အခန်း ၁၀၃၀
Vol. 69 Ch. 1030
အခန်း ၁၀၃၀ - လုယက်လာသော ပစ္စည်းများ
ပြိုင်ပွဲဝင်များက တဖြည်းဖြည်းနှင့် ပြိုင်ပွဲက နှုတ်ထွက်ရန် အကြောင်းပြချက်အမျိုးမျိုး ရှာလာကြပြီး နောက်ဆုံးတော့ တပ်မှူးများကိုယ်တိုင်လည်း ထွက်သွားရန် အကြောင်းအမျိုးမျိုးရှာလာကြသည်။ အခြားထူးထူးခြားခြား အကြောင်းအရင်း မရှိပါချေ။ အရှက်ကွဲမခံနိုင်သောကြောင့်ပင်။
"ဗိုလ်ချုပ်.. ကျွန်တော်တို့ရဲ့ပြိုင်ပွဲဝင်က နေမကောင်းဖြစ်နေလို့ပါ။ ကျွန်တော် သူ့ကို ဆေးစစ်ဖို့ ခေါ်သွားလိုက်ပါဦးမယ်။ ကျန်တဲ့ပွဲစဉ်တွေကလည်း ကျွန်တော်တို့ကို နှုတ်ထွက်ခွင့်ပြုပါ"
"ဗိုလ်ချုပ်.. ကျွန်တော့်မိန်းမက ရုတ်တရက်ကြီး မီးဖွားတော့မလို့တဲ့။ သူ့ကိုကြည့်ဖို့ ကျွန်တော့်မျိုးနွယ်စုဆီကို ပြန်မှဖြစ်မယ်။ ရက်နည်းနည်းလောက် ခွင့်ယူပါ့မယ်။ ကိစ္စတွေရှင်းလင်းပြီးတာနဲ့ ချက်ချင်းပြန်လာမှာပါ"
"ဗိုလ်ချုပ်… ကျွန်တော့်အဖေ ဆုံးသွားလို့ပါ။ ဈာပနကိစ္စတွေ စီစဉ်ဖို့ ကျွန်တော် ပြန်လိုက်ပါဦးမယ်"
…
ကျန်းမုန့်လောင်၏ လက်အောက်ငယ်သားများ ပြသနေသည့် တိုက်ခိုက်ရေးစွမ်းရည်အရဆိုလျှင် မည်သူကများ သူတို့ကို နိုင်မည်နည်း။ အသက်ရှင်လျက် ကျန်ရစ်သည်ကပင် အလွန်ကံကောင်းနေလေပြီ။ မည်သို့ပင်ဖြစ်စေ ရှုံးဖို့ သေချာနေမှတော့ ဆက်နေလည်း အလကားပင်။
သူတို့မှာ မိန်းမရှိမရှိ မည်သူက သိမည်နည်း။ ထို့ပြင် သူတို့အဖေ သေသွားသည်မှာ နှစ်ပေါင်းမည်မျှကြာပြီဖြစ်ကြောင်း နတ်ဘုရားများသာ သိပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ထွက်ပြေးရန် အကြောင်းပြချက်တစ်ခုရှာခြင်းမှာ အမှန်ကန်ဆုံးလုပ်ရပ်ပင်။
"ဟင်.. အကုန်လုံး ဘာလို့ထွက်သွားကြတာလဲ"
ကျန်းမုန့်လောင် လှည့်ကြည့်လိုက်သောအခါ လူတစ်ဝက်ကျော်ခန့် ပျောက်သွားသည်ကို တွေ့လိုက်ရ၏။
"ပြိုင်ပွဲက မပြီးသေးဘူးလေ"
သူတို့တွေ ဘာလို့ထွက်သွားလဲဆိုတာ မင်း နည်းနည်းလေးတောင် မသိဘူးလား။
တပ်မှူးများမှာ အလွန်အရှက်ရနေလေပြီ။ ထွက်မသွားပါက ဤနေရာတွင် ဆက်အရှက်ကွဲခံနေရမည်လော။ သူတို့တပ်ဖွဲ့ထဲရှိ ပြိုင်ပွဲဝင်များ ကျန်းမုန့်လောင်၏အဖွဲ့ကို တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်နေသည့်အဖြစ်ကို သူတို့ ထိုင်ကြည့်နေရမည်လော။
ဤသည်မှာ အဆင့်ခြောက်သက်ရှိများကိုပင် ပါးစပ်အဟောင်းသားဖြစ်သွားစေနိုင်သည်အထိ အံ့ဖွယ်ကောင်းသော ပြိုင်ပွဲတစ်ခုပင်။ အဆုံးတွင်မူ အိုဘရွန်က သီသီလေးအနိုင်ရသွားခဲ့ပြီး IPX-001တပ်ဖွဲ့အတွက် နောက်ဆုံးတတိယနေရာကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။
"ဟားဟားဟား.. ငါရှုံးသွားပြီ"
ထင်မှတ်မထားပါဘဲ ရှုံးသွားသည့် အိုလီနီယာက အောင်နိုင်သူတစ်ယောက်အလား ပြုံးနေချေသည်။
"အိုဘရွန်.. ပြိုင်ပွဲပြီးသွားရင် တပ်ဖွဲ့ရဲ့ နောက်ဆုံးတတိယနေရာက ငါ့အတွက်ပဲဖြစ်ရမယ်"
အိုလီနီယာ၏ စကားများကို ကြားသောအခါ အိုဘရွန်လည်း ချက်ချင်းပင် စိတ်ပျက်သွားသည်။ အိုလီနီယာ၏စကားကို သူ သံသယမဝင်ပါချေ။ ကျန်းမုန့်လောင်၏ တပ်ဖွဲ့တွင် တစ်ရက်လောက်လေ့ကျင့်ရခြင်းမှာ အခြားနေရာတွင် နှစ်ပေါင်းထောင်ချီသန်းချီ လေ့ကျင့်ရခြင်းနှင့် အတူတူပင်။ ဤပြိုင်ပွဲက နောက်ထပ်တစ်ရက်နှစ်ရက်ခန့် ကြာဦးမည်ဖြစ်ရာ ထိုအချိန်ကျလျှင် အိုလီနီယာက သူ့ကို ကျော်တက်သွားလောက်ပြီဖြစ်၏။င
"လောလွန်းသွားတယ်။ နည်းနည်းလောက် ညှာလိုက်သင့်တာ"
အိုဘရွန်လည်း တိတ်တိတ်လေး လက်သီးတင်းတင်းဆုပ်လိုက်ချေသည်။
အစတုန်းက ပြိုင်ပွဲဝင်သုံးထောင်ကျော် ရှိသော်ငြား ဤတိုက်ပွဲကြောင့် တစ်ဝက်နီးပါး လန့်ပြေးသွားခဲ့သည်။ ကျန်လူများထဲရှိ ကိုးဆယ်ရာခိုင်နှုန်းကလည်း အရှုံးပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤသည်မှာ စကြဝဠာအမှတ်၇၏ ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးပြီးသွားခဲ့သည့် ပြိုင်ပွဲတစ်ခု ဖြစ်လာတော့သည်။
ပြိုင်ဆိုင်မှုပြင်းထန်မည့် ပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား IPX-001တပ်ဖွဲ့၏ အပြတ်အသတ် အနိုင်ယူမှုကြီးတစ်ခု ဖြစ်သွားလေသည်။ သူတို့၏စွမ်းအားများကို ထုတ်ပြလိုက်ပြီဖြစ်သောကြောင့် ဆက်ဖုံးကွယ်ထားစရာ မလိုတော့ပေ။ IPX-001တပ်ဖွဲ့ထဲရှိ ပြိုင်ပွဲဝင်နှစ်ယောက်က လုံးဝအသာစီးရသည့် အနေအထားဖြင့် ဗိုလ်လုပွဲတွင် ထိပ်တိုက်ဆုံခဲ့ကြသည်။
ပြိုင်ပွဲ၏ ဗိုလ်လုပွဲက နောက်ဆုံးတတိယနေရာနှင့် နောက်ဆုံးနေရာရှိ လူများ၏ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သို့တိုင် သူတို့၏တိုက်ပွဲက မယုံနိုင်လောက်အောင် အံ့ဖွယ်ကောင်းခဲ့လေသည်။
"ငါသာ သူတို့တပ်ဖွဲ့ထဲ ရောက်သွားရင် မတော်တဆအသတ်ခံရနိုင်တယ်"ဟူသည်မှာ ပြိုင်ပွဲဝင်တိုင်း၏ ရင်ထဲရှိ အတွေးတစ်ခုပင်။
…
"ဒီပြိုင်ပွဲရဲ့ နောက်ဆုံးချန်ပီယံက IPX-001တပ်ဖွဲ့ထဲက အိုဘရွန်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်"
ချန်ပီယံဆုကို ရရှိသွားသည့် အိုဘရွန်၏မျက်နှာထက်တွင် ဝမ်းသာနေသည့် အရိပ်အယောင်ဟူ၍ စိုးစဉ်းမျှ မတွေ့ရပါဘဲ မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရသည့်အလားပင်။ အကြောင်းမှာ တပ်ဖွဲ့ကို ပြန်ရောက်လျှင် သူသည် နောက်ဆုံးဒုတိယလောက်သာ ရနိုင်တော့မည်ဖြစ်ကြောင်း ကောင်းကောင်းသိနေသောကြောင့်ပင်။
"အိုဘရွန်… မင်း တော်တယ်"
ဗိုလ်ချုပ်တစ်ယောက်အနေနှင့် လော့ကျစ်မှာ သဘာဝကျကျပင် ချီးကျူးစကားဆိုလိုက်သည်။ သူက ကျန်းမုန့်လောင်နှင့် အိုဘရွန်တို့ကို ဆုတံဆိပ်များ ချီးမြှင့်ပေးသောကြောင့် အခြားတပ်မှူးများနှင့် ပြိုင်ပွဲဝင်များမှာ အလွန်တရာ မနာလိုဖြစ်သွားကြသည်။ ဤတစ်ခေါက်တွင်မူ သူတို့၏ IPX-001တပ်ဖွဲ့က တောက်တောက်ပပ အောင်ပွဲခံနိုင်ခဲ့လေပြီ။
ယခုကစပြီး မည်သူကမှ သူတို့ကို အသုံးမကျသည့် အမြောက်စာတပ်ဖွဲ့ဟု မလှောင်ပြောင်ရဲတော့ချေ။
"အိုဘရွန်.. ဒီပြိုင်ပွဲရဲ့ ချန်ပီယံတစ်ယောက်အနေဲ့ မင်းမှာ အနာဂတ်ရည်မှန်းချက်တွေများ ရှိသလား"
လော့ကျစ်က မေးလိုက်လေသည်။
"ဗိုလ်ချုပ်.. ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ တပ်ဖွဲ့ထဲမှာ နောက်ဆုံးတတိယနေရာကို ထိန်းသိမ်းထားပြီး နောက်ဆုံးစတုတ္ထနေရာကိုရအောင် ကြိုးစားဖို့ပါပဲ"
အိုဘရွန်းက လေးလေးနက်နက် ပြောလိုက်လေသည်။
သိုင်းပြိုင်ကွင်းတစ်ခုလုံး ကြက်သေသေသွားလေသည််။ ဤသည်မှာ မည်သို့သော ကြွားလုံးမျိုးလေလဲ။ တပ်သားသစ်ပြိုင်ပွဲ၏ ချန်ပီယံက သူ့ရည်မှန်းချက်ကို နောက်ဆုံးတတိယနေရာကို ထိန်းသိမ်းရန်နှင့် နောက်ဆုံးစတုတ္ထနေရာကို ရည်မှန်းထားသတဲ့လား။
IPX-001တပ်ဖွဲ့တစ်ခုလုံးတွင် စစ်သည်အင်အား တစ်ဘီလီယံခန့် ရှိသည်မဟုတ်လော။ နောက်ဆုံးတတိယလူပင် ဤမျှအစွမ်းထက်နေပါက ကျန်လူများဆိုလျှင် ဘယ်လောက်ကြောက်စရာကောင်းလိုက်လေမလဲ။
ယခင်တိုက်ပွဲများကို အားလုံး မှတ်တမ်းတင်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့ကြသည်။ အိုဘရွန်၏ စွမ်းအားအမှတ်က ငါးထောင်ကျော်ပြီး အရှိန်ကမူ ၃၈၀၀ကျော်သည်။ အခြားတပ်ဖွဲ့များရှိ တပ်မှူးအဆင့်များကြားမှာပင် သူ ကောင်းကောင်းယှဉ်နိုင်သည်။
တစ်နည်းဆိုရလျှင် IPX-001တပ်ဖွဲ့ထဲရှိ လူတိုင်းက ဤမျှအထိ စွမ်းကြလေသလား။
အဆင့်ခြောက်သက်ရှိများနှင့် ယှဉ်နိုင်သည့် စစ်သည်တစ်ဘီလီယံနှင့် ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခုသာ စစ်မြေပြင်ကို ရောက်သွားလျှင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
"မုန့်လောင်… မင်းသင်ပြပေးထားတဲ့ စစ်သားတွေက တော်တော်ထူးချွန်ကြတယ်"
ကျန်းမုန့်လောင်က သူ့ကို အံ့အားသင့်စေနိုင်ကြောင်း လော့ကျစ် သိထားသော်ငြား ဤမျှအထိ အံ့ဩမှင်တက်သွားစေလိမ့်မည်ဟုတော ထင်မထားပေ။
"ဂုဏ်ယူပါတယ် တပ်မှူးကျန်း… ဒီနေ့တော့ ကျွန်တော်တို့ မျက်စိပွင့်နားပွင့်ဖြစ်သွားပါပြီ"
"တပ်မှူးကျန်း.. ဖြစ်နိုင်ရင် ကျွန်တော်တို့ ခင်ဗျားရဲ့တပ်ဖွဲ့ကို လာလေ့လာချင်လို့ပါ"
ဤမျှကြောက်မက်ဖွယ်ကောင်းသော လက်အောက်ငယ်သားများကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်၏တပ်ဖွဲ့နှင့်ပတ်သက်ပြီး သူတို့ ပို၍ပင် သိချင်စိတ်ပြင်းပြလာသည်။ ဘယ်လိုတပ်ဖွဲ့မျိုးကများ ဤမျှစွမ်းလှသည့် စစ်သည်များကို မွေးထုတ်နိုင်ရလေသလဲ။
"မုန့်လောင်.. မင်းရဲ့တပ်ဖွဲ့ကို ငါလည်း အရမ်းစိတ်ဝင်စားတယ်"
လော့ကျစ်က ပြောလိုက်လေသည်။
"ရပါတယ်။ မနက်ဖြန် လာလည်လို့ရတယ်လေ။ အားလုံးကို ကျွန်တော့်ရဲ့ IPX-001တပ်ဖွဲ့ထဲကို လိုက်ပြပေးပါ့မယ်"
…
ကမ္ဘာခြားစစ်မြေပြင်တွင် နေ့ညအပြောင်းအလဲမရှိသော်ငြား သတ်မှတ်ထားသည့် အချိန်တော့ရှိ၏။ နောက်တစ်နေ့မနက် တပ်ဖွဲ့များ၏ မနက်ခင်းလေ့ကျင့်ခန်းလုပ်ချိန်မှာ လော့ကျစ်က တပ်မှူးဆယ်ယောက်ကျော်လောက် ခေါ်ပြီး IPX-001တပ်ဖွဲ့၏ အခြေစိုက်စခန်းကို သွားရောက်လေ့လာခဲ့သည်။
တပ်ဖွဲ့တစ်ခုလုံးကို အပြင်ဘက်တွင် အဆင့်မြင့်အမြင်အာရုံလှည့်စားသည့် နည်းပညာဖြင့် ဖုံးအုပ်ထားသောကြောင့် အတွင်းပိုင်းကို မြင်ရရန် မဖြစ်နိုင်ချေ။ တပ်ဖွဲ့ထဲသို့ ဝင်သွားမှသာ တကယ့်အခြေအနေအစစ်ကို မြင်တွေ့နိုင်မည်ဖြစ်၏။
"အားလုံးပဲ.. ကျွန်တော့်ရဲ့ IPX-001တပ်ဖွဲ့က ကြိုဆိုပါတယ်"
ကျန်းမုန့်လောင်က စခန်းအပြင်ဘက်တွင် သူတို့ကို စောင့်နေလေသည်။
"မုန့်လောင်.. ဒီနေ့တော့ ငါတို့ အံ့ဩဖို့ ကြိုပြင်ဆင်လာခဲ့ပြီ"
လော့ကျစ်က ပြုံးလျက် ပြောလိုက်လေသည်။
"စိတ်ချပါ။ ခင်ဗျားတို့ စိတ်မပျက်စေရဘူး"
အမြင်အာရုံလှည့်စားထားသည့် အကာအကွယ်ကို ဖြတ်ကျော်သွားသောအခါ လူတိုင်း မျက်လုံးအပြူးသားဖြစ်သွားလေသည်။
ဤသည်မှာ နေထိုင်ရာနယ်မြေ။ ဖျော်ဖြေရေးနယ်မြေ၊ လေ့ကျင့်ရေးနယ်မြေနှင့် ပညာရေးနယ်မြေဟူ၍ နယ်မြေလေးခုကို သေချာခွဲခြားသတ်မှတ်ထားသော စခန်းတစ်ခုပင်။
သူတို့ ပထမဆုံးမြင်လိုက်ရသည့် အရာမှာ အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စု၏ လူချမ်းသာရပ်ကွက်တစ်ခုက အမြင့်ဆုံးစံနှုန်းများနှင့် တည်ဆောက်ထားသော ဒီဇိုင်းအနုပညာများ အပြည့်ပါဝင်သည့် နေထိုင်ရာနယ်မြေတစ်ခုပင်။ ကြီးကျယ်ခမ်းနားသည့် ဒီဇိုင်းနှင့် တန်ဖိုးကြီးမားသော ပစ္စည်းများကြောင့် ဤအရာကို စစ်စခန်းတစ်ခုဟု ယုံကြည်ရန်ပင် ခက်ခဲလှသည်။
တကယ်တမ်းတွင် အခြားတပ်ဖွဲ့များရှိ စစ်သားများ၏ နေထိုင်ရာနယ်မြေများကလည်း အလွန်ကောင်းမွန်ပြီး လူတစ်ယောက်ကို စတုရန်းမီတာနှစ်ရာကျော် ကျယ်ဝန်းသည့် အလိုအလျောက်ဖြည့်သွင်းပေးသည့် ဉာဏ်ရည်တုစနစ်စံနှုန်းများနှင့် တည်ဆောက်ထားသည်။ သို့သော် IPX-001တပ်ဖွဲ့နှင့် ယှဉ်လိုက်လျှင်မူ ကွာဟချက်က ကြီးမားလှသည်။
ဖျော်ဖြေရေးနယ်ပယ်တွင် ဂိမ်းစင်တာများ၊ စားသောက်ဆိုင်များ၊ သရေစာလမ်းမများ အစရှိသော ဖျော်ဖြေရေးအဆောက်အအုံအမျိုးမျိုး ပါဝင်ပေသည်။
"ဒါက မင်းရဲ့တပ်ဖွဲ့လား"
ဤနေရာမှာ မျိုးနွယ်စုတစ်ခုရှိ မြို့တစ်မြို့၏ စင်တာနှင့်ပင် ပိုတူနေသေးသည်။
"တပ်မှူးကျန်း.. ကျွန်တော်တို့တပ်ဖွဲ့ရဲ့အရင်းအမြစ်တွေက အစကတည်းက နည်းနေတာလေ။ ဒီလိုနေထိုင်မှုအခြေအနေမျိုး တည်ဆောက်ဖို့အတွက် အရင်းအမြစ်တွေအများကြီး သုံးလိုက်တာက အရမ်းဖြုန်းတီးရာကျတယ်နော်"
"အဲဒီလိုတော့ ပြောလို့မရဘူးလေ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ဆိုရိုးစကားရှိတယ်မလား။ အလုပ်တစ်ခုကို ကောင်းကောင်းလုပ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ကိရိယာတန်ဆာပလာကို အရင်သွေးရမယ်တဲ့။ စစ်သည်တွေအတွက် အခြေခံနေထိုင်မှုစနစ်တောင် သေချာမလုပ်ပေးနိုင်ရင် ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ။ ပြီးတော့ ကျွန်တော် ဒါတွေအတွက် စကြဝဠာအမှတ်၇က တစ်ခုမှ တောင်းဆိုထားတာမရှိပါဘူး။ ကျွန်တော်တို့ဆီက တစ်ပြားတစ်ချပ်မှ မယူထားပါဘူး"
"ဒါဆို ဒါတွေအားလုံးကို ဘယ်လိုတည်ဆောက်ထားတာလဲ"
"ရှင်းရှင်းလေးပါ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျွန်တော်တို့လုယက်လာတဲ့ အရင်းအမြစ်တွေနဲ့ တည်ဆောက်ထားတာလေ"
"လုယက်လာတာတဲ့လား။ ဘယ်လိုလုပ်ပြီးတော့လဲ"
ထိုအချိန်မှာပင် လူထောင်ဂဏန်းခန့်ပါသော အဖွဲ့ငယ်လေးတစ်ခုက ညည်းညူရင်း အပြင်က ပြန်ရောက်လာသည်။
ခေါင်းဆောင်က လျိုယိဖြစ်ပြီး ကျန်လူများကမူ တပ်သားသစ်များ ဖြစ်ပေမည်။
"သောက်ကျိုးနည်း.. စကြဝဠာ၉၈က ကောင်တွေ တော်တော်ကျေးဇူးကန်းတာပဲ။ သူတို့ဆီက ပစ္စည်းတွေယူတယ်ဆိုတာက သူတို့ကို ကူညီနေတာလေ။ နှစ်တစ်ရာစာလောက် ယူတာကိုများ။ ငါ့ကို စိတ်အနှောင့်အယှက်လာပေးရင် သူတို့ရဲ့အခြေစိုက်စခန်းမြို့တော်တစ်ခုလုံးကို ပြာချပစ်လိုက်မယ်"
********************