အခန်း ၁၀၂၉
Vol. 69 Ch. 1029
အခန်း ၁၀၂၉ - ရုတ်တရက်ဗိုက်နာလာခြင်း
"မင်းတို့ ခံစားမိလိုက်လား။ သူ့ဝိညာဉ်စွမ်းအင်က အရမ်းသန်မာတယ်။ သာမန်အဆင့်ခြောက်သက်ရှိတွေတောင် သူ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားနိုင်တယ်"
"ဝိညာဉ်စွမ်းအင်ကျင့်ကြံတဲ့ လျှို့ဝှက်တွေက အရမ်းရှားပါးတယ်။ ကျွန်တစ်ယောက်အနေနဲ့ အဲဒါတွေကို ဘယ်တော့မှရနိုင်မှာမဟုတ်ဘူး။ ကျန်းမုန့်လောင်က သူ့ကို ပေးထားတာပဲဖြစ်မယ်"
"တစ်နှစ်အတွင်းမှာ ဝိညာဉ်စွမ်းအင်ကို ဒီလောက်အထိ ကျင့်ကြံနိုင်တယ်ဆိုတော့ သူ့တပ်သားတွေကို ဘယ်လိုများလေ့ကျင့်ပေးထားတာလဲ"
"ဒီတစ်ခါတော့ ယောင်ဇစ် တကယ်အထိနာသွားတာပဲ"
"တပ်မှူးကျန်း.. ခင်ဗျားကြောင့် ကျွန်တော် မျက်စိပွင့်သွားပြီ"
ဉာဏ်ပြေးသော တပ်မှူးများက ကျန်းမုန့်လောင်ကို တက်တက်ကြွကြွ စကားပြောလာကြလေတော့သည်။
အသုံးမကျသော တပ်ဖွဲ့တစ်ခုက ကျန်းမုန့်လောင်၏လက်ထဲတွင် ဤအဆင့်အထိ လေ့ကျင့်ပေးနိုင်ခဲ့ခြင်းမှာ ကျန်းမုန့်လောင်တွင် အမှန်တကယ် အရည်အချင်းများစွာရှိကြောင်း ပြသနေသည်။
"မဟုတ်ရပါဘူးဗျာ။ မဟုတ်ရပါဘူး။ အသာလုပ်ပါ။ ဒါက အခြေခံလှုပ်ရှားမှုလေးပဲရှိသေးတာပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တကယ်တော့ သူက ကျွန်တော်တို့ထောက်ပံ့ရေးဌာန အိမ်သာဆေးတဲ့လူပါ။ ကျွန်တော်တို့တပ်ဖွဲ့ထဲမှာ သူ့ထက် ပိုစွမ်းတဲ့လူတွေ အများကြီးရှိသေးတယ်"
"တပ်မှူးကျန်း.. ခင်ဗျားက တော်တော်နောက်တာပဲ။ အခုလိုပြောနေတာက ကျွန်တော်တို့တပ်ဖွဲ့တွေက စစ်သည်တွေကို မြေကြီးပေါ် ချနင်းနေတာနဲ့ တူမနေဘူးလား"
လူပေါင်းများစွာက ကျန်းမုန့်လောင်၏စကားကို ကြွားလုံးထုတ်နေခြင်းဟုသာ မှတ်ယူလိုက်ကြသည်။ ထိုကဲ့သို့သော လူစားမျိုးမှာ မည်သည့်တပ်ဖွဲ့တွင်မဆို ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရမည်ဖြစ်ပြီး သူတို့ထက် ပိုသန်မာသူကို ရှာဖွေရန်ဆိုသည်မှာ အလွန်ခက်ခဲလှပေမည်။
"တကယ်ပါပဲ။ ဒီတစ်ခေါက် စစ်တပ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုက တပ်မှူးကျန်းအတွက်ပဲ ထင်ပါရဲ့"
"ဪ အဲဒီလိုမပြောပါနဲ့။ ကျွန်တော်က သူတို့ကို အမြင်ကျယ်သွားအောင် ခေါ်လာရုံသက်သက်ပါ။ ကျွန်တော်တို့ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အရေးမကြီးပါဘူး။ အဓိကကတော့ အားလုံးနဲ့ အမြင်တွေ ကျွမ်းကျင်မှုတွေ ဖလှယ်ခွင့်ရတာကို သဘောကျလို့ပါ။ ပါဝင်ယှဉ်ပြိုင်ဖို့က အဓိကပါပဲ"
"ဘန်း"
ယောင်ဇစ်က စားပွဲကို လက်ဖြင့် ရိုက်ချလိုက်သည်။
"ကျန်းမုန့်လောင်… မင်း လွန်လွန်းနေပြီနော်။ မင်းရဲ့တပ်သားကို ငါ့ကို ဒီလိုပုံစံမျိုးနဲ့ အရှက်ခွဲဖို့ အမိန့်ပေးထားတာလား"
"တပ်မှူးယောင်ဇစ်.. ခင်ဗျားပါးစပ်က စားချင်ရာစားလို့တော့ရတယ်။ ပေါက်ကရတော့ မပြောနဲ့။ အဲဒီစကားက ခင်ဗျားရဲ့လက်အောက်ငယ်သားရဲ့ ပါးစပ်က ထွက်လာတာလေ။ ကျုပ်ကို ဘာကြောင့်စွပ်စွဲရတာလဲ။ လူတိုင်းလည်း မြင်တာပဲ"
ကျန်းမုန့်လောင်က အပြစ်ကင်းစင်လေဟန်ဖြင့် လက်နှစ်ဖက်ကားလိုက်လေသည်။
လူတိုင်းကလည်း ငတုံးငအများ မဟုတ်ကြပေ။ ဤသည်မှာ ကျန်းမုန့်လောင်၏ အစီအစဉ်ဖြစ်မည်ဟု သိကြသည်။ သို့သော် သူတို့နှစ်ယောက်ကြားရှိ ကိစ္စများကို သူတို့ဘာသာ ဖြေရှင်းသင့်ကြောင်း သိထားသဖြင့် ယခုလောလောဆယ်တွင် မသိချင်ယောင်ဆောင်နေရန် ဆုံးဖြတ်လိုက်ကြသည်။
"ကဲပါ။ ငြင်းမနေကြနဲ့တော့။ နိုင်တဲ့လူက ဘုရင်။ ရှုံးတဲ့လူက ဗီလိန်ပဲလေ။ ဘောင်ဇစ်.. ဒီတစ်ခါတော့ မင်းရဲ့လူ ရှုံးသွားပြီ။ မင်း အရှုံးကို လက်မခံနိုင်ဘူးလား"
"ဟွန့်"
ယောင်ဇစ်က အေးစက်စက်နှာမှုတ်လိုက်၏။
"ရှုံးတာက ရှုံးတာပဲ။ ငါ လက်ခံတယ်"
…
ပြိုင်ပွဲကို ဆက်ကျင်းပခဲ့လေရာ ကျန်းမုန့်လောင်၏လူများမှာ မျှော်လင့်ထားသည့်အတိုင်း ပြတ်ပြတ်သားသားပင် အနိုင်ရခဲ့သည်။
ထိုအချိန်တွင် ကျန်းမုန့်လောင်သည် ပါဝင်ယှဉ်ပြိုင်ရုံသက်သက် လာခဲ့ခြင်းမဟုတ်ကြောင်း လူတိုင်း သိနေကြပြီဖြစ်၏။ သူလေ့ကျင့်ပေးထားသော စစ်သည်များမှာ မကောင်းဆိုးဝါးများပင်။ သူသည် ချန်ပီယံဆုအတွက် ရောက်လာခြင်းပင်။
"ပွဲစဉ်၂ မဲနှိုက်ကြမယ်"
လူတိုင်းက ကျပန်းခွဲဝေမှုစနစ်ကို ဖြတ်သန်းခဲ့ရသော်လည်း ဤတစ်ကြိမ်တွင်မူ ကျန်ရှိနေသည့် လူဦးရေမှာ မဂဏန်းဖြစ်နေသဖြင့် ကျန်းမုန့်လောင်၏အဖွဲ့က ကံကောင်းထောက်မစွာဖြင့် ဗလာမဲပေါက်သဖြင့် နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်ခဲ့သည်။
သို့သော် ကံတရား၏ ဥပဒေသက အလုပ်လုပ်သွားပုံရပြီး နောက်ပွဲစဉ်တွင် သူ့လက်အောက်ငယ်သားများဖြစ်သော အိုလီနီယာနှင့် အိုဘရွန်တို့က အုပ်စုတစ်ခုတည်းသို့ ကျသွားသည်။ အဓိပ္ပာယ်ကား ဒုတိယပွဲစဉ်တွင် တစ်ယောက်ကတော့ ပြိုင်ပွဲက ထွက်ရပေတော့မည်။
"ဟားဟားဟား.. ကျန်းမုန့်လောင်.. မင်းရဲ့ကံက အဲဒီလောက်လည်း မကောင်းဘူးထင်တယ်"
အိုလီနီယာနှင့် အိုဘရွန်တို့ ပြသခဲ့သော စွမ်းအားအရ သူတို့သည် ဗိုလ်စွဲရန် ရေပန်းစားနေသူများဖြစ်ကြောင်း သေချာသော်ငြား ဒုတိယပွဲစဉ်မှာပင် ချန်ပီယံလောင်းတစ်ယောက် ဆုံးရှုံးလိုက်ရခြင်းမှာ ကျန်းမုန့်လောင်အတွက် အလွန်ကြီးမားလှသော ဆုံးရှုံးမှုကြီးတစ်ခုပင်။
"စိတ်မပူပါနဲ့။ မင်းတို့ကောင်တွေ တတိယနေရာအတွက် ပြိုင်လို့ရပါသေးတယ်"
ယောင်ဇစ်၏ လှောင်ပြောင်မှုကို တုံ့ပြန်ရာတွင် ကျန်းမုန့်လောင်ကတော့ လုံးဝတုန်လှုပ်ဟန်မတူချေ။
"ဟွန့်.. လေလုံးထွားနေလိုက်တာ.. လျှာကိုက်မိမှာ မကြောက်ဘူးပဲ"
ဒုတိယပွဲစဉ်များတွင် သန်မာသူအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရသည့် ပွဲစဉ်များစွာ ပါဝင်ခဲ့သည်။ ပထမအကျော့တွင် သူတို့၏စွမ်းအားများကို မပြခဲ့ကြသော လူအမြောက်အများက ဤအကျော့ကို ပိုအလေးအနက်ထားလာကြပြီး ဗိုလ်လုမည့် အခြားနာမည်ကြီးများလည်း ပေါ်ထွက်လာခဲ့သည်။
"မင်းရဲ့ကစားသမားတွေက အထင်ကြီးချင်စရာပဲ။ ခုနက လှုပ်ရှားမှုက စွမ်းအားအမှတ်တစ်ထောင်လောက်တော့ အနည်းဆုံးရှိတယ်မလား။ ပုံမှန်လိုဆိုရင် အဆင့်ခြောက်သက်ရှိတွေတောင် သူ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး"
"ဟားဟားဟား…. သူက စစ်မြေပြင်မှာ အဆင့်ခြောက်သက်ရှိတစ်ယောက်ကို သတ်ဖူးတယ်လေ။ တကယ်အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ပေါ့။ ဒါပေမဲ့ မင်းလူတွေလည်း ထူးချွန်ကြပါတယ်။ မင်းတပ်ဖွဲ့ထဲက ကောင်လေးက ဒုတိယမြောက်အကွက်ကိုတောင် ထုတ်မသုံးရသေးဘူးပဲ။ သူ့စွမ်းအားတွေကို ဖုံးကွယ်ထားပုံရတယ်"
…
"နောက်ပွဲစဉ် IPX-001တပ်ဖွဲ့က အိုလီနီယာနဲ့ အိုဘရွန်"
"စပြီဟေ့"
ကျန်းမုန့်လောင်တို့တပ်ဖွဲ့၏ အတွင်းရေးတိုက်ပွဲမှာ တပ်မှူးတိုင်း၏အာရုံကို အပြည့်အဝဆွဲဆောင်လိုက်နိုင်သည်။
"အိုဘရွန်.. ငါ အလျှော့ပေးမှာမဟုတ်ဘူးနော်"
"လာစမ်းပါ။ အရင်တစ်ခေါက်တုန်းက ငါ မင်းကို ရှုံးခဲ့တယ်။ ဒီတစ်ခေါက်တော့ တပ်ဖွဲ့တစ်ခုလုံးမှာ နောက်ဆုံးကနေ တတိယနေရာကို ငါသေချာပေါက်ယူမှာ"
"ဟွန့်.. နောက်ဆုံးတတိယနေရာက ငါ့အတွက်ပဲဖြစ်ရမယ်"
ရိုးရှင်းလှသော နှုတ်ဆက်စကားများကို ဖလှယ်ပြီးသည်နှင့် နှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်ကြသည်။ တပ်မှူးများက အံ့ဩနေကြသော်လည်း သူတို့နှစ်ယောက်ကတော့ ချန်ပီယံဆုကို ဂရုမစိုက်ကြဘဲ တပ်ဖွဲ့တစ်ခုလုံးတွင် နောက်ဆုံးတတိယနေရာအတွက် တိုက်ခိုက်နေကြလေသည်။
သောက်ကျိုးနည်း… ဒါက တတိယဆုတောင်မဟုတ်ဘူး။ နောက်ဆုံးတတိယနေရာလေ.. ဒီနေရာလေးအတွက် ပြိုင်ဆိုင်မှုက ဒီလောက်တောင်ပြင်းထန်တာလား။ ဘာလို့ ဒီလောက်အထိ အသေအကြေတိုက်နေရတာလဲ။
သူတို့ဘက်က ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ထိုနှစ်ယောက်က အဆုံးတွင် လှုပ်ရှားလာကြသည်။
"လေပြင်းမုန်တိုင်းခြေသံ"
"လျှပ်စီးမိုးကြိုးကိုယ်ပွားသုံးထောင်"
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှစ်ယောက်မှာ အရိပ်များအဖြစ် ပြောင်းလဲသွားပြီး သိုင်းပြိုင်ပွဲစင်မြင့်ထက်က ပျောက်ကွယ်သွားသည်။
"ဘာဖြစ်တာလဲ။ သူတို့ ဘယ်ရောက်သွားတာလဲ"
လေထုထဲတွင် သူတို့၏တည်ရှိမှုကို စစ်သည်များ ခံစားမိပါသော်ငြား သူတို့၏မျက်လုံးများကမူ ဘာခြေရာလက်ရာကိုမှ ဖမ်းမမိတော့ချေ။
"ပျောက်သွားတာလား"
"မဟုတ်ဘူး။ သူတို့ ပျောက်သွားတာမဟုတ်ဘူး။ ငါတို့ရဲ့သာမန်မျက်စိနဲ့ မလိုက်နိုင်တဲ့အရှိန်နဲ့ လှုပ်ရှားနေကြတာ"
"မဖြစ်နိုင်ဘူး"
ဤကောက်ချက်ချမှုမှာ စစ်သည်အားလုံး၏ ကမ္ဘာ့အမြင်ကို ဖျက်ဆီးလုနီးပါးပင်။
တပ်ဖွဲ့တစ်ခုချင်းစီရှိ ထိပ်တန်းစစ်သည်များအနေနှင့် သူတို့မှာ အခြားသူများထံတွင် ရှုံးနိမ့်လိမ့်မည်ဟု လုံးဝမတွေးထားခဲ့ပေ။ အပြင်လောကတွင် ပိုသန်မာသူများ အမြဲရှိနေတတ်သည်ဆိုသော်ငြား ကွာဟချက်က ဤမျှအထိ မကြီးမားသင့်ပေ။
သို့သော် သူတို့အနေနှင့် ပြိုင်ဘက်များ၏ လှုပ်ရှားမှုများကိုပင် မမြင်နိုင်ခဲ့ချေ။ ဤသည်မှာ ရယ်ချင်စရာကောင်းလွန်းလှသည်။
"အဲဒီလှုပ်ရှားမှုအရှိန်က အနည်းဆုံးတော့ အမှတ်သုံးထောင်ကျော်နေပြီ။ အဆင့်ခြောက်သက်ရှိတွေအတွက် တပ်သားသစ်စုဆောင်းရေး အခြေခံလိုအပ်ချက်ကိုတောင် ကျော်နေပြီ"
"မဖြစ်နိုင်တာ"
တစ်စုံတစ်ယောက်က လူနှစ်ယောက်၏ မှတ်တမ်းအချက်အလက်များကို ဆွဲထုတ်လာခဲ့သည်။
"သူတို့ တပ်ထဲဝင်လာတုန်းက အရှိန်စမ်းသပ်မှုတွေက အမှတ်၆၇နဲ့ ၇၃မှတ်ပဲ ရှိခဲ့တာ။ ဒါ အဓိပ္ပာယ်မရှိဘူး"
"ပြိုင်ပွဲဝင်အားလုံးထဲမှာ တခြားIPX-001တပ်ဖွဲ့ဝင်တစ်ယောက်ကလွဲရင် သူတို့ကိုကျော်တက်နိုင်မယ့်သူ ဘယ်သူမှရှိမှာမဟုတ်ဘူး"
"ဘုန်း"
"ဘုန်း"
စင်မြင့်ထက်တွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အသံလှိုင်းပေါက်ကွဲမှုကြောင့် မြေပြင်ပေါ်တွင် ချိုင့်ရာများ တစ်ခုပြီးတစ်ခု ကျန်ရစ်ခဲ့သည်။
ပြိုင်ပွဲစတင်ကတည်းက တိုက်ပွဲပေါင်းထောင်ချီ ယှဉ်ပြိုင်ခဲ့သော်လည်း စင်မြင့်ပေါ်တွင် အရာများ ကျန်ရစ်အောင် လုပ်ခဲ့ခြင်းမှာမူ သူတို့က ပထမဆုံးပင်။
ပြိုင်ပွဲတွင် အဆင့်ငါးသက်ရှိများ ပါဝင်သောကြောင့် စင်မြင့်ကို အဆင့်ငါးသက်ရှိများ၏ စွမ်းရည်ကန့်သတ်ချက်အတွင်း တည်ဆောက်ထားခြင်းဖြစ်လေရာ အများဆုံးခံနိုင်ရည်အားမှာ စွမ်းအားအမှတ်ငါးထောင်ဖြစ်၏။ ဤပမာဏကပင် အဆင့်ခြောက်သက်ရှိတပ်မှူးတစ်ဦးသာ ရရှိနိုင်သော အမှတ်မျိုးပင်။
အဆင့်ငါးသက်ရှိနှစ်ယောက်ကြားရှိ တိုက်ပွဲက ဤအဆင့်အထိ ရောက်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။
"ဝှစ်"
ထိုနှစ်ယောက်မှာ စင်မြင့်ထက်တွင် ရုတ်တရက်ပြန်ပေါ်လာပြီး သူတို့၏လက်များနှင့် ခြေထောက်များကို ခါထုတ်လိုက်ကြသည်။
"သွေးပူလေ့ကျင့်ခန်းလုပ်တာတော့ ပြီးသလောက်ရှိနေပြီ။ အခု အတည်လုပ်ကြတာပေါ့"
"သွေးပူလေ့ကျင့်ခန်းတဲ့လား။ ဒါက သွေးပူလေ့ကျင့်ခန်းတဲ့လား"
"ကျန်းမုန့်လောင်က မကောင်းဆိုးဝါးပဲ။ သူ့လက်အောက်ငယ်သားတွေကလည်း မကောင်းဆိုးဝါးတွေပဲ။ သူခေါ်လာတဲ့ စစ်သားတွေအားလုံးလည်း မကောင်းဆိုးဝါးတွေပဲလား"
"သူတို့နဲ့ ယှဉ်ပြိုင်ရမှာတဲ့လား။ သူတို့က ငါ့ကို သတ်ဖို့များ ကြံစည်နေကြတာလား"
ထိပ်တန်းစစ်သည်အမြောက်အများမှာ ခေါင်းအစခြေအဆုံး တုန်ယင်နေကြပြီဖြစ်၏။
ဤတိုက်ပွဲအဆင့်မှာ လုံးဝစင်စစ် ခေါင်းဆောင်အဆင့်ဖြစ်ပြီး သူတို့၏ နုနယ်လှသော ခန္ဓာကိုယ်လေးများဖြင့် ဤတိုက်ပွဲ၏အကျိုးဆက်များကို ခံနိုင်ရည်ရှိကြမည်မဟုတ်ပေ။
ဒါက ပြိုင်ပွဲလား။ ဒါက သေလူတွေအတွက် နောက်ဆုံးအနေနဲ့ ဈာပနပွဲလုပ်ပေးနေတာပဲဖြစ်ရမယ်…
"တပ်မှူး.. ကျွန်တော် ရုတ်တရက်ဗိုက်နာလာလို့။ လာမယ့်ပွဲစဉ်ကို ပြိုင်နိုင်တော့မယ်မထင်ဘူး"
"တပ်မှူး… ကျွန်တော် အိမ်သာသွားလိုက်ဦးမယ်။ ချက်ချင်းပြန်လာခဲ့ပါ့မယ်"
********************