အခန်း ၁၀၃၁
Vol. 69 Ch. 1031
အခန်း ၁၀၃၁ - အခြေစိုက်စခန်းတစ်ခုကို တစ်ချက်တည်းပဲ
"ဟော.. ပြန်ရောက်လာကြပြီလား"
ကျန်းမုန့်လောင်က သူတို့ကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"တပ်မှူး"
စစ်သည်အားလုံးက ကျန်းမုန့်လောင်ကို ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်ကာ တက်တက်ကြွကြွ တုံ့ပြန်ကြလေသည်။
အစတုန်းက သူတို့သည် ကျန်းမုန့်လောင်မှာ တပ်ဖွဲ့တစ်ခုကို ဦးဆောင်နိုင်သော အရည်အချင်းရှိမရှိ သံသယဝင်ခဲ့ကြသည်။ သို့သော် တစ်ရက်တည်းမှာပင် သူတို့အားလုံး သူ့ကို အညံ့ခံဒူးထောက်ခံခဲ့ရသည်။ ယခုဆိုလျှင် သူတို့တပ်ဖွဲ့တစ်ခုလုံးတွင် စံပြပုဂ္ဂိုလ်တစ်ဦးတည်းသာ ရှိ၏။ ထိုလူမှာ ကျန်းမုန့်လောင်ပင်။
"ဒီတော့ ဒီနေ့ရော ဘာတွေရလာလဲ"
"သိပ်တော့အဆင်မပြေဘူး"
လျိုယိက ပခုံးတွန့်ပြလိုက်သည်။
"တစ်ရက်စာခရီးအကွာအဝေးမှာရှိတဲ့ ရန်သူ့စကြဝဠာတွေက အခြေစိုက်စခန်းတွေအားလုံးနီးပါးကို ကျွန်တော်တို့ လုယက်မွှေနှောက်ပြီးသွားပြီ။ ရိုက်သင့်ကောင်ကို ရိုက်ပြီး ယူသင့်တာတွေ ယူခဲ့ပြီးပြီဆိုတော့ အခု စီးပွားရေးလုပ်ရတာ သိပ်မလွယ်တော့ဘူး"
"ဟုတ်တယ်"
လျိုယိ၏လက်အောက်ရှိ စစ်သည်တစ်ယောက်ကလည်း ဝင်ထောက်ခံလေသည်။
"ဒီတစ်နှစ်အတွင်း ပတ်ဝန်းကျင်က စကြဝဠာတွေက တော်တော်လည်လာကြတယ်။ အရင်းအမြစ်တွေ လုယူရတာ ခက်ခဲလာလို့ ကျွန်တော်တို့ရဲ့သတ်မှတ်ချက်တောင် မပြည့်ချင်တော့ဘူး။ လုဖို့အတွက် ဒီထက်ဝေးဝေးကို သွားလို့ရမလား"
"မင်းတို့ ဘေးကင်းသရွေ့တော့ ရတာပေါ့"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလေသည်။
"စိတ်ချပါ တပ်မှူး.. ဒီနှစ်ထဲမှာ ကျွန်တော်တို့ အကြိမ်ပေါင်းသောင်းဂဏန်းလောက် လှုပ်ရှားခဲ့တာတောင် အလွန်ဆုံးမှ လူနည်းနည်းပဲ ဒဏ်ရာရခဲ့တာ။ မနိုင်ခဲ့ရင်တောင် ထွက်ပြေးဖို့ကတော့ အေးဆေးပါ"
"ကဲ သွားနာကြတော့။ ငါ ဗိုလ်ချုပ်နဲ့ တခြားတပ်မှူးတွေကို လိုက်ပြလိုက်ဦးမယ်"
"နားလည်ပါပြီ"
"မုန့်လောင်.. သတ်မှတ်ချက်ဆိုတာက ဘာကြီးလဲ"
လော့ကျစ်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်လေသည်။
"ဪ… အဲဒါက ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်သတ်မှတ်ချက်ညွှန်းကိန်းပါ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျွန်တော် သူတို့ကို တာဝန်ပေးထားတာ။ တပ်မတစ်ခုချင်းစီက အပတ်တိုင်း ရန်သူ့စကြဝဠာရဲ့ အခြေစိုက်မြို့တော်တစ်ခုဆီကနေ အရင်းအမြစ်တွေကို သွားလုရမယ်။ လုလာတဲ့ ပစ္စည်းပမာဏက အဲဒီမြို့တော်ရဲ့ နှစ်ပေါင်းတစ်ရာစာ ထုတ်လုပ်မှုထက် မနည်းစေရဘူးလို့ သတ်မှတ်ထားတာ"
"အဟွတ် အဟွတ် အဟွတ်…"
တပ်မှူးများအားလုံး ဆွံ့အသွားကြလေသည်။
ကျန်းမုန့်လောင်မှာ ဤမျှအထိ အရင်းအမြစ်အများကြီးရှိပြီး ယခုလိုဇိမ်ခံကိစ္စများကို ဘာကြောင့်လုပ်နိုင်သလဲဆိုသည်ကို သူတို့ ယခုမှသာ သဘောပေါက်ကြတော့သည်။ ဤအရာအားလုံးက လုယက်မှုက ရလာခြင်းဖြစ်ကြောင်း မည်သူက ထင်ထားမည်နည်း။
လွန်ခဲ့သည့် တစ်နှစ်ပတ်လုံး သူတို့ အခြားမျိုးနွယ်စုများ၏ တိုက်ခိုက်မှုကို ဘာကြောင့် ရင်မဆိုင်ခဲ့ရသလဲဆိုသည်မှာ မဆန်းတော့ချေ။ ယခု ပြန်စဉ်းစားကြည့်မှသာ ထိုမျိုးနွယ်စုများ၏ အခြေစိုက်စခန်းမြို့တော်များက ကျန်းမုန့်လောင်ကို ကာကွယ်ဖို့အတွက်နှင့် အလုပ်ရှုပ်နေကြသောကြောင့် သူတို့ကို ပြဿနာမရှာနိုင်ခြင်းပင် ဖြစ်ရမည်။
"တပ်မှူးကျန်း.. ခင်ဗျား စစ်သားတွေကို ဘယ်လိုလေ့ကျင့်ပေးလဲဆိုတာ ကြည့်ချင်လို့ လေ့ကျင့်ရေးကွင်းကို သွားကြည့်လို့ရမလား"
"လေ့ကျင့်ရေးကွင်းလား။ မဟုတ်တာ.. မဟုတ်တာ.. လေ့ကျင့်တာကို ကြည့်ချင်ရင် သင်ကြားရေးနယ်မြေကို ခေါ်သွားပေးမယ်"
ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို နောက်ပစ်၍ သင်ကြားရေးနယ်မြေသို့ လျှောက်သွားလေသည်။
သင်ကြားရေးနယ်မြေကို အဓိကအားဖြင့် စာတွေ့ဧရိယာနှင် လက်တွေ့ဧရိယာဟူ၍ နှစ်ခုခွဲခြားထားသည်။
စာတွေ့ဧရိယာက အလွန်တိတ်ဆိတ်လေသည်။ အခန်းများခွဲထားပြီး တစ်ခန်းချင်းစီတိုင်းတွင် တံခါးထက်၌ ဆိုင်းဘုတ်လေးများ ကပ်ထားသည်။
"သန့်စင်သော ယန်ဓာတ်ကိုးပါးသိုင်းကျမ်းအတန်း"
"ယင်ကိုးပါးသိုင်းကျမ်းအတန်း"
"ရီကျင်းကျန်းအတန်း"
"မီးနိဗ္ဗာန်သိုင်းကျမ်းအတန်း"
"မဟာဆိတ်သုဉ်းခြင်းသိုင်းကျမ်းအတန်း"
"အခြေခံမှော်ပညာအတန်း"
…
အခန်းတစ်ခုချင်းစီတိုင်းမှာ စစ်သည်တစ်သိုက်က မတူညီသော နည်းလမ်းများနှင့် လေ့ကျင့်နေကြသည်။ တချို့က တင်ပျဉ်ခွေထိုင်နေကြပြီး အချို့ကမူ လက်ဟန်ခြေဟန်များ လုပ်နေကြသည်။ တချို့ဆိုလျှင် အလင်းတန်းများဖြင့် လေထဲတွင် ပျံဝဲနေကြသည်။
"သူတို့က အခြေခံနည်းစနစ်တွေကို လေ့ကျင့်နေကြတာလား"
တပ်မှူးတစ်ယောက်က မေးလိုက်လေသည်။
"သူတို့ရဲ့အခြေခံခန္ဓာအရည်အသွေးကိန်းဂဏန်းတွေကို ကြည့်လို့ရမလား"
"ရတာပေါ့"
ကျန်းမုန့်လောင်က ပြုံးပြလိုက်သည်။
ကျန်းမုန့်လောင်၏ ခွင့်ပြုချက်ကို ရသည်နှင့် သူတို့လည်း ချက်ချင်းဆိုသလို မှတ်တမ်းတင်ကိရိယာများကို ဖွင့်လိုက်ကြသည်။
"ခြုံငုံသုံးသပ်ချက်အချက်အလက် - ၁၂၀၉မှတ်"
"၁၈၂၃မှတ်"
"၁၀၈၈မှတ်"
…
တစ်ချက်လောက် စကန်ဖတ်လိုက်ရုံဖြင့် မည်သူ၏ အခြေခံအရည်အသွေးကမှ တစ်ထောင်အောက်မရှိကြောင်း တွေ့လိုက်ရသည်။ သူတို့ စစ်ထဲဝင်ခါစက အခြေခံအချက်အလက်များက ခုနစ်ဆယ်ဝန်းကျင်သာ ရှိခဲ့သော်ငြား တစ်နှစ်အတွင်း ဆယ်ဆမက တိုးတက်လာခဲ့သည်။
တကယ်တမ်းတွင် သူတို့၏ မွေးရာပါပါရမီက မည်မျှ ညံ့ဖျင်းနေပါစေ။ ကမ္ဘာမြေသားများနှင့် ယှဉ်လျှင်မူ သူတို့သည် အယောက်တစ်သောင်းမှာ တစ်ယောက်သာ ထွက်ပေါ်လာနိုင်သည့် ပါရမီရှင်များပင်။ ဤကျင့်စဉ်များ သို့မဟုတ် အတွင်းအားကျင့်စဉ်များကို သူတို့ လေ့ကျင့်ကြသည့် အရှိန်က သာမန်ထက် ပိုမြန်နေသောကြောင့် ဤတိုးတက်မှုမျိုးက မဆန်းပါချေ။
"ဒီအခန်းတံခါးတွေမှာ ရေးထားတာတွေက အခြေခံနည်းစနစ်တွေရဲ့ နာမည်တွေလား"
"ဟုတ်ပါတယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုတန်ဖိုးရှိတဲ့ ကျင့်စဉ်တွေကို သာမန်စစ်သည်တွေကို သင်ပေးဖို့ ခင်ဗျား တကယ်ဆန္ဒရှိတာလား"
"ဘာမှမထူးဆန်းပါဘူး"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်၏။ သူ့အတွက်တော့ ဤအတွင်းအားကျင့်စဉ်များနှင့် နည်းစနစ်များက တောင်လိုပုံနေချေသည်။ ထိုအရာများမှာ သူ့အနေနှင့် မျှဝေပေးရန် မနှောမြောသော သာမန်ပစ္စည်းများသာ။
သို့သော် ထိုတပ်မှူးများအတွက်တော့ ဤသည်မှာ စကြဝဠာထဲတွင် ကြီးကျယ်ခမ်းနားသော အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်သည့် အရာများပင်။
"လာ.. လက်တွေ့ဧရိယာကို လိုက်ပြပေးမယ်"
သူတို့ လက်တွေ့ဧရိယာ အဆောက်အအုံထဲသို့ လှမ်းဝင်လိုက်ရုံသာ ရှိသေးသည်။ အခန်းထဲမှ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထိုအခန်းကို အက်စ်အဆင့်သတ္တုများနှင့် အပြည့်အဝတည်ဆောက်ထားပြီး အတွင်းပိုင်းကို ကြည့်ရှုရန်အတွက် အလွန်ခိုင်ခံ့သော မှန်ပြတင်းပေါက်သေးသေးလေးတစ်ခုသာ ပါရှိသည်။
"သေချာကြည့်ထား။ ငါ နောက်တစ်ခါပြမယ်။ ငါ့ရဲ့ပီဂါဆက်ဥက္ကာပျံလက်သီးက တစ်စက္ကန့်ကို လက်သီးအချက်ပေါင်းသောင်းဂဏန်းတောင် ဘာလို့ထိုးနိုင်တာလဲ။ မင်းတို့ထဲက လူအနည်းစုလောက်ကပဲ ရာဂဏန်းလောက်အထိ ဘာလို့ရောက်လဲဆိုတာ သိရအောင် ငါ့လှုပ်ရှားမှုတွေကို သေချာအာရုံစိုက်"
အခန်းရှေ့တွင် လေ့ကျင့်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် တပ်မှူးတစ်ယောက်က အားဖြည့်ထားသည့် စွမ်းအင်တိုင်းတာရေးစက်ရှေ့တွင် သရုပ်ပြနေချေသည်။
ထိုလူငယ်က လက်သီးတစ်ချက် ထိုးလိုက်လေရာ ဥက္ကာပျံများနှယ် ရေတွက်၍မရနိုင်သော လက်သီးရိပ်များက စွမ်းအင်တိုင်းတာရေးစက်ကို အရူးအမူး တရစပ်ထုနှက်လေတော့သည်။
"ဒါက အဆင့်လေးစွမ်းအင်တိုင်းတာစက်ပဲ။ အမြင့်ဆုံးအမှတ်က တစ်သန်းအထိရှိတယ်။ ကျွန်တော်တို့တပ်မှူးတွေရဲ့ အခြေခံစံနှုန်းပဲ"
ထိုကိရိယာအကြောင်း ကျွမ်းကျင်နေသော တပ်မှူးတစ်ယောက်က ပြောလိုက်လေသည်။
ထိုစက်၏ အမှတ်များက ထိုးတက်သွားသည်။ ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်းနှင့် နောက်ဆုံးတွင် ငါးသိန်း၌ ရပ်တန့်သွားသည်။
လက်သီးတစ်ချက်တည်း၏ စွမ်းအားကတင် အခြေစိုက်စခန်းမြို့တော်တစ်ခု၏ အဆင့်အမြင့်ဆုံးအရာရှိချုပ်ကို အသက်ပျောက်သွားစေရန် လုံလောက်သည်။
"သူတို့ရဲ့ခွန်အားက တိုးတက်လာတာပဲ"
တပ်မှူးများမှာ လုံးဝထိတ်လန့်သွားသည်။
"စမ်းကြည့်ကြဦးမလား"
တပ်ခေါင်းဆောင်က နေရာဖယ်ပေးလိုက်သည်။
"ကျွန်တော် စမ်းမယ်"
စစ်သည်တစ်ယောက် ရှေ့တိုးလာပြီး ပီဂါဆက်ဥက္ကာပျံလက်သီးကို ထိုးလိုက်သော်ငြား သူ့လက်သီးချက်များက ခေါင်းဆောင်လို အကြိမ်ရေနှင့် ပြင်းအားမျိုးတော့ မရှိသေးပေ။
"ခုနစ်ထောင် ဟုတ်လား။ အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်က ခုနစ်ထောင်အထိတောင် ထွက်လာတာလား"
"အခြေခံစွမ်းအားက တစ်ထောင်ဝန်းကျင်ပဲ ရှိတာကို။ ဒီတိုက်ခိုက်ရေးစွမ်းရည်က သူတို့အင်အားကို ခုနစ်ဆအထိ တိုးမြှင့်ပေးနိုင်သားပဲ"
"သူတို့ အတန်းတက်နေကြတာလား"
"ဒီတိုက်ခိုက်ရေးစွမ်းရည်ရဲ့အဆင့်က ဘယ်လောက်လဲ"
"အင်း.. အဆင့်ရှစ် ဒါမှမဟုတ် အဆင့်ကိုးဖြစ်လိမ့်မယ်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ဒါပေမဲ့ သူတို့ မကျွမ်းကျင်သေးလို့ စွမ်းရည်အပြည့်ကို ထုတ်မသုံးနိုင်ကြသေးတာ"
"အဆင့်ရှစ်အဆင့်ကိုးလောက်ရှိတဲ့ လျှို့ဝှက်သိုင်းကွက်တဲ့လား"
တပ်မှူးများ ရင်နာသွားရသည်။ သူတို့ကိုယ်တိုင်ပင် မပိုင်ဆိုင်နိုင်သည့် အရာများကို ကျန်းမုန့်လောင်၏တပ်ဖွဲ့ထဲရှိ အဆင့်အနိမ့်ဆုံးစစ်သည်များကို သင်ပေးနေသတဲ့။
"ဟိုနေရာက ဘာကြီးလဲ"
ရုတ်ခြည်းပင် ဘေးအခန်းက အပူရှိန်များ တက်လာခဲ့သည်။
"ဪ သူတို့ ဆေးဖော်စပ်နေကြတာလေ"
"ဆေးဖော်စပ်တာလား။ အဂ္ဂိရတ်ပညာလား"
"ဟုတ်တယ်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ကျွန်တော်တို့က သိပ္ပံနည်းကျ ကျင့်ကြံကြတာ။ ဒီအရာတွေက သူတို့ကို မြန်မြန်သန်မာလာအောင် ကူညီပေးတယ်လေ"
"သူတို့ကို ဆေးဖော်စပ်နည်းပါ သင်ပေးတာလား"
"ဒါပေါ့"
ကျန်းမုန့်လောင်က ပြန်ပြောလိုက်၏။
"တပ်ဖွဲ့ထဲမှာ အယောက်တစ်ဘီလီယံလောက်ရှိတာကို။ ကျွန်တော်တစ်ယောက်တည်း အကုန်လိုက်လုပ်နေရင် သေသွားမှာပေါ့"
"တပ်မှူး ရောက်နေတာလား"
ထိုအချိန်တွင် စစ်သည်တစ်ယောက်က ဖြတ်လျှောက်သွားရင်း မေးလိုက်၏။
"ကျွန်တော်တို့ အသစ်တီထွင်ထားတဲ့ လက်နက်ကို ကြည့်ဦးမလား"
"မင်းတို့က လက်နက်တွေပါ တီထွင်နေကြတာလား"
"ဟုတ်တယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်လေသည်။
"ကျွန်တော်တို့ စကြဝဠာထဲက လက်နက်တွေက အရမ်းအားပျော့လွန်းတယ်။ အဆင့်ခြောက်နဲ့အထက် သက်ရှိတွေကို ထိခိုက်အောင်မလုပ်နိုင်သလောက်ပဲ။ အဲဒါကြောင့် လက်နက်တွေကို ကိုယ်တိုင်ထုတ်လုပ်ဖို့ သုတေသနအဖွဲ့ ဖွဲ့ထားတာ"
လော့ကျစ် ကြက်သေသေသွားလေသည်။ စကြဝဠာအမှတ်၇၏ သုတေသနအဖွဲ့တစ်ခုလုံးတွင် စကြဝဠာတစ်ခွင်က အတော်ဆုံးသိပ္ပံပညာရှင်များနှင့် လက်နက်ကျွမ်းကျင်သူများ ရှိကြသည်။ သူတို့သည် စကြဝဠာအမှတ်၇၏ တရားဝင်အဖွဲ့များထက် ပိုစွမ်းအားကြီးမားသော လက်နက်များကို ဖန်တီးနေကြလေသလော။
"ဘယ်လိုလက်နက်မျိုးကို တီထွင်လိုက်တာလဲ။ စွမ်းအားကရော ဘယ်လောက်ရှိလဲ"
လော့ကျစ်က စိတ်အားထက်သန်စွာ မေးလိုက်လေသည်။
"သိပ်တော့မများပါဘူး။ တစ်ချက်ပစ်လိုက်ရင် အခြေစိုက်စခန်းမြို့တော်တစ်ခု ပျက်စီးသွားရုံလောက်ပါပဲ"
********************