အခန်း ၁၀၂၇
Vol. 69 Ch. 1027
အခန်း ၁၀၂၇ - သူတို့က တပ်ဖွဲ့ထဲမှာ အညံ့ဆုံးသုံးယောက်လေ
"ဘာ.. ထမင်းချက် ဟုတ်လား။ စစ်တပ်ရဲ့ ထိပ်သီးပြိုင်ပွဲကို သူက ထမင်းချက်တစ်ယောက်ကို တကယ်ခေါ်လာတာလား"
"သူ ဘာပြောချင်တာလဲ။ ငါတို့ရဲ့ထိပ်တန်းစစ်သည်တော်တွေကို အထင်သေးနေတာလား"
"သူက တော်တော်မောက်မာတာပဲ။ သူ့ကျားပျံတပ်ဖွဲ့က အထင်ကြီးဖို့ကောင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပဲ သူ့စစ်သားတွေက ထက်မြက်သွားတာမှမဟုတ်တာ"
ဤစကားကိုကြားသော် ပတ်ပတ်လည်ရှိ တပ်မှူးများ ဒေါသထွက်သွားလေသည်။ သူတို့၏အမြင်တွင် ကျန်းမုန့်လောင်၏လုပ်ရပ်က လှောင်ပြောင်မှုနှင့် ရန်စမှုသက်သက်ပင်။
"အားလုံးပဲ စိတ်အေးအေးထားကြပါ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျွန်တော်က ခင်ဗျားတို့တွေကို မျက်နှာသာပေးချင်လို့ပါ။ ကျွန်တော်တို့ရဲ့ အတော်ဆုံးထိပ်တန်းစစ်သည်တွေကိုသာ လွှတ်လိုက်ရင် ခင်ဗျားတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပျက်စီးသွားပြီး နောင်တစ်ချိန် ခင်ဗျားတို့တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ထိခိုက်မှာစိုးလို့ပါ။ အဲဒီလိုဆိုရင် မကောင်းဘူးလေ"
"မင်းက မင်းတို့တပ်ဖွဲ့ထဲက အညံ့ဆုံးသုံးယောက်ကို လွှတ်လိုက်တယ်လို့ ပြောချင်တာလား"
"ဒါဆို မင်းက ငါတို့တပ်ဖွဲ့တွေကို အမှိုက်တွေလို့ ပြောချင်တာပေါ့လေ"
"မဟုတ်တာ.. မဟုတ်တာ"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်လေသည်။
"ကျွန်တော်က ဒီမှာရှိတဲ့လူ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီးပြောတာမဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုချင်တာက ခင်ဗျားတို့ခေါ်လာတဲ့ တပ်ဖွဲ့တွေအားလုံးက အမှိုက်တွေချည်းပဲလို့ ပြောတာ"
"ကျန်းမုန့်လောင်.. မင်း တော်တော်လွန်သွားပြီနော်"
တပ်မှူးတော်တော်များများမှာ ဒေါသတကြီး မတ်တတ်ထရပ်လိုက်ကြသည်။ အဆင့်ခြောက်သက်ရှိတစ်ယောက်ထံမှ ရန်စခံလိုက်ရသောကြောင့် သူတို့ အံ့ဩသွားရသည်။ ကျန်းမုန့်လောင်က စစ်တပ်ထဲတွင် သူတို့နှင့် ရာထူးတူသော်ငြား သူတို့၏ရင်ထဲတွင်မူ သူ့အဆင့်အတန်းကို အသိအမှတ်မပြုကြပေ။
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ။ ထိုင်ကြစမ်း။ ဓားထုတ်စရာ ဘာအကြောင်းမှမရှိဘူး။ ငါတို့တွေက ရဲဘော်ရဲဘက်တွေလေ"
လော့ကျစ်က အမြန်ကြားဝင်ဖျန်ဖြေလိုက်သည်။
"မုန့်လောင်.. မင်းလည်း စကားလျှော့ပြော။ အဲဒီလို ပြောချင်ရာမပြောနဲ့"
ကျန်းမုန့်လောင်ကမူ ပခုံးတွန့်ပြလိုက်သည်။
"ဗိုလ်ချုပ်.. ကျွန်တော်က သူတို့ကို ရန်စနေတာမဟုတ်ပါဘူး။ ကြည့်လေ.. ကျွန်တော် ဘာမှမပြောဘဲနဲ့တောင် သူတို့က အရင်အပြစ်တင်နေကြတာ။ ကျွန်တော် ပြန်မပြောဘဲနေလိုက်ရင် ကျွန်တော်တို့တပ်ဖွဲ့က အနိုင်ကျင့်ရလွယ်တယ်လို့ ထင်သွားမှာပေါ့"
"ကဲ.. အားလုံးပဲ စကားမများကြနဲ့တော့။ ဒါက ပြိုင်ပွဲလေ။ ရန်ဖြစ်ရမယ့်နေရာမဟုတ်ဘူး။ စစ်မြေပြင်ဆိုတာ ခွန်အားကပဲ စကားပြောရမယ့်နေရာကွ"
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"
"ဟွန့်… တပ်မှူးကျန်းရဲ့ တပ်ဖွဲ့ထဲက အထူးတပ်ဖွဲ့ဆိုတာ ဘယ်လောက်စွမ်းမှန်း ကြည့်ရသေးတာပေါ့"
"သူတို့သာ နိုင်သွားရင် ငါ သူတို့တပ်ဖွဲ့ထဲမှာ ထမင်းချက်ရာထူးနဲ့ တစ်နှစ်လောက် အလုပ်သွားလုပ်ပေးမယ်"
"မလုပ်ပါနဲ့"
ကျန်းမုန့်လောင်က ထိုတပ်မှူးကို ပြောလိုက်၏။
"ကျွန်တော်တို့တပ်ဖွဲ့ထဲမှာ လူတိုင်း ထမင်းချက်လုပ်လို့ရတာမဟုတ်ဘူး။ တပ်မှူး.. ခင်ဗျား တခြားရာထူးတစ်ခုရှာတာ ပိုကောင်းမယ်"
"မင်း…"
"ကဲပါ။ ငြင်းခုံမနေကြနဲ့တော့။ ပြိုင်ပွဲစလိုက်ရအောင်"
လော့ကျစ်၏ အမိန့်ပေးသံနှင့်အတူ ဤအကျော့ကို တရားဝင်စတင်လိုက်လေသည်။
"တပ်ဖွဲ့၈၁၂က အိုက်ယင်နဲ့ IPX-001တပ်ဖွဲ့က ထန်သိုတို့ရဲ့ပွဲစဉ် စတင်ပါပြီ"
အမိန့်ပေးလိုက်ပြီဖြစ်သော်ငြား နှစ်ဖက်စလုံးက ချက်ချင်း မလှုပ်ရှားကြသေးပေ။ ထန်သိုက ပြိုင်ပွဲကွင်းထဲ ဝင်လာကတည်းက ငိုက်မြည်းနေပြီး လုံးဝအိပ်ပျော်နေသည့်အလား မျက်လုံးမှိတ်ထားသောကြောင့် အိုက်ယင်က သူ့ကို စောင့်ကြည့်နေဟန်ပင်။
အိုက်ယင်က သူ့အစွမ်းအစကို ယုံကြည်မှုအပြည့်ရှိသော်လည်း ထန်သို၏အခြေအနေမှာမူ မသင်္ကာစရာဖြစ်နေသဖြင့် သူ့ကို အလျင်စလိုမလှုပ်ရှားရဲအောင် ဟန့်တားထားသလိုပင်။
"ဟေ့.. မင်းတို့တပ်ဖွဲ့က စစ်သည်ကရော တိုက်ခိုက်ရေးမျိုးနွယ်စုကပဲလား"
အခြားတပ်မှူးများက စကားစမြည်ပြောလိုက်လေသည်။
"ဟုတ်တယ်"
၈၁၂တပ်မှူးက ပြန်ဖြေလေသည်။
"ဒီတစ်ခေါက်တော့ ငါတို့ ကံကောင်းသွားတယ်။ အရည်အချင်းရှိတဲ့ လူသစ်တချို့ ငါတို့တပ်ဖွဲ့ထဲကို ရောက်လာတယ်လေ။ ဒီကောင်လေးက သူတို့ထဲမှာ အသန်မာဆုံးပဲ။ စစ်မှုထမ်းဟောင်းအများစုတောင် သူ့ကို မနိုင်ကြဘူး"
"ကြည့်စမ်း.. IPXတပ်ဖွဲ့က ထန်သိုက အိပ်ပျော်နေတာပဲ။ သူ လက်လျှော့လိုက်ပြီလား"
"ဟားဟားဟား… ဒါက အထူးသိုင်းကွက်တစ်ခုများလား"
တပ်မှူးတစ်ယောက်က ရယ်မောလိုက်သည်။
"ရီထျန်းဂိုဏ်းမှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်လို့ ငါကြားဖူးတယ်။ အိပ်နေရင်းတောင် သုံးလို့ရတဲ့ သိုင်းကွက်တွေရှိတာကလည်း ပုံမှန်ပါပဲ"
"ဝိုး.. ဒီတပ်မှူးက အဲဒါကိုပါ သိနေတာဆိုတော့ တော်တော်ဗဟုသုတကြွယ်တာပဲ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"လျောင်းတော်မူရဟန္တာလက်သီးကို ကြည့်လိုက်ကြရအောင်လား"
"မင်း ဘာပြောလိုက်တယ်။ ဒါက တကယ့်လျှို့ဝှက်သိုင်းပညာလား"
ထိုအချိန်ဝယ် အိုက်ယင်ဟုခေါ်သော စစ်သည်က သည်းမခံနိုင်တော့ပေ။ သူ့အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှပြီး တပ်သားသစ်ရွေးချယ်ရေးတွင် အမှတ်လေးရာကျော်လွန်ခဲ့သည့်အပြင် အဆင့်ငါးသက်ရှိများအကြားမှာပင် ပါရမီရှင်တစ်ဦးဖြစ်၏။
အသက်တစ်ရှူမျှ မကြာသေးခင်မှာပင် သူသည် ထန်သို၏အနောက်သို့ ရောက်သွားပြီး ကျောပြင်ထက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ အကယ်၍ ထိမှန်လိုက်ပါက သာမန်အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်ပင် သေဆုံးသွားနိုင်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ထန်သိုသည် ရုတ်ခြည်းလက်မြှောက်လိုက်ပြီး ရှောင်လွှဲ၍မရနိုင်တော့ဘူးဟု ထင်ရသော လက်သီးကို တည်တည်ငြိမ်ငြိမ် ဖမ်းဆုပ်လိုက်သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
တပ်မှူးတစ်သိုက်ခမျာ ရုတ်တရက် မတ်တတ်ထရပ်လိုက်ကြသည်။
အဆင့်ရှစ်သက်ရှိများဖြစ်သည့်အလျောက် ထန်သို၏အခြေအနေကို သူတို့ အာရုံခံနိုင်သည်။ သူသည် လုံးဝအိပ်ပျော်နေသော အခြေအနေတွင် ရှိနေပြီး သက်ရှိလက္ခဏာများကလည်း တည်ငြိမ်ကာ ဦးနှောက်လှိုင်းအတက်အကျပြောင်းလဲမှုလည်း လုံးဝမရှိပါဘဲ သူ့လှုပ်ရှားမှုကား အလိုအလျောက်တုံ့ပြန်မှုသက်သက်သာ။
ထို့ပြင် ထူးဆန်းလှသော ဤလျှို့ဝှက်သိုင်းကွက်ကို ဖယ်ထားလိုက်လျှင်ပင် အိုက်ယင်၏ခွန်အားမှာ ငါးရာကျော်နေပြီဖြစ်ရာ သာမန်အဆင့်ငါးအထွတ်အထိပ် သက်ရှိများ ခံနိုင်ရည်ရှိသည့် အရာမျိုးမဟုတ်ပေ။ သို့သော် သူ့ခန္ဓာကိုယ်က အနည်းငယ်မျှပင် မယိမ်းယိုင်သွားသလို လက်သီးကိုဖမ်းဆုပ်ထားသော လက်ကလည်း နောက်မဆုတ်သွားပေ။
ထိုကဲ့သို့သော ခွန်အားမျိုး ရရှိရန်အတွက် အနည်းဆုံးတော့ ရှစ်ရာ သို့မဟုတ် ထိုထက်ပို၍ လိုအပ်ပေလိမ့်မည်။
အိုက်ယင်ကလည်း သူ့လက်သီးကို ပြန်ဆွဲယူရန် ကြိုးစားပါသော်ငြား ထိုလက်က ထွက်ပေါ်လာသော အင်အားကြောင့် သူကိုယ်တိုင်ပင် လှုပ်ရှား၍မရနိုင်တော့ဘဲ အချိန်မရွေးကျိုးကြေသွားတော့မည့်အလား သူ့အရိုးများက အသံမြည်လာလေသည်။
ထိုသို့မှင်တက်နေစဉ်မှာပင် ထန်သိုက ရုတ်တရက် အကြောဆန့်လိုက်လေရာ များပြားလှသော စကြဝဠာမူလစွမ်းအင်များက ထိုလက်သီးပေါ်သို့ လွှမ်းခြုံလိုက်လေသည်။
အိုက်ယင်၏ သူငယ်အိမ်များ ချက်ချင်းဆိုသလို ပြူးကျယ်သွားပြီး သူ့လက်မောင်းများကို ရှေ့တွင် ကာလိုက်သော်ငြား သူ့ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုအလား လွင့်ထွက်သွားချေသည်။ မဟုတ်ပေ။ သူ့ကို လွင့်ထွက်သွားစေသည်မှာ ထိုအကြောဆန့်မှုပင်။
"ဒိုင်း"
အိုက်ယင်ခမျာ တိုက်ခိုက်ရေးကွင်းထဲမှ လွင့်ထွက်သွားပြီး သူ့လက်မောင်းများကလည်း ထူးထူးဆန်းဆန်း လိမ်ကောက်ကာ ရင်ဘတ်လည်း ချိုင့်ဝင်သွားသည်။ သူ့ခမျာ မတ်တတ်ပြန်ရပ်ရန် ကြိုးစားသော်လည်း အားအင်ကုန်ခန်းနေပြီဖြစ်၏။
"သောက်ကျိုးနည်း… ထန်သို.. မင်း ဘာလုပ်နေတာလဲ။ ဘယ်သူက မင်းကို အဲဒီလောက်ကြီး ရိုက်ခိုင်းလို့လဲ"
ကျန်းမုန့်လောင်က အော်ပြောလိုက်၏။
ထိုအချိန်ဝယ် ထန်သိုလည်း အိပ်မောကျနေရာက လန့်နိုးလာသည်။
"ဟင်.. သူ ဘယ်ရောက်သွားတာလဲ။ တောင်းပန်ပါတယ်။ ကျွန်တော် မနေ့ညတုန်းက ညလယ်စာအဆာပြေလုပ်ပေးလိုက်ရတော့ အရမ်းပင်ပန်းပြီး အမှတ်တမဲ့အိပ်ပျော်သွားတယ်။ ကဲ စလိုက်ကြစို့"
ထန်သိုက အိပ်ချင်မူးတူးဖြစ်နေသော သူ့မျက်လုံးများကို ပွတ်သပ်ရင်း ဟိုဟိုသည်သည်ကြည့်ကာ ပြောလိုက်သော်ငြား သူ့ပြိုင်ဘက်ကိုမူ ရှာမတွေ့ချေ။
"IPX-001တပ်ဖွဲ့.. ထန်သို အနိုင်ရရှိပါတယ်"
"ဟင်.. ငါတို့နိုင်သွားပြီလား"
ထန်သိုခမျာ လုံးဝနားမလည်နိုင်သော အမူအရာဖြင့် ခေါင်းကုတ်လျက် စင်ပေါ်က ဆင်းလာသည်။ ဘာဖြစ်သွားမှန်း သူ လုံးဝမသိလိုက်ပေ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ခုနတုန်းက လက်သီးက ခွန်အားအမှတ် အနည်းဆုံးတစ်ထောင်လောက်ရှိတယ်။ သူက လူသစ်တစ်ယောက် မဖြစ်နိုင်ဘူး"
"မဟုတ်ဘူး။ သူ့မှတ်တမ်းတွေကို ငါ စစ်ကြည့်လို့ရတယ်။ သူက တကယ်လူသစ်။ တပ်သားစုဆောင်းရေးစမ်းသပ်မှုတုန်းက သူ့အချက်အလက်တွေက ၇၆နဲ့ ၆၉ပဲ ရှိတာ။ တစ်နှစ်အတွင်းမှာ သူ့ခွန်အားက ဆယ်ဆလောက် တက်လာတာပဲ"
"ဒီလိုတိုက်ခိုက်ရေးစွမ်းရည်မျိုးက သာမန်အဆင့်ခြောက်သက်ရှိတစ်ယောက်ကိုတောင် ယှဉ်နိုင်တယ်"
"သူက သူတို့IPX-001တပ်ဖွဲ့က ထမင်းချက်ဟုတ်ရဲ့လား"
မြင်လိုက်ရသော မြင်ကွင်းကြောင့် တပ်မှူးများမှာ အချိန်အတော်ကြာအောင် ကြက်သေသေသွားလေသည်။
"မုန့်လောင်.. သူက မင်းတို့တပ်ဖွဲ့ထဲက ထမင်းချက်ဆိုတာ တကယ်ပဲလား"
ကျန်းမုန့်လောင်ဘေးရှိ လော့တန်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ ထမင်းချက်တစ်ယောက်က တပ်ဖွဲ့တစ်ခု၏ အတော်ဆုံးထိပ်တန်းစစ်သည်တစ်ယောက်ကို အားစိုက်ထုတ်စရာမလိုဘဲ အနိုင်ယူသွားကြောင်း လက်ခံရန် ခက်ခဲနေပေသည်။
"ဟုတ်တယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
"ပြီးတော့ သူက ကျွန်တော်တို့ထမင်းချက်ထဲမှာ အညံ့ဆုံးပဲ"
ကျန်းမုန့်လောင်က ထိုသို့ပြောရင်း ခေါင်းတခါခါလုပ်လိုက်လေသည်။
"ဒီရက်ပိုင်း တပ်သားသစ်တွေက စီမံအုပ်ချုပ်ဖို့ ပိုခက်ခဲလာတယ်။ ပြိုင်ပွဲဝင်ဖို့ လူတစ်ယောက်ကို မေးကြည့်လိုက်တော့ အကုန်လုံးက ဆင်ခြေတွေပေးပြီး မပါချင်ကြဘူးလေ။ အဲဒါနဲ့ သူတို့အချင်းချင်း ပြိုင်ပွဲလုပ်ပြီး ရှုံးတဲ့လူက လာရမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ။ ကိုယ်က အရည်အချင်းမရှိလို့ ရှုံးတာဆိုတော့ ဘာမှပြောလို့မရဘူးလေ"
"ဘာ.. ပြိုင်ပွဲမှာတောင် ရှုံးခဲ့သေးတာတဲ့လား"
"ဟုတ်တယ်။ ဒီသုံးယောက်က ကျွန်တော်တို့တပ်ဖွဲ့ထဲမှာ အညံ့ဆုံးတွေလေ"
**********************