အခန်း ၁၀၃၂
Vol. 69 Ch. 1032
အခန်း ၁၀၃၂ - စွမ်းအင်က မလုံလောက်သေးဘူး
"အခြေစိုက်မြို့တော်တစ်ခုကို တစ်ချက်တည်းနဲ့ဖျက်ဆီးမယ် ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အခြေစိုက်မြို့တော်တိုင်းတွင် အဆင့်ခုနစ်သက်ရှိ ပေါင်း ဆယ်ဂဏန်းခန့်ရှိပြီး အဆင့်ခြောက် သက်ရှိက အနည်းဆုံး ထောင်ဂဏန်းခန့် ရှိကြသည်။ ယခုအချိန်အထိ အဆင့်ခုနစ်သက်ရှိများကို ထိထိရောက်ရောက် ဒဏ်ရာရစေနိုင်သည့် အပူစွမ်းအင်သုံးလက်နက်မျိုး သူတို့ မတီထွင်နိုင်သေးပေ။
ထို့ပြင် ထိုအခြေစိုက်မြို့တော်များ၏ ကာကွယ်ရေးစနစ်များကိုလည်း အထင်သေး၍ မဖြစ်ချေ။
ဤကာကွယ်ရေးစနစ်များမှာ အဆင့်ခုနစ် အထွတ်အထိပ်သက်ရှိများ၏ နာရီပေါင်းများစွာ တိုက်ခိုက်မှုကို အပြည့်အဝ ခံနိုင်ရည်ရှိကြသည်။ အကယ်၍ အခြေစိုက်မြို့တော်တစ်ခု၏ ကာကွယ်ရေးစနစ်တစ်ခုလုံးကို ဖျက်ဆီးဖို့ တစ်ချက်တည်းသာ လိုအပ်သည်ဆိုလျှင် ထွက်ပေါ်လာသော ယာယီစွမ်းအားမှာ အနည်းဆုံး အဆင့်ရှစ်အခြေခံသက်ရှိတစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ညီမျှနေရလိမ့်မည်။
သို့သော် ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းနိုင်ခဲ့လျှင်ပင် တိုက်ခိုက်ရေးစွမ်းအားက အများကြီး လျော့ကျသွားမည်ဖြစ်လေရာ အခြေစိုက်မြို့တော်အတွင်းရှိ အဆောက်အအုံများကို ဖျက်ဆီးရန်မှာ ခက်ခဲသွားပြီဖြစ်၏။ မြို့ကိုကာကွယ်နေသော ရန်သူများကို ထိခိုက်အောင်လုပ်ရန်မှာမူ ပို၍ပင် ဝေးသေးသည်။
စကြဝဠာအမှတ်၇သာမက လောလောဆယ်တွင် အခြားစကြဝဠာများပင် အလားတူလက်နက်မျိုးကို မထုတ်လုပ်နိုင်ကြသေးချေ။ မဟုတ်ပါက ဤသည်မှာ နျူကလီးယားဗုံးတစ်လုံးနှင့် တူနေပေမည်။ သူတို့ဆီတွင် ထိုသို့သော လက်နက်မျိုးရှိနေပါက မည်သူက သူတို့ကို သွားစရဲတော့မည်နည်း။
မင်းတို့သာ ရမ်းကားရဲတယ်ဆိုရင် ငါတို့က မင်းတို့ရဲ့ အခြေစိုက်မြို့တော်ဆီကို တစ်လုံးလောက်ပစ်ထည့်လိုက်မယ်။ အဲဒီအခါကျရင် မင်းတို့ မောက်မာရဲသေးလားဆိုတာ ကြည့်ကြသေးတာပေါ့။
"ဒါကြောင့် စကြဝဠာအမှတ်၇မှာရှိတဲ့ ကျွန်တော်တို့ရဲ့ သုတေသနအဖွဲ့က အရည်အချင်းမမီဘူးလို့ ပြောခဲ့တာပေါ့"
ကျန်းမုန့်လောင်က မှတ်ချက်ချလိုက်သည်။
"ဒီတစ်သုတ်မှာ သင်ယူနိုင်စွမ်းနဲ့ သုတေသနစွမ်းရည်ကောင်းတဲ့ စစ်သည်တချို့ကို ရှာတွေ့ထားတယ်။ သူတို့ကို အခြေခံရူပဗေဒ သင်ပေးထားတယ်။ သူတို့တွေကပဲ ကနဦးရလဒ်တွေကို ရနေကြပြီလေ"
"လက်နက်ထုတ်လုပ်ရေးက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"တပ်မှူးကို အစီရင်ခံပါတယ်။ ကျွန်တော်တို့တွေ ပထမအဆင့် စမ်းသပ်မှုတွေကို စတင်နေပါပြီ။ တပ်မှူးနဲ့ တိုင်ပင်ဖို့ စီစဉ်ထားပါတယ်"
"မုန့်လောင်.. ငါတို့ သွားကြည့်လို့ရမလား"
"ဟုတ်တယ်။ ဒီလောက်စွမ်းအားမျိုးရှိတဲ့ လက်နက်က ဘယ်လိုပုံစံလဲဆိုတာ ငါလည်း ကြည့်ချင်တယ်"
တပ်မှူးများမှာ ကျန်းမုန့်လောင်ပြောသည့် လက်နက်နှင့်ပတ်သက်ပြီး အလွန်စပ်စုချင်စိတ် ဖြစ်နေကြသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူဦးဆောင်သော တပ်ဖွဲ့များကလည်း အံ့မခန်း အင်အားကြီးမားလှသည်။ ယခုမူ သူသည် တစ်နှစ်အတွင်း သုတေသနအဖွဲ့တစ်ခုကို တည်ထောင်လိုက်သတဲ့လား။
တစ်နှစ်အတွင်း အဆင့်တစ်မျိုးနွယ်စုတစ်ခုအနေနှင့် အခြေခံအကျဆုံး ဘာသာရပ်များကို နားလည်သဘောပေါက်ဖို့ ခဲယဉ်းလှလေရာ စကြဝဠာတစ်ခွင်က အမြင့်မားဆုံးနည်းပညာအဆင့်ကို ကျော်လွန်သွားဖို့ဆိုတာ ဝေလာဝေးပင်။ ကျန်းမုန့်လောင်တစ်ယောက် လေလုံးထွားနေခြင်း ဖြစ်ဖို့များသည်။
သို့သော် တစ်နှစ်အတွင်း တပ်ဖွဲ့များကို လေ့ကျင့်ပေးခဲ့သည့် သူ့အောင်မြင်မှုများနှင့် ထိုအဖြစ်ကို ဆက်စပ်တွေးကြည့်လိုက်သောအခါ သူတို့၏ သုံးသပ်ချက်များနှင့် သံသယများက အဓိပ္ပာယ်ရှိရဲ့လားဟုပင် သူတို့ကိုယ်သူတို့ ပြန်မေးခွန်းထုတ်မိစေသည်။
မည်သို့ပင်ဆိုစေကာမူ ကျန်းမုန့်လောင်၏ တည်ရှိမှုက သဘာဝလွန်နေပြီမဟုတ်ပါလော။
စကြဝဠာနှစ်အရ နှစ်ဆယ်ကျော်သာရှိသေးသည့် လူငယ်တစ်ယောက်မှာ အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်ရုံသာမက တီထွင်သူတစ်ဦးလည်း ဖြစ်နေသေးသည်။ အဆင့်ခြောက်အခြေခံသက်ရှိအဆင့်ဖြင့် အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိများကို တိုက်ပွဲတွင် လိုက်လံတိုက်ခိုက်နေပြီး ယခုလည်း သိပ္ပံပညာအကြောင်းပါ လာပြောနေသတဲ့လား။ ဤသည်မှာ ဆန်းကြယ်လှပေသည်။
"သွားကြစို့။ လမ်းပြစမ်း"
ကျန်းမုန့်လောင်က သူတို့ကို "စူပါပေါင်းစပ်စွမ်းအင်လက်နက်"ဟုခေါ်သော လက်နက်တစ်ခု၏ ပုံကြမ်းတစ်ခုကို ပေးထားပြီးနောက် အင်အားထောင်ဂဏန်းခန့်ရှိသော သုတေသနအဖွဲ့တစ်ခုကို တည်ထောင်ပေးခဲ့ရုံကလွဲ၍ အခြားဘာမှမလုပ်ခဲ့ပေ။ အကြောင်းမှာ သူ့တပ်မထဲရှိ တပ်မှူးအများစုသည် ရူပဗေဒနှင့် ဓာတုဗေဒကျောင်းတော်များမှ ဘွဲ့ရများဖြစ်နေသောကြောင့်ပင်။
"စူပါပေါင်းစပ်စွမ်းအင်လက်နက်"သည် အလယ်အလတ်အဆင့် စကြဝဠာများတွင် အသုံးပြုသော အပူစွမ်းအင်သုံးလက်နက်ဖြစ်ပြီး အက်တမ်များထက် ပိုမိုသေးငယ်သော အမှုန်များကို အသုံးပြု၍ ပေါင်းစပ်မှုကိုဖြစ်ပေါ်စေကာ ဟိုက်ဒရိုဂျင်နျူကလီးယားပေါင်းစပ်ခြင်းထက် ကျော်လွန်သော စွမ်းအင်များကို ထုတ်လွှတ်ပေးသည်။
ထိုသို့အဆင့်ရှိသော စကြဝဠာမျိုးတွင် ဤလက်နက်၏ စွမ်းအားက ဂလက်ဆီတစ်ခုလုံးကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ဖို့ လုံလောက်သည်။ ပိုမိုသေးငယ်သော ဧရိယာအတွင်း ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများအတွက်လည်း တိုက်ခိုက်မှုပစ်မှတ်အကွာအဝေးကို ချုံ့ပစ်နိုင်သေးသည်။
လက်တွေ့လေ့ကျင့်ရေးဧရိယာတစ်ခုလုံးကို ဖြတ်သန်းသွားစဉ် တပ်မှူးများသည် တွေးကြည့်၍ပင်မရနိုင်သော သိုင်းလမ်းစဉ်လျှို့ဝှက်ချက်အမျိုးမျိုးကို တွေ့မြင်ခဲ့ရသဖြင့် တံခါးဖွင့်၍ သင်ခန်းစာများကို ချက်ချင်းဝင်လေ့လာချင်စိတ်များ တဖွားဖွားပေါ်လာလေသည်။
ဤမျှအံ့ဖွယ်ကောင်းလွန်းလှသော အရာများကို သူတို့လည်း သင်ယူချင်မိသည်။
"ဗိုလ်ချုပ် ကျွန်တော်တို့...."
"ငါ့ကိုလာမကြည့်နဲ့"
လော့ကျစ်က ပြောလိုက်လေသည်။
"ငါလည်း နားမလည်ဘူး။ ငါလည်း သင်ချင်တာပဲ"
စကြဝဠာသိုင်းပညာအဖွဲ့အစည်း၏ ဥက္ကဋ္ဌသည် အလွန်အစွမ်းထက်သော သိုင်းလမ်းစဉ်နည်းစနစ်များ ရေးထိုးထားသည့် ကျောက်စာတစ်ချပ်အတွက် အဖွဲ့အစည်း၏ပိုင်ဆိုင်မှုတစ်ဝက်ကို တစ်ချိန်က ကျန်းခိုင်နှင့် လဲလှယ်ခဲ့ဖူးကြောင်း လော့ကျစ် ကြားဖူးသည်။
သို့သော် ထိုအရာကို နှစ်ပေါင်းရာဂဏန်းခန့် ကျင့်ကြံအားထုတ်ခဲ့သော်ငြား ယနေ့အထိ ဘာတိုးတက်မှုမှ မရသေးဘူးဟု သိရသည်။
သူတို့တွင် ကိုယ်ပိုင်လျှို့ဝှက်ရတနာတချို့ရှိထားပြီး တချို့သိုင်းကျင့်စဉ်များဆီက သိသာထင်ရှားသော အဖျက်ဓာတ်ကို ရရှိထားသော်လည်း ဤသို့သော သုတေသနမျိုးက ပုံမှန်အားဖြင့် နှစ်ပေါင်းသောင်းဂဏန်း သို့မဟုတ် ထိုထက်ပိုပြီး အချိန်ယူရတတ်သည်။
သို့သော် ဤလူများက တစ်နှစ်ခန့်လေ့လာရုံဖြင့် ယခုလိုရလဒ်မျိုး ရရှိခဲ့သည်။ ယခုမူ သူကိုယ်သူ အသုံးမကျသည့် အမှိုက်တစ်စလို ခံစားနေရလေပြီ။
မကြာခင်မှာပင် သူတို့သည် "အမြောက်ဘုရင် သုတေသနဌာန"သို့ ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် စစ်သည်ထောင်ဂဏန်းခန့် အလုပ်များလျက်ရှိ၏။
ဤလူများ၏ သက်ရှိစွမ်းအင်အဆင့်များကို စပ်စုချင်စိတ်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ အမှတ်တစ်ထောင်အောက်ရောက်နေသူဟူ၍ တစ်ယောက်မှမရှိကြောင်း တွေ့လိုက်ရသည်။
"သူတို့က သုတေသီတွေပဲလား"
"ဟုတ်တယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"သူတို့က ပုံမှန်ဆိုရင် တိုက်ခိုက်ရေးတာဝန်တွေမယူဘဲ ဒီနေရာမှာ လက်နက်တွေကိုပဲ သုတေသနလုပ်နေကြတာ"
"ဒါပေမဲ့ သူတို့ရဲ့စွမ်းအင်အဆင့်တွေက တခြားဘယ်သူတွေနဲ့ယှဉ်ယှဉ် မနိမ့်ဘူးပဲ"
"ဪ ကျွန်တော်တို့တပ်မက အခြေခံနည်းစနစ်တွေကိုပဲ လေ့ကျင့်ကြတာ။ တစ်နေ့ကို နှစ်နာရီသုံးနာရီလောက်ပဲ အချိန်ပေးရင် ရလဒ်တွေရလာမှာမို့ ကျန်တဲ့အချိန်တွေမှာ လူတိုင်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ကြတယ်လေ"
"ဘက်စုံဖွံ့ဖြိုးတိုးတက်မှု...."
သူတို့၏ မျက်နှာကြွက်သားများ ထုံကျင်လုနီးပါးအထိ တွန့်လိမ်သွားသလို ခံစားလိုက်ရပြီး တစ်နေ့ကို နှစ်နာရီသုံးနာရီလောက် လေ့ကျင့်ရုံဖြင့် တစ်နှစ်အတွင်း ယခုလိုခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမျိုးကို ရရှိစေသည့် ဤအခြေခံနည်းစနစ်များက ဘယ်လောက်အဆင့်မြင့်နေမလဲဆိုသည်ကို တွေးတောနေမိကြသည်။
"ဒါက မင်းရဲ့နောက်ဆုံးပေါ်လက်နက်လား"
ကွပ်ကဲရေးအခန်း၏ မှန်ပြတင်းပေါက်ကတစ်ဆင့် စက်ရုပ်လက်တံရာပေါင်းများစွာဖြင့် ကိုင်ဆောင်ထားသော လက်နက်တစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည်။
ထိုလက်နက်က ရေခဲသလင်းကျောက်နှင့်တူပြီး လက်မများစွာ ရှည်လျားကာ ဖြတ်တောက်ထားသော စိန်ပွင့်တစ်ခု၏ ပုံသဏ္ဌာန်မျိုးရှိ၏။ အထဲတွင် ဒီအန်အေသံကြိုးခွေနှစ်ခုနှယ် ယှက်နွယ်နေသော အမှုန်ဖွဲ့စည်းပုံနှစ်ခုကိုလည်း မှိန်ပျပျတွေ့မြင်နေရသည်။
"ဒီပစ္စည်းသေးသေးလေးကို အထင်မသေးနဲ့"
ကျန်းမုန့်လောင်က ပြောလာလေသည်။
"ဒီအမှုန်နှစ်ခုက တစ်စက္ကန့်ကို ၂၇၄ကီလိုမီတာနှုန်းနဲ့ အရှိန်မြှင့်ပြီး ဝင်တိုက်မိတာနဲ့ စူပါပေါင်းစပ်မှုကို ဖြစ်ပေါ်စေပြီး ကြယ်တစ်ပွင့်ပေါက်ကွဲတာထက် အဆပေါင်းသန်းနဲ့ချီပြီး ပိုများတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ပေးမှာ"
"တကယ်ပဲ အဲဒီလောက်တောင် အစွမ်းထက်တာလား"
သူတို့၏အသိပညာက ထိုသို့သောဓာတ်ပြုမှုမျိုးကို နားမလည်နိုင်သောကြောင့် အားလုံးက မယုံကြည်နိုင်သေးပေ။
"စမ်းသပ်မှုကို စတင်လိုက်ကြရအောင်"
ကျန်းမုန့်လောင်က ကြေညာလိုက်သည်။
"အခုတလော ဘယ်စကြဝဠာက ကလန်ကဆန်လုပ်နေလဲ"
"စကြဝဠာ၁၀၇ပါ"
တပ်မှူးတစ်ယောက်က ချက်ချင်းဆိုသလို ပြောလိုက်သည်။
"မနေ့က သူတို့ရဲ့ အခြေစိုက်စခန်းမြို့တော်၇၇၄က စွမ်းအင်သလင်းကျောက်တူးဖော်နေတဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ကျွန်တော့်ရဲ့တပ်မှူးတစ်ယောက်တောင် ဒဏ်ရာရသွားသေးတယ်"
"ဒါဆိုရင် သူတို့ကို သွားချကြတာပေါ့"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"တိုက်ခိုက်လို့ရတဲ့ အကွာအဝေးထဲမှာ ရှိရဲ့လား"
"အရာရှိကျန်းကို အစီရင်ခံပါတယ်။ စကြဝဠာ၁၀၇ရဲ့ အခြေစိုက်စခန်းမြို့တော်၇၇၄က ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုအကွာအဝေးအတွင်း ကွက်တိကျရောက်နေပါတယ်"
"ဒါဆိုရင် တစ်လုံးလောက် ဖောက်ခွဲပစ်လိုက်"
ကျန်းမုန့်လောင်က စားပွဲကို ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။
"ငါတို့ရဲ့ စူပါပေါင်းစပ်စွမ်းအင်လက်နက်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ကြတာပေါ့"
"တိုက်ခိုက်ခံရတဲ့ပစ်မှတ်ရဲ့ အခြေအနေကို စောင့်ကြည့်လို့ရနိုင်မလား"
ဤနေရာတွင် ထောက်လှမ်းရေးအတွက် ဂြိုဟ်တုလို ကိရိယာမျိုးက အသုံးမဝင်ပါချေ။
"ရပါတယ်"
စစ်သည်တစ်ဦးက ပြန်ဖြေလိုက်သည်။
"တိုက်ခိုက်မှုရဲ့ ပုံရိပ်တွေကို ကွမ်တမ်ချိတ်ဆက်မှုကတစ်ဆင့် ပေးပို့ဖို့အတွက် စူပါပေါင်းစပ်စွမ်းအင်လက်နက်ပေါ်မှာ ပရိုတွန်ထောက်လှမ်းရေးကိရိယာ အသေးစားလေးတစ်ခုကို တပ်ဆင်ထားလို့ရပါတယ်"
"အရမ်းကောင်းတယ်"
ကျန်းမုန့်လောင်ကလည်း အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ငါ့အမိန့်ကို နားထောင်။ ဌာနအားလုံး အသင့်ပြင်ထား"
"ပစ်လွှတ်လိုက်"
ချက်ချင်းဆိုသလိုပင် ရေခဲသလင်းကျောက်နှင့်တူသော စူပါပေါင်းစပ်စွမ်းအင်လက်နက်သည် စကြဝဠာအမှတ်၁၀၇၏ အခြေစိုက်စခန်းမြို့တော်၇၇၄ဆီသို့ ဦးတည်သွားလေသည်။
...
မိနစ်နှစ်ဆယ်အကြာ စကြဝဠာအမှတ်၁၀၇၏ အခြေစိုက်စခန်းမြို့တော်၇၇၄တွင်...
"ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းမြို့တော်ဆီကို ချဉ်းကပ်လာတဲ့ စွမ်းအင်ဒြပ်စင်တစ်ခုကို ထောက်လှမ်းမိပါတယ်။ ကနဦးသုံးသပ်ချက်အရ အမျိုးအမည်မသိရတဲ့ ဒေသခံပစ်မှတ်လက်နက်တစ်ခုလို့ ယူဆရပါတယ်"
"ပြဿနာမရှိပါဘူး။ ငါတို့အခြေစိုက်စခန်းမြို့တော်ရဲ့ ကာကွယ်ရေးစနစ်က ၂၄နာရီ ၇ရက်ပတ်လုံး အလုပ်လုပ်နေတယ်။ အဆင့်မြင့်သက်ရှိတစ်ယောက် မဟုတ်သရွေ့တော့ ငါတို့မြို့တော်အတွက် ဘာခြိမ်းခြောက်မှုမှ မရှိနိုင်ဘူး။ ဆက်ပြီးစောင့်ကြည့်ထား"
"ဟုတ်ကဲ့ပါ။ ပစ်မှတ်က တစ်မိနစ်အတွင်း ရောက်လာပါတော့မယ်"
"စက္ကန့်သုံးဆယ်ကျန်သေးတယ်"
"ဆယ်စက္ကန့်"
"ဘုန်း"
ကာကွယ်ရေးစနစ်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် စကြဝဠာအမှတ်၁၀၇၏ အခြေစိုက်စခန်းမြို့တော်၇၇၄တစ်ခုလုံး တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံအတွင်းမှာပင် ရွှေရောင်မီးတောက်ကြီးတစ်ခု၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။
အဆင့်ရှစ်သက်ရှိတစ်ယောက်၏ အစွမ်းကုန်တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည့် ကာကွယ်ရေးစနစ်ကြီးမှာ ချက်ချင်းဆိုသလို ပြိုကျပျက်စီးသွားပြီး ဆက်တိုက်ပေါက်ကွဲထွက်လာသော စွမ်းအင်များကြောင့် အခြေစိုက်စခန်းမြို့တော်တစ်ခုလုံး ကြယ်တစ်ပွင့်အလား မီးဟုန်းဟုန်းတောက်သွားလေသည်။
ဤစွမ်းအင်လှိုင်းလုံးကြီးက ဆယ်စက္ကန့်လောက်သာ ကြာမြင့်ခဲ့သော်ငြား မီးငြိမ်းသွားချိန်တွင်မူ အခြေစိုက်စခန်းမြို့တော်တစ်ခုလုံး လွင်တီးခေါင်ပြင်ကြီးတစ်ခုလို ဖြစ်သွားသည်။
"တပ်မှူးကို အစီရင်ခံပါတယ်။ အစတုန်းက ပစ်မှတ်ပေါင်း ၁၂၉၃၈၂၇၃၆ယောက်ရှိပါတယ်။ အဲဒီအထဲမှာ အဆင့်ခုနစ်သက်ရှိ၃၇ယောက်နဲ့ အဆင့်ခြောက်သက်ရှိ ၂၈၄၁ယောက် ပါဝင်ပါတယ်။ တိုက်ခိုက်မှုအပြီးမှာတော့ ပစ်မှတ်၂၈ယောက်ပဲ ကျန်ခဲ့ပါတယ်။ အဆင့်ခုနစ် သက်ရှိ၁၆ယောက်နဲ့ အဆင့်ခြောက်သက်ရှိ၁၂ ယောက်ပါ"
ကျန်းမုန့်လောင်လည်း မေးစေ့ကို ပွတ်သပ်လိုက်၏။
"အသက်ရှင်ကျန်တဲ့လူတွေ ရှိသေးတယ်ပေါ့။ စွမ်းအားက မလုံလောက်သေးဘူးပဲ"
*******************