အခန်း ၁၀၂၈
Vol. 69 Ch. 1028
အခန်း ၁၀၂၈ - တပ်မှူးယောင်ဇစ်အတွက် "ရုပ်ဆိုးကောင်"သီချင်းတစ်ပုဒ်
"တပ်ဖွဲ့တစ်ခုလုံးမှာ အညံ့ဆုံးတဲ့လား…"
ထိုစကားများကို ထပ်တလဲလဲရေရွတ်ရင်း တပ်မှူးများ၏ နှုတ်ခမ်းထောင့်များမှာ တွန့်လိမ်သွားကြသည်။
အစောပိုင်းက ပွဲစဉ်ကို ကြည့်ပြီးနောက်မှာပင် ကျန်းမုန့်လောင်၏တပ်သားများက သာမန်လူများဟု ထင်နေသေးလျှင် ထိုလူသည် ဦးနှောက်မရှိသူသာ ဖြစ်ပေလိမ့်မည်။ သူသည် ကျားကိုစားရန် ဝက်ယောင်ဆောင်နေခြင်းသာ။
သူတို့ဆီက အညံ့ဆုံးစစ်သည်သုံးယောက်က အခြားတပ်ဖွဲ့များ၏ အတော်ဆုံးစစ်သည်များကို တိုက်ကွက်တစ်ကွက်တည်းနှင့် အားစိုက်ထုတ်စရာမလိုဘဲ အနိုင်ယူသွားခဲ့သည်။ ဒဏ်ရာက အသေးစားဆိုသော်ငြား စော်ကားခံလိုက်ရသည့်ပမာဏကတော့ မနည်းမနောပင်။
"မင်းကို ညှာတာဖို့ ပြောထားတယ်လေ။ ဟိုကောင့်လက်ကို ဘာလို့ချိုးပစ်လိုက်ရတာလဲ"
ကျန်းမုန့်လောင်က ထန်သို၏ခေါင်းကို ပိတ်ရိုက်ရင်း ပြောလိုက်သည်။
"တပ်မှူး.. ကျွန်တော့်ကို အပြစ်တင်လို့မရဘူးလေ။ ကျွန်တော်က အရမ်းအိပ်ချင်နေတော့ ငိုက်သွားတာ။ အိပ်နေတုန်းက ရန်သူက ရုတ်တရက်တိုက်ခိုက်တာကို ကာကွယ်ဖို့အတွက် တပ်မှူးပဲ ကျွန်တော့်ကို လျောင်းတော်မူရဟန္တာလက်သီးသိုင်းကို သင်ပေးထားတာလေ။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ဘူးပေါ့"
"မြန်မြန် မျက်နှာသွားသစ်ချေ။ နောက်တစ်ပွဲကျရင် အဲဒီလိုထပ်မလုပ်နဲ့တော့"
"ဟုတ်ကဲ့။ အခုချက်ချင်းသွားလိုက်ပါ့မယ်"
…..
"တောင်းပန်ပါတယ်ဗျာ။ အားလုံးပဲ ပြိုင်ပွဲကို ဆက်လုပ်ကြပါ။ ကျွန်တော့်အမှားပါ"
ကျန်းမုန့်လောင်က ပြိုင်ပွဲဆက်လုပ်ရန် အမြန်အချက်ပြလိုက်သည်။
ပြိုင်ကွင်းထဲတွင် ပွဲစဉ်တစ်ခုပြီးတစ်ခု ဆက်လက်ယှဉ်ပြိုင်ကြသော်လည်း လူတိုင်း၏ အာရုံက ကျန်းမုန့်လောင်အနောက်ရှိ အခြားလူနှစ်ယောက်ထံသို့ ရောက်နေကြသည်။ ထမင်းချက်တစ်ယောက်ကပင် ဤမျှစွမ်းနေပါက ကျန်နှစ်ယောက်ကရော အလားတူ သန်မာနေမည်လော။
အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် IPX-001တပ်ဖွဲ့မှ စစ်သည်၏ အလှည့်သို့ ရောက်လာခဲ့သည်။
"ကမ္ဘာကြီးက ကျဉ်းလိုက်တာနော်"
မလှမ်းမကမ်းရှိ ယောင်ဇစ်က ကျေနပ်ဝင့်ကြွားနေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။ သူ့တပ်သားများနှင့် IPX-001တပ်ဖွဲ့တို့ ဤမျှ စောစောစီးစီးဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားချေ။
"ဆောင်းခံတပ်မျိုးနွယ်စုက စစ်သည်လား"
တပ်မှူးများက မနာလိုအားကျလေဟန် အမူအရာများဖြင့် ပြောလိုက်သည်။
ဆောင်းခံတပ်မျိုးနွယ်စုမှာ စကြဝဠာထဲတွင် နာမည်ကြီးလှသော တိုက်ခိုက်ရေးမျိုးနွယ်စုဖြစ်ပြီး မွေးရာပါအစွမ်းထက်သည့် ပါရမီနှင့် တိုက်ခိုက်ရေးအသိဉာဏ်တို့ကို ပိုင်ဆိုင်ထားကြသည်။ စကြဝဠာမျိုးနွယ်စုတစ်ခုလုံးတွင် သူတို့၏သိုင်းပညာပါရမီမှာ ထိပ်ဆုံးအယောက်တစ်ထောင် စာရင်းဝင်နိုင်သည်။
စကြဝဠာအတွင်း သန်းနှင့်ချီသော မျိုးနွယ်စုများ ရှိသည်ဖြစ်ရာ ထိပ်ဆုံးအခုတစ်ထောင်အတွင်း စာရင်းဝင်နိုင်သည့် မည်သည့်မျိုးနွယ်စုမဆို နတ်ဘုရားများ၏ မျက်နှာသာပေးမှုကို ရရှိထားခြင်းပင်။
"ယောင်ဇစ်… မင်းတို့တပ်ဖွဲ့က လူငယ်လေးက အဆင့်ခြောက်သက်ရှိအဆင့်ကို တက်လှမ်းဖို့ နီးစပ်နေပြီမဟုတ်လား။ သူ့ရဲ့မျိုးရိုးဗီဇလှုပ်ရှားမှုက အရမ်းမြင့်တယ်ဆိုတာတော့ ငါ အာရုံခံမိတယ်"
အခြားတပ်မှူးတစ်ယောက်က ပြောလိုက်၏။
"ဒါပေါ့"
ယောင်ဇစ်က ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလေသည်။
"ပြီးတော့ သူက တိုက်ခိုက်ရေးပါရမီနှစ်ခုကိုတောင် နိုးကြားအောင် လုပ်နိုင်နေပြီ"
"နှစ်ခုတောင်လား"
သူ့စကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ဆောင်းခံတပ်မျိုးနွယ်စုသည် သူတို့၏ မွေးရာပါအလားအလာနှင့် ကြီးထွားမှုနှုန်းကြောင့်သာမက သူတို့၏မျိုးရိုးဗီဇဖွဲ့စည်းပုံထဲတွင် ကိန်းအောင်းနေသော တိုက်ခိုက်ရေးပါရမီများကြောင့်ပါ ထိပ်ဆုံးအယောက်တစ်ထောင်စာရင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်၏။ သူတို့၏ အရည်အချင်းများမှာ သိုင်းပညာကျင့်စဉ်များနှင့် ဆင်တူပြီး သူတို့၏ တိုက်ခိုက်ရေးခွန်အားကို များစွာမြှင်တင်ပေးနိုင်သည်။
သို့သော် ဤပါရမီများမှာ သင်ယူ၍မရနိုင်ပေ။ သူတို့၏သွေးသားထဲရှိ လျှို့ဝှက်မျိုးရိုးဗီဇများကတစ်ဆင့် နိုးကြားလာအောင် လှုံ့ဆော်ရမည်သာ။
သာမန်ဆောင်းခံတပ်မျိုးနွယ်စုဝင်များမှာ တစ်သက်တာတွင် ပါရမီတစ်ခုတည်းသာ နိုးကြားအောင် လုပ်ကောင်းလုပ်နိုင်သည်။ နှစ်ခုကို လှုံ့ဆော်နိုင်ခြင်းကမူ ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ပြသနေပြီး သူတို့အနေနှင့် အဆင့်ရှစ်သက်ရှိအဆင့်သို့ တက်လှမ်းနိုင်မည်မှာ သေချာသလောက်ပင်။
"ဟားဟားဟား.. ကျန်းမုန့်လောင်တို့တပ်ဖွဲ့က စစ်သည်ကို ကြည့်စမ်းပါဦး"
တော်တော်များများက IPX-001တပ်ဖွဲ့၏ ပြိုင်ပွဲဝင်ကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။
"ဟားဟားဟားဟား… သူက ရီခုမျိုးနွယ်စုက မဟုတ်ဘူးလား"
"ရီခုမျိုးနွယ်စုလား။ အဲဒါ ကျွန်မျိုးနွယ်စု မဟုတ်ဘူးလား။ ရင်းနှီးနေတယ်လို့ထင်တာ မဆန်းပါဘူး။ ငါ့စံအိမ်တော်က ကျွန်အများစုက အဲဒီမျိုးနွယ်စုကချည်းပဲလေ"
"ဟားဟားဟား.. သူတို့တပ်ဖွဲ့ထဲမှာ လူမရှိတော့လို့များ ကျွန်မျိုးနွယ်စုက လူကို လွှတ်လိုက်တာလား"
"သူ့ကို အထင်မသေးနဲ့။ သူက ပါရမီရှင်နော်"
တပ်မှူးများမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ကျွန်မျိုးနွယ်စုကို စကြဝဠာထဲတွင် အနိမ့်ကျဆုံးအဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် ကျွန်မျိုးနွယ်စုမှ အဆင်ငါးသက်ရှိတစ်ယောက် ထွက်ပေါ်လာခြင်းမှာ စင်စစ်ချီးကျူးဖွယ်ရာပင်။
"ကောက်ချက်ချတာ သိပ်မစောကြနဲ့"
တစ်စုံတစ်ယောက်က ချက်ချင်း ပြန်ချေပလိုက်သည်။
"စောစောကလည်း IPX-001တပ်ဖွဲ့ကို အထင်သေးခဲ့ကြတာပဲ။ ဒါပေမဲ့ ငါတို့တွေအားလုံးကို အံ့ဩသွားအောင် လုပ်နိုင်ခဲ့တယ်မလား။ ဒီတစ်ခါလည်း သူတို့ ငါတို့ကို အံ့ဩသွားအောင် ထပ်လုပ်ပြလာနိုင်တယ်လေ"
"ဒါတော့ မတူဘူးလေ။ အဆင့်နိမ့်တိရစ္ဆာန်တစ်ကောင်က ဘယ်လောက်လေ့ကျင့်ပေးနေပါစေ တိရစ္ဆာန်ပါပဲ။ သူတို့ရဲ့သွေးသားက သူတို့ရဲ့အလားအလာကို ကန့်သတ်ထားတာ။ ငါထင်တာသာမမှားရင် ကျွန်မျိုးနွယ်စုစစ်စစ်ကနေ အဆင့်ခြောက်သက်ရှိတစ်ယောက်မှ ပေါ်ထွက်ဖူးတာမျိုး မရှိခဲ့ဖူးဘူးမလား"
"တပ်မှူးကျန်း.. ကျုပ်တို့တွေ ဒီလောက်မြန်မြန်ကြီး ထိပ်တိုက်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ စိတ်မပူပါနဲ့။ ညှာတာပေးဖို့ ပါကူကို ကျုပ် အမိန့်ပေးထားပါတယ်"
ယောင်ဇစ်က တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
"ဪ စိတ်မပူပါနဲ့။ ကျွန်တော်လည်း ခင်ဗျားလူကို ခပ်ပြင်းပြင်းလေးဆုံးမပေးဖို့ ကျွန်တော့်လူကို မှာထားပါတယ်"
ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်၏။
….
"ရီခုမျိုးနွယ်စုက ကျွန်… မင်းရဲ့လက်တွေခြေတွေကို ရိုက်ချိုးပစ်ဖို့ ငါတို့တပ်မှူးက အမိန့်ပေးထားတယ်။ မင်းဘာသာ အသာတကြည်အချိုးခံမယ်ဆိုရင်တော့ နာကျင်တာသက်သာအောင် ငါလုပ်ပေးမယ်"
ပါကူဟုခေါ်သော ဆောင်းခံတပ်မျိုးနွယ်စုစစ်သည်က မောက်မာစွာ ပြောလိုက်လေသည်။
"ငါတို့တပ်မှူးကလည်း မှာထားတယ်"
ဒီယက်စ်က ပြောလိုက်၏။
"မင်းကို ပိုအရှက်ကွဲစေမယ့် နည်းလမ်းမျိုးနဲ့ ရှုံးနိမ့်စေချင်တယ်တဲ့။ အဲဒီတော့…"
တပ်မှူးများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဒီယက်စ်က သူ့လက်နှစ်ဖက်စလုံးကို အနောက်ပစ်ထားလိုက်သည်။
"မင်းလို အမှိုက်ကောင်လို ရှင်းပစ်ဖို့ ငါ့လက်တွေတောင် သုံးစရာမလိုဘူး"
"မင်းတို့ ကြားလိုက်လား။ ကျွန်မျိုးနွယ်စုက ဆင်းသက်လာတဲ့ စစ်သည်က လက်တွေသုံးစရာမလိုဘူးလို့ ပြောသွားတာလား"
"သူက ဆောင်းခံတပ်မျိုးနွယ်စုရဲ့ ထိပ်တန်းစစ်သည်တွေကို အထင်သေးနေတာလား"
"သူတို့ရဲ့တပ်မှူးကလည်း မောက်မာတယ်။ သူ့စစ်သားကလည်း ပိုတောင်မောက်မာသေးတယ်"
…
"ဒါဆို မင်းက သေချင်နေတာပဲ"
ပါကူ၏မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ပွင့် ပေါ်လာချေသည်။ သူ့ခန္ဓာကိုယ်မှ ပြင်ပအရိုးစုတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ခိုင်မာသော သံချပ်ကာတစ်စုံကို ဝတ်ထားသည့်အလား ဖြစ်သွားလေသည်။ ဤပြင်ပအရိုးစုသံချပ်ကာမှာ အဆင့်ငါးသိုင်းလက်နက်များကိုပင် ခံနိုင်ရည်ရှိသည်။
"ဆူကူယိုမီ"
ဒီယက်စ်က စကားတစ်ခွန်းတည်းသာ ရေရွတ်လိုက်ပြီးနောက် သူ့သူငယ်အိမ်ထဲရှိ အနီရောင်မာဂါတာမာများက တဖြည်းဖြည်းလည်ပတ်လာတော့သည်။
"ပါကူ မင်း ဘာလုပ်နေတာလဲ"
ပါကူတစ်ယောက် မလှုပ်မယှက်ဖြစ်နေသည်ကို မြင်သောအခါ ယောင်ဇစ်လည်း စိုးရိမ်လာသည်။ ကျန်းမုန့်လောင် အရှက်ကွဲပြီး ပုန်းစရာတွင်းတစ်ခုရှာချင်နေမည့် မြင်ကွင်းကို သူမြင်ချင်လှသည်။
"ပါးစပ်ပိတ်ထားစမ်း။ ခင်ဗျားက ကျုပ်ကို ဆရာလာလုပ်နေတာလား"
ပါကူထံမှ မျှော်လင့်မထားသော ထိုစကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။
ဤစကားမှာ ပါကူ၏ပါးစပ်က ထွက်လာခြင်းပင်။ သူ့တပ်မှူးကို ဤသို့ပြောရဲသတဲ့လား။
"ပါကူ.. မင်း.. မင်းဘာပြောလိုက်လဲဆိုတာရော သိရဲ့လား"
ယောင်ဇစ်ခမျာ အံ့အားသင့်သွားလေသည််။
အဆင့်ငါးသက်ရှိတစ်ယောက်အနေနှင့် အဆင့်ရှစ်သက်ရှိတစ်ယောက်၏ အာရုံစိုက်မှုကို ရရှိခြင်းမှာ ကံကောင်းလှသည်။ သူ့အပေါ် အမြဲရိုသေလေးစားလေ့ရှိသော ပါကူက ပုံမှန်ဆိုလျှင် အသံကျယ်ကျယ်မပြောရဲသလို ပြန်ငြင်းရန်ဆိုသည်မှာလည်း ပို၍ပင် မဖြစ်နိုင်ချေ။
သို့သော် ယခုမူ တပ်မှူးများရှေ့တွင် သူ အရှက်ခွဲခံနေရလေပြီ။
"ငါဘာပြောနေလဲဆိုတာ ငါသိတာပေါ့"
ပါကူသည် သူ့ဘယ်လက်ကို ဆန့်တန်းလိုက်ပြီးနောက် ညာလက်ကိုပါ ဆန့်တန်းကာ လက်ခလယ်နှစ်ချောင်းထောင်ပြလိုက်သည်။
"ငါ့ဘယ်ညာလက်နှစ်ဖက်စလုံးနဲ့ အနှေးပြကွက်ပြလိုက်မယ်။ လစ်စမ်းပါ"
"ပရိသတ်ကြီးခင်ဗျာ.. ကျွန်တော်တို့ရဲ့တပ်မှူးယောင်ဇစ်အတွက် "မကောင်းဆိုးဝါး"လို့ခေါ်တဲ့ သီချင်းလေးတစ်ပုဒ် ဖျော်ဖြေခွင့်ပြုပါ"
"မကောင်းဆိုးဝါးကောင်.. အေ အေး အေ အေး အာ… မီးလေး ခဏလောက်ပိတ်ပေးလို့ရမလား.."
"ဟားဟားဟား"
စကြဝဠာ၏ အများလက်ခံထားသော အလှအပစံနှုန်းအရ ယောင်ဇစ်၏ မျိုးနွယ်စုမှာ အလွန်ရုပ်ဆိုးသည်ဟု သတ်မှတ်ခံထားရသော်လည်း အဆင့်ရှစ်သက်ရှိတစ်ယောက်၏ ရုပ်ရည်ကို မျက်နှာရှေ့တည့်တည့်တွင် မည်သူကမှ မလှောင်ပြောင်ရဲကြပေ။ သို့သော် ယခုမူ သူ့လက်အောက်ငယ်သားက လူအများရှေ့တွင် ဤကဲ့သို့သော သီချင်းမျိုးကို ဆိုနေချေသည်။
အခြားတပ်မှူးများအားလုံးကလည်း တဟားဟားအော်မရယ်ဘဲ မနေနိုင်ကြပေ။ ယောင်ဇစ်၏မျက်နှာကား သိသိသာသာ မှုန်မှိုင်းပျက်ယွင်းသွားသည်။
"ရှက်ဖို့ကောင်းလိုက်တာ"
ယောင်ဇစ်မှာ အေးစက်စက်နှာမှုတ်ပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းတစ်ခုဖြင့် အသံအမြင့်ကြီးဆွဲကာ သီချင်းဆိုနေသော ပါကူကို ပြိုင်ပွဲကွင်းပြင်ပသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
"IPX-001တပ်ဖွဲ့က ဒီယက်စ် အနိုင်ရရှိပါတယ်"
"ကျွတ် ကျွတ် ကျွတ်.. မင်းတို့တွေ ခံစားမိတယ်မလား။ အဲဒီရီခူမျိုးနွယ်စု စစ်သည်ဆီမှာ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ဝိညာဉ်ရေးရာစွမ်းအင်တစ်ခု ရှိတယ်"
"ဟုတ်တယ်။ အဆင့်ခြောက်သက်ရှိတစ်ယောက်တောင် သူ့စိတ်ညှို့နိုင်စွမ်းကို လွတ်မြောက်ဖို့ ခက်လိမ့်မယ်"
"ဒီတစ်ခါတော့ ယောင်ဇစ် ရှုံးသွားပြီ"
"ဟားဟားဟား ရှက်ဖို့ကောင်းချက်ကွာ"
*********************