← Chapters

အခန်း ၁၀၃၅

Vol. 69 Ch. 1035

အခန်း ၁၀၃၅

Vol. 69 Ch. 1035

အခန်း ၁၀၃၅ - အဲဒါက သေချာပေါက် ငါတို့ရဲ့ သတ္တုကြောပဲ

"မုန့်လောင်... ငါ တောင်းဆိုစရာတစ်ခု ရှိတယ်"

အားလုံး၏အကြည့်ကက လော့ကျစ်ထံသို့ ရုတ်တရက် ကျရောက်သွားကြသည်။

သူသည် စကြဝဠာအမှတ်၇တစ်ခုလုံး၏ အမြင့်ဆုံးတပ်မှူး၊ ကြီးမြတ်သော အဆင့်ကိုးသက်ရှိတစ်ယောက်ဖြစ်သော်လည်း ကျန်းမုန့်လောင်အား တောင်းဆိုသည့်လေသံဖြင့် မိမိကိုယ်ကို နှိမ့်ချကာ စကားပြောဆိုနေပေသည်။

"ငါတို့ စကြဝဠာအမှတ်၇တစ်ခုလုံးက စစ်သည်တွေကို မင်း လေ့ကျင့်သင်ကြားပေးမယ်လို့ မျှော်လင့်ပါတယ်"

လော့ကျစ်၏ တောင်းဆိုမှုက အခြားသူများအတွက်တော့ အံ့သြစရာမဟုတ်ပေ။

ကျန်းမုန့်လောင်၏ စွမ်းဆောင်ရည်များကို လူတိုင်း မြင်တွေ့ခဲ့ပြီးဖြစ်၏။ သူသည် တစ်နှစ်တည်းနှင့် ဤမျှအစွမ်းထက်သော တပ်ဖွဲ့တစ်ခုကို တစ်ဦးတည်းအားဖြင့် လေ့ကျင့်ပေးခဲ့ပြီး တစ်ကိုယ်ရည်သိုင်းပညာစွမ်းရည်၊ စစ်လက်နက်ကိရိယာ၊ အထူးစစ်ဆင်ရေးများနှင့် အခြားသော နယ်ပယ်များတွင်ပါ အံ့မခန်းစွမ်းရည်များကို ပြသနိုင်ခဲ့သည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် တပ်မှူးများ၏ ဝင်ရောက်စွက်ဖက်မှုမပါဘဲ မည်သည့်တပ်မကမှ ဤတပ်ဖွဲ့၏လက်အောက်တွင် စကြဝဠာရက်တစ်ရက်ပင် ခံနိုင်မည်မဟုတ်ပေ။ တပ်မတစ်ခုတည်းနှင့်ပင် စကြဝဠာအမှတ်၇၏ တပ်မတစ်ခုလုံးကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိသည်။

အကယ်၍ သူသာ တပ်ဖွဲ့တစ်ခုလုံးကို လေ့ကျင့်ပေးမည်ဆိုလျှင် တစ်နှစ်အတွင်းမှာပင် စကြဝဠာအမှတ်၇အနေနှင့် အဆင့်ခြောက်သက်ရှိများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော မဟာတပ်တော်တစ်ခုကို ပိုင်ဆိုင်လာနိုင်မည်ဖြစ်၏။ ထိုအချိန်ရောက်လျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ဆိုသည်ကို အသာထား။ သူတို့က အပြိုင်စကြဝဠာအသီးသီးကို ရှင်းလင်းပြီး ဤကမ္ဘာခြားစစ်မြေပြင်၏ အရှင်သခင်ပင် ဖြစ်လာနိုင်ခြေရှိ၏။

"ဗိုလ်ချုပ်... ကျွန်တော် လုပ်ပေးချင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ကျွန်တော့်ရဲ့ စွမ်းအင်နဲ့ အရင်းအမြစ်တွေအရဆိုရင် ဒီလိုမျိုး တပ်မတစ်ခုကိုပဲ ပျိုးထောင်ပေးနိုင်မယ်"

ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ဒီလိုစစ်သည်တွေကို ပျိုးထောင်ဖို့အတွက်ဆိုရင် အရမ်းများပြားလွန်းတဲ့ အရင်းအမြစ်တွေ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့စစ်သည်တွေ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေက အဆင့်မြင့်ဗီဇမျိုးစေ့ဆေးရည်တွေနဲ့ အတူတူပါပဲ။ အလွယ်ပြောရရင် စကြဝဠာအမှတ်၇ရဲ့ အရင်းအမြစ်တွေအကုန်လုံးကို ပုံအောသုံးလိုက်မယ်ဆိုရင်တောင်မှ အဲဒီလိုဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်"

လော့ကျစ်က ဘာမှပြန်မပြောပေ။ ကျန်းမုန့်လောင် ပြောသမျှအရာအားလုံး မှန်ကန်ကြောင်း သူ နားလည်သည်။ ဤမျှကြောက်မက်ဖွယ်ကောင်းသော တပ်မတစ်ခုကို များပြားလှသော အရင်းအမြစ်များ မရှိဘဲ လေထဲမှ ဖန်တီးယူ၍ လုံးဝမဖြစ်နိုင်ပေ။

"ဒါပေမဲ့ ကျွန်တော့်ကို အချိန်လုံလုံလောက်လောက်ပေးမယ်ဆိုရင်တော့ စမ်းကြည့်လို့ရမယ်ထင်ပါတယ်"

ကျန်းမုန့်လောင်က အာကာသသိုလှောင်ရေးကိရိယာတစ်ခုကို ထုတ်ယူလိုက်သည်။

"ဗိုလ်ချုပ်... အခု ကျွန်တော်တို့ စလုပ်လို့ရတဲ့ အရာတစ်ခုတော့ ရှိတယ်"

"ဘာလဲ"

လော့ကျစ်က ကျန်းမုန့်လောင်၏ လက်ထဲရှိ သိုလှောင်ရေးဆေးတောင့်ကို ယူလိုက်သည်။

"ဒါတွေက ဆေးပင်တချို့ရဲ့ မျိုးစေ့တွေပါ"

ကျန်းမုန့်လောင်က ပြောသည်။

"အဂ္ဂိရတ်ပညာရပ်နဲ့ ဆေးဖော်စပ်တဲ့နေရာမှာ အရှားပါးဆုံးက အဖိုးတန်ဆေးဘက်ဝင်အပင်တွေပဲ။ ကျွန်တော့်ဆီမှာ ဒီအပင်တွေကို စိုက်ပျိုးနိုင်တဲ့ အခြေအနေတွေ ရှိတယ်။ ကမ္ဘာခြားစစ်မြေပြင်ရဲ့ စွမ်းအင်ကြွယ်ဝတဲ့ ပတ်ဝန်းကျင်ကို အခြေခံပြီး သူတို့ကို မြန်မြန်ကြီးထွားလာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ပထမတစ်ကြိမ် ရိတ်သိမ်းပြီးတာနဲ့ စိုက်ပျိုးမှုကို ဆက်ပြီးတိုးချဲ့လို့ရတယ်"

ဤဆေးဖက်ဝင် မျိုးစေ့များကို ကျန်းမုန့်လောင်က ဗီဇပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသည်။ ထိုအဆင့်မြင့်ကမ္ဘာများတွင် ဆေးပင်အများစုမှာ ရှင်သန်ကြီးထွားရန် နှစ်ပေါင်းများစွာ ကြာမြင့်တတ်သော်လည်း သိပ္ပံနည်းကျ ပြုပြင်မွမ်းမံပြီးနောက်တွင် ဤအချိန်ကို သိသိသာသာလျှော့ချနိုင်ပြီး အထွက်နှုန်းကိုလည်း များစွာတိုးမြင့်လာစေသည်။

သိပ္ပံနည်းနှင့် စိတ်ကူးယဉ်ကမ္ဘာတို့၏ ပေါင်းစပ်မှုက သေချာပေါက် အားသာချက်ကြီးတစ်ခုပင်။

"ဒီထဲမှာ မျိုးနွယ်စုအားလုံးနီးပါးနဲ့ သင့်တော်တဲ့ အခြေခံကျင့်စဉ်တစ်ခုလည်း ပါသေးတယ်။ အဂ္ဂိရတ်ပညာနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါးတွေနဲ့ တွဲဖက်လိုက်မယ်ဆိုရင် ကျွန်တော့်တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မယှဉ်နိုင်ရင်တောင် အနည်းဆုံးတော့ လက်ရှိအချိန်ထက် အဆပေါင်းများစွာ ပိုသန်မာလာမှာပါ"

"ကောင်းပြီ။ ဒီနေ့ကစပြီး တိုက်ခိုက်ရေးတာဝန်မရှိတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီဆေးပင်တွေကို စတင်စိုက်ပျိုးသင့်တယ်။ ဒါပေမဲ့ ဒီအခြေခံကျင့်စဉ်ကတော့..."

လော့ကျစ် ထိုအရာကို ဖတ်ရှုကြည့်လိုက်လေရာ အထဲရှိ အကြောင်းအရာများက နက်နဲရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲလှသဖြင့် သူကိုယ်တိုင်ပင် သဘောမပေါက်နိုင်လောက်အောင် ဖြစ်နေပေသည်။

တကယ်တမ်းတွင် ဤသည်မှာ ပုံမှန်ပင်။ ကျန်းမုန့်လောင်ပေးလိုက်သော "အခြေခံကျင့်စဉ်"ဆိုသည်မှာ စိတ်ကူးယဉ်ကမ္ဘာတစ်ခုရှိ ဂိုဏ်းကြီးတစ်ခုမှ အခြေခံကျင့်စဉ်တစ်ခုဖြစ်၏။ ကမ္ဘာနှစ်ခု၏ အမြင်အယူအဆများ မတူညီသောကြောင့် ကျင့်စဉ်နည်းလမ်းများလည်း မည်သို့ တူညီနိုင်မည်နည်း။ ထိုကမ္ဘာ၏ အသိပညာစနစ်မရှိဘဲ သင်ယူရန်မှာ မဖြစ်နိုင်ပေ။

"သူတို့ကို လမ်းညွှန်ပေးဖို့ လူတစ်ယောက် လွှတ်ပေးပါ့မယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါဆို အရမ်းကောင်းတာပေါ့"

လော့ကျစ်ကလည်း ဝမ်းသာသွားသည့် အရိပ်အယောင်ကို ပြသလိုက်သည်။ နှစ်အနည်းငယ်အတွင်းမှာပင် စကြဝဠာအမှတ်၇တစ်ခုလုံးက ကျန်းမုန့်လောင်၏ တပ်ဖွဲ့များကဲ့သို့ အင်အားကြီးမားလာမည်ဟု သူ မမျှော်လင့်ထားပေ။ ဤသည်မှာ အမှန်တကယ် လက်တွေ့မကျပေ။ သို့သော်လည်း သူတို့အတွက် အပေါများဆုံးအရာမှာ အချိန်ပင်။ နှစ်သန်းပေါင်းများစွာ စစ်ပွဲများဆင်နွှဲလာပြီးနောက်တွင် အချိန်အနည်းငယ်ပိုကြာသွားခြင်းကား ဘာများ အရေးကြီးမည်နည်း။

"ဗိုလ်ချုပ်... အရေးကြီးတဲ့ သတင်းအချက်အလက် ရထားပါတယ်"

ထိုအချိန်တွင် တပ်မှူးတစ်ယောက်က သူ့လက်အောက်ငယ်သားထံမှ ရုတ်တရက် သတင်းတစ်ခု လက်ခံရရှိလိုက်သည်။

"ပြောပါဦး"

"တလောတုန်းက စစ်ဆင်ရေးတစ်ခုလုပ်နေတုန်း ကျွန်တော်တို့လူတွေက တစ်ခါမှတူးဖော်မခံရသေးတဲ့ ဧရာမသတ္တုကြောဧရိယာကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နောက်ဆုံးရသတင်းအချက်အလက်တွေအရ ဒီနယ်မြေမှာ ကြယ်တာရာအမြုတေ အမြောက်အမြား ရှိနေနိုင်ခြေရှိတယ်လို့ သိရပါတယ်"

"ဘာ။ ကြယ်တာရာအမြုတေတွေ ဟုတ်လား"

အားလုံး အံ့အားသင့်သွားကြသည်။

ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးတွင် အရေးအကြီးဆုံးအရာမှာ နှစ်ခုသာရှိ၏။ ထိုအရာများမှာ စွမ်းအင်နှင့် သယံဇာတပစ္စည်းများပင်။

ကမ္ဘာခြားစစ်မြေပြင်ကို စကြဝဠာအမျိုးမျိုး ပေါင်းစပ်ရာမှ ဖန်တီးထားခြင်းဖြစ်သောကြောင့် ထိုပေါင်းစပ်မှုဖြစ်စဉ်အတွင်း စကြဝဠာများအကြားရှိ ဖိအားများနှင့် စွမ်းအင်များ စုဆုံမှုတို့ကြောင့် အလွန်ပြင်းထန်သော ပတ်ဝန်းကျင်တစ်ခုကို အချိန်အတိုင်းအတာတစ်ခုအထိ ဖြစ်ပေါ်စေခဲ့ပြီး စွမ်းအင်သတ္တုကြော အမြောက်အမြားကိုလည်း ဖြစ်တည်စေခဲ့သည်။

ဤနေရာရှိ စွမ်းအင်သတ္တုကြောများမှာ ယေဘုယျအားဖြင့် ကြောက်မက်ဖွယ်ကောင်းသော သိုလှောင်မှုပမာဏနှင့် မြင့်မားသော အရည်အသွေးများ ရှိကြသည်။ ထိုအရာတို့ကို ရှာဖွေတွေ့ရှိသည်နှင့် တစ်ပြိုင်နက် သွေးချောင်းစီးလေ့ရှိ၏။

မ​ျိုးနွယ်စုတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုးချဲ့မှုများမှာ ဤစွမ်းအင်အရင်းအမြစ်များ မရှိပါဘဲ မလုပ်ဆောင်နိုင်ပေ။

ယခုအချိန်အထိ ရှာဖွေတွေ့ရှိခဲ့သမျှ အကြီးမားဆုံး သတ္တုကြောသည် အဆင့်ငါးစွမ်းအင်သလင်းကျောက် အထွက်နှုန်း ၉၈ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ အရွယ်အစားမှာ စကြဝဠာအမှတ်၇တစ်ခုလုံးရှိ အကြီးဆုံးစွမ်းအင်သလင်းကျောက် သတ္တုကြောတစ်ရာ၏ သိုလှောင်မှုပမာဏ စုစုပေါင်းထက်ပင် ပိုမိုများပြားသည်။

ထိုအချိန်က ဤသတ္တုကြောကို လုယူရန်အတွက် စကြဝဠာပေါင်း ရာနှင့်ချီ၍ ပါဝင်ခဲ့သော တိုက်ပွဲတစ်ခု အနီးအနားတွင် ဖြစ်ပွားခဲ့ပြီး တပ်မပေါင်းနှစ်ထောင်ကျော်ကို စေလွှတ်ခဲ့ရသည်။

ထိုအဖြစ်အပျက်တွင် တပ်မပေါင်း၁၅၀၀ကျော် လုံးဝပျက်စီးသွားခဲ့ရသည်ဟု ဆိုကြ၏။ အလွန်အမင်း အဖြစ်ဆိုးလှသော တိုက်ပွဲတစ်ခုပင်။ စကြဝဠာအမှတ်၇သည်လည်း ကြီးမားသော ဆုံးရှုံးမှုများစွာဖြင့် အရေးနိမ့်ကာ ဆုတ်ခွာခဲ့ရသည်။

နောက်ဆုံးတွင်မူ သတ္တုကြောတစ်ခုလုံးကို စကြဝဠာအမှတ်၁၈၈နှင့် စကြဝဠာအမှတ်၂၀၃တို့၏ မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်သွားခဲ့ကြသည်။

ဤတစ်ကြိမ်တွင်မူ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံး၌ တစ်ခါမှမကြုံဖူးသော ကြယ်တာရာအမြုတေ သတ္တုကြောတစ်ခု ပေါ်ထွက်လာခဲ့သည်။

"သူ့အရွယ်အစားက ဘယ်လောက်ရှိလဲ"

လော့ကျစ်က မေးလိုက်သည်။

"အရမ်းကြီးပါတယ်။ အမှတ်၇စွမ်းအင်သလင်းကျောက် သတ္တုကြောထက်တောင် ပိုကြီးသေးတယ်"

"အဲဒီလောက်တောင် ကြီးတာလား"

အတွေ့အကြုံရင့်သော လော့ကျစ်ပင် အံ့အားသင့်သွားသည်။

အမှတ်၇သတ္တုကြောသည် လက်ရှိ ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးတွင် ပမာဏအရ တတိယအကြီးဆုံးအဖြစ် ရပ်တည်နေပေသည်။ ၎င်း၏ နှစ်စဉ်အထွက်နှုန်းမှာ စကြဝဠာအမှတ်၇၏ စုစုပေါင်း စွမ်းအင်သလင်းကျောက် အထွက်နှုန်းထက် နှစ်ဆပိုများပြီး တစ်ဖက်ရန်သူများက တူးဖော်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် တပ်မပေါင်းများစွာကို အထူးတလည် ချထားခဲ့သည်။

"တကယ်လို့ ငါတို့သာ အဲဒီသတ္တုကြောကို ရလိုက်မယ်ဆိုရင် စွမ်းအင်အရင်းအမြစ်တွေအတွက် ဘယ်တော့မှ ပူစရာလိုတော့မှာ မဟုတ်ဘူး"

လော့ကျစ်က ကျန်းမုန့်လောင် တီထွင်ထားသော လက်နက်များ၏ ကြီးမားလှသော စွမ်းအားကို သိရှိထားပြီး ထိုနည်းတူပင် စွမ်းအင်စားသုံးမှုမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားကြောင်း သိထားသည်။

သို့သော်လည်း သူတို့အနေနှင့် စွမ်းအင်များကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်မည်ဆိုပါက ထိုအရာများက သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်နေသည့် ပြဿနာများ ဖြစ်တော့မည်မဟုတ်ပေ။

"လက်ရှိအခြေအနေက ဘယ်လိုရှိလဲ"

"ဒီသတ္တုကြောက အခုလေးတင် ပေါ်လာတာဖြစ်ဖို့များတယ်လို့ ကျွန်တော်တို့ တွေ့ရှိထားပါတယ်။ သူ လေထုနဲ့ ထိတွေ့လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ စွမ်းအင်တိမ်တိုက်တုံ့ပြန်မှုကို မျိုးနွယ်စုတော်တော်များများ သိသွားကြမှာသေချာပါတယ်။ ကြားဖြတ်ဖမ်းယူရရှိတဲ့ သတင်းအချက်အလက်တွေအရ ရန်သူ့စကြဝဠာတပ်ဖွဲ့ရာဂဏန်းနဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တပ်ဖွဲ့တွေကလည်း အဲဒါကို လုယူဖို့အတွက် သူတို့ရဲ့တပ်မတွေကို စေလွှတ်ဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ်"

"ဒီသတ္တုကြောကို လုံးဝ လက်လွှတ်ခံလို့ မဖြစ်ဘူး"

လော့ကျစ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

"ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ စကြဝဠာအမှတ်၇က ဒီလှုပ်ရှားမှုမှာ မဖြစ်မနေပါဝင်ရမယ်"

"မင်းတို့ထဲက ဘယ်သူသွားချင်လဲ"

မည်သူကမှ ပြန်မဖြေကြပေ။ အဘယ်ကြောင့်ဆိုသော် တပ်မှူးတိုင်းက ကြယ်တာရာအမြုတေ၏ အရေးပါမှုကို သိထားကြသောကြောင့်ပင်။ ဤတိုက်ပွဲ၏ အတိုင်းအတာမှာ ယခင်က တစ်ခါမှမကြုံဖူးလောက်အောင် ကြီးမားသွားနိုင်ပေသည်။ မည်သည့်တပ်မမဆို ဤလုယက်မှုတွင် အမြောက်စာ ဖြစ်သွားနိုင်သည်။ စကြဝဠာအမှတ်၇၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း အားကောင်းသည်ဟု မဆိုနိုင်ပေ။ သေချာသလောက်ကတော့ သူတို့ ပြန်လာနိုင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအကြိမ် သတ္တုကြောလုယက်မှုတွင် တပ်မပေါင်းနှစ်ရာကျော် ရင်းနှီးခဲ့ရပြီး စကြဝဠာအမှတ်၇၏ တပ်မသည် ၈၀ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရကာ အဆင့်ရှစ် သက်ရှိအဆင့်ရှိ ဒုတိယတပ်မှူးများစွာလည်း သေဆုံးခဲ့ရသောကြောင့်ပင်။

"ဟူး.. ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေက ကျွန်တော်တို့ တပ်မဆီကိုပဲ ရောက်လာပြန်ပြီ"

ကျန်းမုန့်လောင် ခေါင်းယမ်းလိုက်လေသည်။

"ဗိုလ်ချုပ်... ဒီကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ"

"အဲဒီသတ္တုကြောကိုရဖို့ မင်း ဘယ်လောက်အထိ သေချာလဲ"

ကျန်းမုန့်လောင်၏ တပ်မသည် အားကောင်းသော်လည်း ဤတိုက်ပွဲမှာ တစ်ယောက်ချင်း ယှဉ်ပြိုင်ရမည့် တိုက်ပွဲမျိုးမဟုတ်ပေ။ တစ်ယောက်နှင့် ရာဂဏန်း ထောင်ဂဏန်းအထိ ရင်ဆိုင်ရနိုင်ခြေများသည်။

"ရဖို့ ဟုတ်လား။ ဗိုလ်ချုပ် ဘာတွေပြောနေတာလဲ။ အဲဒါက ကျွန်တော်တို့ရဲ့ သတ္တုကြောဖြစ်သွားပြီလေ။ ကိုယ့်ပစ္စည်းကိုယ် သွားပြန်ယူရုံပဲပေါ့"

"???"

"ကျွန်တော် ကျန်းမုန့်လောင် မျက်စိကျနေပြီဆိုမှတော့ အဲဒါ ကျွန်တော့်ဟာပဲလေ"

******************

All Chapters