အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း (၁၄၁)
ပွဲတက်ဝတ်စုံ
တုန်မင်ရွှမ်သည် ကိုယ့်ခေါင်းကို ပြန်ပွတ်သပ်ရင်း ပြန်ပြောလိုက်၏။
“အစ်မယဲ့ရာ... လူတွေကို ရိုက်တတ်တဲ့ အကျင့်ကို ပြင်သင့်နေပြီနော်၊ အရမ်းကြမ်းလွန်းတယ်၊ နည်းနည်းလောက် ပိုပြီး နူးညံ့လို့မရဘူးလား”
ယဲ့ယီ သူ့ကို စိုက်ကြည့်ကာ ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်၏။
“မပြင်ပေးနိုင်ဘူး”
“ဒါပေမဲ့ ကျွန်တော် တကယ် သိချင်တာပါ၊ ကျွန်တော်တို့ရဲ့ အစ်မယဲ့တောင် ရှက်သွားရအောင် သူ ဘာတွေများ ပြောခဲ့လို့လဲ”
တုန်မင်ရွှမ်သည် အတင်းအဖျင်း သတင်းများကို စူးစမ်းလိုသော မျက်နှာပေးဖြင့် ယဲ့ယီကို ကြည့်လိုက်လေသည်။
နန်ချင်ဝမ်ကလည်း ပြုံးပြုံးနှင့် ဝင်ပြော၏။
“ဘာရှိဦးမှာလဲ၊ ခုနက ဉက္ကဌကု ရှောင်ယီဆီ ဖုန်းဆက်တာလေ၊ အဲ့ဒါနဲ့ပဲ သူ့မျက်နှာက နီရဲသွားတာပေါ့”
“အော်... အဲ့လိုကိုး...”
တုန်မင်ရွှမ်သည် အလွန်ထူးခြားသော သတင်းကြီးတစ်ခုကို သိလိုက်ရသကဲ့သို့ အမူအရာဖြင့် ရှိနေလေ၏။
ယဲ့ယီ အားကိုးရာမဲ့စွာ ပြန်ပြောလိုက်သည်။
“အစ်မချင်ဝမ်တောင် ဘာလို့ ဒီလောက် စတတ် သွားတာလဲ”
“အစ်မက အမှန်အတိုင်း ပြောတာလေ”
တုန်မင်ရွှမ်သည် ယဲ့ယီနားသို့ တိုးသွားပြီး ကပ်ချွဲလိုက်လေ၏။
“မမယဲ့... ဉက္ကဌကုက မမကို ဘာတွေ ပြောခဲ့တယ်ဆိုတာ ကျွန်တော့်ကို အသေးစိတ်လေး ပြောပြပါလား”
“နင် လူရွေးပွဲအတွက် အဆင်သင့်ဖြစ်ပြီလား၊ နေ့တိုင်း အတင်းအဖျင်းတွေပဲ စိတ်ဝင်စားမနေနဲ့၊ သရုပ်ဆောင်တာကို မြန်မြန်သွားလေ့ကျင့်တော့”
တုန်မင်ရွှမ်သည် မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း နာခံစွာ ထွက်သွားသည်။
“ဒီကိစ္စကို ဉက္ကဌကုပဲ ဖြေရှင်းလိမ့်မယ်။ သူသာ အရေးယူမယ်ဆိုရင် ပြည်သူ့ဆက်ဆံရေးဌာနကို ကျွန်မ ခိုင်းစရာ မလိုတော့ဘူး”
“အင်း”
ယဲ့ယီ၏ ပြန်ကြားချက်ကို ရရှိပြီးနောက် နန်ချင်ဝမ်သည် အခြားကိစ္စရပ်များကို စီမံခန့်ခွဲရန်အတွက် ယဲ့ယီရုံးခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။
ထိုအတောအတွင်း ယဲ့ယီသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ စာရွက်စာတမ်းတစ်ပုံကြီးကို ကြည့်နေလေ၏။သို့သော်လည်း တစ်လုံးမှ ခေါင်းထဲမရောက်ပေ။
အခြားတစ်ဖက်တွင်မူ ကုရှီချန်းသည် ကုကော်ပိုရေးရှင်း၏ ပြည်သူ့ဆက်ဆံရေးဌာနကို အသုံးပြု၍ အခြေအနေအရပ်ရပ်ကို စတင်ကိုင်တွယ်စေခဲ့သည်။
ပထမဦးစွာ သူတို့သည် လူမှုကွန်ရက်ပေါ်ရှိ ရေပန်းစားနေသော အကြောင်းအရာများကို ဖယ်ရှားခဲ့ကြပြီးနောက် ကုရှီချန်း၏ လူမှုကွန်ရက်အကောင့်အား မကြာသေးမီက ကုမ္ပဏီဝန်ထမ်းများက စီမံခန့်ခွဲနေခြင်းဖြစ်ကြောင်းနှင့် အသည်းပေးခဲ့သည်မှာလည်း ကုရှီချန်း ကိုယ်တိုင်ပေးခဲ့ခြင်း မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြလေ၏။
သို့သော်လည်း အင်တာနက် အသုံးပြုသူများအတွက် ဤလုပ်ရပ်သည် ပို၍ပင် သိသာထင်ရှားသော မပီပြင်သည့် ဖုံးကွယ်မှုတစ်ခုမှန်း သိကြလေ၏။
[နင်တို့ ယုံကြလား၊ ငါကတော့ မယုံဘူး]
[မယုံဘူး +၁]
[ဉက္ကဌကုက အရင်တုန်းက သူ့အကောင့်ကို သူကိုယ်တိုင်ပဲ အမြဲသုံးတာလို့ ပြောခဲ့တာ ငါ မှတ်မိတယ်။ ဉက္ကဌကုရာ... ရှင်းပြမနေပါနဲ့တော့၊ တို့တွေ အားလုံး နားလည်ပါတယ်နော်]
[အဟင်ဟင်း.. ဘာမှမဟုတ်သလိုနဲ့ ဖုံးကွယ်နေလိုက်တာ၊ သိတဲ့သူတွေကတော့ သိကြတာပဲ]
[ဒီအတွဲက တကယ်တွဲနေတာဟေ့၊ ကာယကံရှင်ကိုယ်တိုင်တောင် လက်ခံနေပြီပဲ၊ ညီမတို့ရေ ဘာစောင့်နေကြတာလဲ၊ သွားအားပေးကြစို့]
[ဒီခေါင်းစဉ်အောက်မှာ ယဲ့ယီလည်း ပါကိုပါရမယ်၊ နင်တို့ မယုံရင် သွားကြည့်ကြ]
သို့သော်လည်း ယဲ့ယီ၏ နောက်အကောင့်တု တုန်မင်ရွှမ်ထံမှ ရယူထားခြင်းဖြစ်သောကြောင့် သူတို့အနေဖြင့် မည်သို့ပင် စုံစမ်းစေကာမူ တုန်မင်ရွှမ်ထံသို့သာ လမ်းကြောင်းရောက်သွားမည်ဖြစ်သဖြင့် ယဲ့ယီကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပေ။
ဤဖြစ်ရပ်ကြောင့် ကုရှီချန်းနှင့် ယဲ့ယီတို့ အတွဲကို အားပေးကြသည့် ပရိသတ်အရေအတွက်မှာ အဆမတန် မြင့်တက်လာ၏။
ဖုန်းချလိုက်ပြီးနောက် ကုရှီချန်းလည်း ငိုင်ကျသွားခဲ့တော့သည်။ ယဲ့ယီသည် သူ့ကို ပြန်လည်နှစ်သက်ခြင်း ရှိ မရှိကို သူ မသိသလို၊ လက်ရှိတွင် ယဲ့ယီသည် သူ့အား သာမန်သူငယ်ချင်းတစ်ယောက်ကဲ့သို့သာ ဆက်ဆံနေသည်ဟု သူ ခံစားနေရသည်။
ဤအချက်ကား ကုရှီချန်းကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေ၏။ သူသည်လည်း လူတစ်ဦးကို ပထမဆုံးအကြိမ် ပိုးပန်းဖူးခြင်းဖြစ်သဖြင့် မည်သို့ ပိုင်ပိုင်နိုင်နိုင် ပိုးပန်းရမည်ကို မသိဘဲ ဖြစ်နေရှာတော့သည်။
နောက်ဆုံးတွင် ကုရှီချန်းသည် အင်တာနက်တွင် စတင်ရှာဖွေတော့သည်။
‘မိန်းကလေး တစ်ယောက်ကို ဘယ်လိုလိုက်ရမလဲ’
ယခုတစ်ကြိမ်တွင်မူ သူသည် အကောင့်အစစ်ကို အသုံးမပြုတော့ဘဲ အကောင့်ခွဲတစ်ခုကိုသာ ဖွင့်၍ အသုံးပြုလိုက်သည်။
ကုရှီချန်းသည် အင်တာနက်အသုံးပြုသူများ၏ အကြံပြုချက်အားလုံးကို ဖတ်ရှုပြီးနောက် နောက်ဆုံးတွင် အချက်တစ်ချက်ကို အနှစ်ချုပ် ရရှိသွားခဲ့သည်။
‘အရှက်မရှိလိုက်ပိုးရန်’
ဇနီးသည်ကို အနိုင်ယူချင်လျှင် အရှက်သိက္ခာတို့ကို ဖယ်ထားရလေမည်။
သူသည် မနက်ဖြန်တွင် ယဲ့ယီကို သွားရောက်တွေ့ဆုံရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့၏။
သို့သော် နောက်တစ်နေ့တွင် ကုရှီချန်း တစ်ယောက် ဂျက်နီစစ်မီဒီယာသို့ ရောက်ရှိသွားသောအခါ ယဲ့ယီမှာ ကြော်ငြာရိုက်ကူးရန် အပြင်သို့ ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
နောက်ဆုံးတွင် ကုရှီချန်းသည် စံပယ်ပန်းစည်းနှင့် လက်ဆောင်ကိုသာ ယဲ့ယီရုံးခန်းထဲတွင် ထားခဲ့ရပြီး စာတိုလေးတစ်ခုကိုပါ ရေးသားခဲ့လေ၏။
ဝတ္ထုများထဲတွင် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့အကြား နားလည်မှုလွဲမှားခြင်းများသည် တစ်ဦးနှင့်တစ်ဦး ရှင်းရှင်းလင်းလင်း မပြောဆိုကြသောကြောင့် ဖြစ်သည်ဟု သူ ဖတ်ဖူး၏။ ထို့ကြောင့် သူ့အနေဖြင့် ထိုကဲ့သို့ အဖြစ်မျိုး မဖြစ်လိုပေ။
တစ်ဖက်တွင်မူ ယဲ့ယီနှင့် တုန်မင်ရွှမ်တို့သည် ရိုက်ကူးရေးနေရာသို့ ရောက်ရှိနေ၏။
ယနေ့ သူတို့ရိုက်ကူးရမည့် ကြော်ငြာမှာ ဗီဒီယိုအတိုတစ်ခုဖြစ်၏။ ဇာတ်လမ်းမှာ လူငယ်စုံတွဲတစ်တွဲတွင် ကောင်လေးက ကောင်မလေးအတွက် မွေးနေ့လက်ဆောင် မပြင်ဆင်ထားသောကြောင့် စကားများရသည့်အကြောင်း ဖြစ်သည်။
သို့သော် ကောင်မလေး၏ မွေးနေ့တွင် ကောင်လေးက စုံတွဲဝတ်စုံကို လက်ဆောင်ပေးလိုက်ပြီးနောက် နှစ်ဦးသား ထိုဝတ်စုံများကို ဝတ်ဆင်ကာ ချားရဟတ်ကြီးကို အတူတူစီးရင်း အမြင့်ဆုံးအမှတ်သို့ ရောက်ရှိချိန်တွင် ချစ်ရိပ်လောင်းကာ နမ်းရှိုက်ကြသည့် ဇာတ်ကွက် ဖြစ်လေ၏။
ဤထုတ်ကုန်သစ်၏ အဓိကအကြောင်းအရာမှာ ‘ပြင်းပြသော အချစ်’ ဖြစ်သဖြင့် ချစ်သူစုံတွဲများကြားရှိ ရိုမန်တစ်ဆန်သော ခံစားချက်ကို ဖော်ပြနိုင်ရန် လိုအပ်လေသည်။
မိတ်ကပ်ပြင်ဆင်ပြီးနောက် ရိုက်ကူးရေး စတင်တော့သည်။
ပထမဆုံး ရိုက်ကူးရသည့် အခန်းမှာ စကားများ ရန်ဖြစ်သည့် အခန်းဖြစ်၏။
ကောင်မလေးအနေဖြင့် သူမ ရည်းစားအပေါ် စိတ်ပျက်သည့် အမူအရာကို ပြသရန် လိုအပ်ပြီး ကောင်လေးမှာမူ ကောင်မလေးက သူမ၏ မွေးနေ့နီးပြီဖြစ်ကြောင်း အရိပ်အမြွက် ပြောနေသော်လည်း ဘာမှမသိသလို ဟန်ဆောင်ကာ စုံတွဲဝတ်စုံဝယ်ရန် တိတ်တဆိတ် ပိုက်ဆံစုနေသည့်ပုံစံကို သရုပ်ဆောင်ရမည် ဖြစ်သည်။
ယဲ့ယီနှင့် တုန်မင်ရွှမ်တို့သည် ယခင်က ရုပ်ရှင်တစ်ခုတွင် ချစ်သူများအဖြစ် သရုပ်ဆောင်ဖူးသဖြင့် သူတို့အတွက် ခက်ခဲခြင်းမရှိပေ။ ထို့ကြောင့် ရိုက်ကူးရေးမှာ မြန်မြန်ဆန်ဆန်ပင် ပြီးမြောက်ခဲ့သည်။
သို့သော်လည်း ချားရဟတ်ပေါ်တွင် နှစ်ဦးသား နမ်းရမည့် နောက်ဆုံးအခန်း၌ တုန်မင်ရွှမ်မှာ ဇာတ်ကောင်ထဲသို့ မဝင်နိုင်ဘဲ ထပ်ခါတလဲလဲ မှားယွင်းနေတော့သည်။
ထိုနမ်းရမည့် အခန်းမှာ ကင်မရာလှည့်ကွက်ဖြင့် ရိုက်ကူးရခြင်း ဖြစ်သော်လည်း သူတို့၏ မျက်ဝန်းများတွင်မူ နက်ရှိုင်းသော ချစ်မေတ္တာ ခံစားချက်များ ပေါ်လွင်နေရမည် ။
တုန်မင်ရွှမ်မှာ ယဲ့ယီနှင့် အကြည့်ချင်းမဆုံနိုင်ပေ။
အကြိမ်ကြိမ် မအောင်မြင်ပြီးနောက်တွင် ပြန်လည်ပြင်ဆင်ရန်အတွက် ရိုက်ကူးရေးကို ခဏရပ်နားရန် ယဲ့ယီ တောင်းဆိုလိုက်၏။
ယဲ့ယီသည် တုန်မင်ရွှမ်အနားသို့ ရောက်လာခဲ့သည်။
သူမကို မြင်သောအခါ တုန်မင်ရွှမ်က အားနာစွာ ဆိုလေ၏။
“အစ်မယဲ့... ကျွန်တော့်ကြောင့် အချိန်တွေကြာသွားရတဲ့အတွက် တောင်းပန်ပါတယ်ဗျာ”
“ဘာလို့ ဇာတ်ကောင်ထဲ မဝင်နိုင်တာလဲဆိုတာ ငါ့ကို ပြောစမ်း”
တုန်မင်ရွှမ်သည် ခေါင်းငုံ့ကာ ပြောရှာ၏။
“ပြင်းပြတဲ့ အချစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော် တကယ်မသိဘူး၊ ကျွန်တော် တစ်ခါမှ ရည်းစားမထားဖူးလို့ပါ”
ရုပ်ရှင်ထဲတွင် အချစ်ခန်းများ ရှိခဲ့သော်လည်း ၎င်းတို့မှာ ဇာတ်လမ်း၏ နောက်ခံသဘောမျိုးသာ ဖြစ်လေသည်။
ယဲ့ယီတစ်ယောက် ကိုယ့်နဖူးကို လက်ဖြင့် ရိုက်လိုက်တော့၏။
“အချစ်ဆိုတာ သိဖို့အတွက်နဲ့ ရည်းစားထားရမယ်လို့ ဘယ်သူပြောလဲ၊ ငါ့ကို နင် ချစ်တဲ့သူတစ်ယောက်လိုပဲ သဘောထားလိုက်လေ”
“ဒါပေမဲ့ ကျွန်တော့်မှာ ချစ်ရတဲ့သူ မရှိဘူးလေ”
ယဲ့ယီ သူ့ကို ရိုက်ချင်စိတ်ပင် ပေါက်သွားလေ၏။
“နင် တစ်ယောက်ယောက်ကို ဒီအတိုင်းထားလိုက်လို့မရဘူးလား၊ အရင်က တစ်ဖက်သတ် ကြိုက်ခဲ့ဖူးတဲ့သူပဲဖြစ်ဖြစ်၊ ငယ်သူငယ်ချင်းပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို ဒီထဲမှာ ပုံဖော်လိုက်လေ၊ ငါက နင့်ကို ခံစားချက်ကို ရှာခိုင်းနေတာ၊ ရည်းစား ရှာခိုင်းနေတာ မဟုတ်ဘူး”
တုန်မင်ရွှမ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုပ်လိုက်ပြီးနောက် ခံစားချက်အမှန်ကို ရှာဖွေရန်အတွက် ဘေးသို့ ခဏထွက်သွားလေသည်။
ခဏအကြာတွင် သူ အဆင်သင့်ဖြစ်ပြီဟု ခံစားရသဖြင့် ရိုက်ကူးရေးကို ပြန်လည်စတင်ခဲ့သည်။
အကြိမ်အနည်းငယ် ထပ်မံရိုက်ကူးခဲ့ရသော်လည်း နောက်ဆုံးတွင် သူတို့ ရိုက်ကူးရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
ရိုက်ကူးပြီးသွားသော်လည်း နောက်ပိုင်းတည်းဖြတ်မှုများ ပြုလုပ်ရန် လိုအပ်သေးသဖြင့် နောက်ထပ် ရက်အနည်းငယ်ကြာမှသာ ထုတ်လွှင့်နိုင်လိမ့်မည်။
တစ်နေကုန် အလုပ်ရှုပ်ပြီးနောက် ယဲ့ယီသည် အိမ်သို့ တန်းပြန်ရန် ရည်ရွယ်ထားသော်လည်း ရုံးခန်းတွင် စာရွက်စာတမ်းတစ်ခု ကျန်ခဲ့သည်ကို သတိရသွားသဖြင့် ကုမ္ပဏီသို့ တစ်ခေါက် ပြန်သွားခဲ့၏။
ကုမ္ပဏီသို့ ရောက်သောအခါ တံခါးဝရှိ လုံခြုံရေးဝန်ထမ်းက ကုရှီချန်း လာသွားကြောင်း ပြောပြခဲ့သည်။
ယဲ့ယီသည် သူမ ရုံးခန်းသို့ ရောက်သောအခါ စားပွဲပေါ်တွင် ရင်းနှီးနေသော စံပယ်ပန်းစည်းကို တွေ့လိုက်ရ၏။ စံပယ်ပန်းများအပြင် သေတ္တာတစ်လုံးလည်း ရှိနေသေးလေသည်။
ယဲ့ယီသည် ထိုသေတ္တာကို ဖွင့်ကြည့်လိုက်ရာ ကုရှီချန်း ချန်ထားခဲ့သော မှတ်စုတိုလေးကို တွေ့လိုက်ရ၏။
‘ဒီပွဲတက်ဝတ်စုံလေးက မင်းနဲ့ အရမ်းလိုက်ဖက်မယ်လို့ ကိုယ်ထင်တယ်၊ မင်း မကြိုက်ဘူးဆိုရင် ကိုယ် နောက်ထပ် တစ်စုံ ဒီဇိုင်းဆွဲပေးမယ်’
စာအဆုံးတွင် ‘ကု’ ဟူသော လက်မှတ် ပါရှိလေ၏။
ကုရှီချန်း ဘာကို ဆိုလိုသည်ကို ယဲ့ယီ ချက်ချင်းပင် နားလည်သွားတော့သည်။
အကယ်ဒမီပွဲ နီးကပ်လာပြီ ဖြစ်သဖြင့် ဤဝတ်စုံမှာ သူမ အခမ်းအနားတွင် ဝတ်ဆင်ရန်အတွက် ပေးပို့ခြင်းဖြစ်ပေမည်။
ယဲ့ယီမှာလည်း အကယ်ဒမီဆုပေးပွဲအတွက် ဝတ်ဆင်ရန် ဝတ်စုံ မရှာရသေးသဖြင့် ကုရှီချန်း၏ လက်ဆောင်မှာ အချိန်ကိုက်ပင် ဖြစ်နေတော့၏။
သို့သော်လည်း သူမ စိတ်တိုင်းမကျပါက ဝတ်ဆင်လိမ့်မည် မဟုတ်ပေ။
အိမ်သို့ ပြန်ရောက်ပြီးနောက် ယဲ့ယီသည် ထိုဝတ်စုံကို စမ်းဝတ်ကြည့်လိုက်သည်။
ဝတ်စုံမှာ တစ်ထည်လုံး အနက်ရောင် ဖြစ်သည်။ ဒီဇိုင်းမှာ ရှုပ်ထွေးမှု မရှိသော်လည်း အလွန်ပင် ခန့်ညားထည်ဝါလှ၏။
ထိုဝတ်စုံမှာ ယဲ့ယီ၏ အကြိုက်နှင့် ကွက်တိ ဖြစ်နေတော့သည်။
သူမသည် ကုရှီချန်းထံသို့ WeChat မှတစ်ဆင့် စာတစ်စောင် ပို့လိုက်လေသည်။
‘ဝတ်စုံကို အရမ်းကြိုက်တယ်၊ ကျေးဇူးပဲ’
ယဲ့ယီသည် အသေးအမွှားကိစ္စလေးများအပေါ် မခံစားတတ်ပေ။ အမှန်စင်စစ် ကုရှီချန်းအတွက်မူ ဤအရာမှာ ဘာမှမဟုတ်သော ပမာဏလေးသာ ဖြစ်လေသည်။
အခန်း (၁၄၂)
အားလုံးက မင်းကို လွမ်းနေကြတယ်
ယဲ့ယီ၏ စာကို မြင်ပြီးနောက် ကုရှီချန်း၏ နှုတ်ခမ်းတစ်စုံမှာ မသိမသာ ပြုံးသွားသည်။
သူသည် ယဲ့ယီကို မပြောပြဖြစ်ခဲ့သည့် အချက်တစ်ခုမှာ ထိုဝတ်စုံကို သူကိုယ်တိုင် စိတ်ကြိုက် ဒီဇိုင်းထုတ်ထားခြင်းပင် ဖြစ်သည်။
ကုရှီချန်းသည် ယခင်က ဒီဇိုင်းပညာ သင်ကြားနေသည့် သူငယ်ချင်းတစ်ဦးထံမှ ဖက်ရှင်ဒီဇိုင်းနှင့် ပတ်သက်သော အသိပညာအချို့ကို လေ့လာခဲ့ဖူး၏။ သို့သော်လည်း ဝတ်စုံတစ်စုံကို ကိုယ်တိုင်ကိုယ်ကျ ဒီဇိုင်းဆွဲခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ဤဝတ်စုံကို ဒီဇိုင်းဆွဲရာတွင် ယဲ့ယီ နှစ်သက်နိုင်မည့် ပုံစံအတိုင်း ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူမ အမှန်တကယ်ပင် နှစ်သက်သွားခဲ့ခြင်း ဖြစ်သည်။
“ဖေဖေ...”
ကုစဲ့ မည်သည့်အချိန်က ရောက်လာမှန်းမသိဘဲ စာကြည့်ခန်းထဲတွင် ရုတ်တရက် ပေါ်ထွက်လာလေသည်။
“ဘာဖြစ်လို့လဲ”
“မေမေ ပြန်လာအောင် ဘယ်တော့ ချော့မှာလဲ။ သား မေမေ့ကို မတွေ့ရတာ တစ်လခွဲနီးပါး ရှိနေပြီ”
ကုစဲ့သည် ကုရှီချန်းကို ရန်ငြိုးဖွဲ့နေသော မျက်နှာပေးလေးဖြင့် ကြည့်ကာ မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။
ပြီးခဲ့သည့် ကိစ္စဖြစ်ပွားပြီးနောက်ပိုင်း ယဲ့ယီသည် ကုစဲ့နှင့် မတွေ့ဖြစ်သည်မှာ ကြာလေပြီ။
ကုရှီချန်းအတွက်မူ ကုမ္ပဏီအထိလိုက်သွားကာ ယဲ့ယီကို တွေ့နိုင်သော်လည်း ကုစဲ့မှာမူ တနင်္လာနေ့မှ သောကြာနေ့အထိ ကျောင်းတက်နေရပြီး စနေ၊ တနင်္ဂနွေများတွင်လည်း ဝါသနာပါရာ သင်တန်းများသို့ သွားရပြန်သေး၏။
ကုရှီချန်းသည် ကုစဲ့ ခေါင်းလေးကို ပုတ်ပေးရင်း ပြောလိုက်၏။
“သား သူ့ကို လွမ်းနေတယ်ဆိုရင် မနက်ဖြန် ကျောင်းဆင်းရင် ဖေဖေ လိုက်ပို့ပေးမယ်လေ”
ကုစဲ့ နှာခေါင်းရှုံ့လိုက်၏။
“စကားလမ်းကြောင်း လွှဲမနေနဲ့ဦး၊ ဖေဖေ အခုထိ မေမေ့ကို စိတ်ပါလာအောင် မလုပ်နိုင်သေးဘူး မဟုတ်လား”
ကုရှီချန်း ဘာပြန်ပြောရမှန်း မသိဖြစ်သွားရသည်။
ကုစဲ့သည် ကုရှီချန်းကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
သူသည် ယခင်က အဖေဖြစ်သူကို အလွန် အားကျခဲ့သော်လည်း ယခုအခါတွင်မူ သူ့ဖေဖေမှာ အလွန် အသုံးမကျကြောင်း ခံစားနေရသည်။
“ဖေဖေ လုပ်နိုင်တာဘာရှိလဲ”
ကုရှီချန်း ဆွံ့အသွားရ၏။
“မင်း မနက်ဖြန် မသွားချင်ဘူးနဲ့ တူတယ်၊ ကျောင်းဆင်းရင် ဦးလေးဝူကို မင်းကို စန္ဒယားသင်တန်းဆီ လိုက်ပို့ခိုင်းလိုက်မယ်”
ကုစဲ့က မယုံနိုင်သလို ကြည့်ကာ အော်လိုက်တော့၏။
“ဖေဖေ... အဲ့လိုကြီး မညစ်ပတ်နဲ့လေ”
ကုရှီချန်းသည် ကုစဲ့ စကားကို လျစ်လျူရှုကာ စာရွက်စာတမ်းများထဲတွင်သာ ခေါင်းနှစ်ထားလေသည်။
နောက်ဆုံးတွင် ကုစဲ့မှာ သနားစဖွယ် ပုံစံလေးဖြင့် သူ့အခန်းသို့ ပြန်သွားခဲ့ရသည်။
“မေမေ့ဖုန်းနံပါတ်သာ ရှိရင် သိပ်ကောင်းမှာပဲ”
အခန်းသို့ ပြန်ရောက်ပြီးနောက် ကုစဲ့သည် စားပွဲတွင် ထိုင်ကာ ငိုင်နေမိသည်။ ရုတ်တရက် အတွေးတစ်ခု ရသွားပြီး သူ့ဖုန်းနာရီကို ထုတ်ကာ သွမ့်ကျားကျားထံသို့ ဖုန်းဆက်လိုက်လေ၏။
နန်ချင်ဝမ်နှင့် သွမ့်ဟွေကျိုတို့ ကွာရှင်းပြီးနေက် သွမ့်ကျားကျားသည် ကုရှီချန်း၏ အကူအညီဖြင့် ကုစဲ့တက်နေသော ကျောင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး နှစ်ဦးသား အတန်းတူကြလေသည်။
“အန်တီချင်ဝမ်ဆီမှာ မေမေ့ဖုန်းနံပါတ် သေချာပေါက် ရှိမှာပဲ၊ အဲ့ဒါဆိုရင် ငါ မေမေ့ဆီ ဖုန်းဆက်လို့ ရပြီ”
ကုစဲ့သည် သွမ့်ကျားကျားမှတစ်ဆင့် နန်ချင်ဝမ်ထံမှ ယဲ့ယီ ဖုန်းနံပါတ်ကို တောင်းယူရန် ဆုံးဖြတ်လိုက်၏။ သို့မှသာ ယဲ့ယီနှင့် အချိန်မရွေး ဆက်သွယ်နိုင်လေမည်။
ဖုန်းဝင်သွားပြီးနောက် ကုစဲ့သည် သူ၏ရည်ရွယ်ချက်ကို ပြောပြရာ သွမ့်ကျားကျားလည်း တက်ကြွစွာ ကူညီချင်သောကြောင့် နန်ချင်ဝမ်ထံမှ ယဲ့ယီ နံပါတ်ကို သွားတောင်းပေးခဲ့သည်။
ယဲ့ယီ ဖုန်းနံပါတ်ကို ရရှိပြီးနောက် ကုစဲ့သည် ချက်ချင်း ဖုန်းဆက်ရန် စီစဉ်ခဲ့၏။သို့သော်လည်း ယဲ့ယီ အလုပ်မအားသေးမည်ကို စိုးရိမ်သောကြောင့် WeChat တွင်သာ သူငယ်ချင်းအဖြစ် အပ်လိုက်လေသည်။
တောင်းဆိုချက် ပို့ပြီးနောက် ကုစဲ့လေးသည် ယဲ့ယီ၏ ပြန်စာကို လွဲချော်သွားမည်စိုး၍ သူဖုန်းနာရီကိုသာ စိုက်ကြည့်နေတော့၏။
အခြားတစ်ဖက်တွင်မူ ယဲ့ယီသည် ကုမ္ပဏီ၌ အလုပ်ကိစ္စများကို ကိုင်တွယ်နေဆဲပင် ဖြစ်သည်။ သူဌေးတစ်ယောက်ဖြစ်သဖြင့် အနားယူချိန် မရသည့်အပြင် အချိန်ပိုကြေးလည်း မရဘဲ အချိန်ပိုဆင်းနေရသည်မှာ သူမအတွက် အတော်လေး ပင်ပန်းလှပေသည်။
ယဲ့ယီသည် ဖုန်းတုန်ခါသံကို ကြားလိုက်သဖြင့် ကောက်ယူကြည့်လိုက်မိသည်။
WeChat တွင် သူငယ်ချင်းအဖြစ် အပ်ထားသော အကြောင်းကြားစာကို သူမ တွေ့ရှိလိုက်ရ၏။
ယဲ့ယီသည် မည်သူမှန်းသိချင်သဖြင့် နှိပ်ကြည့်မည့်အပြုတွင် နန်ချင်ဝမ်မှ တံခါးခေါက်ကာ ဝင်လာခဲ့လေသည်။
“ရှောင်ယီ... ဒီလေးယောက်ကတော့ အဖွဲ့ ဖွဲ့ ပြီးသွားပြီ။ ဒါပေမဲ့ အသင်းခေါင်းဆောင်တော့ မရွေးရသေးဘူး၊ နင်ကော ဘယ်သူက ပိုသင့်တော်မယ် ထင်လဲ”
ယဲ့ယီသည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ရှန်ဟောင်ကိုပဲ ထားလိုက်ရအောင်၊ ရှန်ဟောင်က လေးယောက်ထဲမှာ ပိုလုပ်နိုင်တယ်။ ပြီးတော့ သူ့စိတ်နေစိတ်ထားကလည်း အတော်လေး တည်ငြိမ်တယ်”
“ကောင်းပြီ၊ အဲ့ဒါဆို ရှန်ဟောင်ပေါ့”
နန်ချင်ဝမ်၏ စိတ်ထဲတွင် ပထမဆုံး ရွေးချယ်ထားသည့် ခေါင်းဆောင်မှာလည်း ရှန်ဟောင်ပင် ဖြစ်သည်။ အရည်အချင်းသက်သက်ကိုသာ ကြည့်မည်ဆိုလျှင် နောက်မှစာချုပ်ချုပ်သည့် ကျောက်ယန်လည်း အဆင်ပြေသော်လည်း သူ့စိတ်နေစိတ်ထားမှာ မတည်မြဲသဖြင့် အဖွဲ့ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်လိမ့်မည် မဟုတ်ပေ။
ထိုစဉ် နန်ချင်ဝမ်သည် သွမ့်ကျားကျား ဖုန်းဆက်စဉ် ပြောသွားသည့်အချက်ကို ရုတ်တရက် သတိရသွားသည်။
“ရှောင်ယီ... ခုနလေးတင်ပဲ ရှောင်စဲ့က ကျားကျားကတစ်ဆင့် နင့်ရဲ့ ဖုန်းနံပါတ်ကို မေးခိုင်းနေတယ်”
ယဲ့ယီသည် WeChat မှ သူငယ်ချင်းအဖြစ် အပ်ထားသည်ကို နှိပ်ကြည့်လိုက်ရာ မှတ်ချက်တွင် ‘ကုစဲ့’ ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
ယဲ့ယီသည် ပြုံးလိုက်ကာ ကုစဲ့၏ တောင်းဆိုချက်ကို လက်ခံလိုက်တော့သည်။
“တကယ်တော့ တစ်ခါတလေကျရင် ရှောင်စဲ့က နင့်ရဲ့ သားအရင်း များလားလို့ ငါတောင် သံသယဖြစ်မိတယ်၊ နင်တို့နှစ်ယောက်က ရုပ်ချင်းတောင် နည်းနည်း ဆင်နေသေးတယ်”
ထိုစကားနှင့် ပတ်သက်၍ ယဲ့ယီသည် ပြုံးရုံသာ ပြုံးလိုက်သည်။ ဤအရာမှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်လေသည်။ ကုစဲ့၏ မိဘ အရင်းအချာများကို သူမ သိတောင်မသိပေ။
ယဲ့ယီသည် သူငယ်ချင်းအဖြစ် လက်ခံလိုက်သည်ကို မြင်သောအခါ ကုစဲ့သည် ပျော်ရွှင်စွာ ရယ်မောလိုက်၏။ မှန်ပေသည်။ သူသည် သူ့ကိုယ်သူသာ အားကိုးရမည်။ သူ့ဖေဖေမှာ လုံးဝကို အားကိုး၍ မရချေ။
ကုစဲ့သည် သူ၏ ဖုန်းနာရီအသစ်ကို ကောက်ကိုင်ကာ ယဲ့ယီထံ စာပို့ရန် ပြင်လိုက်တော့သည်။
ပထမတန်းသာ ရှိသေးသော်လည်း စာလုံးအများစုကို တတ်မြောက်နေပြီ ဖြစ်သဖြင့် WeChat မှ စာပို့ရန်မှာ သူ့အတွက် ပြဿနာ မရှိပေ။
သို့သော် ဘာပို့ရမည်နည်း။ ကုစဲ့မှာ ဝေခွဲမရ ဖြစ်နေရပြန်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် စာကြောင်းလေးတစ်ခု ပို့လိုက်လေ၏။
“မေမေ... ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ အားလားဟင်၊ ဖေဖေနဲ့ သား နှစ်ယောက်လုံး မေမေ့ကို အရမ်းလွမ်းနေကြတာ၊သားကို အိမ်လာတွေ့လို့ ရမလားဟင်”
ကုစဲ့သည် သူကိုယ်သူ လူကောင်းလေးတစ်ယောက်ဟု ခံစားလိုက်ရသည်။ ဖခင်ဖြစ်သူသည် သူ့အပေါ် ညစ်ပတ်ခဲ့သော်လည်း သူကတော့ ဖေဖေအပေါ် စိတ်မကောက်ခဲ့ပေ။
ယဲ့ယီသည် ကုစဲ့၏ စာကို ရရှိသောအခါ ဖေဖေဟု ဖော်ပြထားသော စကားလုံးကို အလိုအလျောက် လျစ်လျူရှုလိုက်ပြီး ကုစဲ့ သူမကို အလွန်လွမ်းနေသည်ဟူသော အချက်ကိုသာ မြင်လေ၏။
ယဲ့ယီ၏ မျက်နှာပေါ်တွင် အပြုံးပန်းတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း ကုစဲ့အား ပြန်ကြားလိုက်သည့် စာကြောင်းမှာ အေးစက်စက် စကားတစ်လုံးတည်းသာ ဖြစ်လေသည်။
“အင်း”
ယဲ့ယီ၏ ပြန်ကြားချက်ကို မြင်ပြီးနောက် ကုစဲ့သည် စနေ၊ တနင်္ဂနွေတွင် ယဲ့ယီကို မည်သို့ ကြိုဆိုရမည်ကို ချက်ချင်း စတင်ပြင်ဆင်တော့သည်။
သို့သော် ကုစဲ့သည် ဤကိစ္စကို ကုရှီချန်းအား ပြောပြရန် အစီအစဉ် မရှိပေ။ ကုရှီချန်းကို အလွန်အားကိုးရန် မဖြစ်နိုင်မှန်း သူ ခံစားမိသောကြောင့် ဖြစ်လေ၏။
အားကိုး၍ မရသောကုရှီချန်းမှာမူ သူ့သားဖြစ်သူက သူ့နောက်ကွယ်တွင် အစီအစဉ်ကြီးတစ်ခုကို ပြုလုပ်နေကြောင်းကို မသိရှိရှာပေ။
ယဲ့ယီသည် လက်ရှိအလုပ်များကို အဆုံးသတ်ပြီးနောက် အလုပ်ဆင်းကာ အိမ်ပြန်ရန် ပြင်လိုက်၏။ သို့သော် သူမ ကွန်ပျူတာ ပိတ်လိုက်သည်နှင့် နောက်ထပ် လူတစ်ယောက် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဘာကိစ္စလဲ”
ယဲ့ယီ သည် သူမ အလုပ်ဆင်းချိန်ကို နှောင့်နှေးစေသော ထိုလူအား အလွန်ပင် မကျေမနပ် ဖြစ်သွားသည်။
“စီအီးအိုယဲ့... ရှန်ဟောင်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်ဖို့ တကယ်ပဲ စီစဉ်ထားတာလား”
ကျောင်ယန် ယဲ့ယီကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
ယဲ့ယီ၏အမူအရာက အလွန်မကျေမနပ် ဖြစ်သွားသော်လည်း သူသည် လူသစ်တစ်ယောက် ဖြစ်သည်ကို ထောက်ထားကာ လေသံကို ထိန်း၍မေးလိုက်တော့သည်။
“ဘာလို့လဲ၊ မင်းမှာ ကန့်ကွက်စရာ ရှိလို့လား”
“ဘာလို့ သူ့ကို ရွေးရတာလဲ။ ကျွန်တော် သူ့ထက် မညံ့ပါဘူး”
ကျောင်ယန် ထိုသို့ပြောရာတွင် သူ့လေသံမှာ မာန်မာနများဖြင့် ပြည့်နှက်နေပြီး ဘဝင်မြင့်နေသည့် အရိပ်အယောင်များလည်း ပေါ်လွင်နေသည်။
ယဲ့ယီ မကျေနပ်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဘဝင်မြင့်ခြင်းမှာ ကောင်းမွန်သော အရည်အချင်းတစ်ခု မဟုတ်ပေ။
“ဒါဆိုရင် မင်းက သူ့ထက် ဘယ်လိုမျိုး သာတယ်ဆိုတာ ငါ့ကို ပြောပြလေ”
ဖျော်ဖြေရေးလောကတွင် ရည်မှန်းချက်ကြီးခြင်းမှာ ကောင်းမွန်သော်လည်း ထိုရည်မှန်းချက်ကို အထောက်အပံ့ပေးနိုင်မည့် အရည်အချင်း ရှိ၊ မရှိကိုလည်း ပြန်ကြည့်ရပေမည်။
“ကျွန်တော်က ကျွန်တော့်ရဲ့ မေဂျာမှာ ထိပ်ဆုံးကပါ”
ယဲ့ယီမှာ ရယ်ချင်သွားသည်။
“ဒါပဲလား၊ ဒါဆို ရှန်ဟောင် ဘယ်ကျောင်းက ဆင်းလာလဲဆိုတာ မင်းသိလား၊ မင်းရဲ့ ကျောင်းအဆင့်အတန်းက သူနဲ့ ယှဉ်လို့ရတယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် လက်တွေ့ကျတဲ့ မေးခွန်းတစ်ခု ငါ မေးမယ်၊ ရှန်ဟောင်က ဘာလို့ ကျောင်းတက်နေတုန်းမှာတင် စာချုပ်ချုပ်ခံရပြီး မင်းကျတော့ ဘာလို့ မရခဲ့တာလဲ”
ကျောင်ယန်ကို ကြည့်ရင်း မကြာသေးမီက စောင့်ကြည့်ရေးကင်မရာများမှတစ်ဆင့် မြင်တွေ့ခဲ့ရသည်များနှင့် ပေါင်းစပ်ကာ ယဲ့ယီသည် သူမရှေ့မှကောင်လေးအပေါ် အကြမ်းဖျင်း အကဲဖြတ်လိုက်နိုင်ခဲ့သည်။ ဤကောင်လေးတွင် အရည်အချင်းအချို့ ရှိသော်လည်း အလွန်အမင်း မောက်မာလွန်းလှသည်။
ယဲ့ယီ၏ စကားများကြောင့် ကျောင်ယန်မှာ ဆွံ့အသွားသည်။ အတော်ကြာမှ သူ ပြန်လည် ချေပလေ၏။
“ကျွန်တော်က အရင်က စာကိုပဲ အာရုံစိုက်ခဲ့လို့ပါ၊ ကျွန်တော် ဘွဲ့ရခဲ့တဲ့ ကျောင်းက ရှန်ဟောင်လောက် နာမည်မကြီးဘူး ဆိုရင်တောင် ကျွန်တော်က ငယ်ငယ်ကတည်းက ကတာကို သင်ယူခဲ့တာ၊ ကျွန်တော့်ရဲ့ အခြေခံက လမ်းခုလတ်မှ စသင်တဲ့ သူ့လိုလူထက် အများကြီး ပိုကောင်းပါတယ်”