည်တော်ပဲ။ သူ တပ်ဖွဲ့ထဲမဝင်ခင်တုန်းက ယောင်ဇစ်ရဲ့မျိုးနွယ်စုစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တာ။ ရမှတ်ခြောက်ရာကျော်တယ်ဆိုပဲ"

"ခြောက်ရာတဲ့လား။ မဆိုးဘူးပဲ။ အနိမ့်ဆုံးစစ်သည်စုဆောင်းရေးစံသတ်မှတ်ချက်ထက် ငါးဆခြောက်ဆလောက်ရှိတာပဲ။ သူသာ နည်းနည်းလောက် ထပ်ကြိုးစားလိုက်ရင် သာမန်အဆင့်ခြောက်သက်ရှိတစ်ယောက်ကိုတောင် ယှဉ်နိုင်လိမ့်မယ်"

"မင်းက ဘာလို့ အရေးမလုပ်တဲ့ပုံပေါက်နေတာလဲ"

လော့တန်က ကျန်းမုန့်လောင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်လေသည်။

ကျန်းမုန့်လောင်နှင့် သူ့လက်အောက်ငယ်သားများမှာ အဆင့်ခြောက်သက်ရှိများ၏ စွမ်းအားဖြင့် အခြေစိုက်စခန်းမြို့တော်များကို ဖျက်ဆီးပစ်နိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သူ သိထားသည်။ သို့သော် ထိုသို့စွမ်းဆောင်နိုင်ခဲ့ခြင်းမှာ ကျန်းမုန့်လောင်၏မျိုးနွယ်စု သို့မဟုတ် အဖွဲ့အစည်းကြောင့်ဖြစ်သည်ဟုသာ သူတို့ ယူဆခဲ့သည်။

သူ့လူများမှာ စုဆောင်းခံထားရသော အမြောက်စာများသာဖြစ်ပြီး အမြောက်စာအချင်းချင်းကြားမှာပင် အခြားသူများထက် ပိုအားနည်းသဖြင့် ဤပြိုင်ပွဲတွင် ဒုက္ခရောက်ဖို့ သေချာနေပေသည်။

တစ်နှစ်တည်းဖြင့် သူတို့ကို လက်အောက်ခံတပ်မှူးများလို စွမ်းဆောင်နိုင်အောင် လေ့ကျင့်ပေးထားသည်ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ချေ။

"မင်းလက်အောက်က အဲဒီသုံးယောက်ကို မင်းကိုယ်တိုင် အထူးလေ့ကျင့်ပေးထားတာလား"

လော့တတန်က ရုတ်တရက်ခန့်မှန်းလိုက်၏။

ကျန်းမုန့်လောင်လူများ၏ သက်တမ်းမှာ စကြဝဠာနှစ်သုံးဆယ်အောက်သာ ရှိ၏။ အကယ်၍ ကျန်းမုန့်လောင်သည် ယောင်ဇစ်ကဲ့သို့ ရွေးချယ်ထားသော လူတစ်စုအပေါ် အရင်းအမြစ်များ ပုံအောထားပါက ထူးခြားသောပုဂ္ဂိုလ်အချို့ ထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင်သည်။

"ဟင့်အင်း"

ကျန်းမုန့်လောင်ကလည်း ခေါင်းခါပြလိုက်၏။

"ကျွန်တော်တို့တပ်ဖွဲ့က သီးခြားလမ်းညွှန်သင်ကြားမှုမျိုး မရှိပါဘူး။ တစ်ပုံစံတည်းပဲ လေ့ကျင့်ကြရတာပါ။ အမှန်အတိုင်းပြောရရင် ဒီပြိုင်ပွဲအကြောင်း ကျွန်တော်ကြားထားတာ ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်"

"ဒါဆို သူတို့က ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုခုကလား"

လော့တန်က စစ်သည်တော်သုံးယောက်ကို တစ်စုံတစ်ခုသိရှိနိုင်ရန် အကဲခတ်ကြည့်လိုက်သော်လည်း အချည်းနှီးသာ။ သူတို့သည် စကြဝဠာတစ်ခုလုံးတွင် သာမန်အဆန်ဆုံးလူများသာ။

သူတို့မှာ အလွန်သာမန်ဆန်လွန်းလှသဖြင့် ယခုလက်ရှိ သက်ရှိအဆင့်သို့ ရောက်လာနိုင်ခြင်းကပင် အံ့ဖွယ်တစ်ပါး ဖြစ်နေလေပြီ။ သူတို့၏မျိုးနွယ်စုများတွင် အဆင့်သုံးသက်ရှိတစ်ယောက် ဖြစ်လာခြင်းကပင် အလွန်ထူးခြားလှသော အောင်မြင်မှုတစ်ခု ဖြစ်ချေသည်။

"ကြည့်မနေပါနဲ့"

ကျန်းမုန့်လောင်က ပြောလေသည်။

"သူတို့က ကျွန်တော် တပ်ဖွဲ့ထဲက ကျပန်းရွေးလာခဲ့တဲ့လူတွေ။ မင်းတို့တွေ တပ်မှူးလော့တန်ကို မိတ်ဆက်လိုက်ကြဦး"

လူငယ်သုံးယောက်လည်း မတ်တတ်ထရပ်ပြီး လော့တန်ကို ဟွာရှားစစ်တပ်၏ စံသတ်မှတ်ချက်အတိုင်း အလေးပြုလိုက်ကြသည်။

"တပ်မှူးလော့တန်ကို အစီရင်ခံပါတယ်။ ကျွန်တော်က IPX-001တပ်ဖွဲ့ရဲ့ SRIO-045တပ်ခွဲက ထမင်းချက် အိုလီနီယာပါ"

"တပ်မှူးလော့တန်ကို အစီရင်ခံပါတယ်။ ကျွန်တော်က IPX-001တပ်ဖွဲ့ရဲ့CWP-79တပ်ခွဲက ထောက်ပံ့ရေးတပ်သား ဒိုင်းယက်စ်ပါ"

"တပ်မှူးလော့တန်ကို အစီရင်ခံပါတယ်။ ကျွန်တော်က ကျွန်တော်က IPX-001တပ်ဖွဲ့ရဲ့IPZ-398တပ်ခွဲက အစောင့်တပ်သား လိုဘီယန်ပါ"

"ထမင်းချက်.. ထောက်ပံ့‌ရေးတပ်သား.. အစောင့်တပ်သားတဲ့လား"

လော့တန်ခမျာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

တပ်ဖွဲ့တစ်ခုချင်းစီကို ဖွဲ့စည်းရာတွင် မီးဖိုချောင်နှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ကြိုတင်တည်ထောင်ထားရသည်။ ဤလူများမှာ အထွေထွေလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရသူများပင်။ စစ်မြေပြင်တွင် ဤစစ်သည်များမှာ အမြောက်စာများ ဖြစ်ကြသော်ငြား အနည်းဆုံးတော့ အဆင့်ငါးအထွတ်အထိပ်သက်ရှိများပင်။ ထို့ကြောင့် ဤကဲ့သို့သော အလုပ်မျိုးကို သူတို့ ဘယ်တော့မှလုပ်ရမည်မဟုတ်ပေ။

ကျန်းမုန့်လောင်၏ လူများမှာ အစကတည်းက အားနည်းပြီး အရေအတွက် နည်းပါးသော်လည်း သူသည် ထိုတာဝန်နေရာများတွင် လူအင်အားကို ဖြုန်းတီးထားသေးသည်ဖြစ်ရာ လုံးဝနားမလည်နိုင်စရာပင်။

အရယ်ရဆုံးအပိုင်းမှာ ထိုလူများက ထမင်းချက်များနှင့် ထောက်ပံ့ရေးသမားများ ဖြစ်နေခြင်းပင်။ အနည်းဆုံး ဟန်ပြအနေနှင့် ပုံမှန်တပ်သားများထဲက နှစ်ယောက်ခန့် ခေါ်လာသင့်သည်။ သို့သော် သူကတော့ ကျွမ်းကျင်သူများနှင့် ထိပ်တန်းစစ်သည်များ ပြည့်နှက်နေသော ဤသိုင်းပြိုင်ပွဲကို ထမင်းချက်များနှင့် ထောက်ပံ့ရေးသမားများကို ခေါ်လာသတဲ့လား။ သူက ကြွားလုံးထုတ်ချင်နေလေသလား။

"ထားပါတော့လေ။ မင်းပျော်ရင် ပြီးတာပါပဲ"

စိတ်ရှုပ်ထွေးနေသော လော့တန်လည်း နေရခက်စွာ ပြုံးလိုက်လေသည်။ ကျန်းမုန့်လောင်က တကယ်လက်လျှော့ရန် ရည်ရွယ်ထားပုံပင်။ ဤသို့ဆိုလျှင် သူသာ ဒုတိယနောက်ဆုံးနေရာကို ယူထားပါက နောက်ဆုံးနေရာကို မည်သူမှ ယူနိုင်မည်မဟုတ်တော့ချေ။

"ဗိုလ်ချုပ် ရောက်လာပြီ"

ထိုစဉ် အဆင့်ကိုးသက်ရှိတစ်ယောက်၏ ကြီးမားလှသော အရှိန်အဝါတစ်ခုနှင့်အတူ လော့ကျစ်လည်း နောက်ဆုံးတော့ ရောက်လာခဲ့သည်။

လေ့ကျင့်ရေးကွင်းတစ်ခုလုံး ရုတ်ခြည်းတိတ်ဆိတ်သွားပြီး လော့ကျစ်၏ အရှိန်အဝါအောက်တွင် အဆင့်ငါးသက်ရှိများမှာ တုန်ယင်သွားကြလေသည်။

အဆင့်ကိုးသက်ရှိတစ်ယောက်က သူ့အရှိန်အဝါကို တမင်တကာထုတ်လွှတ်ခြင်းမရှိလျှင်ပင် သာမန်အဆင့်ငါးသက်ရှိများအဖို့ ခံနိုင်ရည်ရှိရန် ခဲယဉ်းလွန်းလှသည်။

ထိုအချိန်တွင် ကျန်းမုန့်လောင်၏ အနောက်ရှိ စစ်သည်သုံးယောက်မှာ ဘာဖိအားမှ မခံစားရသည့်အလား ပုံမှန်အတိုင်း ရှိနေကြသည်ကို လော့တန် သတိထားမိလိုက်သည်။

"ဒီသုံးယောက်က တစ်ခုခုတော့ထူးခြားသားပဲ"

….

"အားလုံးပဲ… ဒီနေ့ ဒီနေရာမှာ စုံစုံလင်လင်ရောက်လာပေးတဲ့အတွက် ဝမ်းသာမိပါတယ်"

လော့ကျစ်က ပြုံးလိုက်လေသည်။

"ကျုပ် စကားအများကြီးမပြောတော့ပါဘူး။ ဒီပြိုင်ပွဲကို ကျင်းပရတဲ့ အကြောင်းအရင်းက လွန်ခဲ့တဲ့တစ်နှစ်အတွင်း ခင်ဗျားတို့ရဲ့တပ်သားသစ်တွေ ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ကြည့်ရှုဖို့နဲ့ ခင်ဗျားတို့တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို တိုင်းတာဖို့ပါပဲ။ အားလုံးပဲ.. ကိုယ့်တပ်ဖွဲ့ရဲ့စတိုင်လ်နဲ့ စံနှုန်းကို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်"

ပြိုင်ပွဲအတွက် စည်းမျဉ်းများမှာ အလွန်ရိုးရှင်းလှသည်။ ထိပ်ဆုံးအဆင့် အနိုင်ရရှိသူသုံးယောက်ကို မရွေးချယ်နိုင်သေးသရွေ့ ပြိုင်ပွဲဝင်အယောက်ခုနစ်ထောင်ကျော်ကို အုပ်စုခွဲ၍ ယှဉ်ပြိုင်ခိုင်းမည်။

ပထမဆုံးပွဲစဉ်ဖြစ်သော တပ်ဖွဲ့ ၁၀၃နှင့် တပ်ဖွဲ့ ၇၃၃တို့၏ ယှဉ်ပြိုင်မှုတွင် စွမ်းရည်မတိမ်းမယိမ်းရှိသော စစ်သည်တော်များ ပါဝင်သဖြင့် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ပွဲစဉ်တစ်ပွဲပင်။ တပ်မှူးများနှင့် စစ်သည်တော်များအားလုံး စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။

ဤသည်မှာ သူတို့၏ပြိုင်ဘက်လောင်းများကို နားလည်ရန်သာမက သူတို့ထံမှ တစ်စုံတစ်ရာ သင်ယူနိုင်ရန်အတွက်လည်း ဖြစ်၏။

ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့သာလျှင် မေးထောက်လျက် ငိုက်မျဉ်းနေချေသည်။

"စစ်သည်တော်တစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်"

"စစ်မြေပြင်မှာသာ ဒီလိုမျိုးလုပ်နေရင် သူတို့ ဘယ်လိုတိုက်ခိုက်ကြမလဲ"

ပတ်ပတ်လည်ရှိ တပ်မှူးများကမူ စက်ဆုပ်ရွံရှာသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏အမြင်တွင် ကျန်းမုန့်လောင်သည် တပ်မှူးဖြစ်ရန်ပင် အရည်အချင်းမပြည့်မီပေ။

ပထမအကျော့တွင် ပွဲစဉ်ပေါင်းသုံးထောင်ကျော် ပါဝင်ခဲ့သည်။ ထိုအထဲမှ ထူးချွန်သော စစ်သည်တော်များစွာ ထွက်ပေါ်လာပြီး သူတို့၏ပြိုင်ဘက်များကို မြန်မြန်ဆန်ဆန်နှင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ကြသည်။ အချို့ကမူ အစွမ်းထက်လှသော တိုက်ခိုက်ရေးစွမ်းရည်နှင့် ပါရမီများကိုပင် ပြသနိုင်ခဲ့ကြသဖြင့် သက်ဆိုင်ရာတပ်ဖွဲ့များကို မျက်နှာပန်းလှစေခဲ့သည်။

နောက်ဆုံးတွင် ၈၃၃ပွဲမြောက် ပွဲစဉ်၌ ကျန်းမုန့်လောင်၏အဖွဲ့က စင်မြင့်ပေါ်သို့ တက်ရမည့် အလှည့် ရောက်ရှိလာသည်။

"ကြည့်စမ်း.. အဲဒါ IPX-001တပ်ဖွဲ့ဝင် မဟုတ်လား"

"ကံဆိုးလိုက်တာ။ သူတို့က တိုက်ခိုက်ရေးစွမ်းရည်အကောင်းဆုံးတပ်ဖွဲ့ငါးဆယ်စာရင်းဝင်ထားတဲ့ တပ်ဖွဲ့ ၈၁၂နဲ့ သွားတိုးနေတာပဲ"

"နောက်ဆုံးတော့ သူတို့အလှည့်ရောက်လာပြီပဲ။ သူတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်ထင်လဲ"

"ဟားဟားဟား.. ပထမဆုံးအကွက်နဲ့တင် လဲကျသွားမယ်လို့ ငါ လောင်းရဲတယ်။ ဒါမှမဟုတ် ချက်ချင်းလက်နက်ချလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်"

"ဟေ့ ကြည့်စမ်း.. ကျန်းမုန့်လောင်ရဲ့လူက မျက်လုံးမှိတ်ထားတုန်းပဲ။ သူ အိပ်ပျော်သွားတာလား"

"မုန့်လောင်.. ဒါက မင်းရဲ့တပ်သားတွေလား"

အခြားသူများနှင့် မတူပါဘဲ လော့ကျစ်ကမူ ထိုစစ်သည်တော်ကို စိတ်ဝင်တစား ကြည့်နေလေသည်။

"သူ တကယ်အိပ်ချင်နေတဲ့ပုံပဲ။ ပြဿနာတစ်ခုခုရှိလို့လား။ ငါတို့ ခဏရပ်ပေးရမလား"

"ဗိုလ်ချုပ်.. သူ အဆင်ပြေပါတယ်"

ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်၏။

"သူက ကျွန်တော်တို့တပ်ခွဲတစ်ခုက ထမင်းချက်ပါ။ မနေ့ညက လူတိုင်းအတွက် ညစာချက်ပေးထားရလို့ မအိပ်ရသေးဘူး။ သူ နည်းနည်း ပင်ပန်းနေတာဖြစ်မှာပါ။ ဒါပေမဲ့ ပြိုင်ပွဲရလဒ်ကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။ စလိုက်ကြရအောင်"

**********************

All Chapters