← Chapters

အခန်း ၁၀၃၄

Vol. 69 Ch. 1034

အခန်း ၁၀၃၄

Vol. 69 Ch. 1034

အခန်း ၁၀၃၄ - မင်းက အပြိုင်စကြဝဠာကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလား

"တစ်ချက်တည်းနဲ့ တပ်မကွပ်ကဲရေးစခန်းတစ်ခုလုံးကို ဖြိုချနိုင်တာတဲ့လား..."

လွန်ခဲ့သည့် နာရီအနည်းငယ်ကသာ တစ်စုံတစ်ယောက်က သူတို့ကို ယခုလိုလာပြောပြလျှင် ထိုလူ ပေါက်ကရလျှောက်ပြောနေသည်ဟု သေချာပေါက် ထင်မိကြမည်ဖြစ်၏။ သို့သော် လက်ရှိမြင်ကွင်းများကို ကိုယ်တိုင်တွေ့မြင်ပြီးနောက်တွင်မူ ဤအရာကား အမှန်စင်စစ်...

အင်း... ဖြစ်နိုင်ချေရှိသွားပြီပဲ။

"မုန့်လောင်... မင်းရဲ့သုတေသနဌာနကို အမြောက်ဘုရင်သုတေသနဌာနလို့ ခေါ်တယ်ဆိုတော့ မင်းဆီမှာ တခြားလက်နက်သုတေသနဌာနတွေလည်း ရှိသေးတယ်"

လော့ကျစ်က မေးမြန်းလိုက်သည်။

"မှန်ပါတယ်။ ဗိုလ်ချုပ်ဆိုတဲ့အတိုင်း ဗိုလ်ချုပ်ပီပီ ပိုပြီးအမြင်ကျယ်သားပဲ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"အမြောက်ဘုရင်ဌာနက အကြီးစားမဟာဗျူဟာမြောက်လက်နက်တွေကို အဓိကထားပြီး သုတေသနလုပ်တာပါ။ ပြီးတော့ ကျွန်တော်တို့ဆီမှာ တခြားဌာနတွေ အများကြီးရှိပါသေးတယ်။ လာပါ... ကျွန်တော် လိုက်ပြမယ်"

"ဓမ္မဌာန ဟုတ်လား"

သူတို့ အခြားဧရာမဓာတ်ခွဲခန်းတစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။

"တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ နာမည်ပဲ"

"ဒီနေရာက သတင်းအချက်အလက်နည်းပညာကို အဓိကထားပြီး လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့က ရန်သူ့လက်နက်စနစ်တွေနဲ့ ကာကွယ်ရေးစနစ်တွေထဲကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်နိုင်ပြီး သူတို့ရဲ့အခြေစိုက်စခန်းကို သူတို့ဘာသာ ပြန်ပစ်ခတ်အောင် လုပ်နိုင်ပါတယ်"

"တပ်မမှူး ရောက်လာပြီလား"

"လက်ရှိ သုတေသနတိုးတက်မှု အခြေအနေက ဘယ်လိုရှိလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကျွန်တော်တို့ ရန်သူ့ပမာဏအပေါ် မူတည်ပြီး အဆင့်တွေခွဲခြားထားပါတယ်။ တပ်သားသန်းတစ်ရာအောက်ရှိတဲ့ အခြေစိုက်စခန်းမြို့တော်တွေ သန်းတစ်ထောင်ကနေ တစ်ဆယ်ဘီလီယံအထိရှိတဲ့ အခြေစိုက်စခန်းမြို့တော်တွေနဲ့ တစ်ဆယ်ဘီလီယံအထက်ရှိတဲ့ အခြေစိုက်စခန်းမြို့တော်တွေဆိုပြီး ခွဲခြားထားပါတယ်။ လက်ရှိမှာတော့ တိုးတက်မှုတချို့ ရနေပါပြီ"

ထိုသုတေသီက ကြည့်ရသည်မှာ ပညာရှင်ဆန်လွန်းသော်လည်း သူ့အခြေခံကိန်းဂဏန်းအချက်အလက်များက တကယ်တမ်းတွင် ၁၅၀၀ကျော်လွန်နေကြောင်း တပ်မမှူးများ တွေ့လိုက်ရသည်။

"သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ အဲဒီသုံးယောက်က တပ်မတစ်ခုလုံးမှာ အားအနည်းဆုံးတွေဆိုတာ တကယ်ပဲကိုး"

ယခင်က ကျန်းမုန့်လောင် ကြွားလုံးထုတ်နေသည်ဟု လူအများက ထင်ခဲ့ကြသော်လည်း ယခုအချိန်အထိ အခြေခံကိန်းဂဏန်း ၁၀၀၀အောက်ရှိသူကို တစ်ယောက်မှ မတွေ့ရသေးပေ။

သေစမ်း... ဒီကောင် ထပ်ပြီးအထာကိုင်ပြနေပြန်ပြီ။

"စမ်းသပ်မှုတွေရော လုပ်ပြီးပြီလား"

ကျန်းမုန့်လောင်က စုံစမ်းမေးမြန်းလိုက်သည်။

"ဟုတ်ကဲ့။ အခုအချိန်အထိ စမ်းသပ်မှု၂၁ကြိမ် လုပ်ခဲ့ပြီးပါပြီ။ အဲဒီထဲမှာ ၁၅ကြိမ်က ကျရှုံးခဲ့ပေမဲ့ ခြောက်ကြိမ်ကတော့ အောင်မြင်မှုတချို့ ရရှိခဲ့ပါတယ်"

"ဒါက ကွမ်တမ်ထည့်သွင်းဗိုင်းရပ်စ်ပါ"

သုတေသီက ရှင်းပြသည်။

"အဲဒါကို သယ်ဆောင်ရေးယာဉ်ကတစ်ဆင့် ပစ်မှတ်ပေါ်ကို လွှတ်တင်ပြီး စွမ်းအင်နိမ့်ကွမ်တမ်ပမာဏ အမြောက်အမြားကို ထုတ်လွှတ်ပါတယ်။ ဒီကွမ်တမ်တွေက သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။ သူ့ရဲ့ စွမ်းအင်ပမာဏက လေထုထဲမှာရှိတဲ့ အီလက်ထရွန်တွေထက် ပိုနိမ့်တဲ့အတွက် ထောက်လှမ်းရေးစက်တွေကိုလည်း ရှောင်ကွင်းနိုင်ပါတယ်"

"အဲဒါက အီလက်ထရောနစ်ပစ္စည်းတစ်ခုခုနဲ့ ထိတွေ့မိတာနဲ့ သူ့အထဲမှာပါတဲ့ ဗိုင်းရပ်စ်က ချက်ချင်း တိုက်ခိုက်ပါလိမ့်မယ်။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ရန်သူ့အီလက်ထရောနစ်စနစ်တွေကို ကမောက်ကမဖြစ်စေပြီး သူတို့ရဲ့ ကိုယ်ပိုင်မဟာမိတ်တပ်ဖွဲ့တွေကိုတောင် ပစ်မှတ်ထားပြီး တိုက်ခိုက်စေနိုင်ပါတယ်"

သုတေသီက ဟိုလိုဂရမ်ပုံရိပ်တစ်ခုကို ထုတ်ပြလိုက်လေရာ ဧရာမအခြေစိုက်စခန်းမြို့တော်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုအခြေစိုက်မြို့တော်၏ အရွယ်အစားမှာ မကြီးမားလှဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား သန်းခုနစ်ဆယ်ရှစ်ဆယ်ခန့်သာ ရှိ၏။

ထိုအချိန်တွင် အခြေစိုက်မြို့တော်အတွင်း၌ မီးပွားများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ ရှေ့တန်းနှင့် မြို့တွင်းလက်နက်စနစ်များက သူတို့၏ ကိုယ်ပိုင်အခြေစိုက်စခန်းမြို့တော်ကို အရူးအမူး ဗုံးကြဲတိုက်ခိုက်နေကြသည်။

သူတို့လက်နက်၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်အမင်း မပြင်းထန်သော်လည်း အခြေစိုက်စခန်းမြို့တော်ရှိ အမြောက်စာတပ်သားများ၏ ၂၀ရာခိုင်နှုန်းခန့်ကို ကုန်စင်သွားစေနိုင်သည်။ အရေးအကြီးဆုံးမှာ ဤလက်နက်၏ ကုန်ကျစရိတ်က အလွန်သက်သာနေခြင်းပင်။

"အခုအချိန်အထိ တပ်သားသန်းတစ်ရာအောက်ရှိတဲ့ အသေးစားအခြေစိုက်စခန်းမြို့တော်တွေအတွက် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ၁၀၀ရာခိုင်နှုန်း ရရှိထားပါတယ်။ ဒါပေမဲ့ ပိုကြီးတဲ့ အခြေစိုက်စခန်းမြို့တော်တွေအတွက် အောင်မြင်မှုနှုန်းကတော့ ၂၀ရာခိုင်နှုန်းဝန်းကျင်လောက်ပဲ ရှိပါသေးတယ်"

"ဒါက တော်တော်လေး ကောင်းနေပါပြီ"

တပ်မမှူးတစ်ယောက်က မှတ်ချက်ချလိုက်သည်။

"အခြေစိုက်စခန်းမြို့တော်အများစုက သန်းတစ်ရာပမာဏဝန်းကျင်မှာရှိပြီး တပ်မတစ်ခုမှာ အများဆုံးအနေနဲ့ အကြီးစားအခြေစိုက်စခန်းမြို့တော် ဆယ်ခုအောက်ပဲ ရှိတာပါ။ ဒီလက်နက်က မြို့သိမ်းတိုက်ပွဲတွေအတွက် ကိရိယာတစ်ခုပါပဲ"

"တစ်ကိုယ်ရည်သုံးလက်နက်တချို့ကို ကျွန်တော် ပြပါရစေ"

ကျန်းမုန့်လောင်က သူတို့ကို အခြားဓာတ်ခွဲခန်းတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။

"ဒက်... ဒက်... ဒက်..."

သူတို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် မီးတောက်များ ပစ်လွှတ်နေသော လက်နက်တစ်ခုကို မြင်လိုက်ရပြီး မျက်နှာချင်းဆိုင်တွင်မူ အက်စ်အဆင့် သတ္တုပြားတစ်ခု ရှိနေလေသည်။ ထိုလက်နက်မှ ပစ်လွှတ်လိုက်သော အလင်းတန်းက အက်စ်အဆင့်သတ္တုပြားကို အသာလေး ထိုးဖောက်သွားသည်။

အက်စ်အဆင့်သတ္တုများကို အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စု စစ်သင်္ဘောများ၏ အပြင်ဘက်အခွံများတွင် အသုံးပြုခြင်းဖြစ်၏။ ထိုအရာ၏ ကြံ့ခိုင်မှုက အဆင့်ခြောက်သက်ရှိတစ်ယောက်၏ အင်အားနှင့် တူညီလုနီးပါးပင်။ အကယ်၍ လက်နက်တစ်ခုက ထိုအခွံကို အလွယ်တကူ ထိုးဖောက်နိုင်သည်ဆိုပါက အဆင့်ခြောက်သက်ရှိတစ်ယောက်၏ ခန္ဓာကိုယ်ကိုလည်း ထိုးဖောက်နိုင်မည်သာ။

"ဒါကို ချီလင်အမှုန်ဂက်တလင်မီးသေနတ်လို့ခေါ်ပါတယ်။ လက်ရှိမှာ သူရဲ့ စွမ်းအင်မြင့်အမှုန်တွေ ပစ်ခတ်မှုနှုန်းက အစွမ်းအထက်ဆုံးအမှုန်အမြောက်ထက် ရှစ်ဆပိုမြန်ပြီး အဆင့်ခြောက်သက်ရှိတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ဖို့ လုံလောက်ပါတယ်။ ကျည်ပမာဏက အတောင့်နှစ်သောင်း ဆံ့ပြီး ဆယ်စက္ကန့်အတွင်း စွမ်းအင်သုံးစွဲမှုက အမှုန်အမြောက်တစ်ချက်ပစ်တဲ့ စွမ်းအင်ရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ်။ သီအိုရီအရဆိုရင် လူတစ်ယောက်တည်းက ဂက်တလင်သေနတ်တစ်လက်နဲ့ မီတာရာချီတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကို ကာကွယ်နိုင်ပါတယ်"

...

"ဪ... ဒါကတော့ စူပါအိုင်းယွန်းမဟာအမြောက်ပါ။ ပစ်ခတ်နိုင်စွမ်း အကွာအဝေးက မီတာနှစ်ဆယ် ရှိပါတယ်။ ပေါက်ကွဲမှုဗဟိုချက်ထဲမှာဆိုရင် အဆင့်ရှစ်သက်ရှိတစ်ယောက်တောင် ဒဏ်ရာရသွားနိုင်ပါတယ်။ သူ့ကို ဖြုတ်သိမ်းရတာလည်း အရမ်းလွယ်ကူပါတယ်။ မူလစွမ်းအင်နေရာချထားမှုနဲ့ ပစ်မှတ်ရှာဖွေမှုစနစ်တွေလည်း ပါဝင်ပါတယ်"

"ဒီပစ္စည်းကတော့ အဂ္ဂိရတ်ပညာနဲ့ ခေတ်သစ်နည်းပညာကို ပေါင်းစပ်ပြီး ကျွန်တော်တို့တီထွင်ထားတဲ့ တိုက်ခိုက်ရေးဝတ်စုံပါ။ တစ်ခါအသက်သွင်းလိုက်တာနဲ့ အဆင့်ငါးသက်ရှိတစ်ယောက်ရဲ့ စကြဝဠာမူလစွမ်းအင်နဲ့မောင်းနှင်ထားတဲ့ အဆင့်ခြောက်သက်ရှိတစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေနဲ့ အဆင့်ငါး အထွတ်အထိပ်မျိုးနွယ်စုအဆင့် လက်နက်တွေရဲ့ တရစပ်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိပါတယ်။ ဒါက ကျွန်တော်တို့တပ်မမှာရှိတဲ့ စစ်သည်တစ်ယောက်ချင်းစီအတွက် စံသတ်မှတ်ချက်နဲ့အညီ ထုတ်ပေးထားတဲ့ ဝတ်စုံပါ"

"ဪ.. ဟုတ်သားပဲ။ တစ်နှစ်ကြာအောင် စုဆောင်းပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင် စစ်သည်တစ်ယောက်ချင်းစီတိုင်းကို အဆင့်ခြောက်သိုင်းလက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ အားလုံးက အဆင့်ခြောက်သက်ရှိတွေ ဖြစ်လာတဲ့အခါ လက်နက်ကိရိယာတွေအားလုံးကို အဆင့်ခုနစ်အထိ အဆင့်မြှင့်တင်ပေးသွားမှာပါ"

"ဟစ်..."

တပ်မှူးများအားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။

စစ်သည်အားလုံး အဆင့်ခြောက်သိုင်းလက်နက်ကိရိယာအပြည့်အစုံ တပ်ဆင်ထားသည်ဆိုခြင်းမှာ လူပေါင်း သန်းဂဏန်းခန့်ရှိ၏။ ထိုအတွက် အရင်းအမြစ်ဘယ်လောက်များ ကုန်ကျလေမလဲ။ ထို့ပြင် အဆင့်ခုနစ်သိုင်းလက်နက်အထိ အဆင့်မြှင့်တင်ပေးဦးမည်တဲ့လား။ သည်အတွက်ရော အရင်းအမြစ် ဘယ်လောက်တောင် လိုအပ်လိုက်မလဲ။

ထိုပစ္စည်းများကို စုဆောင်းရန်အတွက် ကျန်းမုန့်လောင်အနေနှင့် နေရာဘယ်နှနေရာကို ဓားပြတိုက်ခဲ့ရမည်ဖြစ်ကြောင်း သူတို့ တွေးကြည့်၍ပင် ရနေပြီဖြစ်၏။

"ပစ္စည်းကောင်းလေးတစ်ခုလောက် ပြပါရစေ"

ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ပြသလိုက်သည်။

"ဒါက ကျွန်တော်တို့ တီထွင်ထားတဲ့ အစွမ်းအထက်ဆုံး တစ်ကိုယ်ရည်သုံးလက်နက်ပါ"

"အစွမ်းအထက်ဆုံးလား"

ဤစကားကို ကြားလိုက်ရသောအခါ အားလုံးက စပ်စုလိုသည့် အမူအရာများကို ပြသလာကြသည်။

ူသူတို့သည် ဒြပ်ဆွဲအားဆန့်ကျင်ရေး ဓာတ်လှေကားအတိုင်း ထိုဧရိယာတစ်ခုလုံး၏ မြေအောက်ပိုင်းဆီသို့ ဆင်းသွားကြသည်။ ထိုနေရာမှာ သတ္တုကို အဓိကထား၍ တည်ဆောက်ထားသော ဓာတ်ခွဲခန်းတစ်ခုဖြစ်ပြီး နေရာတိုင်းတွင် စတုရန်းပုံအကန့်များဖြင့် ပိုင်းခြားထားသည်။

"ရွှီး..."

ဖိုတွန်ဒိုင်းတံခါးတစ်ချပ် ပွင့်သွားပြီးနောက် သူတို့ရှေ့တွင် ငွေရောင်နှင့် အနက်ရောင်စပ်ထားသော စက်ရုပ်တစ်ရုပ် ပေါ်လာသည်။

အမြင့်၂၅မီတာခန့်ရှိပြီး အပူစွမ်းအင်သုံးလက်နက်များအပြင် ထိုစက်ရုပ်၏ခါးတွင် မီတာနှစ်ဆယ်ကျော်ရှည်လျားသော ဧရာမသတ္တုဓားကြီးတစ်လက်ကိုလည်း ချိတ်ဆွဲထားသည်။ အနီးကပ် သေချာကြည့်လိုက်သောအခါ ထိုအရာကား အဆင့်ခုနစ် ဧရာမသိုင်းလက်နက်ကြီးတစ်ခု ဖြစ်နေပေသည်။

အရည်အသွေးကို အကဲဖြတ်ကြည့်ရမည်ဆိုလျှင် အဆင့်ခုနစ်သိုင်းလက်နက်များထဲတွင်ပင် အကောင်းဆုံးပစ္စည်းတစ်ခု ဖြစ်နေမည်မှာ သေချာပေသည်။

"ဒါက စက်ရုပ်စစ်သည်တော်မဟုတ်ဘူးလား"

"သူ့ရဲ့ရွေ့လျားနိုင်စွမ်းက အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုစစ်သင်္ဘောတွေထက် အဆပေါင်းများစွာ သာလွန်ပြီး တူညီတဲ့ ပစ်ခတ်နိုင်စွမ်းမျိုး တပ်ဆင်ထားတယ်ဆိုပေမဲ့ အစွမ်းအထက်ဆုံးဆိုတဲ့ အရည်အချင်းကိုတော့ မပြည့်မီသေးပါဘူး ဟုတ်တယ်မလား"

"မင်း... ဒီကိုလာခဲ့"

ကျန်းမုန့်လောင်က တစ်စုံတစ်ယောက်ကို ဆွဲခေါ်လိုက်သည်။

"ဒီအကြောင်းကို တပ်မှူးတွေကို မိတ်ဆက်ပေးလိုက်"

"အဟမ်း... အဟမ်း... တပ်မှူးတို့ခင်ဗျာ။ ဒါကတော့ ကျွန်တော်တို့ဌာနက တစ်နှစ်တာ ကြိုးကြိုးစားစား သုတေသနပြုလုပ်ခဲ့တဲ့ ရလဒ်ဖြစ်တဲ့ ဂလက်ဆီမိစ္ဆာချပ်ဝတ် စက်ရုပ်နတ်ဘုရားပဲဖြစ်ပါတယ်။ သူ့အခွံကို အဆင့်ခုနစ်သိုင်းလက်နက်နဲ့ ညီမျှတဲ့ ကြံ့ခိုင်မှုရှိပြီး ကျွန်တော်တို့ သီးခြားတီထွင်ထားတဲ့ သတ္တုစပ်နဲ့ ပြုလုပ်ထားတာပါ။ လက်ရှိအချိန်အထိ ကျွန်တော်တို့ တီထွင်ထားတဲ့ တစ်ကိုယ်ရည်သုံးလက်နက်အများစုကိုလည်း တပ်ဆင်ထားပါတယ်"

"စွမ်းအားပိုင်းမှာဆိုရင်တော့ သူ့ရဲ့ ရွေ့လျားနိုင်စွမ်းက လက်ရှိအစွမ်းအထက်ဆုံး စက်ရုပ်စစ်သည်တော်ထက် ဆယ်ဆကျော် သာပါတယ်။ အရေးအကြီးဆုံးက ဦးနှောက်ကွမ်တမ်လှိုင်းတွေကို အသုံးပြုပြီး အဝေးကနေ ထိန်းချုပ်မောင်းနှင်လို့ရတာပါပဲ။ ဖျက်ဆီးခံရမယ်ဆိုရင်တောင်မှ အသုံးပြုသူကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ပြီးတော့ သူ့ရဲ့ဘက်စုံတိုက်ခိုက်နိုင်စွမ်းက အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိတစ်ယောက်နဲ့ အတူတူပါပဲ"

"အခု ဒီဟာ ဘယ်နှရုပ်လောက် ရှိနေပြီလဲ"

တပ်မှူးများအနေနှင့် ဤလက်နက်၏ ကြောက်မက်ဖွယ်ကောင်းသော အလားအလာကို တွေးကြည့်၍ပင် ရနေချေပြီ။ အခြေစိုက်စခန်းမြို့တော်တစ်ခုကို ဖြိုချရန်အတွက် ဤစက်ရုပ်ဆယ်ရုပ်လောက်သာ လိုအပ်ကောင်း လိုအပ်ပေမည်။

"အခုမှ အခုရေတစ်ထောင်လောက်ပဲ လုပ်ရသေးတယ်။ လတ်တလောမှာ ပစ္စည်းတွေက နည်းနည်းရှားပါးနေလို့လေ။ တပ်ဖွဲ့တွေကို နည်းနည်းလောက် ပိုဝေးတဲ့နေရာအထိ လွှတ်ပြီး သွား'ငှား'ဖို့ စီစဉ်ထားပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီလက်နက်ကိရိယာတွေရှိရင် ဒီကမ္ဘာခြားစစ်မြေပြင်မှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကာကွယ်ဖို့ ဘာပြဿနာမှ မရှိလောက်တော့ဘူးလို့ ထင်ပါတယ်"

"ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဟုတ်လား..."

တပ်မှူးများက ခမ်းနားထည်ဝါလှသော လက်နက်ကိရိယာများကို ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။ ဤအရာများမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရုံသက်သက်အတွက် မဟုတ်ပေ။ ဤလက်နက်များဖြင့် ပတ်ဝန်းကျင်ရှိ အပြိုင်စကြဝဠာတိုင်းကို သူ့အနေနှင့် အလွယ်တကူ ရင်ဆိုင်နိုင်သည်။ ဤသည်မှာ ကြီးစိုးလွှမ်းမိုးနိုင်မည့် လမ်းကြောင်းတစ်ခုပင်။

"လွန်ခဲ့တဲ့တစ်နှစ်အတွင်း မင်း ဘာတွေများ ဖြတ်သန်းခဲ့ရတာလဲကွာ"

**********************

All Chapters