← Chapters

အခန်း ၁၀၃၃

Vol. 69 Ch. 1033

အခန်း ၁၀၃၃

Vol. 69 Ch. 1033

အခန်း ၁၀၃၃ - ကံဆိုးတဲ့ကလေးတစ်သိုက်

စကြဝဠာအမှတ်၁၀၇ရှိ အခြေစိုက်စခန်းမြို့တော်၇၇၄။

အခြေစိုက်စခန်းမြို့တော်တစ်ခုလုံးက စွန့်ပစ်နယ်မြေတစ်ခုလို ဖြစ်နေချေသည်။ လွန်ခဲ့သည့် မိနစ်အနည်းငယ်ကပင် သူတို့၏ ကာကွယ်ရေးစနစ် အကာအကွယ်ဒိုင်းဆီသို့ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ရပြီးနောက် သူတို့အားလုံး အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

အခြေစိုက်စခန်းမြို့တော် အကြီးအကဲ၏ တိုက်ခိုက်ရေးဝတ်စုံတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နေပြီး သူ့သားမွေးများလည်း လုံးဝပျောက်ကွယ်သွားသည်။ ထို့ပြင် ဘယ်ဘက်လက်မောင်းနှင့် ပခုံးတစ်ဝက်လည်း ပြတ်ထွက်သွားလေသည်။ အလွန်အားပြင်းသော ပေါင်းစပ်လက်နက်မှ ထွက်ပေါ်လာသည့် ရောင်ခြည်များက သူ့ဆဲလ်များကို ဆက်တိုက်ဖျက်ဆီးနေသဖြင့် သူ၏ပြန်လည်သက်သာလာနိုင်စွမ်းကို နှေးကွေးစေသည်။

"ဖူး"

သူ အနက်ရောင်သွေးများကို ထွေးထုတ်လိုက်သည်။ အရေးကြီးသောအချိန်လေးတွင် သူ့တိုက်ခိုက်ရေးဝတ်စုံရှိ ကာကွယ်ရေးစနစ်ကို ဖွင့်ကာ စကြဝဠာမူလစွမ်းအင်များအားလုံးကို အသုံးပြုပြီး ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အကာအကွယ်ဒိုင်းတစ်ခု ဖန်တီးခဲ့သည်။

သို့သော် အလွန်အားပြင်းသော ပေါင်းစပ်လက်နက်၏ ဖျက်ဆီးနိုင်စွမ်းက အဆင့်ရှစ်သက်ရှိတစ်ယောက်၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်နှင့် တူနေပေသည်။ ယခုဆိုလျှင် သူ့ကိုယ်တွင်းအင်္ဂါများမှာ စုတ်ပြတ်သတ်နေချေသည်။ အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိတစ်ယောက်၏ အားကောင်းသော သက်စောင့်စွမ်းအင်ကြောင့်သာ အသက်ရှင်နေနိုင်ခြင်းပင်။

ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ရင်း သူ့နှုတ်ခမ်းများ တုန်ယင်လာသည်။

"ဒီမှာ ဘယ်သူရှိသေးလဲ။ အသက်ရှင်တဲ့လူ ရှိသေးလား"

"အကြီးအကဲ..ကျွန်တော်တို့ ရှိသေးတယ်"

အသက်ရှင်ကျန်ရစ်သူ ဆယ်ဂဏန်းခန့် သူ့အနားသို့ စုဝေးလာသည်။ အားလုံးမှာ ဒဏ်ရာအပြင်းအထန် ရထားကြသည်။

"ဘာဖြစ်သွားတာလဲ။ အဆင့်ရှစ်သက်ရှိတစ်ယောက်က ငါတို့အခြေစိုက်စခန်းမြို့တော်ကို လာတိုက်ခိုက်သွားတာလား"

"မဖြစ်နိုင်ဘူး။ အဆင့်ရှစ်သက်ရှိတစ်ယောက်က ဒီလောက်ပြင်းထန်တဲ့ အင်အားမျိုး ရှိနိုင်ပေမဲ့ ဒီလောက်ကျယ်တဲ့ ဧရိယာတစ်ခုလုံးကိုတော့ ဒီလိုဖြစ်အောင် မလုပ်နိုင်ဘူး"

အခြေစိုက်စခန်းမြို့တော်က အလွန်ကျယ်ဝန်းလှသည်။ အဆောက်အအုံများအားလုံးကိုလည်း အမြင့်ဆုံးမျိုးနွယ်စုစံနှုန်းများနှင့်အညီ တည်ဆောက်ထားသည်။ အဆင့်ရှစ်သက်ရှိတစ်ဦးက ဤသို့သော ဖျက်ဆီးနိုင်စွမ်းကို သေးငယ်သော ဧရိယာတစ်ခုတွင်သာ ပြုလုပ်နိုင်ပေမည်။

ထို့ပြင် လေထုထဲတွင် စကြဝဠာမူလစွမ်းအင်မဟုတ်သော အခြားစွမ်းအင်တစ်ခု ပြည့်နှက်နေကြောင်း သူတို့ခံစားမိသည်။

"အကြီးအကဲ... တိုက်ခိုက်မှုမဖြစ်ခင် ကျွန်တော်တို့ အဝေးထိန်းတိုက်ခိုက်ရေးလက်နက်တစ်မျိုးရဲ့ တိုက်ခိုက်မှုကို ခံရတော့မယ်ဆိုတဲ့ သတိပေးချက်တစ်ခု လက်ခံရရှိခဲ့ပါတယ်"

"အဲဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ဘယ်လိုလက်နက်မျိုးကများ ဒီလောက်အထိ ဖျက်ဆီးနိုင်စွမ်းရှိမှာလဲ"

"ဒီမှာကြည့်ကြည့်ပါ။ ဒါက ကျွန်တော် နောက်ဆုံးရထားတဲ့ မှတ်တမ်းဗီဒီယိုပါ"

တပ်စုမှူးတစ်ယောက်က ရေခဲသလင်းကျောက်ပုံစံ လက်နက်တစ်ခု၏ ပျံသန်းမှုလမ်းကြောင်းကို ပြသလိုက်သည်။ ထိုရေခဲသလင်းကျောက်က သူတို့၏ ကာကွယ်ရေးစနစ်ကို ဝင်တိုက်ချိန်တွင် ထွက်ပေါ်လာသော စွမ်းအင်ကို မြင်လိုက်ရသောကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

"ဒါက တကယ်ကြီး လက်နက်တစ်ခုလား"

"ဒီလောက်သေးတဲ့ လက်နက်လေးက ငါတို့အခြေစိုက်စခန်းမြို့တော်တစ်ခုလုံးကို ပြာကျသွားအောင် လုပ်ပစ်နိုင်တယ်ပေါ့"

"တိုက်ရိုက်သာထိမှန်မယ်ဆိုရင် အဆင့်ရှစ်သက်ရှိတောင် ဒဏ်ရာရသွားနိုင်တယ်။ ဘယ်မျိုးနွယ်စုကများ ဒါကို တီထွင်လိုက်တာလဲ"

"အရမ်းကြောက်ဖို့ကောင်းတယ်။ ခေါင်းဆောင်ဆီကို ငါတို့ သတင်းပို့မှဖြစ်မယ်။ ဒီနေရာက တိုက်ပွဲအခြေအနေက လုံးဝပြောင်းလဲသွားပြီ"

...

စကြဝဠာအမှတ်၇၏ IPX-001တပ်မ၊ အမြောက်ဘုရင်သုတေသနဌာန။

ဗိုလ်ချုပ်လော့ကျစ်အပါအဝင် တပ်မှူးများအားလုံးမှာ ငှက်ကုလားအုတ်ဥတစ်လုံး ဝင်သွားနိုင်လောက်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ကျန်းမုန့်လောင်အနေနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ဖန်တီးနိုင်စွမ်းရှိသည်ဟု သူတို့ယုံကြည်ထားသော်လည်း သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် စံနှုန်းမီသော အခြေစိုက်စခန်းမြို့တော်တစ်ခုလုံး အပျက်အစီးများအဖြစ် ပြောင်းလဲသွားပြီး အဆင့်ခုနစ်သက်ရှိအများစုပင် သေဆုံးသွားခဲ့ရသည်။

နောင်တစ်ချိန်တွင် မည်သည့်စကြဝဠာမဆို စကြဝဠာအမှတ်၇ကို စိန်ခေါ်ရဲမည်ဆိုလျှင် သူတို့၏ ပင်မစခန်းကို ပစ်မှတ်ထားလိုက်ရုံဖြင့် တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေရန်ပင် လိုမည်မဟုတ်ပေ။

စကြဝဠာအမှတ်၇က ဤနည်းပညာကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ကြေညာလိုက်ရုံဖြင့် ဤကဲ့သို့သော လက်နက်များကို ထိထိရောက်ရောက် ကာကွယ်နိုင်မည့် နည်းလမ်းများ မပေါ်ပေါက်လာသေးသရွေ့ မည်သူကမှ ကမ္ဘာခြားစစ်မြေပြင်တွင် သူတို့ကို စိန်ခေါ်ရဲမည် မဟုတ်ပေ။

ဤမျှအစွမ်းထက်သော လက်နက်ဖြစ်နေသော်လည်း ကျန်းမုန့်လောင်ကမူ စွမ်းအားမလုံလောက်သေးဟု ထင်နေဆဲပင်လော။

"တပ်မှူးကျန်း... ဒီလက်နက်ကို ဘယ်လိုခေါ်လဲ။ ဒါက ဒီစစ်မြေပြင်မှာတော့ အထူးလူသတ်လက်နက်ကြီးတစ်ခုပဲ"

"ဪ သူ့အလုပ်လုပ်ပုံအခြေခံကတော့ အရမ်းအားပြင်းတဲ့ ပေါင်းစပ်နည်းပညာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒါကို အီတလီအမြောက်ကြီးလို့ ခေါ်တယ်"

"အီတလီအမြောက်ကြီး ဟုတ်လား။ တော်တော်စိတ်ဓာတ်တက်ကြွစရာကောင်းတဲ့ နာမည်ပဲ"

"သူ့စွမ်းအားက တကယ်ကြောက်ဖို့ကောင်းတယ်။ ငါတို့ရဲ့ တိုက်ခိုက်ရေးတပ်ခွဲပေါင်းများစွာရဲ့ အင်အားနဲ့တောင် တူညီလုနီးပါးပဲ။ ဒါက စစ်ရေးနယ်ပယ်မှာ ဧရာမအောင်မြင်မှုကြီးတစ်ခုပဲ"

"အာ.. ဒါပေမဲ့ ကျွန်တော့်မျှော်လင့်ချက်ကိုတော့ မမီသေးဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော့်ရဲ့လိုအပ်ချက်က တစ်ချက်ပစ်လိုက်တာနဲ့ အခြေစိုက်စခန်းမြို့တော်တစ်ခုလုံး အရိပ်အယောင်တောင် မကျန်အောင် ပျောက်ကွယ်သွားဖို့ပဲ"

"တပ်မှူး... စွမ်းအားမြှင့်တင်ဖို့ ကျွန်တော်တို့အနေနဲ့ ပွတ်တိုက်မှုအရှိန်ကို မြှင့်လိုက်ရုံပါပဲ။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ရဲ့အခွံက ဒီအရှိန်ကိုပဲ ခံနိုင်ရည်ရှိပါသေးတယ်။ ဒီလိုမှမဟုတ်ရင် တည်ငြိမ်မှုကို ထိန်းထားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့လူတွေကို အရင်ဆုံးထိခိုက်အောင်လုပ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်"

စစ်သည်တစ်ဦးက သတင်းပို့လာသည်။

"ကျွန်တော်တို့အနေနဲ့ ကန့်သတ်ချက်တွေကို ဆက်ပြီး ချိန်ညှိဖို့လိုအပ်ပါတယ်"

"အင်း"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"အချိန်နဲ့တစ်ပြေးညီ ချိန်ညှိပေးလို့ ရနိုင်မလား"

"ရပါတယ်။ လက်ရှိ ကျွန်တော်တို့ဆီမှာ လက်နက် ၁၂ခု အသင့်ရှိနေတော့ စမ်းသပ်မှုတွေကို ဆက်လုပ်လို့ရပါတယ်"

"ကောင်းပြီ။ ဒါဆိုရင်လည်း ဆက်လုပ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီနေ့ လူတိုင်း လာလည်ကြတာဆိုတော့ မင်းတို့တွေ သေချာ စွမ်းဆောင်ပြရမယ်​နော်"

"ဟုတ်ကဲ့ပါ"

ထိုစစ်သည်က ကွန်ပျူတာပေါ်တွင် ချက်ချင်းဆိုသလို တွက်ချက်မှုများ စလုပ်လိုက်သည်။

"ပွတ်တိုက်မှုအရှိန်ကို တစ်စက္ကန့် ၇.၂ကီလိုမီတာမြှင့်မယ်။ အခွံရဲ့ကြံ့ခိုင်မှုကို ၁၂.၆၅ရာခိုင်နှုန်း မြှင့်မယ်။ ပစ်လွှတ်မယ့်အရှိန်ကိုလည်း နည်းနည်းလောက် မြှင့်လို့ရတယ်..."

ဆယ်မိနစ်ခန့်အကြာတွင် ထိုစစ်သည်က ကျန်းမုန့်လောင်ထံသို့ ပြန်လာသည်။

"တပ်မှူးကို သတင်းပို့ပါတယ်။ အရင်ဆက်တင်တွေကို အခြေခံပြီး စမ်းသပ်မှုဆယ်ခုကို ကျွန်တော်တို့ ချိန်ညှိပြီးပါပြီ။ ခန့်မှန်းခြေစွမ်းအားမြှင့်တင်မှုက ၁၂.၅ရာခိုင်နှုန်းကနေ ၁၇၇ရာခိုင်နှုန်းကြား ရှိပါမယ်။ အချိန်မရွေးပစ်လွှတ်ဖို့ အသင့်ဖြစ်နေပြီမို့ တိုက်ခိုက်မယ့်ပစ်မှတ်တွေကို အတည်ပြုပေးပါ"

"အင်း"

ကျန်းမုန့်လောင်က စကြဝဠာအမှတ်၇နှင့် မဟာမိတ်တပ်ဖွဲ့များမှ အကုန်အကျခံ၍ ရေးဆွဲထားသော စစ်ရေးဖြန့်ကြက်မှုမြေပုံတစ်ခုကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။

ထိုမြေပုံထဲတွင် အနီးအနားရှိ ရန်သူ့တပ်ဖွဲ့များအားလုံးကို အမှတ်အသားပြုထားပြီး တိုက်ပွဲပြင်းထန်မှုနှင့် စစ်ရေးအင်အားကို အရောင်များဖြင့် ဖော်ပြထားသည်။ အရောင်ပိုရင့်လေ ပဋိပက္ခပိုမိုပြင်းထန်ကာ စစ်အင်အားပိုတောင့်တင်းလေလေပင်။

"မင်း...ငါ.. သူ... လူအကြီးကြီး... စနိုးဝှိုက်က သူ့ကိုလက်ထပ်လိုက်ပြီ"

ကျန်းမုန့်လောင်က မြေပုံပေါ်တွင် ဖြစ်သလို လျှောက်ထောက်လိုက်သည်။

"သူ ဘာလုပ်နေတာလဲ"

"သူက တိုက်ခိုက်မယ့်ပစ်မှတ်တွေကို ဖြစ်သလို ရွေးနေပုံပဲ"

"သူက ဘယ်သူသေမလဲဆိုတာကို လက်ညှိုးထိုးပြီး ရွေးနေတာပဲ။ ကံဆိုးတဲ့ ဘယ်မျိုးနွယ်စုတွေကို သူရွေးလိုက်မိလဲမသိဘူး"

ထိုမျိုးနွယ်စုများမှာ ဘာမှသိကြမည်မဟုတ်သော်လည်း စကြဝဠာအမှတ်၇၏ ဓာတ်ခွဲခန်းတစ်ခုအတွင်းရှိ တပ်မှူးများမှာမူ သူတို့ကိုယ်စား ချွေးအေးများပင် ပြန်လာသည်။

သူတို့က လက်နက်၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ပြီးဖြစ်၏။ ထိုအရာက တစ်ချက်ပစ်လိုက်ရုံဖြင့် အခြေစိုက်စခန်းမြို့တော်တစ်ခုလုံးကို အမြစ်ပြတ်သွားစေနိုင်သည်။

ရူးချင်စရာအကောင်းဆုံးမှာ ယခင်တိုက်ခိုက်မှုက ပထမဆုံးစမ်းသပ်မှုမျှသာ ဖြစ်နေခြင်းပင်။ သိပ္ပံနည်းကျ စမ်းသပ်မှုများမှာ အစပိုင်းတွင် ပြီးပြည့်စုံမှုမရှိတတ်ပေ။ ကန့်သတ်ချက်များကို ဆက်တိုက်ချိန်ညှိခြင်းက သူတို့ကို ပိုမိုအစွမ်းထက်လာစေသည်။

လူသားချင်းစာနာထောက်ထားမှုနှင့် ပတ်သက်၍ပြောရလျှင် တစ်စုံတစ်ယောက်က သင့်နယ်မြေကို ကျူးကျော်ရန် ကြိုးစားနေချိန်တွင် သူတို့အတွက် လူသားချင်းစာနာမှုကို စဉ်းစားနေဦးမည်လော။

"ဒါရယ်... ဒါရယ်... ဒါရယ်... ပြီးတော့ စကြဝဠာ၈၁ရယ်။ သူတို့ပဲ"

"ဒုတိယတပ်ရင်းမှူး... ငါ့အီတလီအမြောက်ကြီးတွေ အသင့်ဖြစ်ပြီလား"

"တပ်မှူးကို သတင်းပို့ပါတယ်။ အမြောက်ဘုရင်တပ်မဟာရဲ့ ဒုတိယတပ်ရင်းက အရာအားလုံး အသင့်ပြင်ထားပြီးပြီမို့ အချိန်မရွေးပစ်လွှတ်ဖို့ အသင့်ပါပဲ"

"သူတို့ကို ခပ်ပြင်းပြင်းတိုက်ခိုက်လိုက်"

"ဝှစ်... ဝှစ်... ဝှစ်..."

ကန့်သတ်ချက်များ ချိန်ညှိထားသော အလွန်အားပြင်းလှသည့် ပေါင်းစပ်လက်နက်ဆယ်ခုက ကြိုတင်သတ်မှတ်ထားသော ပစ်မှတ်ဆယ်ခုဆီသို့ ဦးတည်သွားကြသည်။

၁၄မိနစ်အကြာတွင် ပထမဆုံးတစ်ခုက ပစ်မှတ်ကို ထိမှန်သွားသည်။

"တပ်မှူးကို သတင်းပို့ပါတယ်။ စမ်းသပ်မှုအမှတ်၂က ထိမှန်သွားပါပြီ။ အဆောက်အအုံ ပျက်စီးမှုနှုန်းက ၉၈.၉၂ ရာခိုင်နှုန်း။ အသက်ရှင်ကျန်ရစ်သူ ၁၉ဦးပါ။ ပစ်မှတ်အမှတ်တစ်နဲ့ နှိုင်းယှဉ်ရင် စွမ်းအားက ၁၂၂.၉၃ရာခိုင်နှုန်း ရှိပါတယ်"

၁၅မိနစ်အကြာတွင် ဒုတိယတစ်ခုက ပစ်မှတ်ကို ထိမှန်သွားသည်။

"တပ်မှူးကို သတင်းပို့ပါတယ်။ စမ်းသပ်မှုအမှတ်၃က ထိမှန်သွားပါပြီ။ အဆောက်အအုံ ပျက်စီးမှုနှုန်းက ၉၉.၀၇ရာခိုင်နှုန်း။ အသက်ရှင်ကျန်ရစ်သူ ၁၅ဦးပါ။ ပစ်မှတ်အမှတ်တစ်နဲ့ နှိုင်းယှဉ်ရင် စွမ်းအားက ၁၃၇.၈၈ရာခိုင်နှုန်း ရှိပါတယ်"

...

"တပ်မှူးကို သတင်းပို့ပါတယ်။ စမ်းသပ်မှုအမှတ်၉ က ထိမှန်သွားပါပြီ။ အဆောက်အအုံပျက်စီးမှုနှုန်းက ၉၉.၈၁ရာခိုင်နှုန်း။ အသက်ရှင်ကျန်ရစ်သူ၂ဦးပါ။ ပစ်မှတ်အမှတ်တစ်နဲ့ယှဉ်ရင် စွမ်းအားက ၁၈၈.၇၆ရာခိုင်နှုန်း ရှိပါတယ်"

"တပ်မှူးကို သတင်းပို့ပါတယ်။ စမ်းသပ်မှုအမှတ် ၁၀က ထိမှန်သွားပါပြီ။ အဆောက်အအုံပျက်စီးမှုနှုန်းက ၉၉.၉၇ ရာခိုင်နှုန်း။ အသက်ရှင်ကျန်ရစ်သူသုညပါ။ ပစ်မှတ်အမှတ်တစ်နဲ့ နှိုင်းယှဉ်ရင် စွမ်းအားက ၂၁၉.၉၂ရာခိုင်နှုန်း ရှိပါတယ်"

"ကျွတ်... ကျွတ်... ကျွတ်... ကံဆိုးရှာတဲ့ လူတစ်သိုက်ပဲ"

ဤမြင်ကွင်းများကို ကြည့်ရင်း တပ်မှူးများအားလုံးမှာ ကျောချမ်းသွားကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းမုန့်လောင်က သူတို့ဘက်တွင် ရှိနေချေသည်။

"တပ်မှူး... ကျွန်တော်တို့ရဲ့ စမ်းသပ်မှုက ပြီးပြည့်စုံပါတယ်။ ဒုတိယအဆင့် စမ်းသပ်မှုအတွက် အသင့်ဖြစ်နေပါပြီ"

"ဒုတိယအဆင့် ဟုတ်လား။ ဒီလက်နက်က ဒုတိယအဆင့်တောင် ရှိသေးတာလား"

ဤသည်မှာ လက်နက်၏ အမြင့်ဆုံးစွမ်းအားဟု သူတို့ ထင်မှတ်ထားခဲ့သည်။

"ဟုတ်ပါတယ် တပ်မှူး။ ကျွန်တော်တို့ရဲ့ ဒုတိယအဆင့်က သူတို့ရဲ့ စစ်တပ်ကွပ်ကဲရေးစခန်းကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်ဖို့ပါပဲ"

*****************

All Chapters